အခန်း (၄)
Vol. 1 Ch. 4
နတ်ဆိုးငါးပါး ကောင်းကင်ဝါးမျိုခြင်း အစီအရင်သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တကယ့်ကို အားကောင်းလွန်းသည့် အစီအရင်တစ်ခုဖြစ်ပြီး နာမည်လည်း ကျော်ကြားလှသည်။ တုချန်ရှန်းသည် အနည်းငယ် အားလျော့နေသည် ဆိုလျှင်တောင်မှ ထိုအစီအရင်ကို ပြည့်စုံအောင် ဖန်တီးနိုင်စွမ်းရှိသည်။ သူမ ကဲ့သို့ လူငယ် ကျင့်ကြံသူလေးတစ်ယောက် အတွက် ထိုအစီအရင်ကို ကျော်ဖြတ်ဖို့ဆိုသည်မှာ မဖြစ်နိင်ချေ။ ထို့အပြင် အချိန်ကလည်း နှစ်နာရီသာလျှင်ရသည်။
မဖြစ်နိုင်လောက်အောင် ခက်ခဲသော အကြောင်းတရားများကို စဉ်းစားပြီးနောက် လျှိုချမ်းရွှယ်သည် သူမ သွားချင်သည် ဆိုလျှင်တောင်မှ လက်ဗလာနှင့် ပြန်လာရနိုင်သည့်အခြေအနေဖြစ်ကြောင်း နားလည်လိုက်မိသည်။ အခြေအနေမကောင်းပါက တုချန်ရှန်း၏ လက်ထဲသို့ပင် ကျရောက်သွားနိုင်သည်။ သူမသည် တွေးရင်း စိတ်ဓာတ်များပင် ကျဆင်းလာမိ၏။
“ခင်ဗျား စိုးရွံ့နေပြီလား”
လီယွင်သည် လျှိုချမ်းရွှယ်ကို လှမ်းကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ထားလိုက်ပါတော့။ နှုတ်ဆက်လက်ဆောင်အနေနဲ့ အရေးကြီးတဲ့ အချက်အလက်တစ်ခုကို မျှဝေပေးမယ်။ တုချန်ရှန်း ဖန်တီးထားတဲ့ အစီအရင်ရဲ့ ပျော့ကွက် သေခြင်းဂိတ်အဝင်ဝပဲ။ အဲကနေ ဝင်ရင် အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ်”
“သေခြင်းဂိတ်အဝင်ဝ ဟုတ်လား” လျှိုချမ်းရွှယ်သည် တုန်လှုပ်သွားမိသုည်။ အစီအရင်တိုင်းတွင် ထိုနေရာသည် အားအကောင်းဆုံးသော နေရာဖြစ်သည်။ ထိုနေရာမှ ဝင်သွားခြင်းသည် ဆိုးရွားသည့် အကျိုးဆက်ဆီသို့ ရောက်ရှိသွားနိုင်သည်။
“ကြောက်နေတာလား။ ကြောက်ရင် တော်ဝင်ဓားဂိုဏ်းဆီ ပြန်တော့”
လီယွင် က အပြင်ဘက်သို့ လက်ညိုးထိုးကာ အကြံပြုလိုက်သည်။ “အခု ဆယ့်ငါးမိနစ် ကုန်သွားပြီ။ ခင်ဗျား ရဲ့အချိန်က သိပ်မကျန်တော့ဘူး”
“သွားခြင်း၊ မသွားခြင်းကို ခင်ဗျားဆုံးဖြတ်” သူသည် အင်္ကျီလက်ကို ယမ်းခါကာ ထက်ပြောလိုက်၏။
ရုတ်တရက် လျှိုချမ်းရွှယ်သည် မိုက်ခနဲ ဖြစ်သွားသည်။ သတိပြန်ဝင်လာချိန်မှာတော့ မြို့အပြင်ဘက်သို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
“စီနီယာက ဘယ်သူများလဲ” လျှိုချမ်းရွှယ်သည် အမှန်ပင် အံ့အားတကြီး ဖြစ်လို့နေသည်။ လက်တစ်ချက် ယမ်းခါလိုက်ရုံဖြင့် သူမကို မြို့အပြင်ဘက်ဆီ ပို့ဆောင်ပေးနိုင်နေသည်။ စဉ်းစားကြည့်ရမည်ဆိုလျှင် ဤစီနီယာသည် သူမဆရာထက်ပင် ပိုမို၍ အားကောင်းပုံပေါ်၏။
“စီနီယာက ခန့်မှန်းလို့မရဘူး။ ငါ့လို ဂျုနီယာလေးတစ်ယောက်ကို လည့်စား၊ စနောက်နေမှာ မဟုတ်ပါဘူး။ သူ ပြောတာတွေက အမှန်ပဲ ဖြစ်ရမယ်” လျှိုချမ်းရွှယ် က တွေးတောလိုက်သည်။
အဆင့်မြင့် စိတ်ဝိညာဉ်ရတနာ တစ်ခုကို အသုံးပြုပြီး ယခုကဲ့သို့ အံ့အားသင့်စရာ သတင်းအချက်ကို ရရှိခြင်းသည် အံဖွယ်ပင်ဖြစ်ပြီး ထိုက်တန်လွန်းသည်ဟု တွက်ချက်ရပေမည်။
“စီနီယာ …. ကျွန်မ လျှိုချမ်းရွှယ် က လမ်းညွှန်ပေးမှုကို ကျေးဇူးတင်မိပါတယ်” လျှိုချမ်းရွှယ်သည် စီနီယာ ရှိရာ ဘက်ဆီ လှည့်၍ ဦးညွှတ်ကာ ဂါရဝ ပြုလိုက်၏။ ပြီးနောက် သူမသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ တောင်ဝင်သဲကန္ဓာရမြို့၏ မြောက်ဘက်ခြမ်းဆီသို့ ဦးတည်သွားလေတော့သည်။
……..
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာတော့ လီယွင်သည် ခုံတန်းရှည်တစ်ခုပေါ်တွင် အသာလှဲချလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက တွဲခိုလို့နေ၏။
“ဒီတစ်ကြိမ် ငါ ကောင်းကင်လျှို့ဝှက်အမှတ်တွေ ရှာဖွေနိုင်ခဲ့တာပဲ။ အမြတ်ရခဲ့တယ်”
သူ လျှိုချမ်းရွှယ်အား ရက်ရက်ရောရော ပေးလိုက်သည့် အစီအရင် ချိုးဖျက်ခြင်းနည်းလမ်းသည် စနစ်မှ ပံ့ပိုးပေးသည့် အရာပင်ဖြစ်သည်။ ဘာအားစိုက်ထုတ်မှုမှ မလုပ်ခဲ့ရချေ။
သို့ပေမဲ့ လျှိုချမ်းရွှယ် အတွက် ရွှေထက်ပင် တန်ဖိုးကြီးမားလွန်းသည်။ အစီအရင်ထဲသို့ ဝင်ရောက်နိုင်ပြီး တုချန်ရှန်း အား သတ်ဖြတ်ပစ်နိုင်မည်လား။ တစ်ဖက်လူ၏ ဆရာ ရောက်ရှိပြီး သေဆုံးသွားမလား ဆိုသည်မှာ မသေချာပေ။ ထိုအရာသည် သူမ၏ ကံတရားပင်ဖြစ်လိမ့်မည်။
“ကောင်းကင်လျှို့ဝှက်အမှတ် ငါးမှတ်နဲ့ ဘာတွေအားတိုးအောင် လုပ်လို့ရမလဲ” လီယွင်သည် စဉ်းစားလိုက်သည်။ သူသည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြု၍ သူ၏ အားအင်အဆင့် တိုးတက်အောင် ပြုလုပ်ရန် စဉ်းစားထားသည်။
[ဒင် …. အားအင်တိုးတက်အောင် ကောင်းကင်လျှို့ဝှက်အမှတ် ငါးမှတ် အသုံးပြုမည်လား]
“သုံးမယ်”
ဟူး လား လား …။
နောက်တော့ လီယွင်သည် သူ၏ ခြေလက် လေးဖက်လုံး၌ အားအင်များဖြစ်တည်လာသလို ခံစားလိုက်မိသည်။ ထိုအားလှိုင်းများသည် သူ၏ အရိုး၊ အရည်၊ အတွင်း ကလီစာများဆီ လှည့်ပတ်သွားလာလျက်ရှိပြီး မျက်စိတမှိတ်အတွင်း သူ၏ အားအင်အဆင့်သည် သိသိသာသာ ပြောင်းလဲသွားသည်။
မျက်စိတစ်မှိတ်လေးအတွင်း ဖြစ်သည်ဆိုသော်လည်း လီယွင်သည် ဖော်ညွှန်း၍မရနိုင်သည့် ခံစားချက်မျိုးရရှိနေပြီး သူ၏ ခန္ဓာကိုယ်သည် သန့်စင်ခြင်းပေါင်းစုံခံရကာ စွမ်းအင်လှိုင်းများ တဝုန်းဝုန်း နှင့် ဖြစ်လို့နေ၏။
“စနစ် … ငါ့ရဲ့ ကိုယ်ရေးအခြေခံ အချက်အလက်တွေကိုပြ” လီယွင်က အမိန့်ပေးလိုက်သည်။
[နာမည် - လီယွင်]
[အားအင် - ခန္ဓာကိုယ်တည်ဆောက်ခြင်း အဆင့်ငါး]
[ဂိုဏ်း - ဌာနေ - ကောင်းကင်လျှို့ဝှက်နန်းဆောင်]
[ ဆရာ - မရှိ]
[ကျင့်ကြံခြင်း နည်းစနစ် - မရှိ]
[နတ်ဘုရားအတတ် - မရှိ]
[ကောင်းကင်လျှို့ဝှက်အမှတ် - မရှိ]
[လက်ရှိ အခြေအနေ - ထိပ်ဆုံးအဆင့် ကောင်းမွန်]
[ပိုမိုသိရှိရန် နှိပ်ပါ ….]
“ကောင်းကင်လျှို့ဝှက်အမှတ် တစ်မှတ်ကကို အားအင်အဆင့်တစ်ဆင့် တိုးစေတာလား” လီယွင်သည် တီးတိုးရေရွတ်လိုက်မိသည်။ လက်ရှိ သူသည် ခန္ဓာကိုယ်တည်ဆောက်ခြင်း အဆင့်ငါး ထိ ရောက်သွားကြောင်း သိရှိလိုက်ချိန်မှာတော့ အမှန်ပင် ဝမ်းမြောက်နေမိသည်။
လျှိုချမ်းရွှယ် ဆီမှ ရတနာသည် အဆင့်မြင့် စိတ်ဝိညာဉ် လက်နက်တစ်ခုသာ ဖြစ်ပြီး သာမန်ထက် ပို၍ တန်ဖိုးကြီးသည် မဟုတ်ချေ။ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် အရာများကို ရှာဖွေနိုင်သည် ဆိုပါက သူသည် ကောင်းကင်လျှို့ဝှက်အမှတ်ပေါင်းများစွာကို ရှာဖွေနိုင်လိမ့်မည်။
ပြောင်ရှင်းလျက်ရှိနေသည့် ကျင့်ကြံခြင်းနည်းစနစ် နှင့် နတ်ဘုရားအတတ် နေရာများအားကြည့်ရင်း လီယွင် သည် သူလျှောက်ရမည့် ခရီးလမ်းမှာ အဝေးကြီး ကျန်သေးကြောင်း သတိပြုလိုက်မိသည်။ သူ၏ လက်ရှိ အားအင်အဆင့်နှင့် အပြင်ထွက်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
“ကြည့်ရတာ အရင်းအမြစ်တွေ တော်တော် ရှာရအုံးမယ့်ပုံပဲ” လီယွင်သည် တွေးတောလိုက်မိသည်။
ကောင်းကင်လျှို့ဝှက်အမှတ်များသည် ကြိုက်သလို အသုံးပြုနိုင်စွမ်းရှိသည်။ အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်နိုင်သည်သာမက ကျင့်ကြံခြင်းနည်းစနစ် ၊ နတ်ဘုရားအတတ် ၊ ဆေးလုံး ၊ လက်နက်များနှင့် လဲလှယ်ခြင်း ၊ ကောင်းကင်၏ လျှို့ဝှက်ခြင်းများအား မေးမြန်းခြင်း စသဖြင့် မျိုးစုံ အသုံးပြု၍ ရသည်။
သူလုပ်ရမည်မှာ ကောင်းကင်လျှို့ဝှက်အမှတ်များကို ရှာဖွေရန်ပင်။
“ငါ ဖြေရှင်းရမယ့် နည်းလမ်းကို စဉ်းစားရအုံးမယ်။ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့သူတွေကို ဆွဲဆောင်နိုင်ဖို့ လုပ်ရမယ်။ အနည်းဆုံး နတ်နယ်မြေတွေက ပါရမီရှင်တွေ လာရင်လည်း မဆိုးဘူး။” လီယွင်သည် ခုံတန်းရှည်ပေါ်ထိုင်ရင်း တွေးတော စဉ်းစားနေမိ၏။