အခန်း (၁၀)
Vol. 1 Ch. 10
“ငါ့ကို လာနောက်နေတာလား” ယန်ရှိုသည် လီယွင်ကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူ၏လေသံတစ်ခုလုံးသည် တင်းမာခက်ထန် လို့နေ၏။ စိတ်မကြည်သည့်အချိန်မျိုးတွင် သူ့အား လာရောက်လှည့်စားခြင်း ဆိုသည်မှာ ကောင်းမွန်လှသည့် အရာမျိုး မဟုတ်ချေ။
ထို့အပြင် သူသည် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အလွန်တရာလည်း ဒေါသကြီး၏။ စိတ်ထဲမှာ မျက်ကနဲ ဖြစ်သွားသည်နှင့်တပြိုင်နက် သူ၏လက်သည် ချက်ချင်းရောက်သွား တတ်သည့် အရာမျိုး ဖြစ်သည်။
သို့ပေမဲ့ သူ၏ရှေ့တွင် ရှိနေသည့်လူသည် ဖုံးကွယ်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်ဆိုလျှင် မည်သို့လုပ်မည်နည်း။
“ဘာ”
လီယွင်သည် မျက်လုံးကို အသာမှေးကာ ကြည့်ရှုလိုက်၏။ သူ၏လေသံတစ်ခုလုံးသည်လည်း တင်းမာလာ ခဲ့၏။ “ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာကို သံသယရှိနေတာလား။ ဒီလီ ပေးခဲ့တဲ့ သတင်းအချက်အလက်အားလုံး က တကယ့်ကို ထိပ်တန်းအရာတွေပဲ။ မမှန်တာ တစ်ခုမှ မရှိဘူး”
အရာအားလုံးကို သည်းခံနိုင်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာကို လာရောက်ကာ နှိမ့်ချ စော်ကားခြင်းကိုတော့ သည်းခံပေးနေ၍ မဖြစ်ချေ။
တခြားသောသူများသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆိုသည်မှာ သတင်းမှားများကို ရောင်းချသည့်အရာဖြစ်သည်ဟု တွေးထင်သွားမည်ဆိုလျှင် အနာဂတ်တွင် သူ မည်ကဲ့သို့ စီးပွားရေး လုပ်ရတော့မည်နည်း။
“ဟား ဟား ဟား”
ယန်ရှိုသည် အသာရယ်မောလိုက်၏။ သတင်းအချက်အလက်နှင့်ပတ်သက်ပြီး သူ နည်းနည်းလေးမှ သံသယ မရှိချေ။ သူ့အား ဒေါသထွက်စေသည်မှာ ပေါ်ပေါ်တင်တင်ဖြင့် ဤနေရာတွင် ရှိနေသည်ဟု ပြောဆိုခဲ့သောကြောင့်ပင်။
ယန်ရှိုက အေးစက်စက် ပြောလိုက်၏။ “ဒီတော့ ခင်ဗျားက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနဲ့ ရန်သူ ပြုလုပ်တော့ မလို့လား”
သူနှင့်ရန်သူ ပြုလုပ်မည်လားဟု မမေးမြန်းခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ ကြီးမားလှသည့် ဂုဏ်သိက္ခာမရှိဟု သတ်မှတ်ထားမိ၏။ ကြီးမားလှသည့် ဂုဏ်သိက္ခာကို ထုတ်ဖော်ထားမှ တစ်ဖက်လူအား ဖိနှိပ်နိုင်လိမ့်မည်ဟု သူက တွေးထင်ထားမိသည်။ ထိုအပြင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆိုသည်မှာ ခြားနားလွန်းလှ၏။ တကယ့်ကို ကြီးမားလှသည့် နတ်ဆိုး ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး နက်နဲလွန်းလှသည့် နောက်ခံသမိုင်းကြောင်းကို ပိုင်ဆိုင်ကာ နှစ်ပေါင်းသန်းချီ မားမားမတ်မတ် ရပ်တည်ခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်၏ သာမန်လူများသည် သူတို့၏ ဂိုဏ်းနှင့် ပြဿနာ တက်ရဲလိမ့်မည် မဟုတ်ချေ။
“လျှိုချမ်းရွှယ်ကိုပေး၊ ဒါဆိုရင် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးမယ်” ယန်ရှိုသည် တင်းမာခက်ထန်စွာဖြင့် တောင်းဆိုလိုက်၏။
“အားနာပါတယ်”
လီယွင်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်က သတင်း အချက်အလက်တွေကိုပဲ ပေးတာ။ တခြား ဘာမှ မရဘူး”
“ခင်ဗျားက ပြဿနာတက်ချင်နေပြီပဲ” ယန်ရှိုသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ သူသည် လက်တစ်ဖက်ကို အသာလှမ်းမြှောက်လိုက်၏။ သို့ပေမဲ့ သူ၏လက်သည် ကြီးမားလှသည့် ကျန်းချီနှင့် ဖန်တီးထားသည့် လက်ကြီး အဖြစ်သို့ မရောက်ရှိသွားခဲ့ချေ။ လေဟာနယ်ထဲတွင် ဘာတစ်ခုမှ ဖြစ်မလာခဲ့ချေ။
“ဘာတွေ ဖြစ်နေတာလဲ” ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် သူ၏ အသက်သွေး လက်နက်ဖြစ်သည့် နတ်ဆိုးကောင်းကင်ထီးကို ဖမ်းဆုပ်နိုင်ရန် လက်လှမ်းလိုက်သည့်အချိန်မှာတော့ သူ၏ ကျင့်ကြံခြင်းအဆင့်များ သည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့၏။ သူ၏ ကျင့်ကြံခြင်းတစ်ခုလုံး ပျောက်ကွယ်သွားရုံတင်မကပေ။ သူ၏ အသက်သွေးလက်နက်ကိုလည်း ထုတ်ဖော်အသုံးပြု၍ မရနိုင်သလို ဖြစ်နေ၏။ သူသည် သာမန်လူ တစ်ယောက်နှင့် မခြားပေ။
“ခင်ဗျား ကျုပ်ကို ဘာလုပ်လိုက်တာလဲ”
ယန်ရှိုသည် မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်လျက် ရှိနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်များသည် မည်သည့်အချိန်က ပျောက်ကွယ်သွားရသနည်း။ အဘယ်ကြောင့် သူ ဘာတစ်ခုကိုမှ မခံစားရသနည်း။ သူသည်သာ လှုပ်ရှားတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်သာ မဟုတ်ပါက သာမန်လူတစ်ယောက် ဖြစ်နေကြောင်းကိုပင် သတိပြု မိလိမ့်မည် မဟုတ်ချေ။
တစ်ဖက်လူသာ သူ့ကို သတ်ဖြတ်ချင်သည်ဆိုပါက......။
ထိုအရာကို တွေးကြည့်ပြီးသည့်နောက် ယန်ရှို၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချွေးစေးများ ပြန်လာခဲ့မိ၏။ သူသည် ခပ်ဝေးဝေးကိုပင် ဆက်လက်ကာ မစဉ်းစားရဲတော့ချေ။ ဤလူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ကျိန်းသေပေါက် သူတော်စင်အဆင့် သို့မဟုတ် သူတော်စင်အင်ပါယာတစ်ယောက်၏ အဆင့်ပင် ဖြစ်နေနိုင်၏။ သူ၏ မှတ်ဉာဏ်များအရဆိုလျှင် ကွာစီအင်ပါယာ ဆိုလျှင်တောင်မှ ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင်အင်ပါယာ လား သို့မဟုတ် အင်မော်တယ် တစ်ယောက်ယောက်လား”
“ခင်ဗျား ခုဏတုန်းက တိုက်ခိုက်ဖို့ ရည်ရွယ်လိုက်တာလား”
လီယွင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် တစ်ဖက်လူ၏ မေးခွန်းကို မဖြေဘဲ တန်ပြန် မေးခွန်းထုတ်လိုက်၏။ ထူးဆန်းသည့် အလင်းတန်း များသည် သူ၏မျက်လုံးထဲ၌ တောက်ပလာခဲ့သည်။
ထိုအချိန်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံးသည် အသက်ဝင်သွားခဲ့ပုံပေါ်၏။ အဆုံးအစမဲ့သော ဖိအားသည် ကောင်းကင်ယံအထက်ဆီမှ ကျဆင်းလာခဲ့ပြီး ယန်ရှိုအား ဖိနှိပ်တော့၏။
ဘန်း ဟူသော အသံနှင့်အတူ ယန်ရှိုသည် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။ သူသည် ကြမ်းပြင်ပေါ်၌ ဒူးပင် ထောက်နေရသည်။
လီယွင်သည် ရှေ့ဆီသို့ တစ်လှမ်းချင်းလျှောက်သွားရင်းမှ ပြောလိုက်၏ “ခင်ဗျားဆီမှာ သတ္တိတချို့တော့ ရှိသေးတာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို စတင်တည်ထောင်ပြီးကတည်းက ဒီနေရာမှာ လှုပ်ရှားတိုက်ခိုက်ဖို့ ကြိုးစားရဲတာ ခင်ဗျားက ပထမဦးဆုံးပဲ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တစ်ရက်အတွင်း ဖန်တီးခဲ့သည့်အရာဖြစ်သည် ဆိုလျှင်တောင်မှ ယန်ရှိုသည် ထိုအရာကို သတိမပြုမိခဲ့ချေ။ လီယွင်၏ စကားကို ကြားရသည့်အချိန်မှာ သူ၏ အမြင်အာရုံတစ်ခုလုံးသည် မှောင်မဲသွားသည်။ သူသည် ရုတ်တရက် တွေးလိုက်မိ၏။ “သွားပြီနဲ့တူတယ်”
သူသည် သံချောင်းကို သွားကာ ကန်မိခဲ့ပုံပေါ်သည်။
ဤကောင်းကင်လျှို့ဝှက်နန်းဆောင်သည် မူလအရင်းအမြစ်သည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို မည်သူက သိရှိမည်နည်း။ ဤတည်နေရာတွင် လှုပ်ရှားတိုက်ခိုက်ရဲသည်ဆိုခြင်းမှာ သေခြင်းတရားကို လာရောက် ရှာဖွေခြင်းဖြစ်သည်ဟု တစ်ဖက်လူက ပြောဆိုလျက်ရှိ၏။
“ခင်ဗျားက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ အဆင်ခြင်မဲ့ ပြုလုပ်လို့မရဘူး”
လီယွင်သည် ယန်ရှို၏ ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူ၏ အကြည့်များသည် ယန်ရှို၏ ဘယ်ဘက်လက်တွင် ဝတ်ဆင်ထားသည့် အမဲရောင်လက်စွပ်ဆီသို့ ရောက်ရှိနေ၏။ သူ၏ ခန့်မှန်းမှုသာ မှန်ကန်မည်ဆိုလျှင် ဤအရာသည် ယန်ရှို၏ သိုလှောင် လက်စွပ်ပင် ဖြစ်ပေလိမ့်မည်။
လီယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ လက်စွပ်ကို လှမ်းယူရန် ပြင်လိုက်သည့် အချိန်မှာပဲ သူသည် ရုတ်တရက် ရပ်တန့်လိုက်မိသည်။ ကျင့်ကြံခြင်းလောကတွင် မှော်ရတနာဆိုသည်မှာ သခင်ကိုသာလျှင် အသိအမှတ်ပြု၏။ ထိုအရာကို ယူမည်ဆိုလျှင်တောင်မှ သူ မည်သို့ သွားဖွင့်ရမည်နည်း။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် အခြေခံကျသည့် လုပ်ဆောင်ချက်များရှိပြီး ကောင်းကင်၏ လျှို့ဝှက်ချက် များကို လှမ်းမျှော်ကာ ကြည့်ရှုနိုင်သည်ဆိုသော်လည်း ဤကဲ့သို့သော တခြားသူတစ်ယောက်၏ လက်စွပ်ထဲသို့ ဝင်ရောက်ကြည့်ရှုသည့် အရာမျိုးကိုတော့ ပြုလုပ်၍ မရချေ။
သူ ယန်ရှိုကို သတ်ပစ်လိုက်မည်ဆိုလျှင်တော့ လက်စွပ်သည် ပိုင်ရှင်မဲ့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခွင့်အရေး ရနိုင်၏။ သို့ပေမဲ့ ထိုကဲ့သို့ သတ်ဖြတ်ခြင်းဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာ တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ဖောက်သည်သေဆုံးခြင်း ဆိုသည်မှာ အရောင်းအဝယ် ပြုလုပ်ရာ နေရာအတွက် ကောင်းခြင်းမဟုတ်ချေ။ ထို့ကြောင့် လီယွင်သည် ဆုံးဖြတ်ချက်တစ်ခုကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရသည်။ သူ စိတ်ကို ထိန်းရပေမည်။
“စီနီယာ”
ထိုအချိန်မှာပဲ ယန်ရှိုက အော်ဟစ်လိုက်၏။ “ကျုပ် အမြင်အာရုံတွေ မကောင်းခဲ့ပါဘူး။ ကျုပ် မှားယွင်းမိပါတယ်။ တုချန်ရှန်း ကိစ္စနှင့်ပတ်သက်ပြီး ဒီနေရာမှာပဲ ထားလိုက်ပါမယ်။ ဆက်ပြီးတော့ မလိုက်တော့ပါဘူး”
လက်ရှိအချိန်မှာတော့ ယန်ရှိုသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဘေးအန္တရာယ်ကို ခံစားနေမိတော့၏။ ဤအရာသည် သူ့အတွက် ဒုတိယအကြိမ်မြောက်ဖြစ်သည်။
ယန်ရှိုသည် နှလုံးသားတစ်ခုလုံး အေးခဲသလို ခံစားနေမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်ခြင်းဆန္ဒများကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ သူသည်သာ ထိုသို့ မတောင်းပန်ပါကမည်ကဲ့သို့ သေဆုံးသွားမည် ဆိုသည်ကိုပင် မသိနိုင်ချေ။
“ဟင်း ....”
လီယွင်သည် ခဏလောက် စဉ်းစားလိုက်၏။ လျှိုချန်းရွှယ်သည် သူ၏ ပထမဦးဆုံး ဖောက်သည်ဖြစ်၏။ ထို့ကြောင့် သူမကို အနည်းငယ် ဂရုစိုက်ပေးခြင်းသာလျှင်ဖြစ်၏။ သို့ပေမဲ့ လျှိုချမ်းရွှယ်ကြောင့် ဤသနားစရာရောင်းရင်းသည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။
“စီနီယာ” ယန်ရှိုသည် တစ်ဖက်လူ၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားသည်ကို မြင်ရသည့်အချိန်မှာတော့ မျှော်လင့်ချက် အလင်းရောင်များ ဖြစ်တည်လာခဲ့၏။ ကြည့်ရှုရသည်မှာ အကျိုးသက်ရောက်မှု အနည်းငယ် ရှိပုံပေါ်သည်။ ထို့ကြောင့် သူသည် ထပ်မံကာ အော်ဟစ်ပြောဆိုလိုက်သည်။
“ဒီအရာက ကောင်းကင်အဆင့် ရတနာတစ်ခုပါ။ နက်နဲပုတီးကိုးလုံးလို့ ခေါ်ပါတယ်။ လေးစားသမှုနဲ့ ဒါကို လက်ဆောင်အဖြစ် လက်ခံပေးပါ။ ကျေးဇူးပြုပြီး ယူပါ စီနီယာ”
ပြောပြီးသည့်နောက် ယန်ရှိုသည် အရောင်ကိုးခု ရှိသည့် ပုတီးတစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူကာဖြင့် လီယွင်ကို ကမ်းပေးလိုက်၏။
ကောင်းကင်အဆင့်ရတနာသည် သာမန်မဟုတ်ပေ။ ယန်ရှို၌ပင် များများစားစား မရှိပေ။ တစ်ဖက်လူကို ဤကဲ့သို့ လွယ်လွယ်ကူကူ ပေးလိုက်ရခြင်းဆိုသည်မှာ သူ၏ နှလုံးသားတစ်ခုလုံးကို ထိုးခွဲလိုက်သလိုပင် ခံစားမိနေ၏။ သို့ပေမဲ့ သူ၏အသက်အတွက် သူသည် ကျိန်းသေပေါက် ထိုအရာကို နှမျောသည်ဆိုလျှင်တောင်မှ ပေးအပ် ရပေလိမ့်မည်။
ထို့အပြင် စောဏတုန်းက သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည့်အချိန်တွင် မည်သည့်အတားအဆီးကိုမှ မခံစားရချေ။ သူသည် ရတနာကို ဤအတိုင်းသာ ထုတ်ယူရရှိနိုင်စွမ်း ရှိနေ၏။
ဘာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သူ့၌ရှိသော အရာအားလုံးသည် ဤစီနီယာ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည်ဟူသည့် အဓိပ္ပာယ်ပင်။
“အဟမ်း”
လီယွင်သည် အသာချောင်းဟန့်လိုက်၏။ ပြီးသည့်နောက် နက်နဲပုတီးကိုးလုံးကို အသာလှမ်းယူပြီး ပြောလိုက်သည်။ “လီက တခြားသူရဲ့ပစ္စည်းတွေကို လုယူတတ်တဲ့လူမျိုး မဟုတ်ဘူးလေ။ ကောင်းကင် လျှို့ဝှက်နန်းဆောင် ဆိုတာက သတင်းအချက်အလက်တွေကို ဖလှယ်တဲ့နေရာမှာပဲ အသုံးပြုတာ”
“စီနီယာ ကျေး.. ကျေးဇူးပြုပြီးတော့ ရှင်းပြခွင့်ပေးပါ။ ကျုပ် သတင်းအချက်အလက်ကို ဝယ်ပါ့မယ်” ယန်ရှိုသည် ဉာဏ်ပညာကြီးမြတ်လှစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်မိ၏။