အခန်း (၇)
Vol. 1 Ch. 7
ယန်ရှို - ၎င်းသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အတွင်းတွင် ၎င်းသည် အလုံးစုံသော စွမ်းအင်ကို ပိုင်ဆိုင်ပြီး ငယ်ရွယ်စဉ်က ဂိုဏ်း၏ ကောင်းကင်သားတော် တည်နေရာကိုပင် ယှဉ်ပြိုင်ခဲ့ဖူး၏။ ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း ၎င်း၏ အားအင်အဆင့်သည် ဘယ်သောအခါကမှ လျော့တွက်လို့ရသည့်အရာမျိုး မဟုတ်ခဲ့ချေ။
“ငါ့အနေနဲ့ နှစ်ပေါင်းတစ်ထောင်လောက် ဒီလောကထဲကို ခြေမချခဲ့ဘူး။ လူတွေက ငါ့ရဲ့နာမည်ကို မေ့သွားပြီနဲ့ တူတယ်”
ယန်ရှို၏ နှလုံးသားထဲတွင် ဒေါသတရားများ အလိပ်လိပ် တက်လာ၏။ ထိုအရာများအားလုံးသည် ပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောင်ကြီးကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးအော်ရာ များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေ၏။
မိုင်တစ်ထောင်ပတ်လည်အတွင်းသည် နတ်ဆိုး နယ်မြေကြီးကဲ့သို့ပင် ပြောင်းလဲနေသည်။
“တစ်စုံတစ်ယောက်က ငါ့ရဲ့ တကယ့်ကို အမြတ်တနိုးထားရတဲ့ တပည့်ကို သတ်ပစ်ရဲတယ်ပေါ့”
ယန်ရှို၏ ဒေါသတရားများသည် ပိုမိုကာ ဆိုးရွားလာခဲ့၏။ “ဘယ်သူပဲဖြစ်ဖြစ် ငါ ဒီရန်ငြိုးအတွက် ကျိန်းသေပေါက် လက်စားချေမယ်”
သူသည် သူ၏ ကြီးမားလှသော လက်ကြီးကို ဖြန့်ကားကာဖြင့် အောက်တွင်ရှိသော တည်နေရာကြီးကို လှမ်းဆွဲ လိုက်၏။ ထိုအထဲမှ ဓားဆန္ဒချီမျှင် တစ်ခုကို ဖမ်းဆုပ်လိုက်၏။ ဓားဆန္ဒသည် အလွန်အားနည်းလှ၏။ သို့ပေမဲ့ သူဖမ်းဆုပ်လိုက်သည့်အချိန်တွင် လေတိုက်သောကြောင့် ငြိမ်းသက်လုနီးပါးဖြစ်နေသည့် မီးညွှန့်လေးတစ်ခု ကဲ့သို့ပင် ယိုင်ထိုးယိုင်တိုင်နှင့် ဖြစ်လို့နေသည်။
“တော်ဝင်ဓားဂိုဏ်းပဲ”
ယန်ရှို၏ မျက်လုံးထဲတွင်ရှိသော အေးစက်မှုများသည် ပိုမိုကာ တင်းကြပ်လာခဲ့၏။ သူသည် ဓားဆန္ဒကို လက်ငါးချောင်းဖြင့် ချေဖျက်ကာ ဖျက်ဆီးလိုက်၏။
ယန်ရှိုသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို သေသေချာချာ ကြည့်ရှုလိုက်၏။ မကြာခင်မှာပဲ တည်နေရာတစ်ခုဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အင်း... တော်ဝင်သဲကန္တာရမြို့ကို ထွက်ပြေးသွားတာပေါ့။ ဟုတ်လား”
............
တခြားတစ်ဖက်မှာတော့ လျှိုချမ်းရွှယ်သည် ကြောက်လန့်လျက် ရှိနေ၏။ သူမသည် အနောက်တွင်ရှိနေသည့် နတ်ဆိုးဆန္ဒများကို အာရုံခံမိ၏။ ထိုဆန္ဒများ၏ ပိုင်ရှင်သည် နတ်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်သောကြောင့် သူမအနေနှင့် သွားရောက်ယှဉ်ပြိုင်တိုက်ခိုက်ရန် ဖြစ်နိုင်သည့်လူမျိုး မဟုတ်ချေ။ သူမကို အတွေး တစ်ချက်နှင့်ပင် သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။
မိုင်ငါးရာ အကွာအဝေးတွင် တည်ရှိနေသည်ဆိုလျှင်တောင်မှ နတ်အဆင့် ကျင့်ကြံသူတစ်ယောက် အနေနှင့် ထိုကဲ့သို့သော အကွာအဝေးသည် ဘာမှမဟုတ်လှချေ။ မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ရောက်လာနိုင်စွမ်း ရှိသည်။ ကံကောင်းစွာဖြင့် သူမသည် တော်ဝင်သဲကန္တာရထဲသို့ ဝင်ရောက်ပြီးဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ရှေ့လက်တစ်ကမ်းတွင် တည်ရှိလို့နေသည်။
“စီနီယာ… စီနီယာ”
လျှိုချမ်းရွှယ်သည် အော်ဟစ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အမောတကောဖြင့် ပြေးဝင်သွားခဲ့၏။
“ပြန်လာပြန်ပြီလား”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အဓိကဟောခန်းထဲမှာတော့ လီယွင်သည် ရှည်လျားလှသော ခုံတန်းရှည်ကြီးတွင် အသာလဲလျောင်းပြီး စာအုပ်ဖတ်လျက် ရှိနေ၏။ ကြည့်ရသည်မှာ လွန်ခဲ့သည့် နှစ်နာရီလုံးလုံး ဤတည်နေရာမှ မပြောင်းလဲဘဲ စိတ်အေးသက်သာစွာဖြင့် စာဖတ်နေပုံပေါ်သည်။ ၎င်းသည် လျှိုချမ်းရွှယ် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ အံ့အားသင့်မှု တစ်စက်ကလေးမှ မပြသချေ။
“စီနီယာ... ကျွန်မ ပြန်လာမယ်ဆိုတာကို သိနေတာလား”
လျှိုချမ်းရွှယ်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွား၏။ ဤစီနီယာသည် အစစ်အမှန် စီနီယာတစ်ယောက်သာ ဖြစ်၏။ အရာအားလုံးအား ကြိုတင် တွက်ချက်ထားသကဲ့သို့ မြင်နိုင်စွမ်း ရှိနေ၏။ သူမ ပြန်လာမည် ဆိုသည်ကို ဤစီနီယာက အစောကြီးကတည်းက ကြိုတင်သိရှိနေပုံပေါ်၏။
လီယွင်၏ ကြီးမြတ်လှသော ဟန်ပန်အမူအရာများကို မြင်ရသည့်အချိန်မှာတော့ လျှိုချမ်းရွှယ်၏ စိတ်ထဲတွင် ရှိနေသည့် စိုးရိမ်ကြောက်လန့်မှုများ အားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ ဤစီနီယာသည် သူမကို ချက်ချင်း နှင်ထုတ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမကို ကျိန်းသေပေါက် ကာကွယ်ပေးရန် ရည်မှန်းချက် ရှိရပေလိမ့်မည်။
“တော်ဝင်သဲကန္တာရမြို့ကလွဲရင် ခင်ဗျား ဘယ်ကို သွားလို့ရမှာမလို့လဲ”
လီယွင်သည် စာအုပ်ကို အသာလှန်လိုက် ပြီးသည့်နောက် သေသေချာချာ ထပ်မံကာ ဖတ်ရှုလျက် ရှိနေ၏။ သူ၏ အသံသည် ကြည်လင်အေးချမ်းလျက် ရှိနေသည်။
သူ၏ လက်ရှိအားအင်အဆင့်ကို ထုတ်ဖော်အသုံးမပြုဘူး ဆိုလျှင်တောင်မှ သူ၏ ကျင့်ကြံခြင်းလောကနှင့် ပတ်သက်သည့် အသိပညာများသည် ပေါကြွယ်နေပြီဖြစ်၏။ ထို့ကြောင့် လျှိုချမ်းရွှယ် ကဲ့သို့သော လူငယ်ကျင့်ကြံသူ တစ်ယောက်သည် တုချန်ရှန်း၏ ဆရာကို မည်သို့မှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ခြေထောက်ကို အသုံးပြုကာ စဉ်းစားလျှင်ပင် သိရှိနိုင်ပေမည်။
တချို့သော ပါရမီရှင်များသည် ၎င်းတို့ထက် မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သူများအား စိန်ခေါ် တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ အလွန်မြင့်မားလှသည့် ကျင့်ကြံခြင်းအဆင့်များကို ချိုးဖြတ်ကာ တိုက်ခိုက်နိုင်ရန် ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။
ထို့အပြင် ပိုမို၍ အရေးကြီးသည်မှာ လျှိုချမ်းရွှယ်သည် အလုံးစုံ ထူးချွန်လှသော ပါရမီကို ပိုင်ဆိုင်သည့် လူတစ်ယောက်တော့ မဟုတ်ချေ။ သူမသည် သာမန်ပါရမီရှင်တစ်ယောက်ဖြစ်၏။ မဟုတ်ပါက တတိယတပည့် ဖြစ်နေလိမ့်မည် မဟုတ်ချေ။
အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုလျှင် တုချန်ရှန်း၏ ဆရာနှင့် ရင်ဆိုင်မည်ဆိုပါက လျှိုချမ်းရွှမ်သည် သေဆုံးခြင်း အဖြစ်ကို ရောက်ရှိသွားမှာ သေချာ၏။ သူမသည် အရူးမဟုတ်သည်ဆိုပါက ကျိန်းသေပေါက် ခပ်ဝေးဝေးဆီသို့ ပြေးသွားလိမ့်မည် မဟုတ်ချေ။ တော်ဝင်သဲကန္တာရမြို့ဆီသို့ ပြန်လာပြီး လုံခြုံသည့်အခြေအနေတစ်ခုကို ရှာဖွေလိမ့်မည်။ အရာအားလုံးတို့သည် လီယွင် စဉ်းစားထားသည့်အတိုင်းပင် ဖြစ်တည်လာခဲ့၏။
“ကျေးဇူးပြုပြီး စီနီယာ... ကျွန်မကို ကယ်ပါအုံး။ တကယ်လို့သာ ကျွန်မကို ကယ်တင်ပေးမယ်ဆိုရင် တော်ဝင်ဓားဂိုဏ်းက တကယ့်ကို ကြီးမားလှတဲ့ လက်ဆောင်တွေကို ပေးပါလိမ့်မယ်”
လျှိုချမ်းရွှယ်သည် လေးလေးစားစားဖြင့် တောင်းဆိုလိုက်၏။ ဤစီနီယာသည်သာ သူမကို လိုလိုချင်ချင်နှင့် ကူညီချင်သည်ဆိုပါက သူမအနေနှင့် ကျိန်းသေပေါက် များပြားလှသည့် လက်ဆောင်ပဏ္ဍာများနှင့် ပြန်လည်ပေးဆပ်မှာ သေချာသည်။
“အင်း... တကယ့် အခြေအနေပဲ”
လီယွင်သည် သဘောတကျဖြင့် ပြောလိုက်မိသည်။ ပြီးနောက် လျှိုချမ်းရွှယ်အား လှမ်းကြည့်ကာဖြင့် တွေးလိုက်မိသည်။ ဒီ လျှိုချမ်းရွှယ်က တကယ့်ကို ဦးနှောက် ကောင်းတာပဲ။
“ခင်ဗျား ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ မထွက်ခွာသရွေ့ လုံခြုံမှုကို အာမခံတယ်”
“ကျေးဇူးပါ စီနီယာ” လျှိုချမ်းရွှယ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။
“အရမ်းကြီး အောင်ပွဲခံမနေနဲ့အုံး”
လီယွင်သည် သူ၏စာအုပ်ကို ပိတ်ပြီးသည့်နောက် အရှေ့ဘက်ဆီသို့ လှမ်းမျှော် ကြည့်ရှုကာ ပြောလိုက်သည်။ “တောင်းဆိုစရာ ရှိသေးတယ်”
“ဘာများလဲ စီနီယာ”
လျှိုချမ်းရွှယ်သည် ဇဝေဇဝါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။
“ခင်ဗျားရဲ့ဆရာကို လာပြန်ခေါ်ခိုင်းလိုက်” လီယွင်သည် အမှတ်မထင်နှင့် အကြံပြုသလို ပြောလိုက်ခြင်းဖြစ်သည်။
လျှိုချမ်းရွှယ်၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် ဂိုဏ်းထဲတွင် နိမ့်ပါးလှသည် ဆိုလျှင်တောင်မှ သူမသည် တော်ဝင်ဓားဂိုဏ်း၏ တတိယတပည့်သာလျှင်ဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် လာရောက်ကာ ခေါ်ဆောင်သင့်သည့် လူမျိုးပင်။
ထို့အပြင် သူမ၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် လီယွင်အတွက်တော့ တကယ်ပင် သေးကွေးလွန်းလှ၏။ သူမ၏ဆရာ တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည်သာ ရောက်ရှိလာမည်ဆိုပါက ပိုမို များပြားသည့် တန်ဖိုးမြင့် စီးပွားရေးလုပ်ငန်းများကို ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ တစ်ဖက်လူသာ ရောက်ရှိလာမည်ဆိုပါက ပိုမိုများပြားသည့် ကောင်းကင်လျှို့ဝှက်အမှတ်များကို ရရှိနိုင်မည်ဟု လီယွင်က ယုံကြည်လျက် ရှိနေ၏။
“ဟင်”
လျှိုချမ်းရွှယ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော်သွားခဲ့တော့သည်။ သူမသည် အပြစ် ပြုလုပ်ထားသော ကျောင်းသူတစ်ယောက်ကဲ့သို့ပင် စိုးရွံ့မိနေသည်။
“ဘာကြောင့်လဲ။ ဘာကြောင့်များလဲ”
လျှိုချမ်းရွှယ်သည် အားပြတ်သလို မေးလိုက်မိ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဘာအတွက်လဲဆိုတာ မေ့သွားပြီလား” လီယွင်သည် စာအုပ်ကို အသာလိပ်ကာ ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးနောက် ဟန်ပါပါဖြင့် ရှင်းပြလိုက်၏။
“ဒီနေရာက စီးပွားရေးလုပ်တဲ့ နေရာလေ။ တုချန်ရှန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခင်ဗျား ယူဆောင်သွားတုန်းက စီးပွားရေးလုပ်ခဲ့တဲ့ သဘောပဲ။ ဒီနေ့မှာ ကျုပ်က ခင်ဗျားရဲ့အသက်ကို ကယ်တင်ခဲ့တယ် ဆိုတာကလည်း စီးပွားရေးလုပ်တာပဲ။ ခင်ဗျားရဲ့ဆရာ ရောက်လာပြီဆိုရင် ကျုပ်တို့ စီးပွားရေး ဆက်လုပ်လို့ ရပြီပေါ့”
“နားလည်ပါပြီ စီနီယာ”
လျှိုချမ်းရွှယ်သည် အားပျော့စွာဖြင့် ပြန်ပြောလိုက်မိသည်။
အခြေအနေကို သုံးသပ်ပြီးနောက် သူမသည် သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ သတင်းပေးပို့လိုက်သည်။
သို့ပေမဲ့ သတင်းပေးပို့မှု ပြုလုပ်ပြီးသည့်နောက် သူမ၏နှလုံးသားထဲတွင် ရှိနေသည့် မကောင်းသော ခံစားချက်များသည် ပိုမိုကာ တိုးပွားလာသည်ဟု ခံစားမိနေ၏။
...........