အခန်း (၅)
Vol. 1 Ch. 5
တော်ဝင်သဲကန္တာရမြို့၏မြောက်ဖက် အမည်မဲ့တောင်ကြားတစ်ခုအတွင်းမှာတော့ …..
တောင်ကြား၏ အလယ်တွင် ဆန်းကြယ်လွန်းလှသော အစီအရင်ကြီးတစ်ခုက တည်ရှိနေ၏။ ထိုထဲတွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက် ရှိနေ၏။ ၎င်း၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်လျက် ရှိနေပြီး ခန္ဓာကိုယ် အနီးတစ်ဝှိုက်တွင် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလှသော သတ်ဖြတ်လိုခြင်းအော်ရာများ ပြည့်နှက်နေ၏။ အမှတ်မထင် လှမ်းကာ ကြည့်ရှုလိုက်မည် ဆိုလျှင် ကြည့်ရှုသူအား ကြက်သီးမွှေးညင်းများပင် ထသွားစေနိုင်သည့် ပုံစံမျိုးပင်။
"မိုင်ရှစ်ထောင် …. မိုင်ရှစ်ထောင်တိတိ"
အမဲရောင်ဝတ်စုံနှင့်လူသည် တုချန်ရှန်းမှလွဲ၍ တခြားလူမဟုတ်ချေ။ အမဲရောင်ဝတ်စုံနှင့်လူ၏ အသံသည် ငရဲပြည်ကိုးထပ်မှ ပဲ့တင်ထွက်လာသလို ကြားရသူများကို ကြောက်ရွံ့ထိတ်လန့်စေနိုင်၏။
"တော်ဝင်ဓားဂိုဏ်းရဲ့ အပြင်စည်းတပည့်တချို့ကို ငါသတ်ပစ်လိုက်ရုံပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ လုချမ်းရွှယ်က ငါ့နောက်ကို မိုင်ရှစ်ထောင်တိတိ လိုက်ခဲ့ရတာလဲ။ ငါအသက်ရှင်နိုင်ဖို့ ဒီတောကြီးထဲကို ထွက်ပြေးခဲ့ရတယ်။ ဒီတစ်ကြိမ် မင်းသာလာလို့ကတော့ ဒီနေရာက မင်းရဲ့သေတွင်းပဲ"
တုချန်ရှန်းသည် တောင်ကြား၏ အတွင်းထဲသို့ အေးစက်စက်ပြန်ကြည့်လိုက်၏။ တုချန်ရှန်းသည် နတ်ဆိုးငါးပါး ဝါးမျိုခြင်း ကောင်းကင် အစီအရင်ကို ဖန်တီးတည်ဆောက်ထားပြီး ဖြစ်၏။ ဤအစီအရင်နှင့်ဆိုလျှင် သူသည် ကြောက်ရွံ့မှုကို မခံစားရတော့ချေ။ လျှိုချမ်းရွှယ်ဆယ်ယောက်လောက် လာလျှင်တောင်မှ ကိစ္စမရှိချေ။
ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တကယ်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအစီအရင်ကို ပြုလုပ်ထားသောကြောင့် သူသည် အမှန်ပင် ကြောက်ရွံ့မှု ကင်းမဲ့လျက် ရှိနေ၏။ ဤအစီအရင်၌ အမှန်ပင် ခန့်မှန်း၍မရသော စွမ်းအင်များ ပါဝင်လျက် ရှိနေ၏။ ဤအရာကို ချိုးဖျက်လိုက်သည်နှင့် တစ်ပြိုင်နှက် သေဆုံးသွားမှာ သေချာ၏။
"အင်း ဆရာ …. မကြာခင် ရောက်လာတော့မှာပဲ"
တုချန်ရှန်းသည် နှုတ်ခမ်းကို အသာ သပ်လိုက်ပြီးနောက် လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားလေး ကို ငုံ့ကာကြည့်လိုက်၏။ ထိုအရာသည် အလင်းရောင်ခပ်ဖျော့ဖျော့ ထွက်လျက်ရှိသည်။
"ဒီလိုမှန်းသိရင် ငါဆရာကို အကြောင်းမကြားခဲ့ပါဘူး"
လျှိုချမ်းရွှယ်သည် သူ့နောက်ကို တောက်လျှောက်လိုက်ပါနေသောကြောင့် အစီအရင်ကို ဖန်တီးရန် အခွင့်အရေး မရခဲ့ချေ။ ထို့ကြောင့် သူ၏ ဆရာကို သတင်းပေပို့ခဲ့ရ၏။ သတင်းပို့ပြီး မကြာခင်မှာပင် လျှိုချမ်းရွှယ်နှင့် လူချင်းကွဲသွားခဲ့၏။ ထို့ကြောင့် သူသည် အစီအရင်ကို သေချာဖန်တီးနိုင်ခဲ့၏။ ယခု သူ့၏ဆရာ လာ၊မလာ ကိစ္စမရှိတော့ချေ။ ဤနေရာသို့ ရောက်ရှိလာပြီး အစီအရင်ကို သေသေသပ်သပ်ဖြင့် တည်ဆောက်ထားသောကြောင့် တစ်ဖက်လူကို တန်ပြန်တိုက်ခိုက်နိုင်တော့မှာ ဖြစ်၏။
ဟမ်
တွေးလိုက်ပြီးသည့်နောက် သူသည် ပြောင်းလဲမှုတစ်ခုကို အာရုံခံမိလိုက်၏။ သူသည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
"ရောက်လာပြီကိုး …. ငါထင်ထားတာထက် မြန်တာပဲ"
အရာတစ်ခုသည် ချက်ချင်းဆိုသလိုပဲ လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာခဲ့၏။ အမည်မဲ့ တောင်ကြား၏ အထပ်မှာတော့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က ပေါ်ပေါက်လာခဲ့၏။
"စီနီယာရဲ့ စကားက သိပ်မှန်တာပဲ။ ရှင်ဒီမှာ ရှိနေတာကို"
လျှိုချမ်းရွှယ်၏ အဝတ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ သူမသည် ဓားပျံတစ်ချောင်းကို စီးနင်းကာ ရောက်ရှိလာခြင်းပင်။ သူမသည် ပေါ်လာသည်နှင့်တပြိုင်နက် စကားများမနေချေ။ ဓားနှင့် တစ်ခါတည်း ခုတ်ပိုင်းတော့သည်။
ချလွမ် ….။
ကောင်းကင်ယံကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ထက်ရှလွန်းလှသော ဓားအော်ရာသည် လေဟောနယ်တစ်ခုလုံးကိုသို့ ပြန့်နှံ့သွား၏။
"စီနီယာ ဟုတ်လား" တုချန်ရှန်းသည် ကြောင်တောင်တောင် ဖြစ်သွားမိသည်။
လျှိုချမ်းရွှယ်ပြောသည့် စီနီယာဆိုသည်မှာ မည်သူနည်း။ ဤနေရာတွင် အစီအရင် တစ်ခု ဖန်တီးထားကြောင်း သိရှိနေသည့် လူတစ်ဦးတစ်ယောက်လား။
သေချာမစဉ်းစားရသေးခင်မှာပဲ လျှိုချမ်းရွှယ်၏ ဓားချီများသည် သူ့ဆီသို့ ရောက်ရှိလာ၏။ ထို့ကြောင့် ဆက်လက် စဉ်းစားရန် အခွင့်အရေးမရတော့ဘဲ လက်စည်းသင်္ကေတများကို မြန်မြန် ဖန်တီးလိုက်ရ၏။
"နတ်ဆိုးငါးပါး ကောင်းကင် ဝါးမျိုခြင်း အစီအရင်"
ဝုန်း …..။
နားကွဲလောက်စရာ အသံကြီးသည် ထွက်ပေါ်လာခဲ့၏။ မြေတည်နေရာတစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။ အချင်းဝက် ဆယ်မိုင်ပတ်လည်အတွင်း များပြားလှသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်ခဲ့ပြီး ဘုံကိုးပါးကိုပင် လွှမ်းမိုးနိုင်သော နတ်ဆိုးချီပင်လယ်ကြီးသဖွယ် ဖြစ်တည်လာ၏။ ထိုပင်လယ်ကြီးနှင့်အတူ များပြားလှသော သတ်ဖြတ်လိုခြင်း ဆန္ဒ များလည်း ပါဝင်လျက် ရှိနေသည်။
အမဲရောင် နတ်ဆိုးပင်လယ် …..
ထိုအထဲမှာတော့ နတ်ဆိုးကြီးငါးပါးသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ မျက်လုံးများသည် စူးရှလျက် ရှိနေပြီး ၎င်းတို့ထဲမှ တစ်ယောက်သည် ရောက်ရှိလာသော ဓားရောင်စဉ်၏ ချီများကို ဖမ်းဆီးကာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီလိုက်၏။
နတ်ဆိုးငါးပါး ကောင်းကင်အစီအရင်သည် အသက်ဝင်သွားခဲ့၏။ တုချန်ရှန်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
လျှိုချမ်းရွှယ်သည် တုန်လှုပ်မသွားချေ။ ထိုအစား ဝမ်းပင်ဝမ်းသာသွားသေး၏။ ပြီးနောက် ပြောလိုက်၏။ "စီနီယာပြောတာ တစ်ကယ်မှန်တာပဲ။ ရှင်ဒီအစီအရင် ဖန်တီးထားတာကို "
စီနီယာဟူသော စကားကို ခနခနပြောဆိုခဲ့၏။ တုချန်ရှန်းသည် ထိုစီနီယာ၏ ကြိုးဆွဲရာကို ကနေရသည့် ပုံစံမျိုးပင်။ အရာအားလုံးသည် ဤစီနီယာ ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေသည့် ပုံပင်။
"နှစ်နာရီရဲ့ တစ်ဝက်က ကုန်သွားပြီဆိုတော့။ နောက်ဆုတ်ပေးဖို့ အချိန်မရှိတော့ဘူး"
လျှိုချမ်းရွှယ်သည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူမ၏ မျက်နှာပေါ်တွင်တော့ စိတ်ဆုံးဖြတ်ထားသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။ တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ အစီအရင်ထဲသို့ တိုးဝင်လိုက်သည်။ သူမသည် အစီအရင်၏ သေမင်းဂိတ်ဝကို ပစ်မှတ်ထားခဲ့၏။
"လျှိုချမ်းရွှယ်…. သေချင်နေတာလား"
တုချန်ရှန်းသည် သူမ၏ လုပ်ပုံကို မခန့်မှန်းနိုင်ခဲ့ချေ။ အစီအရင်သည် အားကောင်းလွန်းလှပြီး သေမင်း ဂိတ်တံခါးဆိုသည်မှာ အစီအရင်၏ ထောက်တိုင်အဖြစ် တည်ရှိနေခဲ့၏။ ထိုနေရာသို့ တည့်တည့် ဝင်လာခြင်းသည် သေလမ်းရှာခြင်းပင် မဟုတ်ပါလား။
"မင်းက သေချင်နေပြီ ဆိုမှတော့ ငါကဖြည့်စည်းပေးရတော့မှာပေါ့"
တုချန်ရှန်း၏ မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်သွားခဲ့၏။ သူသည် လက်စည်းသင်္ကေတတစ်ခုကို မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်၏။ ရုတ်တရက်ဆိုသလိုပဲ အားကောင်းလွန်းလှသော စွမ်းအင်များ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း အရှိန်တညီးညီးနှင့် တောက်ပလာသည်။ ကြီးမားလှသည့် နတ်ဆိုးရုပ်ကြီး ငါးခုတို့သည် ငရဲကိုးထပ်မှ ထွက်လာပုံပင်။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်နှင့်အတူ လျှိုချမ်းရွှယ်ကို ဖိနှိပ် တိုက်ခိုက်လိုက်၏။
ဝုန်း ……။
ကျယ်လောင်လှသာ အသံကြီး ဖြစ်ပေါ်လာခဲ့ပြီး အနီးအနားရှိ ကျောက်တုံးများသည် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြ၏။ ဆူနာမီ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားသလိုပင် တည်နေရာတစ်ခုလုံးအား အရှိန်အဟုန်ပြင်းပြင်နှင့် လှုပ်ခတ်သွားစေသည်။
လေဟာနယ်ကြီး တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး အချိန်မရွေး ပိုင်းပြတ်တော့မည် ပုံစံမျိုးပင်။ လျှိုချမ်းရွှယ်သည် သာမန်မဟုတ်သော ပါရမီနှင့် စွမ်းအင်များ ရှိလျှင်တောင်မှ ဤနတ်ဆိုးငါးပါး တိုက်ခိုက်ချက်ကို မည်သည့်နည်းနှင့်မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"ပြီးသွားပြီလား"
တုချန်ရှန်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ မိုင်ရှစ်ထောင်တိတိ အလိုက်ခံရပြီးသည့်နောက်မှာတော့ သူ၏ အသက်ကို ချွေယူရန် ကြိုးစားနေသည့် မိန်းကလေး၏အန္တရာယ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
"ဘာပဲပြောပြော လျှိုချမ်းရွှယ်က တော်ဝင်ဓားဂိုဏ်းရဲ့ တတိယမြောက် တပည့်ပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလို အဆင်ခြင်မဲ့ ပြုလုပ်ရတာလဲ"
တုချန်ရှန်းသည် နားမလည်နိုင်ခဲ့ချေ။ တစ်ဖက်လူသည် သူတို့ဂိုဏ်း၏ အစီအရင်အကြောင်းကို သိသင့်သည်။ သိမည်ဆိုပါက ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
"မဟုတ်သေးဘူး "
ရုတ်တရက် သူ၏နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။ တုချနးရှန်းသည် အလျင်အမြန်ပင် နောက်သို့ ဆုတ်လိုက်၏။ သူ၏ ဘေးနှစ်ဖက်တွင် ဓားအလင်းတန်းများ ဖြစ်တည်လာခဲ့သည်။
သူ၏တုံ့ပြန်မှုသည် မြန်ဆန်လွန်းသည် ဆိုလျှင်တောင်မှ ခန္ဓာကိုယ်တွင် ဓားရာများ ဖြစ်ပေါ်လာ၏။ သူ၏ ကြက်သွေးရောင်သွေးများသည်လည်း ခန္ဓာကိုယ်မှ ပန်းထွက်လာခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံး၌ သွေးများ စွန်းထင်သွား၏။ တုချန်ရှန်းသည် မယုံကြည်နိုင်စွာ ဖြစ်လို့နေ၏။
တုချန်ရှန်းသည် ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပြီ ဖြစ်၏။ သူသည် ဓားအလင်းတန်းများ ထွက်ပေါ်လာရာ နေရာဆီသို့ လှမ်းကြည့်လိုက်၏။ သေခြင်း ဂိတ်တံခါး၏ ရှေ့တွင်တော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လျှိုချမ်းရွှယ်သည် မတ်မတ်ရပ်လျက် ရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရ သည်။
"မင်း ဘယ်လိုဖြစ်ပြီးတော့ နတ်ဆိုးငါးပါး ကောင်းကင် ဝါးမျိုခြင်း အစီအရင်ကို ချိုးဖျက်နိုင်ရတာလဲ"
..…………..