အခန်း (၁၆)
Vol. 2 Ch. 16
“စီနီယာ”
လီယွင် မျက်လုံးပွင့်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လျှိုချမ်းရွှယ်သည် အလျင်စလိုဖြင့် လှမ်းကာ မေးလိုက်၏။ “စောဏတုန်းက ဘာတွေဖြစ်ခဲ့တာလဲ”
“အမ်”
လီယွင်၏ အမူအရာတစ်ခုလုံးသည် အေးခဲသွား၏။ ပြီးသည့်နောက် သူသည် ဇဝေဇဝါဖြင့် ပြန်လည် မေးမြန်းလိုက်သည် “မင်း အရာအားလုံးကို မြင်ခဲ့တာလား”
လျှိုချမ်းရွှယ်က ခေါင်းညိတ်လိုက်၏။
“သွားပြီပဲ”
လီယွင်၏ အမြင်အာရုံတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ နှုတ်ပိတ်ရန် လျှိုချမ်းရွှယ်ကို သတ်ဖြတ်ပစ်ရတော့မည်လား။ ကျင့်ကြံခြင်းနည်းစနစ် လဲလှယ်ပြီးသည့်နောက် သူသည် အပြင်ဘက်တွင် လျှိုချမ်းရွှယ် ရှိနေသေးကြောင်းကို သတိမေ့သွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြုကာ အားအင်အဆင့် တိုးတက်ရန် လဲလှယ်မိခြင်းပင် ။
နတ်ဘုရားစွမ်းအားအဆင့်၏ အားအင်သည် ခန့်မှန်း၍မရအောင် အားကောင်းလှသည် မဟုတ်သောကြောင့် လျှိုချမ်းရွှယ် အနေဖြင့် သိရှိသွားနိုင်စွမ်း ရှိသည်။ သူသည် တကယ့် ဆရာကြီးတစ်ယောက်၏ ဟန်ပန်မျိုး သရုပ်ဆောင်ခဲ့သည်ဆိုသည်ကို လျှိုချမ်းရွှယ် နားလည်သိရှိသွားနိုင်ခဲ့သည်လား။ တွက်ချက်မှု မှန်သည်ဆိုပါက သူတည်ဆောက်ထားခဲ့သည့် ဂုဏ်သိက္ခာ ကြီးမားလှပါသည့်ဆိုသည် စီနီယာကြီးတစ်ယောက်၏ ဟန်ပန်မျိုးသည် အလုံးစုံ ပြိုလဲသွားခဲ့ပြီဖြစ်၏။
သို့ပေမဲ့ လျှိုချမ်းရွှယ်သည် ပိုမိုကာ လေးစားသမှု တည်ရှိလာခဲ့ပြီး ရိုရိုကျိုးကျိုးဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ... စီနီယာက တော်ဝင်အင်ပါယာကြီး တစ်ယောက်များလား”
“ဟမ်”
လီယွင်၏ မျက်နှာတစ်ခုလုံးသည် ပြန်လည်ကာ ဝင်းလက်လာခဲ့၏။ ဒီလိုလည်း ထင်သေးတာလား။
“အဟမ်း .... အဟမ်း”
လီယွင်သည် ချောင်းဟမ့်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်က တော်ဝင်အင်ပါယာတော့ မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သာမန်နန်းဆောင်သခင်လေး တစ်ယောက်ပါပဲ”
“သာမန် ဟုတ်လား” လျှိုချမ်းရွှယ်သည် ဆွံ့အသွားမိ၏။
သာမန်လူတစ်ယောက်သည် ဤကဲ့သို့ ကြီးမြတ်လှသည့် အော်ရာများကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည်လား။ သာမန်လူတစ်ယောက်သည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို အိမ်စေတစ်ယောက်ကဲ့သို့ ရိုရိုကျိုးကျိုး ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်လား။
သူမ၏ စိတ်ထဲတွင် ကြောက်လန့်မှုများကို ခံစားနေမိသည်ဆိုလျှင်တောင်မှ ဤစီနီယာသည် အတိတ်၊ အနာဂတ် နှင့် ပစ္စုပ္ပန်များအားလုံးကို ကြည့်ရှုနိုင်စွမ်းရှိနေသည့် အင်ပါယာတစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေခဲ့သည်။ တစ်ချက် ကြည့်လိုက်သည်နှင့်ပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားသလို ခံစားရစေသည့် ဤစီနီယာသည် အဘယ်သို့ သာမန်လူတစ်ယောက် ဖြစ်နေမည်နည်း။
လီယွင်သည် ဘာတစ်ခုမှ ဆက်မပြောတော့ဘဲ စာအုပ်ကို ကောက်ကိုင်လိုက်သည်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ သူမသည် စပ်စုချင်စိတ်များကို ပြန်လည်ကာ ထိန်းသိမ်းလိုက်၏။ အကြောင်းအရာ တော်တော် များများကို သိရှိခြင်းဆိုသည်မှာ သူမအတွက် ကောင်းကျိုး မရှိကြောင်းကို နားလည်မိ၏။
တစ်ချိန်တည်းမှာပဲ လျှိုချမ်းရွှယ် တစ်ယောက် ထပ်မံကာ မေးခွန်းမထုတ်တော့သည်ကို သိရှိပြီးသည့်နောက် လီယွင်သည် စိတ်သက်သာရာ ရသွားမိ၏။ သူ၏ ဟန်ဆောင်ထားသည့် ဆရာကြီးတစ်ယောက်၏ ဟန်ပန် အမူအရာမျိုးသည် ပေါ်ပေါက်မသွားခဲ့ချေ။ သို့ပေမဲ့ လီယွင်၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက ဖြစ်တည်နေသည်။
“သူမ ခုဏတုန်းက ဘာမြင်ခဲ့တာလဲ”
.............
တော်ဝင်သဲကန္တာရမြို့၏ မိုင်သိန်းချီ အဝေးမှာတော့ အလင်းတန်းတစ်ခုသည် မယုံကြည်နိုင်လောက်စရာ အမြန်နှုန်းဖြင့် ကောင်းကင်ကို ဖြတ်သန်းသွားလာလျက်ရှိသည်။ ခဏလောက်ကြာပြီးသည့်နောက် ထိုအလင်းတန်း သည် လေဟာနယ်ထဲတွင် ရပ်တန့်သွားခဲ့သည်။ ရောင်စဉ်များ ပျောက်ကွယ်သွားပြီးသည့်နောက် အမဲရောင် ဝတ်ဆင်ထားသည် အဘိုးအိုတစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ်ပေါက်လာသည်။ ဆန်းကြယ်လှသည့် အော်ရာများ၏ ကြားတွင် ၎င်း၏ မျက်လုံးများသည် ဉာဏ်ပညာ၏ ဂုဏ်သီတင်းများဖြင့် တောက်ပလျက်ရှိ၏။
“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”
ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ်ရပ်လျက်ရှိသည်။ သူသည် တွေးတောနေမိ၏။ ဤအကွာအဝေးကို ရောက်ရှိရန်အတွက် သူသည် နှစ်နာရီလုံးလုံး တစ်ချက်ကလေးမှ မနားဘဲ ခရီးနှင်လာခဲ့ရ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ နန်းဆောင်သခင်ကို ပေးခဲ့သည့် သူ၏ မှော်လက်နက်များ ရှိသည်ဆိုပါက ယခုထက်ပိုမို မြန်မြန်လာနိုင်ပေလိမ့်မည်။
“ဒါက ပိုင်တုရန်တောင်ကြားလား”
ယန်ရှိုသည် အောက်ကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ အောက်တွင် ရှိနေသည့် အခြေအနေတစ်ခုလုံးကို မြင်ရပြီးသည့်နောက် သူသည် သွေးအန်လုမတတ် ဖြစ်သွား၏။
အတွင်းဘက်တွင်တော့ အလွန်ခြောက်ကပ်လျက်ရှိနေသည့် တည်နေရာကြီး တစ်ခုအဖြစ် တည်ရှိနေ၏။ တည်နေရာထဲတွင် အဝါရောင်သဲများသာလျှင် ပြည့်နှက်လျက်ရှိ၏။ ထိုသဲပေါ်တွင် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး မပြောနှင့် သရဲတစ်ကောင် တည်ရှိသည်ကိုပင် မမြင်ရချေ။
ကောင်းကင်၏ အဆုံးဘက်တွင် ရေတွက်လို့မရေအောင် ကျယ်ပြောလွန်းလှသည့် အဝါရောင်သဲများသာ တည်ရှိနေပြီး ခြောက်ကပ်လွန်းလှသည်။
"ဒါ ဒါ.. ငါ... ငါတော့ သွားပြီပဲ" ယန်ရှိုသည် လေထုထဲမှာပဲ အနောက်သို့ ခြေသုံးလှမ်း ဆုတ်ခွာလိုက်မိ၏။ သူသည် ရင်ဘတ်ကို လက်နှင့်ဖိကာ မချင့်မရဲဖြင့် အော်ဟစ်နေမိ၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် တဒုန်းဒုန်းနှင့် ခုန်လျက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့၏။ ထိုအော်ရာများ အားလုံးသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို ဖိနှိပ်လျက် ရှိနေ၏။
သူ.. သူ လိမ်ညာခံလိုက်ရ၏။ အလုံးစုံ လိမ်ညာခြင်းကို ခံလိုက်ရ၏။ သူ၏ စုဆောင်းထားခဲ့သမျှ အရာအားလုံးကို အသုံးပြုပြီး မှားယွင်းသည့် သတင်းအချက်အလက်တစ်ခုကို ဝယ်ယူခဲ့ရ၏။ အရူးတစ်ယောက်ကဲ့သို့ ဤနေရာသို့ ခရီးထွက်လာခဲ့ရသည်။
ဤနေရာတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် သာမန် ကျင့်ကြံမှုကို ပြုလုပ်ဖို့ မဖြစ်နိုင်လောက်သည် အထိ နည်းပါးလွန်းလှ၏။ အဘယ်သို့သော အခွင့်အရေးမျိုး တည်ရှိနေမည်နည်း။ ဤကဲ့သို့ စုတ်ချာလှသည့် တည်နေရာကြီးထဲ၌ စိတ်ဝိညာဉ်ဆေးပင်များသည် ဘယ်သောအခါကမှ ပေါက်ရောက်လိမ့်မည် မဟုတ်ချေ။
"ငါ... ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ"
ယန်ရှို၏ အမြင်အာရုံအားလုံးသည် မဲမှောင်သွားခဲ့၏။ သူသည် ကောင်းကင်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်လို့နေခဲ့သည်။ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ဒေါသတရားများကို ဖိနှိပ်ပြီး သည့်နောက် သူသည် သေသေချာချာ တွေးတောလိုက်၏။ တွေးတောလေ၊ ပိုမိုကာ စိတ်ဒေါသများ ဖြစ်ပေါ်လာလေပင်။
အနောက်သို့ တစ်လှမ်း လှမ်းဆုတ်ပြီးသည့်နောက် ထပ်မံကာ တွေးတောလိုက်၏။ သူသည် အလုံးစုံ ဆုံးရှုံးသွားပြီ ဟူသောခံစားချက်မှလွဲလျှင် မည်သည့်အရာကိုမှ မရရှိတော့ချေ။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ပျံသန်းပြီး သွားရောက်တိုက်ခိုက်ရန် စဉ်းစားလိုက်မိသည်။ သို့သော် ဤအကြံအစည်ကို ချက်ချင်း ပယ်ချလိုက်မိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းတော်သခင်သည် ခန့်မှန်း၍ မရအောင် အားကောင်းလှသည့်လူ တစ်ယောက် ဖြစ်၏။ သူ မဆိုနှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး သွားရောက် တိုက်ခိုက်မည် ဆိုလျှင်တောင်မှ အနိုင်ရရှိလိမ့်မည် မဟုတ်ချေ။ မဆင်မခြင်နှင့် သွားရောက်တိုက်ခိုက်မည်ဆိုပါက သူနှင့် ငရဲကိုးကောင်း နတ်ဆိုး ဂိုဏ်းတစ်ခုလုံးသည် လောကကြီးထဲမှ ပျောက်ကွယ်သွားပေလိမ့်မည်။
"ငါ... ငါ စိတ်တိုလိုက်တာ"
ကျယ်လောင်စွာ အော်ဟစ်ပြီးသည့်နောက် ယန်ရှိုသည် လေဟာနယ်ထဲကို လက်သီးဖြင့် ထိုးလိုက်သည်။ ဤလက်သီးချက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်များ ပါဝင်လျက် ရှိနေ၏။
‘ဘုန်း’ ဟူသော အသံနှင့်အတူ လေဟာနယ်ကြီး တစ်ခုလုံးပင်လျှင် ချိုင့်ဝင်သွားခဲ့၏။ ပြီးသည့်နောက် ထိုချိုင့်ဝင်သွားခဲ့သည့် လေဟာနယ်တစ်ခုလုံးတွင် ရှိနေသည့် ပုံရိပ်ယောင်များသည် တဝုန်းဝုန်းနှင့် ပြိုလဲကာ ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် မြင်ကွင်းတစ်ခုသည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်ပေါက် လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ယန်ရှို၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ သူသည် မျက်တောင်ပင် မခတ်ဘဲ စူးစိုက်ကြည့်ရှုနေမိ၏။ သင်္ကေတများ ပေါ်ပေါက်လာပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးသည် တခြားသော မတူညီသည့် မြင်ကွင်းကြီးတစ်ခု အဖြစ် တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့ခြင်းပင်။
“ဖြစ်နိုင်တာက”
ယန်ရှို၏ မျက်လုံးများသည် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငါ့ကို လိမ်ညာခဲ့တာ မဟုတ်ဘူးလား”
သူ သတိပြန်ဝင်လာသည့်အချိန်မှာတော့ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများနှင့် ပြည့်နှက်လျက် ရှိနေပြီး ဖိအားကလည်း တင်းကျပ်လွန်းလှသည်။ ယန်ရှိုအနေနှင့် ဖြစ်တည်လာခဲ့သည့် ဖိအားဒဏ်ကိုပင် တောင့်မခံနိုင်ချေ။ ကောင်းကင်ပေါ်မှ မြေပေါ်သို့ ပြုတ်ကျသွားခဲ့ရ၏။
ဘုတ်
မြေပြင်တစ်ခုလုံး ကွဲအက်သွားခဲ့၏။ ယန်ရှိုသည် သူ၏ရှေ့ မိုင်တစ်ထောင်အကွာအဝေးဆီသို့ လှမ်းမျှော် ကြည့်ရှုလိုက်၏။ မြေပြင်တစ်ခုလုံးသည် အရိုးဖြူများနှင့် ပြည့်နှက်လျက် ရှိနေပြီး ရေတွက်လို့မရအောင် များပြားလှသည့် အလောင်းများသည် တစ်ခုပြီးတစ်ခု တည်ရှိနေသည်။ တချို့ အရိုးများဆိုလျှင် သွားကိုင်လိုက်လျှင် အမှုန့်တောင် ဖြစ်လုမတတ် ဆွေးမြည့်နေပြီ ဖြစ်သည်။
ဤအရာမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့သည့် ရှေးကျင့်ကြံသူများ၏ အရိုးနှင့် အလောင်းများပင် ဖြစ်ပေလိမ့်မည်။ ခန္ဓာကိုယ်၏ အရိုးများကို ကြည့်ရှုရမည်ဆိုလျှင် သူ့ထက် မည်သို့မှ အားမနည်းလှချေ။ အနည်းဆုံး နတ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ဤတည်နေရာသည် ကန့်သတ် နယ်မြေတစ်ခုဖြစ်၏။ ဤတည်နေရာသို့ ဝင်ရောက်ကြသည့် လူအားလုံးသည် သေဆုံးရမှာ သေချာသည်။
ဤသတင်းအချက်အလက်များသည် အပြင်ဘက်သို့ ထွက်ပေါ် မလာခဲ့ချေ။ ထို့ကြောင့် ဤကြောက်မက်ဖွယ်ရာကောင်းလှသည့် တည်နေရာအကြောင်းကို မည်သူမှ မသိရှိခြင်းပင် ဖြစ်ပေလိမ့်မည်။
သာမန်လူတစ်ယောက်သည်သာ ဤမြင်ကွင်းကို မြင်ရသည်ဆိုပါက ကျိန်းသေပေါက် ကြက်သီးများ ဖြန်းဖြန်းထသည့်အထိ ကြောက်လန့်သွားပေလိမ့်မည်။ သို့ပေမဲ့ ယန်ရှိုမှာတော့ ခြားနားလျက် ရှိနေ၏။ သူသည် အနည်းငယ် စိုးရွံ့လျက်ရှိသည်ဆိုလျှင်တောင်မှ စိတ်လှုပ်ရှားမှုက ပို၏။
“မှန်တယ်”
ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက်ရှိနေသည်။ သူသည် လက်ထဲမှ ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာကြီးကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူ၏ ရှေ့တွင် အစီအရင်တစ်ခု က တည်ရှိလို့နေသည်။
သူသည် ထအော်လိုက်မိ၏။ “အမှန်ပဲ။ စီနီယာက တကယ့်ကို စီနီယာပဲ။ အရာအားလုံးက အမှန်ပဲ။ သူ ငါ့ကို လိမ်ခဲ့တာ မဟုတ်ဘူး။ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းက ဒီနေရာမှာ တကယ့်ကို ရှိနေတာပဲ”