အခန်း (၁၄)
Vol. 1 Ch. 14
နှစ်ပေါင်းထောင်ချီ ရှာဖွေစုဆောင်းခဲ့သည့် သူ၏ပိုင်ဆိုင်မှုများ အားလုံးတို့သည် ချက်ချင်းဆိုသလိုပဲ သမုဒ္ဒရာထဲသို့ ကျောက်ခဲကျသလို ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူ၏တပည့်အတွက် လက်စားချေရန် ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အလွန်အန္တရာယ်များလှသည့် အခြေအနေတစ်ခုထဲသို့ တိုးဝင်သွားခဲ့သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို ယန်ရှိုသည် လုံးဝသံသယ မရှိချေ။ သို့ပေမဲ့ သူ၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားနှင့်ပတ်သက်၍တော့ မသက်မသာ ခံစားမိနေ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာသည် ဘာမှန်း သူသေသေချာချာ မသိရှိချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာကို တစ်ခါမှ မကြားခဲ့ဖူးသောကြောင့်ပင်။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူပြောသည့် အခွင့်အရေးဆိုသည်မှာ တကယ်ပင် ဖြစ်သလား၊ မဖြစ်သလား ဆိုသည်ကို ဝေခွဲလို့မရ ဖြစ်နေသည်။
“ဒီတစ်ကြိမ်မှာတော့ ငါ တကယ့်ကို ငွေကြေးအကုန်အကျများတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့တာပဲ။ နောက်တစ်ကြိမ်ကျရင် ငါ့တပည့်တွေထဲကတစ်ယောက် သေသွားမယ်ဆိုရင်တောင် ဝင်ပြီး မရှုပ်တော့ဘူး။ ဒီလို ဝင်ရှုပ်ခြင်းအားဖြင့် ငါ့ရဲ့ တစ်သက်တာ စုဆောင်းထားတဲ့အရာအားလုံး ကုန်ဆုံးသွားခဲ့တယ်။ ဒါမျိုး ထပ်ဖြစ်မယ်ဆိုရင် သူတောင်းစားတောင် ဖြစ်သွားနိုင်တယ်”
ယန်ရှိုသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ကျောက်စိမ်းပြားကို အသာထုတ်ယူပြီးသည့်နောက် ထပ်မံကာ သက်ပြင်းချလိုက်မိသည်။ ဤအရာသည် သူ၏ ရှိရှိသမျှသော ချမ်းသာကြွယ်ဝမှုများအားလုံးနှင့် လဲလှယ်ခဲ့ရသည့် အရာလည်းဖြစ်၏။
“ပိုင်တုရန်တောင်တန်း”
ယန်ရှို၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ထိုတည်နေရာကို ကြားဖူးပြီးသားဖြစ်၏။ ဤတည်နေရာဆီမှ မိုင် လေးသန်း၊ ငါးသန်းလောက်သာလျှင် ကွာဝေး၏။ အရမ်းကွာဝေးလှသည့် တည်နေရာမျိုး ဖြစ်သည်ဆိုသော်လည်း သူကဲ့သို့ နတ်အဆင့်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် အနေနှင့် တကယ်တမ်း ခရီးသွားမည်ဆိုလျှင် နေ့ဝက်လောက်သာ အချိန်ကုန်ဆုံးမှာဖြစ်သည်။
အကယ်၍ သူရရှိခဲ့သည့် အချက်အလက်သည်သာ တကယ်မှန်ကန်သည်ဆိုပါက ကျိန်းသေပေါက် စိတ်လှုပ်ရှား ပျော်ရွှင်ရမည့် အရာမျိုးဖြစ်သည်။ သို့ပေမဲ့ မှားယွင်းသွားမည်ဆိုလျှင် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ ပြန်လည် ပြဿနာရှာရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် အလွန် စွမ်းအား မြင့်မားလွန်းလှ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံး ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုလျှင်တောင် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ချေ။
ယန်ရှို အနေနှင့် ပိုင်တုရန်တောင်ကြား တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကြည့်ပြီး ဝေခွဲမရသလို ဖြစ်မိနေ၏။ ငွေကြေးပေါင်းများစွာကို အသုံးပြုပြီးသည့်နောက် သူသည် ပိုင်တုရန်တောင်ကြားဆီသို့ မသွားဘဲ မနေနိုင်စိတ်များ ပေါက်လာမိခဲ့၏။ လိမ်ညာခံရမည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ထိုနေရာဆီသို့ သွားရောက်ကာ ကြည့်ရှုမှ ဖြစ်မည်။ ထိုမှသာလျှင် သူ၏စိတ်ကို အာသာဖြေနိုင်ပေလိမ့်မည်။
စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးသည့်နောက် ယန်ရှိုသည် တွန့်ဆုတ်မနေတော့ချေ။ အသာခြေလှမ်းပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ဆီမှ ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် မိုင်တစ်ထောင်အကွာအဝေးတွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
...........
“မြို့တော်ဝန်... အဲခန့်မှန်းလို့မရတဲ့ နတ်ဆိုးကျင့်ကြံသူက ထွက်သွားပြီနဲ့တူတယ်”
တော်ဝင်သဲကန္တာရမြို့၏ သီးခြားတောင်ကြားလေးတစ်ခုအတွင်းမှာတော့ လူနှစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ်ပေါက်လာ၏။ ၎င်းတို့သည် ယန်ရှို ထွက်ခွာသွားရာ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။
“ငါ့မျက်လုံးနဲ့ သေချာမြင်ပါတယ်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စိတ်လှုပ်ရှားလျက် ရှိသည်။ မြို့ကြီးတစ်ခုလုံး ဖျက်ဆီးခံရမည့် အန္တရာယ်မှ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူသည် ဝမ်းမြောက်သည့် ခံစားချက်များ ရရှိနေ၏။ သို့ပေမဲ့ လက်ရှိဖြစ်ခဲ့သည့် အဖြစ်အပျက်များ အားလုံးသည် သူ့အား အိမ်မက်တစ်ခုကဲ့သို့ပင် ခံစားမိစေသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတာ ဘယ်တုန်းက ရောက်လာတာလဲ”
တော်ဝင်သဲကန္တာရမြို့၏ ခပ်ဝဝ မြို့တော်ဝန်သည် ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်လျက်ရှိ၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု များနှင့် ပြည့်နှက်နေလေ၏။
“သေသေချာချာ မသိပါဘူး မြို့တော်ဝန်” အစောင့်သည် လေးလေးစားစားဖြင့် ပြန်လည် ဖြေဆိုလိုက်သည်။
“အင်း”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ခေါင်းကိုအသာလှည့်ကာဖြင့် အစောင့်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် လက်ကို ယမ်းခါလိုက်သည်။ “မင်း မသိဘူးဆိုတာ ပုံမှန်ပဲလေ။ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တောင်မှ သတိအပြည့်နဲ့ ဆက်ဆံရတယ်။ ဒီတော့ ဒါက ငါတို့ သိနိုင်တဲ့လူမျိုး မဟုတ်ဘူး”
စောဏက ယန်ရှို ထွက်လာသည့်အချိန်တွင် အလွန်လေးစားလှသည့် အမူအရာမျိုးဖြင့် ဦးညွတ်ကာ နှုတ်ဆက် သွားခဲ့၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် လူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူတစ်ယောက်ပင် ဖြစ်ရပေလိမ့်မည်။ အနည်းဆုံး နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူထက် ပိုမိုကာ အားကောင်းလှ၏။ မဟုတ်ပါက တစ်ဖက်လူသည် အဘယ်ကြောင့် ရိုရိုသေသေနှင့် ဆက်ဆံနေမည်နည်း။
“မထင်ထားမိဘူး။ ငါတို့ တော်ဝင်သဲကန္တာရမြို့က တကယ့်ကို ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံတဲ့နေ့ကို ရောက်ခဲ့တာပဲ”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် ပြုလုပ်လျက်ရှိ၏။ ၎င်းတို့၏ တော်ဝင်သဲကန္တာရမြို့သည် အလွန်အားနည်းလွန်းလှ၏။ ကျယ်ပြောလွန်းလှသည့် ကျင့်ကြံခြင်းလောကထဲတွင် သဲမှုန်တစ်ခု အရွယ်အစားလောက်သာ ရှိသည်။ ကြီးမားသည့် ကျောထောက် နောက်ခံလည်း မရှိချေ။
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ရန်ဆိုသည်မှာ ထင်မှတ်ထားသည့် ကိစ္စရပ်မျိုးပင် မဟုတ်ချေ။ တချို့သော နတ်နယ်မြေအတွင်းမှာ ရှိနေသည့် အတွင်းစည်းတပည့်များကို မြင်ရလျှင်ပင် ၎င်းတို့သည် ဘိုးဘေးကဲ့သို့ ပြောဆိုဆက်ဆံရမှာဖြစ်၏။
“တော်ဝင်သဲကန္တာရမြို့မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်က စီနီယာလိုမျိုး ရွှေပေါင်ကြီး ရှိနေပြီ ဆိုတော့ ....”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အရေးကြီးသည့် အချက်အလက်ကို တွေးတောလိုက်မိ၏။ သူ၏ ခပ်ဝဝ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုနှင့် တုန်ယင်လျက်ရှိသည်။
နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတောင် လေးလေးစားစားနှင့် ဆက်ဆံရတဲ့ လူတစ်ယောက် - ဤကဲ့သို့သော လူမျိုး၏ ထောက်ပံ့မှုကိုရရှိမည်သာဆိုပါက သူတို့ တော်ဝင်သဲကန္တာရမြို့၏ ဂုဏ်သိက္ခာတရားသည် တစ်လောကလုံးဆီ ပျံ့နှံ့သွားမှာ မဟုတ်ပါလား။
“စီနီယာကို သွားပြီးတော့ လေးစားသမှု ပြသဖို့ လိုအပ်တယ် မဟုတ်လား”
ပြောပြီးသည့်နောက် တော်ဝင် သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။
“မြို့တော်ဝန်”
စောဏတုန်းက ပြောဆိုခဲ့သည့်အစောင့်သည် ချက်ချင်းဆိုသလိုပဲ တုန့်နှေးတုန့်နှေးနှင့် လှမ်းကာ ပြောဆိုလိုက်၏။ “ကောင်းကင် လျှို့ဝှက်နန်းဆောင်မှာ ရှိနေတဲ့ စီနီယာက တကယ့်ကို ခန့်မှန်းလို့မရအောင် အားကောင်းတဲ့လူတစ်ယောက်မှန်း သိသာတယ်လေ။ ဒီအတိုင်းကြီး လက်ဗလာနဲ့သွားပြီး လေးစားသမှုကို ပြသတယ်ဆိုတာ မသင့်တော်ဘူးနဲ့တူတယ်”
“ဟမ်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ချက်ချင်းပဲ ရပ်တန့်သွားခဲ့၏။ ပြီးနောက် သူသည် နဖူးကို အသာပုတ်လိုက်သည်။ “မင်း ငါ့ကို သတိပေးတာ ကျေးဇူးပဲ။ မဟုတ်ရင် ငါ တကယ့်ကို ကြီးမားတဲ့ အမှားကြီးကို ပြုလုပ်မိတော့မှာပဲ”
တော်ဝင်သဲကန္တာရမြို့သည် သေးငယ်လှသည့် မြို့လေးတစ်မြို့ဖြစ်သည်ဆိုသော်လည်း သူသည် အဓိက မိသားစုကြီး နှစ်ခုကို ယှဉ်ပြိုင်ကာ မြို့တော်ဝန်နေရာသို့ တက်လှမ်းခဲ့ရသည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏ မြို့တော်ဝန်နေရာအား အပိုင်ရယူရန် စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာတို့က တည်ရှိလို့နေ၏။
ကောင်းကင်လျှို့ဝှက်ခန်းဆောင်မှ စွမ်းအားမြင့်ကျင့်ကြံသူကို သွားရောက်ကာ အပြစ်ပြုလုပ်မိမည်ဆိုပါက ဆိုးရွားလှသည့် အကျိုးဆက်ဆီ ရောက်ရှိသွားမှာ သေချာ၏။ ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် စိတ်မပျော်မရွှင် ဖြစ်သည်ဆိုပါက သူ၏ မြို့တော်ဝန်ရာထူးသည် မတည်မြဲနိုင်တော့ချေ။ ထိုသို့ဆိုလျှင် မိသားစုကြီး နှစ်ခုဆီမှ ခေါင်းဆောင်များသည် သူ့ကို ရယ်သွမ်းဖွဲ့နေပေလိမ့်မည်။
“နေအုံး.. ငါ တကယ့်ကို သင့်တော်တဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ရမယ်။ မင်း ဒီလက်ဆောင်ကို ယူပြီးတော့ သူ့ကို သွားပေးလိုက်။ ပြီးတော့ စီနီယာရဲ့ အပြုအမူ၊ အပြောအဆိုကို စောင့်ကြည့်။ သူသာ တကယ်လို့ စိတ်ပါမယ်ဆိုရင်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သူ့ကို အရေးပါတဲ့ မြို့ရဲ့အထူးတာဝန်ရှိသူအဖြစ် ခန့်အပ်လိုက်မယ်။ စီနီယာက ဘာမှ လုပ်စရာ မလိုဘူး။ တော်ဝင် သဲကန္တာရမြို့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ခဏလေး ထွက်ပြီးတော့ မျက်နှာပြရုံပဲ”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အခြင်းအရာ အားလုံးကို သေသေချာချာ နားလည်၏။ နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ လေးစားမှုကို ရယူနိုင်ခြင်း၊ ထိုသူအား ထွက်ခွာသွားရန် အမိန့်ပေးခဲ့ခြင်း စသည်မှာ ကြောက်ခမန်းလိလိ အမိန့်အာဏာနှင့် အခွင့်ကို ပိုင်ဆိုင်မှာ သေချာ၏။ ထိုသို့သောသူကို မြို့၏ အဓိက ဧည့်ဆောင်တစ်ပါးအဖြစ် ထားရှိနိုင်မည်ဆိုပါက ကြီးမားလှသည့် အကျိုးရလဒ်ကို ရရှိမှာ သေချာ၏။
“ချက်ချင်းပဲ ပြင်ဆင်လိုက်ပါ့မယ်” အစောင့်သည် လေးလေးစားစားဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုလည်းလုပ်တော့” မြို့တော်ဝန်က ခေါင်းညိတ်လိုက်၏။