အခန်း (၁၉)
Vol. 2 Ch. 19
ဟန်ဖန်၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းသေတ္တာကို လှမ်းကြည့်ပြီးသည့်နောက် လီယွင်၏ စိတ်တစ်ခုလုံး သည် လှုပ်ရှားသွားခဲ့၏။
[ကောင်းကင်အဆင့် ရတနာ - ကောင်းကင်လျှို့ဝှက်အမှတ် ထောင့်သုံးရာဖြင့် လဲလှယ်နိုင်သည်]
“တော်ဝင်သဲကန္တာရမြို့ရဲ့ မြို့တော်ဝန်က တကယ့်ကို ကြင်နာလွန်းတာပဲ” လီယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
သူသည် ကျောက်စိမ်းသေတ္တာကို လှမ်းယူလိုက်၏။ အလကား ရရှိလာခဲ့သည့် အကျိုးအမြတ်ကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ရရှိလာသည့် ရတနာသည် ကောင်းကင်အဆင့် ရတနာ ဖြစ်လို့နေ၏။ ချက်ချင်းဆိုသလိုပဲ လီယွင်သည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ကို အကောင်းမြင်စိတ်များ ဖြစ်ပေါ်လာသည်။
“ဒါက ကျု်ပတို့ မြို့တော်ဝန် လုပ်ကို လုပ်ရမယ့် အရာပါပဲ။ တကယ်လို့ မနေ့က စီနီယာသာ မရှိဘူးဆိုရင် တော်ဝင် သဲကန္တာရမြို့တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်လေ” ဟန်ဖန်သည် နှိပ်ချရိုကျိုးစွာဖြင့် ပြောလိုက်မိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စီနီယာသည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါမျိုး တည်ရှိနေ၏။ သူ့အနေနှင့် ဟိတ်ကြီးဟန်ကြီး မပြုလုပ်ရဲချေ။ ထို့ကြောင့် နှိမ့်နှိမ့်ချချနှင့် ဆက်ဆံနေရခြင်း ဖြစ်သည်။
“မနေ့က ဟုတ်လား” လီယွင်သည် ဇဝေဇဝါ ဖြစ်သွား၏။ သူ မနေ့က ဘာလုပ်ခဲ့သနည်း။ သေသေချာချာ သုံးသပ် ပြီးသည့်နောက် ယန်ရှို လာရောက်လည်ပတ်ခဲ့သည်ကို မှတ်မိသွား၏။
သို့ပေမဲ့ ယန်ရှိုသည် တော်ဝင်သဲကန္တာရ မြို့ကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိလို့ နေသည်လား။ ယန်ရှို၏ တပည့်သည် တော်ဝင်သဲကန္တာရမြို့ အနီးတွင် သေဆုံးခဲ့၏။ ထို့ကြောင့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဤတည်နေရာသို့ ရောက်ရှိလာသည်မှာ ထူးဆန်းလှသည် မဟုတ်ပေ။ သဲကန္တာရမြို့ ထဲတွင် လျှိုချမ်းရွှယ် တစ်ယောက် ပုန်းအောင်းနေသည်ကို ပြန်လည်စဉ်းစားပြီးသည့်နောက် လီယွင်သာ မရှိသည်ဆိုပါက တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံး၏ ကံကြမ္မာသည် မည်ကဲ့သို့ ဖြစ်သွားမည်ဆိုသည်ကို သေသေချာချာ တွေးတောစဉ်းစားနိုင်စွမ်း မရှိချေ။ ထိုအရာသည် မသေချာသည့် အရာတစ်ခုအဖြစ် ဖြစ်တည်ခဲ့သည်။
ထိုအရာကို နားလည်ပြီးသည့်နောက် လီယွင်သည် နွေးထွေးသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ ပြီးနောက် ထိုင်ခုံဆီသို့ အသာလက်ညွှန်ကာ ပြောလိုက်၏။ “လာပါအုံး .... တာအိုရောင်းရင်းဟန်။ ကျေးဇူးပြုပြီး ထိုင်ပါအုံး”
“စီနီယာရဲ့ရှေ့မှာ ကျုပ်က တာအိုရောင်းရင်းဆိုတဲ့ နာမည်ကို လက်မခံဝံ့ပါဘူး။ ကျုပ်ကို ဟန်ဖန်လို့ပဲ ခေါ်ပါ” သူသည် လေးလေးစားစားနှင့် ပြောလိုက်သည်။
တာအိုရောင်းရင်းဆိုသည်မှာ တူညီသည့်အဆင့်အတန်းတွင် ခေါ်ဆိုရသည့်အရာမျိုးဖြစ်၏။ မနေ့က ရောက်ရှိ လာခဲ့သည့် နတ်ဆိုးကျင့်ကြံသူသည်သာ သူနှင့် ဤစီနီယာတို့ တာအိုရောင်းရင်းဟု အချင်းချင်း ပြောဆိုဆက်ဆံ နေသည်ကို ကြားရသည်ဆိုပါက သူ့အိမ်ဆီသို့ ရောက်ရှိလာပြီး သူ့ကို သတ်ဖြတ်သွားမှာ သေချာ၏။
“ဒါဆိုလည်း အရာရှိဟန် လို့ပဲ ခေါ်ပါ့မယ်” လီယွင်က အကြံပြုလိုက်သည်။
စောဏတုန်းက သူသည် ဟန်ဖန်၏ သတင်းအချက်အလက်များကို ကြည့်ရှုပြီးဖြစ်၏။ တစ်ဖက်လူသည် တော်ဝင်သဲကန္တာရမြို့၏ အစောင့်အရှောက် ခေါင်းဆောင်လည်း ဖြစ်လို့နေ၏။ သွေးကြောဆက်သွယ်ခြင်း အဆင့်၏ စဦးပိုင်း အဆင့်တွင်ရှိပြီး ၎င်း၏ အားအင်အဆင့်သည် လျှိုချမ်းရွှယ်ထက်ပင် အားနည်းနေသေး၏။
“စီနီယာက တကယ့်ကို ကြင်နာလွန်းနေပြီ” ဟန်ဖန်က ပြန်ပြောလိုက်သည်။
ဤကဲ့သို့သော အဆင့်မြင့် စီနီယာမျိုးသည် ကြင်နာသည့် နှလုံးသားနှင့် နွေးထွေးစွာ ပြောဆို ဆက်ဆံတတ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ မနေ့က အဖြစ်အပျက်ကို သေသေချာချာ မသိရှိခဲ့ပါက သူသည် ဤစီနီယာကို သာမန်လူတစ်ယောက်ဟုပင် ထင်မှတ်မှားနေမိမှာ သေချာ၏။
“ဟား ဟား ဟား” လီယွင်က ထကာ ရယ်မောလိုက်၏။ ပြီးနောက် လက်ဖက်ရည်ခွက်ကို အသာလှမ်းမြှောက် လိုက်သည်။ ပြီးနောက် ဟန်ဖန်ကို ထိုင်ရန် အမူအရာပြလိုက်သည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချမ်းရွှယ်သည် အလျင်အမြန် ရောက်ရှိလာကာဖြင့် ရေနွေးဖြည့်ပြီး ဟန်ဖန် ဆီသို့ ကမ်းပေးလိုက်၏။
ဟန်ဖန်သည် လျှိုချမ်းရွှယ်ကို လှမ်းကြည့်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ စိုးရွံ့သွားမိ၏။ ဤစီနီယာသည် သာမန်ထက် ပိုလွန်းလှ၏။ လက်ဖက်ရည် လာငှဲ့ပေးသည့် အမျိုးသမီး တစ်ယောက်ပင်လျှင် ခန့်မှန်း၍ မရနိုင်သည့် မြင့်မားလှသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လျက် ရှိနေ၏။ ထို့ပြင် သူမသည် အလွန်တရာလည်း လှပလွန်းသည်။
သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ဟန်ဖန်သည် နဝေတိမ်တောင် ဖြစ်မိသွား၏။ ရေနွေးခွက်ကို လှမ်းယူရန် ပြင်လိုက်ချိန်မှာပဲ တစ်စုံတစ်ခုကို သတိရသွားမိသည်။ ပြီးနောက် လျှိုချမ်းရွှယ်ကို ထပ်မံကာ ကြည့်ရှုလိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် ထိုင်မနေရဲတော့ချေ။ ချက်ချင်းဆိုသလိုပဲ ထိုင်ခုံမှ ထရပ်လိုက်မိ၏။
ဒါ ဘယ်လို အစေခံ မိန်းကလေးလဲ။
ရှင်းလင်းလှသည်။ သူမသည် တော်ဝင်ဓားဂိုဏ်းမှ မိန်းကလေးတစ်ယောက် ဖြစ်၏။ အင်္ကျီလက်ပေါ်တွင် ရွှေရောင်ဓားရှည်တစ်ခု ပုံစံကို ရေးထိုးထားသောကြောင့် ကျိန်းသေပေါက် တော်ဝင်ဓားဂိုဏ်း၏ လက်ရွေးစင် တပည့်သာလျှင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော ဝတ်စုံနှင့် ဂုဏ်ကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့် အနည်းဆုံး သူမ၏ ဆရာသည် တော်ဝင်ဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက် သို့မဟုတ် ဂိုဏ်းချုပ်ပင် ဖြစ်လျှင် ဖြစ်နိုင်၏။ ဤကဲ့သို့သော လူမျိုးသည် သူ့အတွက် ရေနွေး လာငှဲ့ပေးလျက်ရှိသည်။
ဟန်ဖန်သည် ချက်ချင်းဆိုသလိုပဲ လက်ကို ပြန်ရုတ်လိုက်၏။
သူ့အနေနှင့် တော်ဝင်ဓားဂိုဏ်း လက်ရွေးစင် တပည့်၏ ငှဲ့တိုက်သော ရေနွေးတစ်ခွက်ကို သောက်ရဲလိမ့်မည် မဟုတ်ချေ။ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင် တွေ့ဆုံသည်ဆိုပါက တစ်ဖက်လူအား ဘိုးဘေးတစ်ယောက်ကဲ့သို့ သူတို့ ပြောဆိုဆက်ဆံရမှာ ဖြစ်၏။ ဘိုးဘေးတစ်ယောက် ငှဲ့ပေးသည် ရေနွေးကို သူ အဘယ်သို့သော သတ္တိမျိုးဖြင့် သောက်ရမည်နည်း။
“ဘာမှားလို့လဲ” လီယွင်သည် ဦးခေါင်းကို မော့ကာဖြင့် အံ့အားတသင့်ဖြင့် မေးလိုက်၏။
ဟန်ဖန်သည် မချိပြုံး ပြုံးလိုက်မိ၏။ ပြီးနောက် ဦးညွတ်ကာ ပြောလိုက်မိသည်။ “ဒီဂျူနီယာဆီမှာ အရေးကြီး ကိစ္စလေး ပေါ်လာလို့ လှည့်ပြန်ရပါလိမ့်မယ်။ သွားလိုက်ပါအုံးမယ်”
“အမ်” လီယွင်၏ အမူအရာသည် အေးခဲသွား၏။
ဘာတွေဖြစ်နေသနည်း။ စောဏကလေးတင် စီးပွားရေးကိစ္စ ဆွေးနွေးရန် လာရောက်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထွက်ခွာသွားရသနည်း။
“ဪ ဟုတ်ပြီ”
ဟန်ဖန်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထို့ကြောင့် မေးမြန်းလိုက်သည်။ “စီနီယာ... ဘယ်ချိန်လောက် အဆင်ပြေမလဲ မသိဘူး။ ကျုပ်တို့ မြို့တော်ဝန်က ဒီကိုလာပြီးတော့ ကျေးဇူးတင်ကြောင်းကို သေသေချာချာ ပြောချင်လို့ပါ။ ကျုပ်တို့က အလျင်မလိုပါဘူး။ စီနီယာ အားတဲ့အချိန်သာ ပြောပါ”
“အချိန်တိုင်း အဆင်ပြေပါတယ်” လီယွင်က ပြန်ပြောလိုက်၏။ လက်ရှိအချိန်မှာတော့ သူ နားလည်လိုက်မိသည်။ ဟန်ဖန်သည် သူ့အတွက် ဖောက်သည်တစ်ယောက် မဟုတ်ချေ။ နောက်ကွယ်တွင် ဖောက်သည်ဖြစ်သည့် မြို့တော်ဝန် တည်ရှိနေ၏။
“အရမ်းကောင်းတာပေါ့” ဟန်ဖန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။
အရာကိစ္စအားလုံးကို သူလုပ်ဆောင်စရာရှိတာ လုပ်ဆောင်ခဲ့ပြီးပြီဖြစ်၏။ နောက်ထပ်ပြုလုပ်ရမည့်အရာသည် မြို့တော်ဝန် အပေါ်တွင် မူတည်လျက်ရှိသည်။ နဖူးစပ်တွင် ရှိနေသည့် ချွေးများကို သုတ်ပြီးသည့်နောက် သူသည် ဤတည်နေရာတွင် ဆက်လက်ကာ မနေထိုင်ရဲတော့ချေ။ ဦးညွတ်ကာဖြင့် လျင်လျင်မြန်မြန် ထွက်ခွာသွားခဲ့၏။ “သွားလိုက်ပါအုံးမယ်”
“ကောင်းပြီ” လီယွင်က ခေါင်းညိတ်လိုက်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် ဟန်ဖန်သည် တစ်ချက်ကလေးမှ မရပ်တန့် ခဲ့ချေ။ သူ၏နောက်လိုက်များကို ခေါ်ဆောင်ကာဖြင့် မြို့တော်ဝန်အိမ်တော်ဆီသို့ အလျင်အမြန်ဖြင့် သုတ်ချေတင် လေ၏။ အိမ်တော်ဆီသို့ ရောက်သည့်အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့ မြို့တော်ဝန်သည် ဂိတ်တံခါးရှေ့တွင် အားတက်သရော စောင့်မျှော်နေသည်ကို မြင်လိုက်ရ၏။
“ဘယ်လိုလဲ။ စီနီယာက ငါနဲ့တွေ့မယ်တဲ့လား”
တော်ဝင်သဲကန္တာရ မြို့တော်ဝန်သည် စိုးရိမ်ပူပန်စွာဖြင့် လှမ်းကာ မေးမြန်းလိုက်သည်။
“ကံကောင်းလို့။ စီနီယာက မငြင်းခဲ့ဘူးလေ။ သူက အဆင်ပြေပါတယ်တဲ့။ ပြီးတော့ ချဉ်းကပ်ရလွယ်တဲ့ လူမျိုးပဲလေ။ မြို့တော်ဝန်အနေနဲ့ အချိန်မရွေး လာလည်လို့ ရတယ်လို့တောင် ပြောခဲ့သေးတယ်” ဟန်ဖန်သည် အခြေအနေကို ပြန်လည် ပြောပြလိုက်၏။
“အင်း.. အံ့အားသင့်စရာပဲ”
တော်ဝင်သဲကန္တာရ မြို့တော်ဝန်သည် လက်ကို အသာပွတ်သပ်ပြီးသည့်နောက် တီးတိုး ရေရွတ်လိုက်၏။ “ငါပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို နှစ်ရက်အတွင်း လုပ်ပေး။ ပြီးရင် နှစ်ရက်ကြာတာနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားကြတာပေါ့”
“မြို့တော်ဝန်” ဟန်ဖန်သည် တွန့်ဆုတ်သွားသည်။
“ဘာကိစ္စ ရှိလို့လဲ” တ
ော်ဝင်သဲကန္တာရမြို့တော်ဝန်သည် ဟန်ဖန်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်၏။ “အပြင်လူတွေ ဘယ်သူမှ မရှိဘူး။ စိတ်ထဲမှာ ရှိတာကိုသာ ပြောလိုက်တော့”
“အခု ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ တော်ဝင်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို မြင်ခဲ့တယ်” ဟန်ဖန်က ပြောလိုက်သည်။
“ဪ ပြီးတော့ကော”
တော်ဝင်သဲကန္တာရမြို့တော်ဝန်သည် စိတ်ဝင်စားမှုများ တိုးတက်သွားခဲ့၏။ မနေ့က နတ်ဆိုးလမ်းစဉ်နှင့်ပတ်သက်၍ ကျွမ်းကျင်လွန်းလှသည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့ရပြီး ယနေ့ အချိန်မှာတော့ တော်ဝင်ဓားဂိုဏ်းမှ တပည့်တစ်ယောက်ကို မြင်နေရ၏။ ဤစီနီယာသည် အမှောင်ဘက်ခြမ်းမှ လူလား။ အလင်းဘက်ခြမ်းမှ လူလား။ သေသေချာချာ ခွဲခြား၍ မသိနိုင်ချေ။
“သေသေချာချာ ကြည့်ရှုခဲ့ရဲ့လား။ တော်ဝင်ဓားဂိုဏ်းက ဘယ်သူများလဲ” တော်ဝင်သဲကန္တာရမြို့တော်ဝန်သည် လေးလေးနက်နက် အမူအရာဖြင့် မေးမြန်းလိုက်၏။
“သေသေချာချာတော့ မသိဘူး။ ဒါပေမဲ့ လေ့လာကြည့်သလောက်ဆိုရင် တော်ဝင်ဓားဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ဖြစ်ပုံပေါ်တယ်။ ပြီးတော့ သူမက.. သူမက”
ဟန်ဖန်သည် ခဏလောက် ရပ်တန့်ကာဖြင့် ပြောလိုက်သည်။ သူမက အဲစီနီယာကို ရေနွေးငှဲ့ပေးနေရတာလေ”
“ဟမ်”
တော်ဝင်သဲကန္တာရ မြို့တော်ဝန်က ကြောင်အသွား၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် ဖြည်းညှင်းစွာ ပြောလိုက်မိ၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်က စီနီယာရဲ့ ဂုဏ်သိက္ခာက တကယ့်ကို ငါထင်ထားတာတက် ကြီးနေတာပဲ။ ပြင်ဆင်ခိုင်းထားတဲ့ လက်ဆောင်တွေတောင် နည်းပါးနေမလား မသိဘူး”