အခန်း (၁၇)
Vol. 2 Ch. 17
စောဏကလေးတင် အလွန်အမင်း ဒေါသထွက်လျက် ရှိနေသည့် ယန်ရှိုသည် တစ်စက္ကန့်အတွင်းမှာပဲ တစ်ရာ ရှစ်ဆယ်ဒီဂရီ ပြောင်းလဲပြီး မတူညီသည့် လူသားတစ်ယောက် ဖြစ်သွားခဲ့၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်၊ တကယ့်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင် ပီသတာပဲ”
ဤကဲ့သို့ လျှို့ဝှက် တည်နေရာကြီးတစ်ခု တည်ရှိနေသည် ဖြစ်ကြောင်းကို တွက်ချက်ထားနိုင်ပြီး အစီအရင်ကို ချိုးဖြတ်နိုင်သည့် နည်းလမ်းကိုပါ ပေးခဲ့သေး၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် တကယ့်ကို သာမန်ထက် ပိုသည့်လူတစ်ယောက် ဖြစ်မှာသေချာသည်။
ယန်ရှိုသည် အစီအရင်ထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ခန္ဓာကိုယ်ကို အသာကွေးညွတ်ပြီးသည့်နောက် မြေပေါ်တွင် ကျလျက်ရှိနေသည့် များပြားလွန်းလှသည့် လက်နက်အပျက်အစီးများကို လိုက်လံကာ ကောက်ယူ နေမိ၏။ ဤလက်နက်များ အားလုံးသည် ပိုင်ရှင်မဲ့ ဖြစ်လို့နေ၏။ သို့ပေမဲ့ အလွန်အရည်အသွေး ကောင်းလှသည့် လက်နက်များချည်းသာ။
လက်နက်များကို ပြုလုပ်ထားသည့် ပစ္စည်းများသည် အလွန်တန်ဖိုးကြီးမားလွန်းလှသည်။ လက်နက်များသည် ပျက်စီးနေသည် ဆိုလျှင်တောင်မှ ပစ္စည်းများကို အရေဖျော်ပြီး ပြန်လည်ကာ လက်နက် ပြုလုပ်ရမည်ဆိုလျှင် တောင်မှ နတ်အဆင့်လက်နက်ပေါင်းများစွာကို ပြန်လည်သွန်းလုပ်ရမှာ သေချာ၏။
“တကယ့်ကို ထိုက်တန်တာပဲ”
ယန်ရှိုသည် စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်လျက်ပင် ရှိသည်။ “ငါတကယ့်ကို အကျိုးအမြတ် ရခဲ့တာပဲ”
ဤအစီအရင်သည် ရေတွက်လို့ မရအောင် များပြားလှသည့် နှစ်များအတွင်း တည်ရှိနေခဲ့သည့် အစီအရင်ကြီး ဖြစ်သည်။ အချိန်ကို ကြည့်ရှုရမည်ဆိုလျှင် ဤတည်နေရာသို့ မှားယွင်းကာ ဝင်ရောက်ခဲ့သည့် လူပေါင်းများစွာ တို့သည် သေဆုံးခြင်းအဖြစ်ကို ရောက်ရှိခဲ့၏။
သူတို့သည် ကံမကောင်းလှသလို ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်နှင့်လည်း သိကျွမ်းခြင်း မရှိကြပေ။ ထို့ကြောင့် အထဲသို့ ဝင်ရောက်ပြီးနောက် အစီအရင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဤအချိန်တွင် ယန်ရှိုသည် သူတော်စင် မဖြစ်ဘူးဆိုလျှင်တောင်မှ လက်ရှိကောက်ယူရရှိခဲ့သည့် ပစ္စည်းများ အားလုံးကို ပြန်လည်ကာ ပန်းပဲပြုလုပ်၍ ရောင်းချမည်ဆိုလျှင်တောင် သူကုန်ကျခဲ့သမျှ အရာအားလုံးကို ကာမိမှာ သေချာ၏။
“ဒီပစ္စည်းတွေနဲ့ဆို ငါ နန်းဆောင်သခင်ကို သွားရှာတဲ့အချိန်မှာ တကယ့်ကို တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် တွေနဲ့ လဲလှယ်လို့ ရနိုင်သေးတာပဲ။ ဒါဆိုရင် ငါဘယ်လိုဖြစ်ပြီး အားမကောင်းဘဲ နေမှာလဲ”
အလင်းတန်းများသည် ယန်ရှို၏ မျက်လုံးထဲတွင် တလက်လက်နှင့် တောက်ပနေ၏။ လက်ရှိအခြေအနေတွင် သူသည် ရှေ့ကို ဆက်လက်ကာ တွေးတောလျက် ရှိနေ၏။ သူတော်စင်တစ်ယောက် ဖြစ်ရခြင်းသည် သူ၏အဓိက ရည်မှန်းချက် မဟုတ်တော့ချေ။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်ဆီမှ သတင်း အချက်အလက်များကို ဆက်လက်ကာ ရယူသွားမည်ဆိုလျှင် သူတော်စင် ဘုရင် အဆင့် သို့မဟုတ် တော်ဝင်အင်ပါယာ အဆင့်ကိုပင် ရောက်ရှိနိုင်စွမ်းရှိ၏။
ယန်ရှိုသည် အင်္ကျီလက်ကို ယမ်းခါလိုက်ပြီးသည့်နောက် မြေပေါ်တွင်ရှိနေသည့် အရာအားလုံးကို ချက်ချင်းပဲ သိမ်းဆည်းလိုက်၏။ လက်နက်များကို သိမ်းဆည်းပြီးသည့်နောက် အစီအရင်ကြီးသည် ချက်ချင်းပဲ အသက်ဝင်သွားခဲ့သည်။
ဝုန်း
ကြီးမားလွန်းလှသည့် နဂါးပုံသဏ္ဍာန်စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံထက်တွင် စုဝေးဖြစ်တည်လာခဲ့ပြီး ပေါက်ကွဲလုမတတ် ဖြစ်နေသည့် မီးတောင်ကြီးကဲ့သို့ပင် အရှိန်တငြီးငြီးနှင့် ဖန်တီးလေ၏။ နတ်ဘုရားစွမ်းအင်များ သည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။
ထိုနတ်ဘုရားစွမ်းအင်များနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ဒီရေလှိုင်းကဲ့သို့ တည်နေရာတစ်ခုလုံးကို တိုက်စားလျက် ရှိနေ၏။ ဤစွမ်းအင်များသည် သူတော်စင်အဆင့် သိုင်းကျင့်ကြံသူပင်လျှင် သေသေချာချာ ဂရုတစိုက်နှင့် ကာကွယ်ရမည့် အရာမျိုးဖြစ်၏။ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။
ချလွမ် ချလွမ် ချလွမ် .....။
သံသံချင်း ထိမှန်သည့်အသံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်တွင် ကြက်သွေးရောင် ဓားရှည်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ ၎င်း ဓားရှည်များ၏ အရှည်သည် မီတာရာဂဏန်းနီးပါးလောက်ပင်ရှည်ပြီး အရေအတွက်မှာလည်း များပြားလွန်းလှ၏။
ထိုအရာများ အားလုံးသည် ကောင်းကင်ကြီးတစ်ခုလုံးကို ထိုးခွင်းသွားလုမတတ်ပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။ ၎င်းဓားများတွင် ကြက်သွေးရောင်သွေးများလည်း စွန်းထင်းနေသည်။
တည်နေရာထဲတွင် ဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာကာ ထိုဓားများဆီသို့ သွားရောက်ကာ ပူးကပ်လေ၏။ ကြည့်ရှုရသည်မှာ ဤအစီအရင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သော ဝိညာဉ်များ ဖြစ်ပုံပေါ်၏။ ၎င်းတို့အားလုံး၏ ဝိညာဉ်များသည် ပျောက်ကွယ်မသွားခဲ့ဘဲ ဤတည်နေရာထဲတွင် ချုပ်နှောင် ခံထားရကာ အစီအရင်၏ သန့်စင်မှုကို ခံနေရပုံပေါ်၏။
ယန်ရှိုသည် တံတွေးပင် မျိုချလိုက်မိ၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရုတ်တရက် ရောက်ရှိလာခဲ့သည့် ဝိညာဉ်များအားလုံးသည် သူ့ထက်ပင် ပိုမိုကာ အားကောင်းလွန်းလှသည်။ ထို့အပြင် အရေအတွက်မှာလည်း ကြောက်မက်ဖွယ်ရာ များပြားလွန်းလှသည်။
လက်ရှိအချိန်တွင် ထိုဝိညာဉ်များ အားလုံးသည် အစီအရင်၏ ရုပ်သေးကဲ့သို့ ဖြစ်တည်လာခဲ့ပြီး ၎င်းတို့အားလုံးသည် ဝင်လာသမျှ အရာအားလုံးကို သတ်ဖြတ်တော့မှာ သေချာ၏။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အကူအညီကို ရရှိထားသည်ဖြစ်သောကြောင့် ယန်ရှို သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိလို့နေသည်။
ဘုန်း
အစီအရင် အသက်ဝင်သွားခဲ့ပြီးသည့်နောက် တလက်လက် တောက်ပလျက်ရှိနေသည့် အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။ လေဟာနယ် တည်နေရာတစ်ခုလုံးသည် တုန်ခါလာခဲ့ပြီး ကြက်သွေးရောင် ဓားရှည်များသည် ကောင်းကင်ယံတစ်ခုလုံးတွင် လိမ်ယှက်ကာ အောက်ဆီသို့ ကျဆင်းလာခဲ့၏။
ရှေးအစီအရင်ကြီးသည် အလုံးစုံ အသက်ဝင်သွားခဲ့ပြီဖြစ်သောကြောင့် နတ်ဘုရားအဆင့် စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်လျက် ရှိနေသည်။
ဂလု
ယန်ရှိုသည် ထပ်မံကာ တံတွေးမျိုချမိ၏။ ဤတည်နေရာကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူ၏ ဒူးခေါင်းများပင် တုန်ခါလျက်ရှိ၏။ သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ယန်ရှိုသည် သူ၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်၏။
ချက်ချင်းဆိုသလိုပဲ အထဲတွင်ရှိနေသည့် အစီအရင်ချိုးဖြတ်ခြင်း နည်းလမ်းသည် သူ၏ သိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာ၏။ ခဏကြာပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန် သတိဝင်သွားကာဖြင့် ဘေးဘက်ခြမ်းဆီသို့ လှမ်းကာ ရှောင်ရှားလိုက်သည်။
ဘုန်း
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာ၏။ သွေးများ ဖုံးလွှမ်းလျက်ရှိနေသည့် ဓားရှည်ကြီးများ ကျဆင်းလာခြင်းသည် ကောင်းကင်ယံတွင် ရှိနေသည့် ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ပင် တဝုန်းဝုန်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
တလက်လက် တောက်ပသည့် အလင်းတန်းများသည် တည်နေရာတစ်ခုလုံးတွင် ပြည့်နှက်လျက် ရှိနေ၏။ ထိုကဲ့သို့ ကျဆင်းလာသည့် လှိုင်းများသည် ယန်ရှို၏ ခန္ဓာကိုယ်ကိုပင် ယိုင်ခါသွားစေ၏။ သို့ပေမဲ့ ကံကောင်းစွာဖြင့် အစီအရင်ချိုးဖျက်ခြင်း ကျောက်စိမ်းပြားကြောင့် အသက်ရှင်လျက် ရှိနေတုန်းပင်။
“ငါ မသေသေးဘူးပဲ”
ယန်ရှိုသည် ကြောက်လန့်တကြားဖြင့် အစီအရင်ကြီးကို မော့ကြည့်လိုက်၏။ ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးထားသည့် ကျောက်စိမ်းပြားသည် လက်ထဲတွင် ရှိနေ၏။ မဟုတ်ပါက ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် မည်သို့မှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
ပထမတစ်ကြိမ် အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းပြီးသည့်နောက် နောက်ပိုင်းသွားရမည့်လမ်းများ အားလုံးသည် ချောမွေ့သွားခဲ့၏။ ကျောက်စိမ်းပြားထဲတွင် ရှိနေသည့် နည်းလမ်းများကို ဖော်ထုတ်ပြီးသည့်နောက် အန္တရာယ်များကို ရှောင်ရှားသွားခဲ့သည်။
“နန်းတော်သခင်ကို ကျေးဇူးတင်ရမယ်”
ယန်ရှိုသည် သူ၏ နဖူးစပ်တွင် ရှိနေသည့် ချွေးစေးများကို သုတ်လိုက်၏ သူသည် ချက်ချင်းဆိုသလိုပဲ အစီအရင်ထဲမှ ထွက်ခွာသွားရန် မရွေးချယ်ခဲ့ချေ။ ထိုအစား သူသည် အစီအရင်ကို သေသေချာချာ လေ့လာ ကြည့်ရှုနေ၏။
အစီအရင်၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုရမည်ဆိုလျှင် ထိုအရာသည် လမ်းမှန်ကျင့်ကြံသူတစ်ယောက်ယောက် ဖန်တီးခဲ့သည့်အရာမျိုး မဟုတ်ချေ။ လမ်းမှန်ကျင့်ကြံသူများသည် တခြားသောသူများ၏ ဝိညာဉ်များကို ချုပ်နှောင်ကာဖြင့် တိုက်ခိုက်စေလိမ့်မည် မဟုတ်ချေ။ ဤအရာမှာ ကျိန်းသေပေါက် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ယောက် ဖန်တီးထားခဲ့သည့် လက်ရာပင် ဖြစ်ပေလိမ့်မည်။
အခွင့်အရေးသာ ရရှိပြီး ဤအစီအရင်ကို ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ ပြန်လည်ယူဆောင်သွားနိုင်မည် ဆိုပါက ဂိုဏ်းတစ်ခု၏ အားအင်သည် ကျိန်းသေပေါက် တိုးတက်သွားမှာသေချာသည်။ ထို့အပြင် ဤအစီအရင်သည် ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာသည့် အစီအရင်မျိုး ဖြစ်သောကြောင့် ရှေးခေတ်၏ တန်ဖိုးကြီးသည့် အချက်အလက်များ ပါဝင်နေမှာ သေချာသည်။
“အင်း”
ယန်ရှိုသည် ခဏလောက် စဉ်းစားပြီးနောက် တွေးလိုက်၏။ “ဒီခရီးပြီးရင် ဘာပဲဖြစ်ဖြစ် ငါ တော်ဝင် သဲကန္တာရမြို့ကို ကျိန်းသေပေါက် ထပ်သွားရမယ်။ ခန်းမသခင်ဆီမှာ ဒီအစီအရင်ကို ပြန်ပြီးယူသွားလို့ ရနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိရင် ရှိနိုင်တယ်”
သူနေထိုင်ရာ တောင်ထွတ်၏အပေါ်တွင် ဤအစီအရင်ကြီးကိုသာ ဖန်တီး တည်ဆောက်နိုင်သည်ဆိုပါက ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားလှသည့်အရာမျိုး ဖြစ်တည်လာပေလိမ့်မည်။ တွေးကြည့်လိုက်ရုံနှင့်ပင် စိတ်ချမ်းသာမှုသည် အလုံးအရင်းဖြင့် ဖြစ်တည်လာခဲ့သည်။
နာရီဝက်လောက် ကြာပြီးသည့်နောက် ယန်ရှိုသည် ပထမသတ်ဖြတ်ခြင်းအစီအရင်ကို ချိုးဖြတ်ပြီး နောက်ထပ် နတ်ဘုံနတ်နန်းတစ်ခုဆီသို့ ဝင်ရောက်နိုင်ခဲ့၏။ အထဲတွင် ရှိနေသည့်မြင်ကွင်းကို ကြည့်ရှုပြီး သူသည် ဆွံ့အလျက် ရှိနေ၏။ သူ၏အရှေ့တွင် နတ်ဘုံနတ်နန်းကဲ့သို့သော အရာတစ်ခုက ပေါ်ပေါက်လျက်ရှိပြီး လေထုထဲတွင် ပေါများသည့် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လျက်ရှိ၏။ မြေပြင်တစ်ခုလုံး၌ ရေတွက်လို့ မရအောင် များပြားလှသည့် စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်လျက်ရှိ၏။
လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် ရေတွက်၍ မရအောင် များပြားလွန်းသည့် ကောင်းကင်နှင့်မြေကြီး၏ ရတနာ ဆေးပင်အားလုံးတို့သည် လေထဲတွင် ယိမ်းယိုင်လျက် ရှိနေ၏။ စိတ်ဝိညာဉ်ဆေးပင်များ၏ မွှေးရနံများသည် လေထုထဲတွင် သင်းကြိုင်လျက် ရှိနေသည်။
“အင်း”
ဤအရာကို တစ်ချက်လောက် ရှူရှိုက်လိုက်ရုံနှင့် အင်မော်တယ်အဆင့်ဆီသို့ ရောက်ရှိသွားနိုင်သလိုပင် ခံစားနေမိစေ၏။
ဤကဲ့သို့ သေးငယ်လှသည့် ကုန်းမြေလေးသည် အချိန်မည်မျှ ကြာမှန်းမသိအောင် မည်သူမှ ရောက်ရှိ ထိတွေ့ခြင်းမရှိသည့် တည်နေရာမျိုး ဖြစ်ပုံပေါ်၏။ နှစ်သိန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ဤစိတ်ဝိညာဉ်ဆေးပင်များ ၏ အရေအတွက်သည် ရေတွက်လို့မရအောင် များပြားလာခဲ့၏။ ထို့အပြင် ဆေးပင်များ၏ သက်တမ်းကလည်း နှစ်သိန်းပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
စိတ်ဝိညာဉ်သစ်ပင်များသည် အစိမ်းရောင် တောက်ပလျက်ရှိနေ၏။ ထိုစိတ်ဝိညာဉ်အပင်များ၏ အလယ်တွင် အရွက်ကိုးရွက်ရှိပြီး သုံးမီတာလောက် ရှည်လျားလှသည့် အပင်ကြီးတစ်ခုက တည်ရှိနေ၏။ ထိုအရာသည် အစိမ်းရောင် တောက်ပလျက် ရှိနေပြီး နဂါးနှင့် ဖီးနစ်များ ရစ်သိုင်းနေသကဲ့သို့ ပုံရိပ်ယောင်များ ဖြစ်တည်နေသည့် ဆေးပင်ကြီးတစ်ခုပင်။ ထိုဆေးပင်သည် သာမန်ထက် ပိုလွန်းလှ၏။
“သူတော်စင်အဆင့် ဆေးပင်ပဲ” ယန်ရှိုသည် တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် သူ၏မျက်လုံးများပင် ထိုအပင်ဆီမှ မခွာနိုင်ခဲ့ချေ။
“အသူရာကောင်းကင် စိတ်ဝိညာဉ်မြက် - ဒါက နှစ်တစ်သိန်း သက်တမ်းရှိတာပဲ။ မယုံကြည်နိုင်လောက်အောင် တန်ဖိုးကြီးတယ်။ အသူရာကောင်းကင် စိတ်ဝိညာဉ်မြက် ဒီနေရာမှာ ပေါက်နေတယ်ဆိုတာကို နန်းတော်သခင်က အစောကြီးကတည်းက သိနေတာလား။ မယုံကြည်နိုင်စရာပဲ”
ရှေ့သို့ တစ်လှမ်းချင်းတိုးပြီး ယန်ရှိုသည် အသူရာကောင်းကင် စိတ်ဝိညာဉ်မြက်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ သူ့ကို ကြည့်ရှုရသည်မှာ အလုံးစုံသော အာရုံများ ပျောက်ကွယ်လုမတတ်ပင်။ မျက်လုံးများသည် သူတော်စင် ဆေးပင်ကြီးဆီသို့ ရောက်ရှိနေ၏။
ဤဆေးပင်ကြီးသည် သူ၏ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားရန် ကူညီနိုင်စွမ်း ရှိ၏။ ထိုအရာသည် အပြင်လောကတွင် တန်ဖိုးကြီးမားလွန်းလှ၏။ နှစ်ပေါင်းရာချီ ရှာဖွေခဲ့သည် ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ သဲလွန်စ မရရှိခဲ့ချေ။ ယခုအချိန်မှာတော့ ရှာဖွေတွေ့ရှိလို့နေသည်။ ထို့အပြင် နှစ်တစ်သိန်း သက်တမ်းရှိသည့် ဆေးပင်လည်း ဖြစ်လို့နေလေသည်။