အခန်း (၈)
Vol. 1 Ch. 8
တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်
ညဘက် လေထုသည် တဝှီးဝှီးနှင့် တိုက်ခတ်လျက် ရှိနေ၏။ များပြားလှသည့် အမဲရောင်အငွေ့များသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ကာဖြင့် အုပ်ဆိုင်းလျက် ရှိနေလေ၏။ မြို့ကြီးတစ်ခုလုံးသည် ခြုံလွှာကြီး တစ်ခုနှင့် လွှမ်းခြံခံလိုက်ရသလိုပင် ဖော်ပြ၍မရအောင် ပြင်းထန်လွန်းလှသည့် ဖိအားဒဏ်သည် အားလုံးဆီသို့ ကျဆင်းလာ၏။ အားလုံးသောသူတို့သည် တောင်ကြီးတစ်လုံးကို ပခုံးတွင် ထမ်းထားရသကဲ့သို့ အသက်ရှုရ ခက်ခဲလာသည်။
“ဘာတွေဖြစ်နေတာလဲ” မြို့တော်ဝန်အိမ်ရာ၏ အဓိကဟောခန်းအတွင်းမှာတော့ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူသည် ကျင့်ကြံရာအခန်းထဲမှ အသာလှမ်းထွက်လာခဲ့တော့၏။ အပြင်တွင် ဖြစ်နေသည့် ပုံမှန်မဟုတ်သော အခြေအနေကို အာရုံခံပြီးသည့်နောက် သူသည် ရုတ်တရက် အပြင်ဘက်သို့ ထွက်ကာ ကြည့်ရှုခဲ့ခြင်းဖြစ်၏။
“အရှင်.. တစ်စုံတစ်ခုတော့ဖြစ်ပြီ” ထိုအချိန်မှာတော့ အစောင့်တစ်ယောက်သည် အလျင်အမြန်ဖြင့် အော်ဟစ်ကာ ပြေးဝင်လာခဲ့တော့၏။
“ဘာဖြစ်တာလဲ။ မြန်မြန်ရှင်းပြစမ်း” မြို့တော်ဝန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် မေးမြန်းလိုက်၏။
“ခုဏတုန်းက ဘာမှန်းမသိဘဲ မြို့ကြီးတစ်ခုလုံးက အမဲရောင်အရိပ်တွေနဲ့ လွှမ်းခြုံခြင်း ခံလိုက်ရတယ်။ အားလုံးက လှုပ်ရှားလို့တောင် မရနိုင်ခဲ့ဘူး။ သာမန်အားအင်ကို ပိုင်ဆိုင်တဲ့လူတွေဆိုရင် ကြွက်သားတွေတစ်ခုလုံးတောင် နာကျင်နေကြတယ်” အစောင့်သည် စိုးရွံ့ထိတ်လန့်စွာဖြင့် ရှင်းပြလိုက်သည်။ “ဒါ တကယ့်ကို ကပ်ဘေးကြီးနဲ့ တူတယ်”
ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ မြို့တော်ဝန်၏ နှလုံးသားတစ်ခုလုံးသည် စိုးရိမ်ထိတ်လန့်သွားခဲ့၏။ သူသည် မိစ္ဆာလမ်းစဉ်နှင့် ပတ်သက်လျှင် ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ကျွမ်းကျင်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရမည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။
ကျင့်ကြံခြင်းလောကတွင် အမှတ်မထင်နှင့် ပြဿနာ ဖြစ်ပွားပြီး လူပေါင်းများစွာတို့ သတ်ဖြတ်ခံရခြင်း၊ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရခြင်းတို့သည် သာမန်သာလျှင် ဖြစ်၏။ တချို့သော မိစ္ဆာကျင့်ကြံသူများသည် မြို့ကြီး တစ်ခုလုံးကိုပင် သွေးစတေးမှုများ ပြုလုပ်ကာ သတ်ဖြတ်ပစ်ခဲ့၏။ သူ့မြို့ကဲ့သို့သော မြို့သေးသေးလေးဆိုလျှင် ပြောနေစရာပင် မလိုချေ။
ဤတော်ဝင်သဲကန္တာရမြို့တွင် လူပေါင်း တစ်သောင်းလောက်သာ တည်ရှိ၏။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ပစ်မှတ်ထားသည်ဆိုပါက ကျိန်းသေပေါက် ရှောင်ရှားရနိုင်သည့် အရာမျိုး မဟုတ်ချေ။ အားလုံးသော သူတို့သည် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ခြင်း မရှိသောကြောင့် ကံကြမ္မာကိုသာ လက်ညှိုးထိုးရမည့် အခြေအနေမျိုးပင်။
“မြို့တော်ဝန်... ဘာလုပ်ကြမလဲ” အစောင့်သည် ခြောက်ကပ်ကပ်နှင့် မေးမြန်းလိုက်၏။
“ဘာလုပ်ရမယ်ဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ” မြို့တော်ဝန်သည် ဆွံ့အသွားမိ၏။ ကျူးကျော်သူသည် ဝင်လာရဲသည်ဆိုမှတော့ ကျိန်းသေပေါက် ယုံကြည်ချက်ရှိ၍ ဖြစ်ပေလိမ့်မည်။ မြို့တော်ဝန် တစ်ယောက်အနေနှင့် ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် သွားရောက်ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားမှာဖြစ်သည်။
ဘုတ်
ထိုအချိန်မှာတော့ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် ရှိရှိနေသမျှသော လူပေါင်းများစွာတို့၏ နှလုံးသားကို ဖြတ်ကာ နင်းလျှောက်သွားသကဲ့သို့ ခံစားနေမိ၏။ ခြေလှမ်းတစ်ချက်ချင်းစီတိုင်းသည် ၎င်းတို့၏ နှလုံးသားများကို ပုတ်ကာ လှုပ်နှိုးနေသကဲ့သို့ပင်။
ည၏ အလင်းရောင်ထဲမှာတော့ ယန်ရှိုသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးသည့်နောက် သူ၏ ဆံပင် အဖြူရောင်နှင့် တောက်ပသည့် မျက်လုံးများသည် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလျက်ရှိနေ၏။ သူသည် လေဟာနယ်အတွင်းမှ တစ်လှမ်းခြင်း လျှောက်ထွက်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ခြင်းဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။
လက်ရှိအခြေအနေမှာတော့ များပြားလှသည့် သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်နေမှုကိုပင် ခံစားနေမိကြ၏။ ၎င်းတို့၏ အတွင်းအင်္ဂါအစိတ်အပိုင်းများ၊ ဝိညာဉ်များအားလုံးသည် ဆွဲဖြဲ ခံထားရသလိုပင်။ တချို့ဆိုလျှင် အရိုးများပင် ကျိုးသလို ခံစားနေမိကြ၏။
သတ်ဖြတ်လိုခြင်းဆန္ဒသည် အကန့်အသတ်မဲ့ များပြားနေ၏။ အားလုံးသော သူတို့သည် ကြက်သီးမွေးညှင်းများပင် ထမိနေကြသည်။ သူတို့သည် ထွက်ပြေးချင်မိ၏။ သို့ပေမဲ့ ခြေထောက်များသည် ခဲဆွဲထားသကဲ့သို့ပင် ဆွဲမြှောက်၍ပင် မရနိုင်ခဲ့ချေ။ ထွက်ပြေးဖို့ဆိုလျှင် ဝေသာဝေး၍ ဖြစ်လေ၏။
“နတ်... နတ်အဆင့် ကျင့်ကြံသူလား” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့ကဲ့သို့ မြို့ငယ်လေးတစ်ခုသည် အဘယ်ကြောင့် နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ရသနည်း။
ဤလူသည် နတ်အဆင့်နယ်မြေငါးတွင်ပင်လျှင် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူတို့ အနေနှင့် မည်ကဲ့သို့မှ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူတစ်ယောက် မဟုတ်ချေ။ စကားလုံးတစ်လုံး၊ လက်အမူအရာ တစ်ချက်ကလေးနှင့်ပင် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။
“စီ... စီနီယာ” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ဖျစ်ညှစ်ပြုံးပြီးသည့်နောက် ဟောခန်းထဲမှ အသာ လျှောက်ထွက်လာလိုက်၏။ ကောင်းကင်ပေါ်သို့ ပျံတက်ပြီးသည့်နောက် ယန်ရှိုကို လေးလေးစားစားဖြင့် ဦးညွတ် လိုက်၏။ သူ၏ အမူအရာကို ကြည့်ရှုရသည်မှာ အလွန်ပဲ ရိုကျိုးလျက် ရှိနေ၏။
“စီနီယာဘာလို့ ပေါ်လာတာလဲဆိုတာကို ကျုပ်မသိပါဘူး။ ဒါပေမဲ့ အဝေးက ရောက်လာတဲ့ စီနီယာကို မကြိုဆိုမိတဲ့အတွက် ခွင့်လွှတ်ပါ။ တစ်ခုခုများ အဆင်မပြေတာမျိုးရှိရင် ပြောသာပြောလိုက်ပါ။ အရာအားလုံး ဖြစ်အောင်လို့ ကျုပ်က စီစဉ်ပေးပါ့မယ်” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ထုတ်ဖော်ပြောဆိုလိုက်၏။
သူသည် မသက်မသာ ခံစားနေရသည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အချိန်မှာတော့ သူသည် ထွက်ပြေးသွားရန် မစဉ်းစားရဲချေ။ ထွက်ပြေးခြင်းဆိုသည်မှာ သေဆုံး သွားမည့် အရိပ်အာဝါသမျိုးပင် ဖြစ်လေ၏။ ဤကဲ့သို့သော ကပ်ဘေးမျိုးနှင့် ရင်ဆိုင်သည့်နေရာတွင် သွားရောက် မေးမြန်းကာဖြင့် ကြိုးစား ဖြေရှင်းရပေမည်။
“ဟမ့်” ယန်ရှိုသည် တစ်ဖက်လူ၏ စကားများကို ကြားရသည့်အချိန်မှာတော့ ခေါင်းကိုအသာလှည့်ကာ ကြည့်ရှုလိုက်၏။ သူ၏အကြည့်များသည် အမှန်ပင် စူးရှလွန်းလှ၏။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ချောက်နက်ထဲသို့ ခုန်ဆင်းလိုက်ရသကဲ့သို့ပင် ခံစားနေမိ၏။
ဘန်း
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ဖုန်များသည် အလိပ်လိပ်နှင့် တက်လာခဲ့၏။ တစ်ဖက်လူ၏ အကြည့်တစ်ချက်ထဲနှင့်ပင် သူသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလေ၏။
“သွားစမ်း” ယန်ရှိုသည် တည်ငြိမ်စွာဖြင့် အော်ဟစ်လိုက်မိ၏။ သူ၏ စကားလုံးတစ်ခုသည် မိုးခြိမ်းသံကဲ့သို့ပင်။ အားလုံးသောသူတို့သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ခန္ဓာကိုယ်ထဲတွင်ရှိသည့် သွေးများသည် ဆူဝေလာခဲ့၏။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် နှလုံးသားတစ်ခုလုံး အောင့်သွားသလိုပင် ခံစားလိုက်မိ၏။ ထို သွားစမ်း ဆိုသည့်စကားလုံးသည် သဘာဝ၏အသံများ ပါဝင်နေသကဲ့သို့ပင်။ တစ်ဖက်လူသည် သူ၏အသက်အား သက်ညှာပေးခြင်းဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် တော်ဝင်သဲကန္တာရမြို့ကို စိတ်ဝင်စားနေလိမ့်မည် မဟုတ်ချေ။ တခြားသော အကြောင်းအရာ တစ်ခုခုကြောင့် လာရောက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ အကျိုးသင့် အကြောင်းသင့်ကို သေသေချာချာ နားလည်ပြီးသည့်နောက်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် စိုးရိမ် ပူပန်မှုများသည် ဖြေလျော့သွားခဲ့တော့၏။ သူ၏နှလုံးသားထဲ၌ စပ်စုလိုစိတ်များသာ တိုးပွားလာခဲ့၏။ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကိုယ်တိုင် ရောက်ရှိလာရအောင် မည်သည့်ကိစ္စများ ဖြစ်ပွားခဲ့သနည်း။
ဘုတ် ဘုတ်
ယန်ရှိုသည် လေဟာနယ်ထဲသို့ လှမ်းလျှောက်သွား၏။ သူ၏ လှုပ်ရှားမှုသည် နှေးကွေးလှသည် ဆိုသော်လည်း တည်ငြိမ်လွန်းလှသည်။ ၎င်း၏ ရည်ရွယ်ချက်သည် ရှင်းလင်းလွန်းလှ၏။ ကောင်းကင်ပေါ်မှ ဆင်းသက်ပြီးသည့် နောက် လမ်းတစ်ခုပေါ်သို့ ရောက်ရှိသွား၏။ သူ၏အရှေ့တွင်တော့ ရှေးအရှိန်အဝါများ ထွက်ပေါ်နေသည့် အဆောက်အဦ တည်ရှိနေ၏။ ထိုအရာ၏ အရှေ့တွင် ‘ကောင်းကင်လျှို့ဝှက်နန်းဆောင်’ ဟု ရေးသားထားလေ၏။
“အင်း... ဆိုင်းဘုတ်နဲ့ ဒီမှာရှိတဲ့ ကဗျာကို ဖတ်ရှုရမယ်ဆိုရင် မင်းရဲ့ ယုံကြည်ချက်က သေးသေးကွေးကွေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါလိုလူကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား”
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် သူတော်စင်အဆင့်ဆီသို့ ရောက်ရှိရန် အလွှာပါးပါးလေးသာ ကျန်ရှိတော့၏။ သူကဲ့သို့သော လူမျိုးပင်လျှင် ကောင်းကင်၏ လျှို့ဝှက်ချက်ကို လှမ်းမျှော်ကြည့်ရှုရန် မရဲလှချေ။ မည်ကဲ့သို့သော အရည်အချင်းရှိသောကြောင့် ဤတော်ဝင်သဲကန္တာရမြို့ ကဲ့သို့သော မြို့သေးသေးလေးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဟု ပေါ်ပေါ်တင်တင် ရေးသားကာ နေထိုင် နေရသနည်း။
“ဟမ့်” ယန်ရှိုသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် အဝင်ဝဆီမှ အထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လိုက်၏။ အထဲတွင် သူ၏တပည့်ကို သတ်ဖြတ်ခဲ့သည့် တော်ဝင်ဓားဂိုဏ်းမှလူ တည်ရှိနေမည်ဆိုသည်ကို သူက အာရုံခံမိပြီးသားဖြစ်၏။
တစ်ဖက်လူ၏ အော်ရာများသည် ဤခန်းမဆောင်၏ အဝင်ဝတွင် ပျောက်ကွယ်သွားခဲ့တော့၏။ ကျိန်းသေပေါက် အထဲ၌ ပုန်းအောင်းနေပေလိမ့်မည်။ သူ၏အရှေ့တွင် ဓားတောင် သို့မဟုတ် မီးပင်လယ်ကြီး ရှိသည်ဆိုလျှင် တောင်မှ သူသည် ထိုအရာကို ချိုးဖြတ်ကာ တစ်ဖက်လူကို သတ်ဖြတ်ရပေလိမ့်မည်။