အခန်း (၁၁)
Vol. 1 Ch. 11
“တာအိုရောင်းရင်း... အရမ်းယဉ်ကျေးလွန်းနေပြီ။ ဆိုရိုးတစ်ခုရှိတယ်လေ။ ဧည့်သည်ဆိုတာ ဧည့်သည်လို ဆက်ဆံ ရမှာပေါ့။ ခင်ဗျား ဘယ်လိုဖြစ်ပြီးတော့ မြေပေါ်မှာ ဒူးထောက်နေရတာလဲ။ မြန်မြန်ထ။ ခင်ဗျားဘာ ခင်ဗျား ရေနွေးလေး ဘာလေး ထပြီးတော့ သောက်ပါအုံး။ စီးပွားရေးကိစ္စတွေ ပြောဆိုဖို့ဆိုတာ အလျင်လိုဖို့ မလိုဘူးလေ”
လီယွင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူ၏ ပုံပန်းသွင်ပြင် အမူအရာတစ်ခုလုံးသည် ပိုမိုကာ နွေးထွေးပြီး ဖက်လဲတကင်း ဖြစ်လို့လာခဲ့၏။ သူသည် ယန်ရှိုကိုပင် မြေပေါ်မှထရန်အတွက် ကူညီကာ ဖေးမခဲ့သေး၏။ ပြီးသည့်နောက် အနီးအနားတွင်ရှိနေသော ထိုင်ခုံတစ်လုံးတွင် ထိုင်စေခဲ့၏။ တစ်ချိန်တည်းမှာပဲ သူသည် ရေနွေး တစ်ခွက်ကို သွားယူကာဖြင့် တစ်ဖက်လူကို တည်ခင်းဧည့်ခံခဲ့လေသည်။
“စီနီယာ... အဲလောက်ကြီး ဒုက္ခခံဖို့ မလိုပါဘူး။ ကျုပ်ဘာသာ လုပ်လို့ရပါတယ်”
ယန်ရှိုသည် အလွန်အမင်း အံ့အားသင့်လို့နေ၏။ သူ၏အသက်သည် စောဏကလေးတင် အန္တရာယ်ကြိုးမျှင်တန်းလေးပေါ်သို့ ရောက်ရှိနေခဲ့၏။ လက်ရှိအချိန်မှာတော့ သူသည် ဂုဏ်ပြုခံ ဧည့်သည်တစ်ပါး လိုပင် ဆက်ဆံခံနေရ၏။ ရုတ်တရက် ပြောင်းလဲမှုသည် သူ့အား အလွန်အမင်း သတိအပြည့် ဖြစ်စေခဲ့၏။ သူ့အနေနှင့် အခြေအနေတစ်ခုလုံးကို အလွန်အကျွံ့ မပြုလုပ်မိစေရန် စဉ်းစားတွေးတောနေမိသည်။ တစ်ချက်မှား လိုက်သည်နှင့် သူ၏အသက်သည် ကျိန်းသေပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။
“ဒါက လုပ်ကို လုပ်ပေးရမယ့် ကိစ္စပါပဲ”
လီယွင်သည် ပြုံးကာပြောလိုက်၏။ “တာအိုရောင်းရင်း.. ခင်ဗျား အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကနေ ဘာကို ဝယ်ချင်လဲ”
“အမ်”
ယန်ရှို၏ နှလုံးသားတစ်ခုလုံးသည် တင်းကျပ်သွားခဲ့၏။ အချိန်ရောက်လာခဲ့လေ၏။ သူသည် ရေနွေးခွက်ကို အသာချပြီးသည့်နောက် သတိအပြည့်နှင့် လီယွင်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် မဝံ့မရဲဖြင့် မေးမြန်း လိုက်သည်။ “စီနီယာအထင်အရဆိုရင် ..... ကျုပ် ဘာသတင်းအချက်အလက်တွေကို ဝယ်ဖို့လိုမယ်ထင်လဲ”
ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ရရှိမည့် သတင်းအချက်အလက်နှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိချေ။ ဤအရာမှာ အမှန်ပင်ဖြစ်သည်။ လက်ရှိစိတ်ဆန္ဒသည် သူ့၌ရှိနေသည့် ငွေအများအပြားကို အသုံးပြုပြီး ဤတည်နေရာမှ ထွက်ခွာသွားချင်စိတ်သာရှိ၏။ အနာဂတ်တွင် ဤတည်နေရာသို့ ပြန်လာရန် ဝေါယာဉ်ဖြင့် ပင့်မည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် လာလိမ့်မည် မဟုတ်ချေ။
တုချန်ရှန်းကိစ္စအတွက်ကတော့ သူသည် ကျိန်းသေပေါက် သူ၏ စိတ်ထဲမှ ဖယ်ရှားလိုက်ပြီဖြစ်သည်။ သူ၏တပည့်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏အသက်သည် ပိုမိုကာ အရေးကြီး၏။
“အင်း... ဘယ်လိုအမျိုးအစားမျိုးကို ပြောရမလဲ”
လီယွင်၏ အမူအရာသည် သဘောမတွေ့သလို ဖြစ်သွား၏။ ယန်ရှို၏စကားသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်မှာ စီးပွားရေးပြုလုပ်ရန်အတွက် အတင်းကာရော တွန်းအားပေးသည့်အရာမျိုး ဖြစ်လို့နေခဲ့၏။ သူသည် စီးပွားရေး ပြုလုပ်ရန်အတွက် မည်သူ့ကိုမှ အတင်းကြီး တွန်းအားမပေးခဲ့ချေ။ တွန်းအားပေးခဲ့ပါသည် ဆိုသော သတင်းအချက်အလက်သာ အပြင်ဘက်သို့ ပျံ့နှံ့သွားပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အနာဂတ်၌ မည်ကဲ့သို့ စီးပွားရေးဆက်လက် ပြုလုပ်ရမည်နည်း။
“စီနီယာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ယန်ရှိုသည် အထပ်ထပ် အခါခါ ဦးညွှတ်ကာ တောင်းပန်နေမိ၏။ သူသည် အလွန်အမင်း ဝပ်သွား ရိုကျိုးတတ်သည့် တပည့်တစ်ယောက်ကဲ့သို့ပင်။ “ဘယ်လို သတင်းအချက်အလက်တွေ ဝယ်ရမလဲဆိုတာ ကျုပ်တကယ်မသိလို့ ဒီလိုစကားမျိုး ပြောမိတာပါ”
“အင်း.. ကောင်းပြီ”
လီယွင်သည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ခင်ဗျားကို ကျုပ် လမ်းညွှန်ပေးရမှာပေါ့”
ပြောပြီးသည့်နောက် လီယွင်သည် ယန်ရှို၏ ကိုယ်ရေးအချက်အလက်ကို အသာဖွင့်၍ ဆက်လက်သိရှိရန်နှိပ်ပါ ဆိုသည့်အရာကို နှိပ်ကာ ကြည့်ရှုလိုက်၏။ ယန်ရှို၏ ကိုယ်ရေးအကျဉ်းသည် ချက်ချင်းဆိုသလိုပဲ သူ၏မြင်ကွင်း၌ ပေါ်ပေါက်လာခဲ့၏။
[နာမည် - ယန်ရှို]
[တစ်သက်တာအိမ်မက် - သူတော်စင်နယ်မြေဆီသို့ လှမ်းဝင်နိုင်ရန်]
[အတွင်းစိတ်မိစ္ဆာ - စီနီယာအစ်ကို ဝမ်ယုဖန် (မှတ်ချက် - လွန်ခဲ့သည့်နှစ်ပေါင်းရှစ်ရာတုန်းက ယန်ရှိနှင့် သူ၏ စီနီယာအစ်ကို ဝမ်ယုဖန်တို့သည် သူတော်စင်လှိုဏ်ဂူတစ်ခုဆီသို့ ဝင်ရောက်ကာ ရှာဖွေခဲ့၏။ ရတနာများကို မောင်ပိုင်စီးရန်အလို့ငှာ ယန်ရှိုသည် တစ်ဖက်လူအား အလစ်ချောင်းမြောင်းကာ သတ်ဖြတ်ခဲ့၏။ ၎င်း၏ စီနီယာအစ်ကိုသည် သဲလွန်စ တစ်ချက်မှ မကျန်ဘဲ သေဆုံးသွားခဲ့၏)]
[သိရှိရန် ထပ်မံနှိပ်ပါ]
“ကျွတ် … ကျွတ် … ကျွတ် ..…”
သတင်းအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက် လီယွင်သည် ယန်ရှိုကို လှမ်းကာကြည့်ရှုလိုက်၏။ မထင်မှတ် ထားစွာဘဲ ယန်ရှိုသည် အင်မတန်ကောက်ကျစ်ယုတ်မာသူတစ်ယောက် ဖြစ်လို့နေခဲ့၏။ ၎င်းသည် နတ်ဆိုး ကျင့်ကြံခြင်းလမ်းစဉ်၌ လျှောက်လှမ်းနေသည့် လူတစ်ယောက် ပီသစွာပဲ မိမိ၏ စီနီယာအစ်ကိုကိုပင် ရတနာ ရယူလိုဇောဖြင့် သတ်ဖြတ်ပစ်ခဲ့လေ၏။ ထို့အတူ ထိုစီနီယာအစ်ကိုသည်ကလည်း ၎င်း၏ အတွင်းစိတ်မိစ္ဆာဖြစ်လို့လာခဲ့၏။
ကျင့်ကြံခြင်းလောကတွင် အတွင်းစိတ်မိစ္ဆာဆိုသည်မှာ အလွန်တရာ အန္တရာယ်များလွန်းလှ၏။ နတ်ဆိုးကျင့်ကြံသူ များဆိုလျှင်ပင် ဆိုးရွားသော ရလဒ်ကို ရရှိစေ၏။ အနည်းဆုံးအနေဖြင့် ကျင့်ကြံခြင်းလမ်းစဉ်မှ သွေဖယ်ခြင်း၊ အများဆုံး အနေဖြင့် သေဆုံးခြင်းအဖြစ်ထိ ရောက်ရှိနိုင်၏။ အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းနိုင်ခြင်းမရှိဘဲနှင့် အဆင့်တက်ရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ယန်ရှို၏ အကြီးမားဆုံးသော အိမ်မက်သည် သူတော်စင်အဆင့် ဆီသို့ တိတိကျကျ ခြေလှမ်း လှမ်းဝင်ရန်ပင် ဖြစ်ည်။
“စီနီယာ” ယန်ရှိုသည် အလောတကြီးဖြင့် လှမ်းကာ ခေါ်လိုက်မိ၏။ သူ့ကို လှမ်းကာကြည့်ရှုလိုက်သည့်အချိန်တွင် စီနီယာသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးဖောက်ကြည့်ရှုသွားသလို ခံစားလိုက်မိ၏။ သူ့၌ မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့သကဲ့သို့ပင်။
“အင်း” လီယွင်သည် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်၏။
“ကျုပ် ကျုပ် မေးချင်တာက”
ယန်ရှိုသည် ကြောက်ရွံ့ထိတ်လန့်လျက်ရှိ၏။ သူသည် လက်များကို အသာပွတ်သပ်ကာဖြင့် လေးလေးစားစား မေးလိုက်မိသည်။ “စီနီယာ ခုဏကပြောတဲ့ လမ်းညွှန်မှုနဲ့ ပတ်သက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”
“ခင်ဗျားက သူတော်စင်တစ်ယောက် မဖြစ်ချင်ဘူးလား” လီယွင်သည် တည့်တည့်ပင် မေးမြန်းလိုက်၏။
“ဟမ်”
ယန်ရှို၏ စိတ်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့တော့၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်သွားခဲ့၏။ ထို့ကြောင့် ချက်ချင်းပဲ ပြန်လည်ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်.. ကျုပ် အိပ်နေရင်တောင်မှ သူတော်စင်တစ်ယောက် ဖြစ်ချင်တဲ့အိမ်မက်က အမြဲပေါ်လာနေတဲ့အရာပါ”
ပြောပြီးသည့်နောက် သူသည် လေလျော့ခံလိုက်ရသည့် ဘောလုံးတစ်ခုကဲ့သို့ပင် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ သူ၏ ရည်မှန်းချက်နှင့် စိတ်ခံစားချက် အားလုံးကို တစ်ဖက်လူက သိရှိလို့ နေခဲ့သည်။ သူ၏ အတွင်းစိတ် မိစ္ဆာဆိုးသည် အလွန်ပင် အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် သက်ရောက်စေခဲ့၏။
ကျင့်ကြံစဉ်၊ ကျင့်ကြံစဉ်တိုင်းတွင် သူ့စီနီယာအစ်ကို၏ သေဆုံးခြင်းသည် သူ၏ စိတ်နှလုံးထဲတွင် အထပ်ထပ် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် သူသည် ရူးသွပ်သွားတော့လုမတတ်ပင် ခံစားနေမိ၏။ ဆက်တိုက် ကျင့်ကြံနေသည်ဆိုသော်လည်း သူတော်စင်ဖြစ်ဖို့မဆိုနှင့် သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မည့် အခြေအနေ ဟူ၍ အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။
“စီနီယာ နည်းလမ်းရှိရဲ့လား”
ရုတ်တရက် ယန်ရှိုသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် အားတက်သရောနှင့် မေးမြန်းလိုက်၏။ သူ၏ သူတော်စင် ဖြစ်ချင်စိတ်သည် အလွန်ပင် ကြီးကျယ်ခမ်းနားလွန်းလှ၏။ ဤကဲ့သို့ အတွင်းစိတ်မိစ္ဆာဆိုး စွဲကပ်မည်ကို သိပါက သူတော်စင်တစ်ယောက်၏ လှိုဏ်ဂူထဲတွင် တွေ့ခဲ့ရသော ရတနာများကို မောင်ပိုင်စီးရန် အလို့ငှာ သူ၏ စီနီယာအစ်ကိုကို သတ်ဖြတ်မိလိမ့်မည် မဟုတ်ချေ။
“အင်း.... တကယ့်ကို နည်းလမ်းတစ်ခု ရှိတာပေါ့”
လီယွင်သည် လက်ဖက်ရည်ခွက်ကို ကောက်မလိုက်၏။ ပြီးနောက် တစ်ငုံ ငုံကာဖြင့် စဉ်းစဉ်းစားစား၊ တွေးတွေးတောတောဖြင့် ပြောလိုက်သည်။ “တခြားသူတွေ အတွက်တော့ သူတော်စင်တစ်ယောက် ဖြစ်ဖို့ဆိုတာက ပန်းခြံထဲမှာ လမ်းလျှောက်သလိုပဲလေ။ ဒါပေမဲ့ ခင်ဗျား အတွက်ကတော့ ခြားနားလွန်းတယ်”
“ဘာလို့လဲ”
ယန်ရှိုသည် မကျေမနပ်ဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။ သူသည် အဖြေကို အမှန်ပင် သိချင်မိ၏။ အဘယ်ကြောင့် တခြားသူများသည် သူတော်စင်ဖြစ်ဖို့ လွယ်ကူနေရသနည်း။ သို့ပေမဲ့ သူက အဘယ်ကြောင့် မဖြစ်ရသနည်း။ ဤတော်ဝင်အင်ပါယာ အဆင့် ဖြစ်နိုင်သော စီနီယာကြီးသည်သာ သူ့ကို ကူညီနိုင်မည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ လိုလိုလားလားဖြင့် ပေးအပ်မိမှာ သေချာ၏။
“အင်း.. ခင်ဗျား ဝမ်ယုဖန် အကြောင်း မေ့သွားပြီလား” လီယွင်သည် ခပ်ဖျော့ဖျော့ ပြုံးကာ မေးမြန်းလိုက်သည်။
“ဝမ်.. ဝမ်ယုဖန် ဟုတ်လား”
ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွား၏။ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် တဆတ်ဆတ် တုန်ခါနေသည့် ခန္ဓာကိုယ်နှင့်အတူ တုန်ယင်နေသည့်အသံဖြင့် မေးမြန်းလိုက်၏။ “ဘယ်လို.. ဘယ်လိုဖြစ်ပြီး စီနီယာ သိရတာလဲ”
အရင်တုန်းက သူတော်စင်လှိုဏ်ဂူထဲတွင် သူနှင့် စီနီယာအစ်ကိုသည်သာလျှင် ရှိခဲ့၏။ သူ၏ စီနီယာ အစ်ကိုကို သူ၏လက်ဖြင့် သတ်ဖြတ်ခဲ့၏။ ထိုအရာကို မည်သူမှ မသိခဲ့ချေ။ လျှို့ဝှက်ချက်အဖြစ် သူသည် ထိန်းသိမ်းထားခဲ့၏။ ဤလောကကြီးတွင် ထိုအရာကိုသိသည့် ဒုတိယမြောက်လူဟူ၍ တစ်ယောက်မှ မရှိကြချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်ပင်လျှင် ထိုအရာကို လုံးဝမသိရှိခဲ့ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အဘယ်ကြောင့် ဝမ်ယုဖန်၏အကြောင်းကို သိရှိနေရသနည်း။ ပို၍ အရေးကြီးသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ပိုင်ရှင်သည် သူတော်စင်အဆင့်၏ အဆင့်ထက်ပင် ပိုမိုကာ မြင့်မားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပင်။ ထိုသို့သော အဆင့် ကျင့်ကြံသူကြီးသည် ဘာအလုပ်မှမရှိသောကြောင့် အားအားယားယား သူတော်စင်တစ်ယောက်၏ သင်္ချိုင်းဆီ လာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ ဝမ်ယုဖန်အား သတ်ဖြတ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်စရာ မရှိချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ ကောင်းကင်ရဲ့လျှို့ဝှက်ချက်အားလုံးကို ထိန်းချုပ်ထားတာလေ။ ကောင်းကင်ရဲ့ အလှည့်အပြောင်း အားလုံးကို ကြည်ရှုနိုင်တယ်။ လောကမှာ ဖြစ်လာမယ့်အရာအားလုံးက ကျုပ် မျက်စိအောက်ကနေ မလွတ်မြောက်နိုင်ဘူး” လီယွင်သည် ပြုံးကာပြောလိုက်သည်။