← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ချက်ချင်းပဲ တည်နေရာ ရွေ့လျားလိုက်၏။ သူသည် တကယ်ပင် စိတ်ဝင်တစားနှင့် ဖြစ်လို့နေ၏။ သူ၏ တော်ဝင်သဲကန္တာရမြို့တွင် မည်သည့်အချိန်က ဤကဲ့သို့သော အဆောက်အဦ ပေါ်ပေါက်လာရသနည်း။ သူသည် ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ဦးခေါင်းကို ခါယမ်းပြီးသည့်နောက် စိတ်ထဲတွင် ရှိနေသည့် အတွေးများကို ဖယ်ရှားလိုက်၏။ သူသည် ချက်ချင်း ဆိုသလိုပဲ လေးစားသမှုရှိသည့် အမူအရာ ပုံပန်းသွင်ပြင်မျိုးကို ထုတ်ဖော်ကာဖြင့် မတ်မတ်ရပ်လျက် ရှိ၏။

နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ မထွက်ခွာသေးချေ။ ထို့ကြောင့် သူသည် သက်တောင့် သက်သာဖြင့် မနေထိုင်ရဲသေးခြင်းဖြစ်သည်။။ တစ်ဖက်လူကို အပြစ်ပြုမိသည်ဆိုပါက တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးသည် ဤတည်နေရာမှ ပျောက်ကွယ်သွားရမည် ဖြစ်ကြောင်းကို သူက သေချာနားလည်ထားသည်။

.......

ကောင်းကင်လျှို့ဝှက်နန်းဆောင်

ယန်ရှိုသည် အထဲသို့ လျှောက်ဝင်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းနေသည့် အစိမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရမည်ဆိုလျှင် သာမန်လူဖြစ်ပုံပေါ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို အာရုံမခံမိချေ။

သို့ပေမဲ့ ထူးဆန်းလှချေ၏။ ၎င်း၏ခန္ဓာကိုယ်၌ တော်ဝင်လမ်း၏ အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေ၏။ ခပ်ဖျော့ဖျော့ ဖြစ်သည်ဆိုသော်လည်း ယန်ရှိုသည် ထိုအရာကို အာရုံခံမိ၏။

“အင်း.. ဒီကို တော်ဝင်ဓားဂိုဏ်းက တစ်ယောက်ယောက် လာခဲ့သေးလား”

ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် ဆန်းကြယ်လွန်းသည့် အော်ရာများကို ထုတ်ဖော် လျက်ရှိ၏။ သူနှင့် အကြည့်ချင်းဆုံလျှင် တွန့်ခနဲဖြစ်သွားနိုင်သော အရှိန်အဝါမျိုးပင်။

“ယန်ရှို မဟုတ်လား”

လီယွင်သည် လက်ထဲတွင် ရှိနေသည့် စာအုပ်ကို အသာချလိုက်၏။ နန်းဆောင်ထဲသို့ ဝင်ရောက်လာသူ ကို တစ်ချက်ကြည့်ရင်း သူ၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ ချက်ချင်းဆိုသလိုပဲ သူ၏ရှေ့တွင် အပြာရောင်မြင်ကွင်း တစ်ခု ထင်ပေါ်လာပြီး ယန်ရှို၏ နောက်ခံ ကိုယ်ရေးအကျဉ်းသည် ပေါ်လာခဲ့သည်။

[နာမည် - ယန်ရှို]

[အားအင်အဆင့် - ကောင်းကင်မူလအဆင့်ထိပ်ဆုံး၊ နတ်အဆင့် ထိပ်ဆုံးစွမ်းအားမြင့်ကျင့်ကြံသူ]

[ဂိုဏ်း - ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း]

[ကျင့်ကြံခြင်းနည်းစနစ် - ငရဲဖိနှိပ်ခြင်းကောင်းကင်ကျမ်း၊ နတ်ဆိုးဝိညာဉ်ဖြတ်သန်းခြင်း၊ နတ်ဆိုးအရိုးကောင်းကင် ဆုဒြာ]

[နတ်ဘုရားနည်းစနစ် - ကောင်းကင်မျက်လုံး ကြည့်ရှုခြင်းနည်းစနစ်၊ သရဲဝိညာဉ်ခုတ်ပိုင်းခြင်းသုံးချက်၊ မိစ္ဆာ လက်ချောင်းငါးခု၊ မိစ္ဆာလမ်းကောင်းကင်ခုတ်ပိုင်းခြင်း.....]

[လက်နက် - နတ်ဆိုးကောင်းကင်ထီး (နတ်အဆင့်)၊ ဝိညာဉ်ချု်ပနှောင်ခြင်းကြာပွတ် (နတ်အဆင့်)၊ နက်နဲပုတီး ကိုးလုံး (ကောင်းကင်အဆင့်)၊ နတ်ဆိုးတိမ်ဖိနပ်(စကြဝဠာအဆင့်)]

[လက်ရှိအခြေအနေ - ထိပ်ဆုံးအဆင့်]

[တပည့်သေဆုံးသွားသည်ဖြစ်သောကြောင့် ဒေါသမီး တောက်လောင်လျက်ရှိသည်။ ၎င်းသည် သူ့တပည့် သေဆုံးရခြင်း နှင့်ပတ်သက်၍ တစ်ဖက်ဆီမှ စီစဉ်ညွှန်ကြားသူများကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်ချင်စိတ် ဖြစ်လို့နေသည်။ ပိုမိုသိရှိရန် နှိပ်ပါ]

ယန်ရှို၏ ကိုယ်ရေးအကျဉ်းကို ဖတ်ရှုပြီးသည့်နောက် လီယွင်၏ မျက်ခုံးများသည် တဆတ်ဆတ်နှင့် တုန်ခါသွားခဲ့၏။ ဤအရာသည် ငါးကြီးကြီး တစ်ကောင်သာလျှင်ဖြစ်၏။ အလွန်ကောင်းမွန်လှသည့် ပစ္စည်းများ ပိုင်ဆိုင်မှာ သေချာ၏။ ထို့ကြောင့် လီယွင်သည် တစ်ဖက်လူဆီမှ ပစ္စည်းများအားလုံး ယူဆောင်ရန် စဉ်းစားလိုက်မိသည်။

ကောင်းကင်လျှို့ဝှက်ခန်းဆောင်၏ ဂုဏ်သိက္ခာအကြောင်းကို တွေးကြည့်ရမည်ဆိုလျှင် လီယွင်သည် ထိုကဲ့သို့ ပြုလုပ်ချင်စိတ်ကို မနည်းပင် ထိန်းသိမ်းထားရလေ၏။ ရှေ့တွင်ရှိနေသည့် ရေနွေးခွက်ကို အသာကောက်ယူကာ တစ်ငုံ ငုံလိုက်သည်။ နောက်ဆုံးမှာတော့ သူသည် လုယက်ရန် ကြိုးစားချင်စိတ်များကို ဖိနှိပ်ထားနိုင်ခဲ့၏။

“အင်း... တော်ဝင်ဓားဂိုဏ်းက တစ်ယောက်ယောက် ဒီကိုလာသေးလား” ယန်ရှိုသည် မျက်မှောင်ကုတ်ကာဖြင့် ထပ်မေးလိုက်၏။ သူသည် မျက်တောင်တစ်ချက်မှ မခတ်ဘဲ လီယွင်ကို စူးစိုက် ကြည့်လိုက်သည်။

ဘာမှန်းမသိသည်ဆိုသော်လည်း နှလုံးသားထဲတွင် ကြီးမားလွန်းသည့် ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးချင်စိတ် ပေါက်လာမိ၏။

ကံကောင်းစွာဖြင့် ဤတည်နေရာသို့ ဝင်ရောက်ပြီးသည့်နောက် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ရှိနေသည့် ခံစားချက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ သူသည် ချက်ချင်း မလှုပ်ရှားသေးဘဲ အခြေအနေကို စတည်းနာရန် ဆုံးဖြတ်လိုက်သည်။

“တာအိုရောင်းရင်းယန်... ကျေးဇူးပြုပြီး အရင်ထိုင်ပါအုံး”

လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ လေထုထဲတွင် ထိုင်ခုံတစ်ခုက ပေါ်ပေါက်လာတ၏။ “စီးပွားရေး ပြုလုပ်တဲ့နေရာမှာ အလျင်လိုစရာ မလိုပါဘူး”

“ဘာစီးပွားရေးလဲ”

ယန်ရှိုသည် မတ်တပ်ရပ်လျက် ရှိနေသေးသည်။ သူသည် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ “ကျုပ် ဒီနေရာမှာ တော်ဝင်ဓားဂိုဏ်းကလူ တစ်စုံတစ်ယောက် ရှိလားလို့ မေးနေတယ်လေ။ တကယ်လို့ ရှိနေတယ်ဆိုရင် ခင်ဗျားအနေနဲ့ ကျုပ်ကို လွှဲပေးလိုက်တာ ကောင်းမယ်။ မဟုတ်ရင် ကျုပ်ကို ရက်စက်လွန်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

“ဪ”

လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် မထီမဲ့မြင် ဖြင့် ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ စီးပွားရေးလုပ်ဖို့ ဖွင့်ထားတာလေ။ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး လဲလှယ်နိုင်တဲ့အရာမျိုးပေါ့။ ခင်ဗျားအနေနဲ့ တော်ဝင်ဓားဂိုဏ်းက တစ်စုံတစ်ယောက်အကြောင်းကို မေးချင်တယ်ဆိုမှတော့ စီးပွားရေးပြုလုပ်တာနဲ့ မတူဘူးလား”

“ခင်ဗျားက စီးပွားရေးပြုလုပ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲနှင့် သတင်းအချက်အလက်တွေကို လာပြီးတော့ လုယူပြီး ချိန်းခြောက်ချင်တာလား” လီယွင်သည် ရယ်သွမ်းသွေးလိုက်မိသည်။

သူသည် ယန်ရှိုဆီမှ ပစ္စည်းများ ထွက်လာအောင် အလိမ်မာနည်းဖြင့် သိမ်းသွင်းနေသည်ဆိုခြင်းမှာ အခွင့်အရေး ပေးနေခြင်းသာလျှင် ဖြစ်၏။ တစ်ဖက်လူသည်သာ သူ့ကို အရင်ဆုံးတိုက်ခိုက်မည်ဆိုပါက သူသည် အခွင့်အရေးလုံးဝမပေးဘဲ ရှိရှိသမျှ အရာအားလုံးကို လုယက်တော့မှာဖြစ်၏။

“ဘာ”

ယန်ရှိုက နှာခေါင်းရှုံ့လိုက်၏။ အေးစက်သည့် အလင်းတန်းများသည် သူ၏မျက်လုံးထဲတွင် ထင်ပေါ်လာ ခဲ့၏။ သူက ပြောလိုက်သည်။ “ကျုပ် မလုပ်ရဲဘူးလို့ ထင်လို့လား။ ဟမ် နေပါအုံး”

နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်မို့ သူသည် တကယ်ပင် အလှည့်အပြောင်း များလှ၏။ တခြားသောသူများဆီမှ အတင်း ဖိအားပေးလုယူ တိုက်ခိုက်တတ်သည့် လူတစ်ယောက်လည်း ဖြစ်၏။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်သည်မို့ ယန်ရှိုသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ဆိုးရွားလှသည့်အရာများကို ပြုလုပ်ခဲ့၏။ ယခုကဲ့သို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဟု အမည်ပေးထားသည့် အဆောက်အဦတစ်ခုအား ဖြိုချဖျက်ဆီးပစ်ရန်ဆိုသည်မှာ မျက်တောင်ပင် တစ်ချက်မခတ်ဘဲ ပြုလုပ်မည့် အရာမျိုး ဖြစ်သည်။

သို့ပေမဲ့ ထိုကဲ့သို့သော အတွေးမျိုး တွေးလိုက်သည့်အချိန်မှာပဲ သူ၏ ခန္ဓာကိုယ်ထဲ၌ ကြောက်မက်ဖွယ် ကောင်းလှသည့် အန္တရာယ်အငွေ့အသက်များ ဖြစ်တည်လာခဲ့၏။

ယန်ရှိုသည် တွေဝေသွားမိ၏။ သူသည် နတ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ အလိုလို သိစိတ်သည် အလွန်ပင် အားကောင်းလွန်း လှပြီး တစ်ခါတစ်လေမှ မှားယွင်းခဲ့ခြင်း မရှိချေ။ ယခုဖြစ်တည်နေသည့် ခံစားချက်များသည် အခြေအမြစ်မရှိ ဖြစ်တည်လာခြင်းတော့ ဟုတ်ပုံ မပေါ်ပေ။

သူသည် လီယွင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် မီးကဲ့သို့တောက်ပလျက်ရှိသည့် မျက်ဝန်းတစ်စုံနှင့် သူ့ကို စူးစိုက်ကြည့်ရှု နေကြောင်း မြင်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားမိ၏။

“တစ်စုံတစ်ခု... တစ်စုံတစ်ခုတော့ ဖြစ်ပြီနဲ့တူတယ်”

ဤကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည်မှာ သူ အစတုန်းက ထင်မှတ်ထားသကဲ့သို့ ရိုးရှင်းလှသည့်အရာတစ်ခု ဖြစ်ပုံမပေါ်ချေ။

“တာအိုရောင်းရင်းက စီးပွားရေးအကြောင်းကို ပြောဆိုနေပြီဆိုမှတော့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုပြီးတော့ လဲလှယ်ချင်တာလဲဆိုတာ သိချင်မိတယ်”

မသက်မသာ ခံစားမှုကို ရရှိခဲ့ပြီးသည့်နောက် ယန်ရှိုသည် ဖြစ်ညှစ်ကာ ပြုံးလိုက်၏။ သူသည် ထိုင်ခုံပေါ်သို့ အသာထိုင်ချကာဖြင့် မေးမြန်းလိုက်သည်။

“ဟင်”

လီယွင်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရသည့် အလှည့်ပင်ဖြစ်၏။ ဘာတွေ ဖြစ်နေသနည်း။ သူသည် တစ်ဖက်လူတစ်ယောက် လှုပ်ရှားတိုက်ခိုက်တော့မည်ဟု ခံစားနေမိ၏။ တစ်ဖက်လူသာ လှုပ်ရှားတိုက်ခိုက် လိုက်မည်ဆိုပါက သူသည် တစ်ဖက်လူကို မသတ်ဖြတ်ဘူးဆိုလျှင်တောင်မှ တစ်ဖက်လူတွင် ရှိနေသည့် သိုလှောင် လက်စွပ်များ၊ ရှိရှိသမျှသော အရာအားလုံးကို လုယူတော့မည်ဟု ဆုံးဖြတ်ထားမိ၏။

“အဟမ့်၊ အဟမ့်” လီယွင်သည် ချောင်းဟမ့်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာအကြောင်းကို ပြန်လည်စဉ်းစားပြီးသည့်နောက် တစ်ဖက်လူကို ဤကဲ့သို့ပြုလုပ်မည့် စိတ်ဆန္ဒအားလုံးကို ပြန်လည်ကာ ဖိနှိပ်လိုက်သည်။

ခန်းမဆောင်၏ ဂုဏ်သိက္ခာတရားအရ သူသည် လည်ချောင်းကိုရှင်းကာ ပြောလိုက်မိသည်။ “ကောင်းပြီ။ တာအို ရောင်းရင်း... ခင်ဗျားအနေနဲ့ ဘယ်လိုသတင်းအချက်ကို ဝယ်ယူချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်လေ”

“ဘယ်လို သတင်းအချက်အလက်မျိုးမဆို ရတယ်လား”

“ကျိန်းသေပေါက် ရတာပေါ့။ ဘယ်လိုသတင်းအချက်အလက်မျိုးမဆို”

“ဒါဆိုရင် ကျုပ်တပည့်ကို သတ်သွားတဲ့လူက ဘယ်သူလဲ”

“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ရတနာတစ်ခု”

“...........”

ယန်ရှိုသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ရတနာတစ်ခု၏ တန်ဖိုး ဆိုသည်မှာ သူ့အတွက် များပြားလှသည့်အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် နှောင့်နှေးခြင်းမရှိဘဲ လှံရှည် တစ်ချောင်းကို ထုတ်ယူလိုက်၏။ ထိုလှံရှည်၏ မျက်နှာသွင်ပြင်ပေါ်တွင် ကြောက်ခမန်းလိလိ အလင်းတန်းများ တောက်ပလျက် ရှိနေ၏။

သူသည် လီယွင်ကို အသာလှမ်းကြည့်ကာ ပြောလိုက်၏။ “တာအိုရောင်းရင်း... အခု စကားပြောလို့ ရပြီလား”

“တော်ဝင်ဓားဂိုဏ်းက လျှိုချမ်းရွှယ်ပဲ”

လီယွင်သည် စိတ်ဝိညာဉ်ရတနာကို အသာလှမ်းယူလိုက်၏။ ပြီးနောက် စနစ်နှင့် လဲလှယ်ရန် ကြိုးစားကြည့်လိုက်သည်။ စနစ်သည် ထိုအရာအား ကောင်းကင်လျှို့ဝှက်အမှတ် နှစ်ဆယ် ဟု သတ်မှတ်ခဲ့သည်။

ထိပ်တန်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူပေးသော ရတနာသည် လျှိုချမ်းရွှယ် ပေးခဲ့သည့် အဆင့်မြင့်အဆင့် ရတနာ ထက် နှစ်ဆပိုမိုကာ ဈေးကြီးခဲ့၏။ ထို့အပြင် သူသည် ဘာတစ်ခုကိုမှ တိတိကျကျ ကြိုးစားခဲ့ခြင်း မရှိဘဲ ရရှိခဲ့သည့် အရာ ဖြစ်၏။ သတင်းအချက်အလက်များသည် သူ အစောကြီးကတည်းက သိရှိခဲ့သည့်အရာဖြစ်၏။ ထို့ကြောင့် စနစ်နှင့် လဲလှယ်စရာ မလိုအပ်ချေ။ ထိုအရာကို သူ တစ်ဦးတည်း မောင်ပိုင်စီးနိုင်စွမ်း ရှိနေ၏။

“... တကယ်လား”

ယန်ရှို၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားသွားခဲ့၏။ ဤသတင်းအချက်အလက်သည် သူ တွက်ချက်ပြီးထားသော အရာ ဖြစ်၏။ ကွာခြားချက်တစ်ခုသည် တော်ဝင်ဓားဂိုဏ်းမှ မည်သည့်အဖွဲ့ဝင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မသိခြင်း တစ်ခုသာလျှင်ရှိ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် ချက်ချင်းဆိုသလိုပဲ လူတစ်ယောက်၏ နာမည်ကို ထုတ်ဖော်ပြောဆိုနေသည်။

“အဲလူ ဘယ်ရောက်သွားလဲ” ယန်ရှိုက မေးမြန်းလိုက်၏။

“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ရတနာ” လီယွင်သည် အသာ လက်ကိုဆန့်တန်းကာဖြင့် တောင်းခံလိုက်သည်။

ယန်ရှို “....”

နောက်ထပ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ရတနာကို ပေးအပ်ပြီးသည့်နောက် ယန်ရှိုသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်မိသည်။ “အခု ပြောလို့ရပြီ”

“တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်”

“ခင်ဗျား ကျုပ်ကို လာနောက်နေတာလား”

ဘုန်း ဟူသော အသံနှင့်အတူ ယန်ရှိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးများ၌ မီးများ ဝင်းဝင်းတောက်လျက်ရှိ၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲနက်လျက် ရှိနေ၏။ သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိ၏။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် သူ့အား ဆော့ကစားနေပုံ ပေါက်သည်။

............

All Chapters