← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

............

“ကောင်းကင်.. ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”

ယန်ရှိုသည် အလွန်အမင်း တုန်လှုပ်သွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် သူ၏အကြောင်းများကို မည်ကဲ့သို့ သိရှိရသနည်း။ တစ်ဖက်လူအနေနှင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ကာ သိရှိခြင်းမှလွဲလျှင် တခြားဖြစ်နိုင်ဖွယ်ရာလမ်းလည်း မရှိချေ။

“စီနီယာဆိုလိုတာက စီနီယာအနေနဲ့ အတွင်းစိတ်မိစ္ဆာဆိုးကို ကူညီဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေပေး နိုင်တယ်လို့ ဆိုလိုတာလား”

ယန်ရှိုသည် အလျင်အမြန်ပင် မေးမြန်းလိုက်မိ၏။ သူ့အနေနှင့် အတွင်းစိတ်မိစ္ဆာကို ဖယ်ရှားနိုင်သည်ဆိုပါက သူတော်စင် မဖြစ်ဘူးဆိုလျှင်တောင်မှ စိတ်ကျေနပ်နေမည်ဖြစ်သည်။ အနည်းဆုံး အနေဖြင့် ပိုမိုတိုးတက်သည့် လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနိုင်မည်ဖြစ်၏။ အမှတ်မထင်ဆိုသလိုပဲ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတော်စင်အဆင့်ဆီသို့ပင် လှမ်းတက်သွားနိုင်စွမ်းပင် ရှိနေသေးသည်။

“အင်း... အတွင်းစိတ်မိစ္ဆာဆိုးလေး တစ်ခုက ကြီးကြီးကျယ်ကျယ်နဲ့ ရေးကြီးခွင်ကျယ် ပြောနေစရာ ကိစ္စမျိုး မဟုတ်ပါဘူး”

လီယွင်သည် နှာခေါင်းရှုံ့ကာဖြင့် ဟန်ပါပါ ပြောလိုက်၏။ “ဒါက သူတော်စင်ဖြစ်ဖို့ နည်းလမ်းလေး တစ်ခုပါပဲ။ နည်းလမ်းတွေက အများကြီး ရှိတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ သက်ဆိုင်တဲ့ တန်ဖိုးကို ပေးချင်လား၊ မပေးချင်ဘူးလား ဆိုတဲ့အပေါ်မှာတော့ မူတည်နေသေးတယ်”

“စီနီယာအနေနဲ့ တကယ့်ကို ရှင်းလင်းတဲ့ လမ်းစဉ်တစ်ခုကို ညွှန်ပြပေးနိုင်မယ် ဆိုရင် ကျုပ်က အရာအားလုံးကို ပေးဖို့ ရည်ရွယ်ချက် ရှိပါတယ်”

ယန်ရှိုသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်၏။ သူသည် ဆိုးရွားလွန်းသည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ အားအင်အဆင့် တိုးတက်စေချင်စိတ်သည် အလွန်အမင်း ကြီးကျယ်ခမ်းနားလွန်းလှ၏။ သူလုပ်ခဲ့သမျှ အရာအားလုံးတို့သည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာစေရန် အတွက်သာ ဖြစ်သည်။

“အရမ်းကောင်းတယ်”

လီယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်၏။ စနစ်.. ဒီလောကကြီးထဲမှာ တစ်စုံတစ်ယောက်ရဲ့ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားနိုင်တဲ့ နည်းလမ်း၊ ပြီးတော့ သူတော်စင့်အဆင့်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းရှိရင် သေချာပြောစမ်း။

[ဒင်.. စနစ်၏ စုံစမ်းစစ်ဆေးမှုအရ လက်ခံသူပြောတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ အပြင် အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းနိုင်တဲ့နည်းလမ်း တစ်ရာရှစ်ဆယ့်သုံးခုတိတိ ရှိသည်]

[အင်မော်တယ်ကျွန်း - ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်းတိတိ လိုအပ်၏။ ထိုနေရာ၏ တိကျသေချာသော တည်နေရာကို ညွှန်ပြနိုင်ရန် လဲလှယ်ပါ။]

[ခရမ်းရောင်ကြယ်နတ်နယ်မြေတောင်တန်း - ထိုနေရာ၏ တိကျသည့် တည်နေရာကို သိရှိနိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသန်းတိတိ လိုအပ်၏။ (မှတ်ချက် - ခရမ်းရောင်ကြယ်အစီအရင်ကြီးကို မည်ကဲ့သို့ ဖျက်ဆီးရမည်ဆိုသည့်နည်းလမ်းလည်း ပါဝင်သည်)]

[ဖျက်ဆီးခြင်းအင်ပါယာ၏သင်္ချိုင်း - တိကျသည့် တည်နေရာကို သိရှိနိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် လေးသန်းကို လိုအပ်သည်]

.............

[တိမ်ကြွေသူတော်စင်၏ သင်္ချိုင်း - တိကျသည့် တည်နေရာကို သိရှိနိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ထောင်တိတိ လိုအပ်သည်]

[အသူရာရေ ချောက်ကမ်းပါး - တိကျသည့် တည်နေရာကို သိရှိနိုင်ရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် သုံးထောင်တိတိ လိုအပ်သည်]

.........

ဈေးနှုန်းများကို ကြည့်ရှုပြီးသည့်နောက် လီယွင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ဖြေရှင်းနိုင်သည့် နည်းလမ်းများသည် တကယ်ပင် များပြားလွန်းလှ၏။ တစ်ချို့သော နေရာများသည် လူတိုင်းသိသည့် နေရာများ ဖြစ်ပြီး ထိုနေရာများတွင် တော်ဝင်သူတော်စင်များ တည်ရှိနေ၏။ ထို့ကြောင့် အထဲသို့ ဝင်ရောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

ထို့အပြင် နည်းလမ်းများကို သိရှိနိုင်ရန် များပြားလွန်းသည့် ကောင်းကင်လျှို့ဝှက်အမှတ်များနှင့် လဲလှယ်ရ ပေမည်။ ထို့အပြင် တိကျသေချာသည့် အားအင်အဆင့် မရှိဘူးဆိုပါက ထိုနေရာသို့ သွားရောက်ရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။

ခရမ်းရောင် ကြယ်နတ်နယ်မြေဆိုသော နေရာသည် အားလုံးသောသူတို့ သိရှိသည့်နေရာ ဖြစ်၏။ သို့ပေမဲ့ ထိုနေရာဆီသို့ သွားရောက်ရဲသည့်လူများမှာတော့ တကယ်ပင် နည်းပါးလွန်းလှ၏။ သွားရောက်သူတိုင်း အားလုံး တို့သည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်သောကြောင့်ပင်။

တခြားသော တည်နေရာများမှာတော့ အားလုံးသော သူတို့ မရောက်ဖူးသည့် နေရာများဖြစ်ကာ ကံကြမ္မာအခွင့်အလမ်းကို ပိုင်ဆိုင်ပြီး ရေစက်ပါသည့် လူများသည်သာ ရောက်ရှိနိုင်သည့်အရာမျိုးဖြစ်၏။ အချိန်မှား၊ လူမှားကာဖြင့် ဝင်သွားမည်ဆိုပါက ကောင်းကင်ဘုံကပ်ဘေးကြီးပင် ကျဆင်းလာနိုင်သည့် နေရာမျိုးပင် ပါဝင်နေသည်။။

ဤကဲ့သို့ ဆန်းကြယ်လွန်းလှသော တည်နေရာများအကြောင်း၊ ကောင်းကင်တာအို သိုဝှက်ထားသည့် နေရာများအကြောင်းကို ပါးစပ်မှ ထုတ်ဖော် ပြောကြားပါက အပြင်ထွက်သည့် အချိန်တိုင်း ကောင်းကင်ဘုံကပ်ဘေး ကျဆင်းလာမည် ဖြစ်ကြောင်းကို လီယွင်က ကောင်းကောင်း နားလည်ထားသည်။ သူ့အတွက် စွန့်စားရမှု ကြီးမားသည့် စီးပွားရေးမျိုးဖြစ်၏။

ထိုအခြင်းအရာကို သိရှိပြီးနောက် လီယွင်သည် ယန်ရှိုကို လှမ်းကာကြည့်ရှုပြီး အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်သည်။

ဤသိုးဝကြီးအား အရေခွံပါ ချွတ်မယူလျှင် ဘယ်လိုလုပ် တန်တော့မည်နည်း။ သူ့အတွက် ကောင်းကင်ဘုံ ကပ်ဘေး ပါ ကျဆင်းလာနိုင်သော သတင်းအချက်အလက်ကို အလကား နီးပါး ပေးရန် သူ့၌ အစီအစဉ်မရှိချေ။ တစ်ဖက်လူဆီမှ ထိုက်တန်သည့် အရာများကို တောင်းဆိုရပေလိမ့်မည်။

“စီနီယာ”

ယန်ရှို၏ နှလုံးသား တစ်ခုလုံးသည် တုန်ယင်လာခဲ့၏။ သူ၏ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် ကြီးမားလှသည့် မကောင်းသော ခံစားချက်ကြီး သည် ပြန်လည်ကာ အသက်ဝင်လာခဲ့၏။ သူသည် နှလုံးသားထဲ၌ ကြိတ်ကာ တွေးတောနေမိ၏။ စီနီယာဆီမှာ ရုတ်တရက် သတ်ဖြတ်လိုခြင်းဆန္ဒတွေ ကြီးထွားလာပါလား။

သို့ပေမဲ့ သူသည် သေဆုံးသွားရမည် ဆိုလျှင်တောင်မှ ဘာတစ်ခုမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ပုန်ကန်မည် ဆိုပါက မမျှမတဖြင့်သာ သေဆုံးသွားပေလိမ့်မည်။

“ဟင်.. အဟမ်း အဟမ်း”

လီယွင်သည် ရုတ်တရက် သတိဝင်သွားခဲ့၏။ သူသည် အသာချောင်းဟန့်ပြီးနောက် ယန်ရှိုကို အဓိပ္ပာယ်ပါပါဖြင့် ကြည့်ရှုလိုက်သည်။ “အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းပြီး သူတော်စင်အဆင့်ကို ရောက်ချင်တယ် ဆိုတာက ခင်ဗျားလို လူအတွက် ကောင်းကင်ကို တက်လှမ်းတာထက်တောင် ပိုပြီး ခက်ခဲလိမ့်မယ်”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ယန်ရှိုသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ သူ၏ မျက်နှာပေါ်တွင်လည်း နာကျင်သည့် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်။ ဤအရာကို သူကောင်းကောင်း နားလည်မိ၏။ နည်းလမ်းသာ ရှိသည်ဆိုပါက သူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အထောက်အပံ့ အကူအညီဖြင့် သူတော်စင် ဖြစ်နှင့်နေသည်မှာ ကြာနေလောက်ပေမည်။ ယနေ့အချိန်ထိ ကြိုးစားပြီး စောင့်မျှော်နေရန် မရှိချေ။

“ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ရောက်လာပြီဆိုမှတော့ ဒါက ကိုယ့်ရဲ့လက်ဖဝါးကို ပြောင်းပြန် လှန်လိုက်သလိုမျိုး ဒါက အရမ်းကို လွယ်ကူလွန်းတယ်” လီယွင်က ပြုံးလိုက်၏။

“ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါ စီနီယာ”

ယန်ရှိုသည် ပျော်ရွှင်သွားမိ၏။ လျင်လျင်မြန်မြန် ဆိုသလိုပဲ လေးစားသမှုဖြင့် ထပ်ကာ ဦးညွတ်လိုက်သေးသည်။

“အင်း ....” လီယွင်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူသည် ထိုင်ခုံ၏ လက်ရန်းကို တတောက်တောက်နှင့် ခေါက်နေမိ၏။

တတောက်တောက် ထွက်ပေါ်နေသည့်အသံမှလွဲလျှင် သူသည် မည်သည့် စကားကိုမှ မဆိုချေ။ စိတ်ထဲမှာတော့ ကြိတ်ကာ တွေးတောနေမိ၏။

ယန်ရှိုသည် နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး တခြားသောသူများ၏ အထက်တွင် နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် လူငယ်မျိုးဆက်ဖြစ်သော လျှိုချမ်းရွှယ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရတနာပစ္စည်းများ ပိုမို ပိုင်ဆိုင်မှာ သေချာ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို ရှာဖွေပေးဖို့အတွက် အလကား ပြုလုပ်ပေးရမည်လား။ မဖြစ်နိုင်ပေ။ သူ၏ ကောင်းကင်လျှို့ဝှက်အမှတ်များ တိုးပွားလာစေရန်အတွက် ကြိုးစားရပေဦးမည်။

“အင်း.. ကျုပ် ကျုပ် သတိမမူမိခဲ့ပါဘူး”

ယန်ရှိုသည် ခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်၏။ ပြီးသည့်နောက် သူသည် ငှက်မွှေးယပ်တောင်ကို အသာထုတ်လိုက်၏။ ပြီးနောက် မျှော်လင့်တကြီးဖြင့် လှမ်းကာ ပြောမိလိုက်သည်။ “ဒါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်ရတနာ ပါပဲ။ လေးစားမှုနဲ့ ပေးတာပါ စီနီယာ။ ဒါကို လက်ခံပေးဖို့အတွက် မျှော်လင့်မိတယ်”

“အင်း”

လီယွင်သည် ခေါင်းကို ညိတ်လိုက်၏။ ပြီးနောက် ငှက်မွှေးယပ်တောင်ကို အသာ လှမ်းယူ လိုက်၏။ တစ်ချိန်တည်းမှာပဲ သူသည် စနစ်ဆီ၌ လဲလှယ်နိုင်သည့် အချက်အလက်များကို သွားရောက်ကာ စုံစမ်း ကြည့်လိုက်၏။

[မီးလေတိမ် ယပ်တောင် - ကောင်းကင်အဆင့်၊ ကောင်းကင်လျှို့ဝှက်အမှတ် တစ်ထောင့်ငါးရာ ဖြင့် လဲလှယ်နိုင်သည်]

“ထောင့်ငါးရာတည်းလား”

လီယွင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် အများကြီး မျှော်လင့်ခဲ့မိ၏။ ထို့အပြင် သိရှိနိုင်မည့် အရာများကို လဲလှယ်နိုင်ရန်အတွက် ကျသင့်ငွေသည် သန်းနှင့်ချီ ကုန်ကျ၏။ လက်ရှိ သူရနိုင်သည့် အမှတ်သည် ထောင့်ငါးရာ တည်းသာလျှင် ဖြစ်၏။ ဘယ်လိုမှ မဖြစ်နိုင်ချေ။

လီယွင်၏ အမူအရာကို မြင်ပြီးသည့်နောက် ယန်ရှိုသည် နှလုံးသားထဲတွင် စိုးရွံ့သွားမိ၏။ ပြီးနောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ နောက်ထပ် မှော်ရတနာတစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်၏။ “ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်တုန်းက ကျုပ်သန့်စင်ခဲ့တဲ့ အရာတစ်ခုပါ စီနီယာ။ ဒါကို ဝိညာဉ်ချုပ်နှောင်ခြင်း ကြာပွတ်လို့ ခေါ်တယ်။ သူရဲ့အားအင့်အဆင့်က တကယ့်ကို လျှော့တွက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ စီနီယာသာ ဒါကို နှစ်သက်တယ်ဆိုရင် ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ”

လီယွင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် နောက်တစ်ကြိမ် ထပ်မံကာ လက်ခံလိုက်သည်။

[ဝိညာဉ်ချုပ်နှောင်ခြင်းကြာပွတ် - နတ်အဆင့်၊ ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ထောင်နှင့် လဲလှယ်နိုင်သည်]

ဤတစ်ကြိမ်မှာတော့ လျှို့ဝှက်အမှတ်၏ ရရှိနိုင်သည့် နှုန်းထားသည် ပိုမိုကာ တိုးတက်လာခဲ့၏။ သို့ပေမဲ့ အကန့်အသတ်တစ်ခုအဖြစ်တော့ တည်ရှိနေသေး၏။ တစ်ဖက်လူ၏ သိရှိနိုင်သည့် အခွင့်အရေးများကို နီးနီးစပ်စပ်ဖြင့် ကြည့်ရှုနိုင်ရန်အတွက် အခွင့်အရေးပင် မရှိခဲ့ချေ။

လီယွင်သည် ချောင်းကိုအသာဟန့်ကာဖြင့် ပြောလိုက်သည်။ “ရောင်းရင်းယန်... ခင်ဗျားကိုပြောတဲ့ အတွင်းစိတ် မိစ္ဆာဆိုးကို ကူညီမယ်ဆိုတဲ့ အကြောင်းအရာကို သေသေချာချာ နားလည်သင့်တယ်။ ခင်ဗျားအနေနဲ့ ဒါကို ကျော်လွန်သွားနိုင်မယ်ဆိုရင် သူတော်စင်အဆင့်ကို ရောက်ရှိသွားမှာ မဟုတ်လား”

“အင်း.. ပြီးတော့ သူတော်စင်ဆိုတဲ့ အဓိပ္ပာယ်ကို ခင်ဗျားကောင်းကောင်း နားလည်သင့်တယ်။ သူတော်စင်အဆင့်အောက်မှာ အရာဝတ္ထု အားလုံးက ပုရွက်ဆိတ်လေးတွေပဲ။ ဒါက သူတော်စင်လေ။ အခွင့်အရေး မြောက်များစွာကို ပိုင်ဆိုင်တဲ့ သူတော်စင်တစ်ယောက်ပဲ။ သူတော်စင်တစ်ယောက် ဖြစ်လာပြီ ဆိုရင် ဘာကို မဆို ရယူနိုင်စွမ်း ရှိတယ် မဟုတ်လား။

ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာရှိတဲ့ သတင်းအချက်အလက်တွေက မှားယွင်းတယ်ဆိုရင် ခင်ဗျား အနေနဲ့ အချိန်မရွေး ပြန်လာခဲ့။ ကျုပ်က ခင်ဗျားပေးခဲ့တဲ့ အရာတွေ အားလုံးကို ချက်ချင်း ပြန်ပေးလိုက်မယ်”

All Chapters