အခန်း (၂)
Vol. 1 Ch. 2
“ကျွန်မကို သိလို့လား”
မိန်းကလေးသည် လှမ်းလျှောက်နေရာမှ တွန့်ခနဲ ဖြစ်သွားမိသည်။ သူမသည် ဂိုဏ်းမှ ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်၏၊ လမ်းတစ်လျှောက်လုံး သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်မို့ သူမကို သိရှိသည် ဆိုသောသူမှာ ရှားရှားပါးပါးပင်။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်ရောက်ပြီးနောက် အစိမ်းရောင် ဝတ်စုံနှင့်လူသည် သူမ၏ မျိုးရိုးနာမည်ကိုပင် ခေါ်လျက်ရှိ၏။
“တော်ဝင်ဓားဂိုဏ်းချုပ် ရမ်ချင်းတု ရဲ့ တတိယ တပည့် လျှိုချမ်းရွှယ် … ဒီလို ဂုဏ်ပုဒ်ကို မသိတဲ့သူ ဘယ်သူရှိမှာလဲ” လီယွင့်သည် ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ပြောဆိုလိုက်သည်။
သူ၏ ရှေ့တွင်တော့ အပြာရောင်အလင်းမြင်ကွင်းတစ်ခု တည်ရှိနေပြီး ဤနှင်းကဲ့သို့ ဖြူဖွေးကာ လှပလွန်းသည့် မိန်းကလေး၏ ကိုယ်ရေးအချက်အလက်များ ထင်ပေါ်နေ၏။
[နာမည် - လျှိုချမ်းရွှယ်]
[အားအင် - သွေးကြောဆက်သွယ်ခြင်း အလယ်အလတ်အဆင့်]
[ဂိုဏ်း - တော်ဝင်ဓားဂိုဏ်း]
[လက်ရှိအခြေအနေ - အနည်းငယ် ဒဏ်ရာ ရထား။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတပည့် တုချန်ရှန်းအား လိုက်လံ သတ်ဖြတ်နေ]
[အသေးစိတ် သိရှိရန် - ထပ်မံနှိပ်ပါ]
ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ ဝင်လာသူများ၏ အတိတ်၊ ပစ္စုပ္ပန် အခြေအနေ တို့သည် အလိုလို ထင်ပေါ်လာမည် ဖြစ်ပြီး ထိုအချက်အလက်များအား ကောင်းကင်၏ လျှို့ဝှက်ချက်ဟု မသတ်မှတ်ချေ။ ဖြစ်ပွားခဲ့ပြီးသော အကြောင်းအရာများ ဖြစ်နေသောကြောင့်ပင်။
သို့ပေမဲ့ အနာဂတ် အကြောင်းအရာ သို့မဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်း မရှိသော တစ်စုံတစ်ဦး၏ အချက်အလက်များကို သိချင်သည် ဆိုပါက လျှို့ဝှက်အမှတ်ဖြင့် လဲလှယ်ရပေမည်။
“ရှင် ဘယ်သူလဲ”
လျှိုချမ်းရွှယ်၏ မျက်နှာသွင်ပြင် နှင့် အမူအယာ အားလုံးတို့သည် လေးနက်သွားခဲ့သည်။ သူမသည် ငတုံးတစ်ယောက် မဟုတ်ပေ။ တော်ဝင်ဓားဂိုဏ်း၏ တတိယတပည့်ဆိုသော်လည်း ထူးခြားလွန်းသော တပည့်တစ်ယောက်မဟုတ်ပေ။ ထို့အပြင် ဂိုဏ်းမှ ပထမဆုံးအကြိမ် အပြင်သို့ ထွက်လာခြင်းဖြစ်၏။ သူမ၏ နာမည်ကို အပြင်လူများ သိရှိရန်ပင် မလွယ်ချေ။
ဤလူသည် သူမအကြောင်းများကို သိရှိနေသည်ဆိုသောကြောင့် အချိန်အတော်ကြာတည်းက စောင့်ကြည့်နေခြင်းသာ ဖြစ်ရပေမည်။ သူမ ရောက်ရှိလာမည်ကို စောင့်မျှော်နေခြင်းတောင်မှ ဖြစ်နိုင်သေး၏။
တွေးကြည့်ပြီးသည့်နောက် လျှိုချမ်းရွှယ်သည် နှလုံးသားတစ်ခုလုံး တင်းကျပ်သွားသည်။ သူမ၏ ကျန်းချီများကို အသက်သွင်းရန်ပင် ပြင်ဆင်လိုက်၏။
သို့ပေမဲ့ အံ့အားသင့်စရာကောင်းလှစွာဘဲ သူမ၏ သွေးကြောဆက်သွယ်ခြင်း အလယ်အလတ် အဆင့်သည် တစ်ခါတည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ မည်သည့် ကျန်းချီမှသည် သူမ၏ မရီဒန်ထဲသို့ စီးဆင်းမနေချေ။ သူမသည် ဘယ်တုန်းကမှ ကျင့်ကြံဖူးခြင်းမရှိသော သာမန် အားအင်မဲ့ မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။
“ရှင် ကျွန်မကို ဘာလုပ်လိုက်တာလဲ” လျှိုချမ်းရွှယ် သည် တုန်လှုပ်စွာဖြင့် ထအော်လိုက်သည်။ သူမ၌ လုံလောက်သည် အတွေ့အကြုံမရှိချေ။ ထို့ကြောင့်ပင်လျှင် ဘာမှန်းမသိသော ဆိုင်တစ်ခုအတွင်း လှမ်းဝင်ခဲ့မိသည်။ အထဲရှိလူသည် သူမ၏ ကျင့်ကြံခြင်းကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့သည်။ သူမကိုပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိပေလိမ့်မည်။
“မစိုးရိမ်ပါနဲ့။ ကျုပ် ခင်ဗျားကို ထိခိုက်အောင် မလုပ်ပါဘူး” လီယွင်သည် လက်ကို ယမ်းခါပြီး စိတ်အေးအေး ထားရန် အချက်ပြလိုက်သည် “ဆိုရိုးရှိတယ် မဟုတ်လား။ ဧည့်သည်ကို လေးလေးစားစား ဆက်ဆံရမယ်တဲ့။ ကျုပ်က ဘာလို့ မိန်းကလေးလျှိုအပေါ်မှာ မကောင်းတဲ့စိတ်မျိုး ရှိရမှာလဲ”
“နားလည်မှုလွဲသွားတာပါ စီနီယာ …. ကျွန်မ အတွေးလွန်သွားခဲ့တယ်” လျှိုချမ်းရွှယ် သည် မြန်မြန်ပဲ ကိုယ်ကို အသာ ငုံ့ကာ ဦးညွှတ်လိုက်သည်။ သူမ အနေဖြင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်စွမ်းမရှိသော်လည်း သူမ၏ ကျင့်ကြံခြင်းများအား တစ်ခဏအတွင်း ပျောက်ကွယ်အောင် ပြုလုပ်နိုင်သည်မို့ သာမန်လူ မဟုတ်တာ သေချာသည်။ သူမ၏ ဆရာပင် ဤသို့မလုပ်နိုင်ပေ။
ထို့ကြောင့် ဤစီနီယာအား သာမန်ထက် ပိုသည့် ကျင့်ကြံသူတစ်ယောက်ဟု သူမ သတ်မှတ်ထားသည်။ တော်ဝင်ဓားဂိုဏ်း၏ နောက်ခံရှိနေသည်ဆိုလျှင်ပင် သူမကိုသာ သတ်ဖြတ်ချင်သည်ဆိုပါက ဘာမှအားစိုက်မထုတ်ဘဲ သတ်ဖြတ်ပစ်နိုင်စွမ်းရှိပေလိမ့်မည်။
ထိုအရာကို တွေးကြည့်ပြီးနောက် လျှိုချမ်းရွှယ်၏ စိတ်နေစိတ်ထား နှင့် အမူအယာသည် ပြောင်းလဲသွားသည်။ ချက်ချင်းပဲ လေးစားသမှုကို ပြသလိုက်သည်။
“ကိစ္စမရှိဘူး” လီယွင်သည် အမှတ်မထင် ပြုံးကာ တုံ့ပြန်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ကောင်းကင်တာအို၏ စွမ်းအင်ကိုပင် တားဆီးနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဤမိန်းကလေးကိုမဆိုနှင့် တော်ဝင်ဓားဂိုဏ်းချုပ် ရောက်နေလျှင်တောင်မှ သူ စိတ်မပူချေ။
“စီနီယာကို ဘယ်လိုခေါ်ရမလဲ သိပါရစေ” လျှိုချမ်းရွှယ် သည် သတိအပြည့်နှင့် မေးလိုက်သည်။
“ကျုပ် မျိုးရိုးက လီ .. နာမည်က ယွင် … ဒီကောင်းကင်လျှို့ဝှက်နန်းဆောင် ရဲ့ ပိုင်ရှင်ပဲ” လီယွင်သည် ကြီးမြတ်သည့် ဟိတ်ဟန်ကို ထုတ်ဖော်ကာ ဖြေကြားလိုက်၏။ သူ ဘာတွေ တွေးနေသည်ကို တစ်ဖက်လူ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
“ဒါဆို စီနီယာက ဒီနန်းဆောင်ကြီးရဲ့ သခင်ပေါ့။ စီနီယာအနေနဲ့ ကျွန်မကို ဘာများ ညွှန်ကြားချင်ပါသလဲ” လျှိုချမ်းရွှယ် သည် လေးလေးစားစားဖြင့် မေးမြန်းလိုက်သည်။
သူမသည် လီယွင်၏ မျက်နှာအမူအရာမှတဆင့် တစ်စုံတစ်ခုကို သိရှိနိုင်မလား ဆိုသည်ကို ကြိတ်ကာ အကဲခတ်လျက်ရှိသည်။ သူမ၏ အထင်အရဆိုလျှင် ဤနန်းဆောင်ထဲသို့ ဝင်လာခဲ့မိခြင်းသည် ဤစီနီယာ၏ အစီအစဉ်ပင် ဖြစ်ပေလိမ်မည်။
“ဘာမှအရေးကြီးတာတော့ မရှိပါဘူး။ ရှင်းလင်းတဲ့ လမ်းတစ်ခုကို ညွှန်ပြချင်ရုံလေးပါပဲ” လီယွင်သည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
“ရှင်းလင်းတဲ့ လမ်းဟုတ်လား”
လျှိုချမ်းရွှယ်သည် ဇဝေဇဝါ ဖြစ်သွားမိသည် “ဘယ်လမ်းကိုဆိုလိုတာပါပဲ စီနီယာ”
“တုချန်ရှန်း နဲ့ ပြဿနာတက်လာတာမဟုတ်လား”
လီယွင်သည် ရေနွေးခွက်ကို အသာလှမ်းယူကာ တစ်ငုံသောက်လိုက်၏။ သူသည် လိုရင်းကို တစ်ခါတည်း မေးမြန်းလိုက်ခြင်းသာ ဖြစ်၏။
“အမ် …” လျှိုချမ်းရွှယ်သည် တွန့်ခနဲဖြစ်သွားသည်။
ဤကိစ္စသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ သူမ နှင့် တုချန်ရှန်း တို့သာလျှင်သိသည်။ ဂိုဏ်းတစ်ခု၏ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်သော တုချန်ရှန်းသည် သူခံခဲ့ရသည့်အကြောင်းအား လိုက်လံ ပြောဆိုနေလိမ့်မည် မဟုတ်တာ သေချာသည်။ ထို့အပြင် တုချန်ရှန်းတစ်ယောက် သူ၏ ဂိုဏ်းဆီသို့ သတင်းပြန်ပို့လိုက်လျှင် နှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများ လိုက်လာကြမှာ သေချာ၏။
ထိုကြောင့် သူမ အနေဖြင့် တုချန်ရှန်းကို အမြန်ဆုံး သတ်ဖြတ်နိုင်မှဖြစ်မည်။ လူသေသည် ပြဿနာမရှာနိင်ချေ။ ထို့အပြင် သူမ သတ်ခဲ့သည်အား သက်သေမပြနိုင်ပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာ ဘယ်လိုသိတာလဲ” လျှိုချန်ရှန်း သည် စိုးရွံ့စွာဖြင့် မေးမြန်းလိုက်သည်။
“ဘယ်လို သိလဲဆိုတော့ ….”
လီယွင်သည် ရယ်မောလိုက်၏ “ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုတဲ့ အပြင်က ဆိုင်းဘုတ်ကို မေ့သွားတာလား”
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး အဓိပ္ပာယ်ပြည့်နှက်နေသော စကားလုံးများကို ပြောဆိုလိုက်သည် “ဒီလောကကြီးမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် မသိတဲ့အရာ မရှိဘူး။ ကျုပ်သာ စိတ်ဝင်စားမယ်ဆိုရင် အရာအားလုံးက ကျုပ်ရဲ့ တွက်ချက်မှုကနေ မလွတ်မြောက်နိုင်ဘူး”