အခန်း (၁၃)
Vol. 1 Ch. 13
“စီနီယာပြောတာ မှန်ပါတယ်”
ယန်ရှိုသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်မိ၏။ စောဏက ပြောဆိုခဲ့သည့် လီယွင်၏ စကားသည် မမှားယွင်းချေ။ သူတော်စင်တစ်ယောက် ဆိုသည်မှာ အလွန်တရာ အားကောင်းလွန်းလှ၏။ နတ်အဆင့် ထိပ်ဆုံးတွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ရာကျော်လောက် ရှိမည်ဆိုလျှင်တောင်မှ သူတော်စင် အဆင့်ဆီသို့ ခြေလှမ်း လှမ်းနိုင်သည့်လူ တစ်စုံတစ်ယောက် ရှိချင်မှ ရှိပေလိမ့်မည်။ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် သူတော်စင် ဆိုသည်မှာ ကြောက်ခမန်းလိလိ အရှိန်အဝါကို ပိုင်ဆိုင်သည့် လူတစ်ယောက်ပင် ဖြစ်၏။
ထို့ကြောင့် သူတော်စင် တစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေး ဆိုသည်မှာ လူပေါင်းများစွာတို့အတွက် ရူးသွပ်ဖွယ်ရာ ကိစ္စရပ်မျိုးပင်ဖြစ်သည်။
ထို့ကြောင့် သူ့၌ ရှိရှိသမျှသော ချမ်းသာခြင်းများကို လဲလှယ်ရမည် ဆိုလျှင်တောင်မှ ယန်ရှိုသည် လိုလိုချင်ချင်ဖြင့် လဲလှယ်မှာ သေချာ၏။
သို့ပေမဲ့ လီယွင်၏ နောက်ဆုံးစကားလုံးကိုတော့ မယုံကြည်ချေ။ သတင်းအချက်အလက် မှားယွင်းသည် ဆိုလျှင်တောင်မှ သူသည် ရူးကြောင်ကြောင်ဖြင့် အဘယ်ကြောင့် ငွေပြန်တောင်းရမည်နည်း။
ဤနေရာဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိသည်ကပင် သေဆုံးလုမတတ် ခံစားနေမိ၏။ ထပ်မံကာ လာရောက်မည် ဆိုပါက ကျိန်းသေပေါက် လောကကြီးကို တာ့တာ့ ပြသွားရပေလိမ့်မည်။
ယန်ရှိုသည် အံကို ကြိတ်လိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဝေ့ဝိုက်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ ရှေ့တွင် ရှိနေသော လူငယ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ကို ယမ်းခါပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးနှင့် ရတနာများသည် ဟောခန်းထဲ၌ ပေါ်ပေါက်လာသည်။ ရှိရှိသမျှ အရာအားလုံးကို ထုတ်ပြီးသည့်နောက် ယန်ရှိုသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်ကို လေးလေးစားစားဖြင့် ကမ်းပေးလိုက်၏။
“စီနီယာ.. ဒါက သူတော်စင်တစ်ယောက် ချန်ခဲ့တဲ့ ရှေးကျမ်းစာ တစ်ခုပါပဲ။ ဒီထဲမှာ နတ်ဆိုးဝိညာဉ်ဖြတ်သန်းခြင်း လို့အမည်ရတဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ခုရှိတယ်။ ဒါက သူတော်စင်အဆင့်ဆီကို လှမ်းဝင်နိုင်တဲ့ အ ထိ ဆန်းကြယ်တဲ့ နိယာမတွေ ပါဝင်နေတယ်လို့လည်း ပြောကြတယ်။ အ ခု ထုတ်ထားတဲ့ ရတနာတွေ အားလုံး ပေါင်းပြီးရင် လိုချင်တဲ့သတင်းအချက်အလက်ကို လဲလှယ်လို့ ရပြီလား”
“နတ်ဆိုးဝိညာဉ် ဖြတ်သန်းခြင်း ဟုတ်လား”
ဤအရာသည် အတိတ်က ယန်ရှိုတစ်ယောက် သူတော်စင်လှိုဏ်ဂူ ထဲတွင် ရရှိခဲ့သည့်အရာပင် ဖြစ်လေ၏။ သူသည် ထိုအရာအတွက် သူ၏ စီနီယာအစ်ကိုကိုပင် သတ်ဖြတ်ပစ်ခဲ့၏။ ဤအရာ၏ တန်ဖိုးသည် မည်မျှကြီးမားမည် ဆိုသည်ကို တွေးကြည့်ရုံနှင့် သိရှိနိုင်သည်။
လီယွမ်သည် ဟောခန်းတစ်ခုလုံး ပြည့်နှက်လျက်ရှိနေသည့် ရတနာများကို ကြည့်ရှုပြီးသည့်နောက် သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်လျက် ရှိနေသည်။ သူသည် မည်သည့်စကားမှ မဆိုချေ။ ထို့ကြောင့် ဟောခန်း တစ်ခုလုံးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက် နေ၏။
ယန်ရှိုမှာမူ သူ၏ အမူအရာကို ထိန်းသိမ်းထား၏။ တစ်ချက်ကလေးမှပင် မလှုပ်ရှားရဲချေ။ သူ၏ နဖူးစပ်တွင် ချွေးစေးများပြန်လျက် ရှိနေ၏။ သို့ပေမဲ့ သူသည် ထိုချွေးစေးများကို မသုတ်ရဲချေ။
လက်ရှိအခြေအနေ၌ သူ့တွင် ဘာမှမကျန်တော့ချေ။ နတ်အဆင့် နတ်ဆိုးထီးတစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။ ထိုအရာသည်လည်း သူ၏ အသက်သွေး ရတနာတစ်ခု ဖြစ်သည်မို့ တခြားသူကို ပေးအပ်၍ မရနိုင်ချေ။ ထိုမျှ ပေးအပ်ပြီးသည်တောင်မှ မည်သည့် သတင်းအချက်အလက်မှ မရဘူးဆိုပါက သူ၏ကံကြမ္မာကို လက်ခံလိုက်ရုံသာ ရှိတော့သည်။
“စနစ်”
လီယွင်သည် စိတ်ထဲမှ ပြောလိုက်၏။ “ဒီအရာတွေ အကုန်လုံးရဲ့ တန်ဖိုးကို တွက်ကြည့်လိုက်အုံး”
[ကောင်းကင်အဆင့်ရတနာသုံးခုက ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်နဲ့ လဲလို့ရတယ်]
[ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ရတနာတွေကတော့ ကောင်းကင်လျှို့ဝှက်အမှတ် သုံးထောင်နဲ့ လဲလို့ရတယ်]
[ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ့်ခြောက်သန်းကတော့ ကောင်းကင်လျှို့ဝှက်အမှတ် လေးထောင့်တစ်ရာ ရမယ်]
[ကျန်တဲ့ ကောင်းကင်အဆင့် ရတနာပစ္စည်းတွေ၊ မြေအဆင့် ရတနာပစ္စည်းတွေကတော့ ကောင်းကင်လျှို့ဝှက်အမှတ် ငါးထောင်နှစ်ရာနဲ့ လဲလို့ရတယ်]
[နတ်ဆိုးဝိညာဉ်ဖြတ်သန်းခြင်း သူတော်စင်အဆင့် နည်းစနစ်ကိုတော့ ကောင်းကင်လျှို့ဝှက်အမှတ် သောင်းလေးထောင်နဲ့ လဲလို့ရတယ်]
[စုစုပေါင်း ကောင်းကင်လျှို့ဝှက်အမှတ် သုံးသောင်းတစ်ထောင်သုံးရာ ရရှိမည်]
“ယန်ရှိုက ဒီလောက်ကြီး ချမ်းသာလိမ့်မယ်လို့ ငါမထင်ဘူး” လီယွင်က တွက်ချက်လိုက်မိ၏။ တစ်ချက် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် သူ့အား ကောင်းကင်လျှို့ဝှက်အမှတ် သုံးသောင်းကို ပေးအပ်လျက်ရှိသည်။ စောဏတုန်းက ပေးအပ်ခဲ့သည့် ပစ္စည်းနှစ်မျိုးကိုသာ ထည့်တွက်မည်ဆိုပါက ကောင်းကင်လျှို့ဝှက်အမှတ် လေးသောင်းကျော် ပေးအပ်ခဲ့သည်ဟု ဆိုရမည်။ တကယ်ကို ချမ်းသာကြွယ်ဝသောသူတစ်ဦးပင်။
“သေချာတယ်။ တကယ့်ကို ငါးကြီးကြီး စောင့်မျှော်ရကျိုး နပ်တာပဲ။ လူငယ်တွေကိုသာ အမှီအခို ပြုနေရမယ်ဆိုရင် ငါ နောက်ဘဝရောက်တဲ့အထိ ကောင်းကင်လျှို့ဝှက်အမှတ် လေးသောင်းကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လီယွင်သည် သက်ပြင်းချလိုက်၏။ ပြီးနောက် သူသည် လက်ကို ယမ်းခါလိုက်ပြီး ရှိရှိသမျှသော ပစ္စည်းများအားလုံးကို ကောင်းကင်လျှို့ဝှက်အမှတ်အဖြစ် လဲလှယ်လိုက်၏။ သူ့၌ မူလအားဖြင့် ကောင်းကင်လျှို့ဝှက်အမှတ် သုည ဖြစ်နေရာမှ လေးသောင်းနှင့် ရှစ်ရာအထိ ရရှိခဲ့ပြီး ဖြစ်သည်။
“စနစ်... အသူရာရေချောက်ကမ်းပါးရဲ့ အခွင့်အရေးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုပြော” လီယွင်သည် စိတ်ထဲမှ ပြောလိုက်၏။
[ဒင်.. ကောင်းကင်လျှို့ဝှက်အမှတ် သုံးသောင်း နှုတ်ယူလိုက်၏။ အသူရာရေချောက်ကမ်းပါးတွင် ရှိနေသော အခွင့်အရေးကို စုံစမ်းစစ်ဆေးမှုသည် အောင်မြင်ခဲ့သည်]
[အသူရာရေချောက်ကမ်းပါးသည် ရှေးသူတော်စင်တစ်ယောက် ချန်ထားခဲ့သော အမွေအနှစ် လျှို့ဝှက် တည်နေရာတစ်ခုဖြစ်ပြီး ပိုင်တုရန်တောင်ကြားထဲတွင် တည်ရှိ၏။ ရှေးဟောင်းသတ်ဖြတ်ခြင်း အစီအရင်နှစ်ခုသည် လမ်းမှာ တားဆီးထားခဲ့ပြီး ရှေးပုံရိပ်ယောင် အစီအရင်သုံးခုသည် တည်နေရာအတားအဆီးများဖြင့် ကာကွယ်ထား သည်။ အောင်အောင်မြင်မြင်ဖြင့် ရှာဖွေတွေ့ရှိရန်အလို့ငှာ ဤအစီအရင်များ အားလုံးကို ဖျက်ဆီးနိုင်သည့် နည်းလမ်းကို ထပ်တိုး လက်ဆောင်အဖြစ် စနစ်က ထောက်ပံ့ပေးမည်]
“လောကကြီးမှာ ငါ့လို ကံကောင်းတဲ့လူ များများစားစား ရှိမှာမဟုတ်ဘူး”
လီယွင်သည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်အမှတ် လေးသောင်းကို ရရှိခဲ့၏။ သို့ပေမဲ့ စနစ်သည် သုံးသောင်းကို ရယူသွားခဲ့သည်။ သူ့၌ လက်ရှိအချိန်တွင် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းနှင့် ရှစ်ရာသာလျှင် ကျန်ရှိတော့သည်။ ထိုအရာသည် ပွဲစားခဟုပင် သတ်မှတ်နိုင်၏။
လီယွင်သည် အသူရာရေချောက်ကမ်းပါးတွင် ရှိနေသည့် သတင်းအချက်အလက်များကို ရရှိပြီးသည့်နောက် ယန်ရှို ဘက်သို့လှည့်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ လေးနက်မှုကို ကြည့်ပြီးတော့ သူတော်စင်တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ကျုပ်ပြောပြမယ်”
ယန်ရှို၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့တော့၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်နှင့်အညီ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သူ၏ ရှိရှိသမျှ စုဆောင်းထားသည့် အရာအားလုံးကို ပေးအပ်ခဲ့၏။ ဤအရာကိုမှ လေးနက်သည်ဟု မစဉ်းစားပါက မည်သည့်အရာက လေးနက်တော ့မည်နည်း။ သို့ပေမဲ့ သူသည် စိတ်ထဲမှာသာ တွေးတောရဲ၏။ အပြင်ဘက်၌ ထုတ်ကာ မပြောရဲချေ။
ယန်ရှိုသည် လေးလေးစားစား အမူအရာဖြင့် ရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်သည်။ “ဂျူနီယာက သေသေချာချာ နားထောင်နေပါတယ်”
“အင်း”
လီယွင်သည် ကျောက်စိမ်းပြားလေးတစ်ခုကို လှမ်းကာ ပစ်ပေးလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒီကျောက်စိမ်းပြားကို ကိုင်ပြီးတော့ ပိုင်တုရန်တောင်ကြားထဲကို ဦးတည်သွားတော့။ အသူရာရေ ချောက်ကမ်းပါးကို ရှာတွေ့ပြီဆိုရင် အချိန်ကာလတစ်ခုအတွင်း သူတော်စင် ဖြစ်လာလိမ့်မယ်။ ဒီကျောက်စိမ်းပြား မှာ အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းတွေ ပါဝင်တယ်လေ။ ဒီတော့ ဒါကို မပျက်စီးအောင် သေသေချာချာ ဂရုစိုက်”
ရှေးသူတော်စင်တစ်ယောက် ချန်ထားခဲ့သည့် အခွင့်အရေး အမွေအနှစ်တစ်ရပ် ဖြစ်သည်မို့ များပြားလွန်းလှသည့် အစီအရင်များဖြင့် စောင့်ကြပ်ကာကွယ်ထားသည်။
စနစ်မှ ထောက်ပံ့ပေးထားသည့် အစီအရင်ချိုးဖြတ်ခြင်း ကျောက်စိမ်းပြားသာ မပါ ပါက ယန်ရှိုသည် ဘာမှမရဘဲ အဆုံးသတ် သွားရပေလိမ့်မည်။ အခွင့်အရေးသည် မျက်စိရှေ့တွင် ပေါ်လာသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ထိုအခွင့်အရေးကို ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ယန်ရှိုသည် တုန်ယင်နေသည့် လက်အစုံဖြင့် ကျောက်စိမ်းပြားအား လှမ်းကာ ယူလိုက်၏။ အလွန် ရှားပါးလွန်းလှသည့် ရတနာတစ်ခုကို ထိန်းသိမ်းထားရသကဲ့သို့ သိုလှောင် လက်စွပ်ထဲတွင် ရိုရိုသေသေဖြင့် သိမ်းဆည်း လိုက်သည်။
ဤကျောက်စိမ်းပြားသည် သာမန်အရည်အသွေးသာ ရှိသည်ဆိုသော်လည်း သူပိုင်ဆိုင်သည့်အရာအားလုံးနှင့် ထပ်တူကျသည့် တန်ဖိုးရှိလေ၏။ ဤအရာသည် သစ်ခေါက်ကြီးတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ ခန့်မှန်း၍ မရအောင် တန်ဖိုးကြီးသည့်အရာတစ်ခုအဖြစ် သတ်မှတ်ထားရပေမည်။
“အင်း”
လီယွင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “တခြားမရှိဘူးဆိုရင် အသူရာရေချောက်ကမ်းပါးကို မြန်မြန် သွားတော့။ နှောင့်နှေးနေမယ်ဆိုရင် အခွင့်အရေး လွှဲချော်သွားနိုင်တယ်”
“ကောင်းပါပြီ”
ယန်ရှိုသည် ဦးညွတ်ကာ ပြောလိုက်သည်။ “ဂျူနီယာက ကျိန်းသေပေါက် အဲကို သွားပါ့မယ်”
ရောက်ရှိလာစဉ်ကနှင့်မတူဘဲ ယန်ရှိုသည် အလွန်တရာ နှိမ့်ချရိုကျိုးလေးစားစွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့၏။ မထွက်ခွာစဉ်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဘက်သို့လှည့်ကာဖြင့် ဦးညွတ်ကာ ဂါရဝပြုခဲ့သေး၏။
သေသေချာချာ လေ့လာရမည်ဆိုလျှင် သူ့ကဲ့သို့သော နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူမှာ ကျင့်ကြံခြင်း လောကတွင် အရှိန်တငြီးငြီး တည်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူမျိုးပင်။ ထို့အပြင် သူသည် နတ်ဆိုး မီးတောက်များ လွှမ်းခြုံလျက်ရှိနေသည့် ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သို့ပေမဲ့ ၎င်းသည် အလွန်လေးစားရသည့် ဂျူနီယာလေး တစ်ယောက်ကဲ့သို့ပင် ရိုရိုကျိုးကျိုး ထွက်ခွာသွားခဲ့၏။
ယန်ရှိုသည် ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်ရှိပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အားအင်များ ဆုံးရှုံးသွားခဲ့ပုံပေါ်သည်။ ထို့အတူ သူ၏ မျက်လုံးထောင့်တွင် မျက်ရည်များ တပေါက်ပေါက်နှင့် ကျဆင်းလျက်ရှိနေသည်။
“ဒါ.. ဒါ ဝဋ်ပဲနဲ့တူတယ်” ယန်ရှိုသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ လက်ရှိအခြေအနေမှာတော့ သူ၏ နှလုံးသား တစ်ခုလုံးသည် ကွဲကြေနေသလိုပင် ခံစားနေမိတော့၏။ သူ၏ရှိရှိသမျှသော အရာအားလုံးတို့သည် ကုန်ဆုံးသွားခဲ့လေပြီ။