အခန်း (၃)
Vol. 1 Ch. 3
လီယွင်၏ စကားကို ကြားရချိန်မှာတော့ လျှိုချမ်းရွှယ်သည် အစပိုင်း တုန်လှုပ်သွား၏။ ပြီးနောက် အံ့အားလည်း သင့်လို့သွားသည်။ သူမ၏ ရှေ့မှ စီနီယာသည် မယုံနိုင်လောက်အောင် အားကောင်းမှာ သေချာသည်။ ပြောဆိုလိုက်သည့် စကားတစ်လုံးချင်းစီတိုင်းတွင် နက်နဲသည့် နိယာမများ ပါဝင်လျက်ရှိသည်။
သေချာစဉ်းစားပြီးသည့်နောက် သူမ က မေးမြန်းလိုက်၏ “စီနီယာ …. တုချန်ရှန်း ဘယ်မှာရှိတယ်ဆိုတာ သိတယ်လို့ ပြောချင်တာလား”
“သိပ်မှန်တာပေါ့”
လီယွင်သည် ခေါင်းညိတ်လိုက်သည်။ ငါးသည် ငါးစာကို လာဟပ်လေပြီ။ ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ ထင်ပင်မထင်မိခဲ့ချေ။
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး စီနီယာ ….” လျှိုချမ်းရွှယ် သည် လေးလေးစားစား ပြောလိုက်သည်။ သူမ ကြုံခဲ့သည့် ပဋိပက္ခနှင့် တိုက်ပွဲသည် နောက်ပြန်လှည့်၍ရသည့်အရာမျိုးမဟုတ်ချေ။ တုချန်ရှန်းသည်သာ ယနေ့ အသက်ရှင်ခဲ့သည် ဆိုပါက သူမ၏ နောင်ရေးသည် စိတ်မအေးဖွယ်ပင်။
တုချန်ရှန်းသည် သာမာန်လူတစ်ယောက် မဟုတ်ချေ။ သူမ နှင့် ပါရမီချင်း နှိုင်းယှဉ်၍ရသည့်သူ တစ်ယောက် ဖြစ်သည့်အပြင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အတွင်းစည်း တပည့်လည်း ဖြစ်လို့နေသည်။ ကျားကို တောထဲ ပြန်မပို့သင့်သည့် နိယာမကို သူမ ကောင်းကောင်း နားလည်ထား၏။
“လီ က အကြောင်းအရင်းမရှိဘဲ ဘယ်သူ့ကိုမှ လမ်းမညွှန်ဘူး”
လီယွင်သည် ပြုံးကာ ပြောလိုက်သည်။ တန်ဖိုးမဲ့ လမ်းညွှန်မှုမျိုးကို သူ ဘယ်တော့မှ မလုပ်ဟု ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်တည်ရှိခြင်းသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ကောက်ချက်ချရန်ပင်။ ကောင်းကင်၏ လျှို့ဝှက်ချက် တစ်ခုစီတိုင်းကို လှမ်းမျှော်ကြည့်ရှုခြင်းသည် ကောင်းကင်တာအို၏ အပြစ်ဒဏ် သင့်လေသည်။ မည်သူက တန်ဖိုးမဲ့ အားအားယားယား လိုက်လံ၍ လမ်းညွှန်နေမည်နည်း။
“ကျွန််မ နားလည်ပါပြီ”
လျှိုချမ်းရွှယ်သည် ရုတ်တရက် နားလည်သွားသည်။ ထို့အပြင် အားနာ၍လည်း သွား၏။ သိချင်သည်များကို အလကားပြောပြရအောင် သူမတို့သည် အသိအကျွမ်း မဟုတ်ပေ။ မျက်နှာပြောင်တိုက်ကာ မေးမြန်းနေခြင်းသည် အရှက်မရှိခြင်းပင်။
ထို့ကြောင့် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဓားတစ်စင်းကို ထုတ်ယူကာဖြင့် လီယွင့်ဆီ ကမ်းပေးလိုက်သည်။
“ကျွန်မဆီမှာ တန်ဖိုးရှိတာ နည်းနည်းပဲ ရှိပါတယ်။ ဒီအဆင့်မြင့် ရတနာကိုတော့ စီနီယာ အကြိုက်တွေ့မယ် ထင်မိပါတယ်။ လက်ခံပေးနိုင်မလား”
လျှိုချမ်းရွှယ််သည် စိတ်ထဲ၌ မသက်မသာတော့ ခံစားနေမိသည်။ သူမ၏ မျက်လုံးထဲတွင် ဤရတနာသည် အဆင့်မြင့် ရတနာတစ်ခုဖြစ်သည်ဆိုသော်လည်း ရှေ့မှ စီနီယာ၏ မျက်လုံးထဲတွင်တော့ တန်ဖိုးပင် ရှိပါ့မလား မသေချာပေ။ ထို့အပြင် ဤကဲ့သို့ ဆန်းကြယ်လွန်းသော စီနီယာသည် ကျိန်းသေပေါက် နတ်အဆင့် သို့မဟုတ် အင်ပါရီယာအဆင့် လက်နက်များပင် ပိုင်ဆိုင်ပေလိမ့်မည်။
[ဒင် …. အဆင့်မြင့် ရတနာကို တွေ့ရှိသည်။ ကောင်းကင် အမှတ် ၁၀ မှတ်ဖြင့် လဲလှယ်နိုင်သည်။]
ရုတ်တရက် စနစ်ဆီမှ အသံထွက်ပေါ်လာသည်။ လီယွင်သည် တစ်ချက်လောက် စုံစမ်းမေးမြန်းလိုက်မိ၏ “စနစ် …. တုချန်ရှန်း ဘယ်မှာလဲဆိုတာ သိလို့ရမလား”
[တုချန်ရှန်း ဘယ်မှာရှိလဲဆိုတာ စုံစမ်းရန် လျှို့ဝှက်ကောင်းကင်အမှတ် ငါးမှတ် လိုအပ်သည်။ လက်ခံသူအတွက် အမှတ်လုံလုံလောက်လောက် ကျန်မည် မဟုတ်ပါ]
“ဪ”
လီယွင်သည် မျက်ခုံးပင့်လိုက်မိသည်။ ငါးမှတ်ပဲ လိုမည်လား။ လျှိုချမ်းရွှယ်ဆီမှ ရရှိသည်မှာ ဆယ်မှတ်ဖြစ်သောကြောင့် သူ့အတွက် ငါးမှတ်တော့ ကျန်ပေလိမ့်မည်။ အကျိုးအမြတ်ရှိသည့် စီးပွားရေး တစ်ခုဟု သတ်မှတ်နိုင်သည်။
လီယွင်သည် ရတနာဓားကို လက်ခံပြီး လျှို့ဝှက်အမှတ်ဖြင့် လဲလှယ်လိုက်သည်။ သူသည် စိတ်ထဲမှာ ပြောလိုက်၏ “စနစ် .. တုချန်ရှန်းအကြောင်း ပြော”
[နာမည် - တုချန်ရှန်း]
[အားအင် …. သွေးကြောဆက်သွယ်ခြင်း အလယ်အလတ်အဆင့်]
[ဂိုဏ်း - ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း]
[ဆရာ - ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း အကြီးအကဲ ယန်ရှို]
[လက်ရှိတည်နေရာ - တော်ဝင်သဲကန္ဓာရမြို့၏ မြောက် မိုင်ငါးရာအကွာအဝေးရှိ အမည်မရှိ တောင်ကြားတစ်နေရာ]
[လက်ရှိ အခြေအနေ - ပြင်းပြင်းထန်ထန် ဒဏ်ရာရထား။ လျှိုချမ်းရွှယ်ကို ရင်ဆိုင်ရန် နတ်ဆိုးငါးပါး ဝါးမျိုခြင်း ကောင်းကင် အစီအရင် (အသေးစိတ် သိချင်လျှင် နှိပ်ပါ) ဖန်တီးကာ ကာကွယ်ထားရ။ အကြီးအကဲ ယန်ရှိုသည် သူ့တပည့်ဆီ လာနေ။ နှစ်နာရီ အတွင်း တုချန်ရှန်း၏ နေရာဆီ ရောက်ရှိမည်]
[အသေးစိတ်သိချင်ပါက နှိပ်ရန် ….]
“ကောင်းပြီ။”
လီယွင်သည် ဘဝင်ခိုက်သွားသည်။ ထို့ကြောင့် နှိပ်ကာ ဆက်လက် ဖတ်ရှုလိုက်သည်။ တုချန်ရှန်း၏ တည်နေရာကို သိရှိသည်သာမက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ပြိုင်ဘက်ကင်း အစီအရင်ရှိ ပျော့ကွက်၊ ဟာကွက်များကိုပါ သိရှိခဲ့သည်။ ထိုအရာကို ချိုးဖျက်နိုင်သည့် နည်းလမ်းလည်း ပါဝင်နေ၏။
တုချန်ရှန်းအကြောင်း အသေးစိတ် သိရှိပြီးနောက် လီယွင်သည် မျှော်လင့်တကြီးကြည့်ရှုနေသည့် လျှိုချမ်းရွှယ်ကို ပြောလိုက်သည် “တုချန်ရှန်းက တော်ဝင်သဲကန္ဓာရမြို့ရဲ့ မြောက်ဘက် မိုင်ငါးရာ မှာ ရှိတဲ့ တောင်ကြားတစ်ခုထဲမှာပဲ။ ကိုယ့်ဘာသာသွားရှာပေတော့”
“ကျေးဇူးတင်ပါတယ် စီနီယာ”
လျှိုချမ်းရွှယ်သည် ကျေးဇူးတင်စကားဆိုလိုက်သည်။ မိုင်ငါးရာ ဆိုသည်မှာ မဝေးလှချေ။ သို့ပေမဲ့ သူမ တစ်ယောက်တည်း သွားလျှင် ဘာတွေကြုံရမည်မှန်းမသိနိုင်ပေ။ တစ်ဖက်လူ၏ ဂိုဏ်းမှ လာရောက်ကယ်တင်သူ တစ်ယောက်ယောက်သာ ရှိသည်ဆိုလျှင် ဒုက္ခများပေလိမ့်မည်။ တစ်ဖက်လူများသည် နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းသူများ ဖြစ်သည်မို့ သတိအပြည့်ထားမှ တော်ကာကျပေမည်။ မဖွယ်မရာ ကိစ္စရပ်မျိုးကို ထမင်းစား ရေသောက် ပြုလုပ်တတ်သည့်သူများ ဖြစ်နေသည် မဟုတ်ပါလား။
ကျေးဇူးတင်စကား ပြောဆိုပြီးနောက် လျှိုချမ်းရွှယ်သည် အသာလှည့်ထွက်ရန် ပြင်လိုက်သည်။ သို့ပေမဲ့ လီယွင်က လှမ်းကာ ပြောလိုက်သည် “နေအုံး”
“ဘာကိစ္စရှိသေးလို့လဲ စီနီယာ” လျှိုချမ်းရွှယ်သည် နောက်လှည့်ကြည့်ကာ မေးမြန်းလိုက်၏။
“ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ပထမဆုံးအကြိမ် ရောက်လာတဲ့ ဧည့်သည်ဆိုတော့ သတင်းတစ်ခု ထပ်ပြောပေးမယ်” လီယွင်သည် ပြုံးကာ ပြောလိုက်သည်။
ဖောက်သည်များ ပိုမိုများပြားလာစေရန် မည်ကဲ့သို့ ဆွဲဆောင်ရမည်ဖြစ်ကြောင်းကို သူက ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် လျှိုချမ်းရွှယ်ကို ကူညီခြင်းဖြင့် ဖောက်သည် ပိုမို တိုးပွားလာနိုင်သည် မဟုတ်ပါလား။
“တုချန်ရှန်းက နတ်ဆိုးငါးပါး ဝါးမျိုခြင်း အစီအရင်ကို ဖန်တီးထားတယ်။ ခင်ဗျားဆီမှာ အချိန် နှစ်နာရီပဲ ရမယ်။ အဲအတောအတွင်း သူ့ကို မသတ်နိုင်ရင် သေဆုံးရမယ့်သူက ခင်ဗျား ဖြစ်သွားလိမ့်မယ်။” လီယွင်က ပြောလိုက်သည်။
“ဘာ ….”
လျှိုချမ်းရွှယ်သည် ကြောင်အသွားသည်။ နှစ်နာရီဟုတ်လား။ သွားရမည့်အချိန်နှင့် အစီအရင်ချိုးဖျက်ရမည့် အချိန်ကို ထည့်တွက်ရမည် ဆိုလျှင် မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။