အခန်း (၂၀)
Vol. 2 Ch. 20
နှစ်ရက်ဆိုသည်မှာ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ နှစ်ရက်ကြာပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့ပြီး နောက်လိုက်နောက်ပါ အစောင့်အရှောက်များနှင့်အတူ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလာခဲ့သည်။
သူ၏ နောက်တွင်တော့ ဟန်ဖန်သည် တွန့်ဆုတ်တွန့်ဆုတ်နှင့် လှမ်းလျှောက်ကာ လိုက်ပါလာသည်။ သစ်သားသေတ္တာလေးတစ်ခုကို ကိုင်ဆောင်လာခဲ့ပြီး စိုးရိမ်ကြောက်လန့်မှုများ ဖြစ်တည်လျက် ရှိသည်မို့ လက်တစ်ခုလုံးသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။ သေတ္တာထဲတွင် ပါဝင်သည့်အရာကို သူက ကောင်းကောင်းသိ၏။
နှစ်တစ်ထောင် သစ်သားစိမ်း - ဤပစ္စည်းသည် နတ်ဘုရားရွှေ ကဲ့သို့ပင် မာကျောလွန်းသည့် အရာဖြစ်၏။ နှစ်ပေါင်းရာချီမှ တစ်လက်မလောက်သာ ကြီးထွားနိုင်သည့် သစ်ပင်အမျိုးအစားလည်း ဖြစ်၏။ နှစ်ပေါင်း တစ်သောင်းကြာပြီးသည့်နောက် ၎င်း၏ ဂုဏ်သတ္တိသည် သန္ဓေပြောင်းလာခဲ့ပြီး သူတော်စင်အဆင့် လက်နက် တစ်ခု ဖန်တီးနိုင်သော ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ ။
မြို့တော်ဝန်သည် ဤတစ်ကြိမ်မှာတော့ တန်ဖိုးကို မည်သို့မှ ဂရုမစိုက်တော့ချေ။ တကယ့်ကို မြို့၏ ရတနာ ဟုပင် သတ်မှတ်ထားသည့်အရာကို ထုတ်ကာ ယူလာခဲ့သည်။ ယနေ့အချိန်မှာတော့ နှစ်တစ်ထောင် သစ်သားစိမ်းကို ယူဆောင်လာခဲ့ပြီဖြစ်၏။ စီနီယာသည်သာ လက်ခံရန် ငြင်းပယ်ခဲ့သည်ဆိုပါက မြိုတော်ဝန် အနေနှင့် ကြီးမားလွန်းသည့် ဖိအားကြီးကို ခံစားရပေလိမ့်မည်။
“အရှင်... ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်တော့မယ်နော်” ဟန်ဖန်သည် တီးတိုးပြောလိုက်၏။
“အင်း”
တော်ဝင်သဲကန္တာရ မြို့တော်ဝန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူ၏ ခြေထောက်ကို မကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလိုက်၏။ တံခါးဆီသို့ မရောက်ခင်မှာပဲ လေပြည်ညှင်းများ တိုက်ခတ်လာခဲ့၏။ ပြီးနောက် သူ၏ရှေ့တွင် တစ်စုံတစ်ယောက်က ပေါ်ပေါက်လာသည်။
“ဘာတွေဖြစ်နေတာလဲ”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်က ကြောင်အသွား၏။ သူသည် မင်္ဂလာရှိသော နေ့ရက်ကို ရွေးချယ်ကာ လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် စီနီယာကို အရင်ဆုံးဝင်ရောက်၍ လေးစားသမှု ပြုရန် စီစဉ်ထားခဲ့၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် သူ၏ရှေ့တွင် ဦးလျက်ရှိနေ၏။
လက်ရှိ အခြေအနေမှာတော့ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် သည်းခံချင်စိတ်လုံးဝ မရှိတော့ချေ။ မည်သည့်နေရာက ပေါ်လာမှန်းမသိသည့် လူတစ်ယောက်ကြောင့် သူ၏ မင်္ဂလာရှိသည့် စိတ်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။
တော်ဝင်သဲကန္တာရမြို့ဆိုသည်မှာ သေးငယ်လှသည့် တည်နေရာလေးဆိုလျှင်တောင်မှ သူ့အား မည်သူက လာရောက်ကာ အနိုင်ကျင့်ရဲသနည်း။
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူလား။ ဖြစ်လိမ့်မည်ဟု သူက မထင်မှတ်ချေ။ ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် ရံဖန်ရံခါမှသာ လာရောက် လည်ပတ်တတ်သည့် စွမ်းအားမြင့်ကျင့်ကြံသူမျိုး ဖြစ်ပြီး နေ့စဉ်ရက်ဆက် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။
“ဒီမှာ... ကျုပ်က ဒီရဲ့ မြို့တော်ဝန်ပဲ။ ခင်ဗျားရဲ့ အပြုအမူက မလျော်ညီဘူးလို့ မထင်ဘူးလား”
တော်ဝင်သဲကန္တာရ မြို့၏ မြို့တော်ဝန်က အေးစက်စက်ပြောလိုက်၏။ အခြားသောနေရာများသာဆို သူလက်ခံပေးနိုင်၏။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့ထဲတွင် ရောက်ရှိနေ၏။ ဤနေ့သည် စီနီယာကိုတွေ့ရန် သေသေချာချာ ရွေးချယ်ထားသည့်နေ့လည်း ဖြစ်၏။ တစ်ဖက်လူသည် သူ့ထက် ဦးလို့နေသည်။ သေချာ ရွေးချယ်ထားသော အခွင့်အရေးမျိုးကို တခြားသူဆီ မပေးနိုင်ချေ။
သူ၏ရှေ့တွင် ရှိနေသည့်လူမှာတော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။ ဦးခေါင်းကို အသာမော့ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြည့်ရှုနေ၏။ ၎င်းသည် အတွေးနက်နေပုံလည်းပေါ်၏။
“စီနီယာရဲ့ရှေ့မှာ ကျုပ် အပြစ်မလုပ်ချင်ဘူး။ ခင်ဗျားသာ ဦးနှောက်ရှိတယ်ဆိုရင် ကိုယ်ဘာကိုယ် အရင်ဖယ်ပေး” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အထဲတွင်ရှိနေသည့် စီနီယာသည် ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်မှာ သေချာ၏။ ထို့ကြောင့် မိုင်ထောင်သောင်းချီ အကွာအဝေးအတွင်းတွင် ဖြစ်နေသည့်အရာအားလုံးကို အာရုံခံမိမှာ သေချာသည်။ သူ၏ တံခါးပေါက်ဝရှေ့တွင် ပြဿနာတက်နေသည်ကို သိပါက အမှန်ပင် စိတ်ဆိုးသွားမှာ သေချာ၏။ ထို့ကြောင့် စီနီယာ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် သူသည် အရာအားလုံးကို ပြေပြေလည်လည်နှင့် ဖြေရှင်းချင်၏။
ကံဆိုးသည်မှာ သူ ခပ်တင်းတင်း ပြောဆိုခဲ့သည်ဆိုသော်လည်း တစ်ဖက်လူသည် ဘာမှ မကြားလိုက်သကဲ့သို့ မတ်တပ်ရပ်လျက် ရှိနေခြင်းပင်။ ထိုသူသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။
“အမ်”
တော်ဝင်သဲကန္တာရမြို့ မြို့တော်ဝင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ ဒေါသတရားများသည် အလိပ်လိပ် တက်လာခဲ့၏။ သူသည် လက်ကိုမြှောက်လိုက်ပြီးသည့်နောက် အရှေ့ဘက်ဆီသို့ လှမ်းရွယ်လိုက်သည်။ “ဘာကကောင်းလဲဆိုတာ မသိဘူးဆို..”
သို့ပေမဲ့ သူ့စကားပင် ဆုံးအောင် မပြောရသေးချေ။
တစ်ဖက်လူသည် အသာခေါင်းလှည့်လိုက်၏။ ကျောက်စိမ်းခါးပတ်၊ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့်အတူ လှမ်းကာ ကြည့်ရှုနေ၏။
“ချီးတဲ့မှ”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ၏ နှလုံးသားများသည် တဒုန်းဒုန်းနှင့် ခုန်လျက်ရှိသည်။ “တော်... တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်”
“ခင်ဗျား ကျုပ်ကို ပြောတာလား” ရမ်ချင်းတုသည် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်၏။
“မဟုတ်.. မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ရမ် နားလည်မှုလွဲတာ နေပါလိမ့်မယ်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်က ကြောင်အသွားမိသည်။ သူသည် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းက နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ထွက်ခွာသွားခဲ့သည်။ ယခု နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် အဘယ်ကြောင့် ရောက်ရှိနေရသနည်း။ ဤတစ်ယောက်သည် ပိုမို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသောကြောင့်ပင်။
ကံကောင်း၍ ထိုလူကို သူတစ်ကြိမ် မြင်ခဲ့ဖူး၏။ ထို့ကြောင့် ခေါင်းလှည့်လိုက်သည်နှင့် တပြိုင်နက် မည်သူ ဖြစ်သည်ဆိုသည်ကို ချက်ချင်း သိရှိခဲ့ခြင်းပင်။
သို့ပေမဲ့ နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူသည် ဘာတစ်ခုကိုမှ မလုပ်ခဲ့ချေ။ သတ်ဖြတ်လိုခြင်း ဆန္ဒများအပြည့်ဖြင့် ကြည့်ရှုလျက် ရှိနေ၏။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ရမ်ချင်းတုကို ကြည့်လိုက်၊ မနီးမဝေးရှိ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲကို လှမ်းကြည့်လိုက်နှင့် အလုပ်များလျက် ရှိနေလေ၏။ သူ၏ နှလုံးသားများသည်လည်း တဒုတ်ဒုတ်နှင့် ခုန်လျက်ရှိနေသည်။
ဂိုဏ်းချုပ် တစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ တွေ့ဆုံနေ၏။ အထဲတွင် ရှိနေသည့် စီနီယာသည် မည်ကဲ့သို့သောလူမျိုး ဖြစ်သနည်း။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အခြေအနေကို နားလည်ပြီးသည့်နောက် သက်ပြင်းချလိုက်မိ၏။ သူသည် မင်္ဂလာရှိသည့်နေ့ကို သေသေချာချာ ရွေးချယ်ကာ လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် လာရောက်ကာ တွေ့ဆုံနေ၏။ ထိုသူနှင့် သွားရောက်ကာ ယှဉ်ပြိုင်နေ၍ မဖြစ်နိုင်ချေ။
အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ မြို့တော်ဝန်သည် သက်ပြင်းချရုံသာ တတ်နိုင်၏။ နောက်တစ်ရက်ရက်ကို ရွေးချယ်ပြီးမှ လာရောက်ကာ တွေ့ဆုံရန် စဉ်းစားလိုက်မိ၏။ တော်ဝင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ယှဉ်ပြိုင်ပြီး အထဲသို့ ဝင်ရောက်ရန် သူ့တွင် ရည်ရွယ်ချက် မရှိတော့ချေ။
တော်ဝင်ဓားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် အချို့သော နတ်နယ်မြေများနှင့်ပင် ယှဉ်ပြိုင်၍ရနိုင်သည့် အရာမျိုးဖြစ်၏။ ထို့အပြင် တစ်ဖက်လူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်၏။ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကြားထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်၏။ အနာဂတ်တွင် သူတော်စင်တစ်ယောက် ဖြစ်လာရန်လည်း အလားအလာ ရှိလို့နေသေး၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ မျက်နှာကြောင့် ခင်ဗျားရဲ့အသက်ကို ကျုပ် ချမ်းသာပေးလိုက်မယ်” တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
၎င်းသည် မည်သည့်အော်ရာကိုမှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိချေ။ သို့ပေမဲ့ စကားလုံးတစ်ခုနှင့်ပင် တော်ဝင်သဲကန္တာရမြို့ ၏ မြို့တော်ဝန်သည် မျက်နှာတစ်ခုလုံး ဖြူလျော်ပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေရ၏။
ခုဏတုန်းက တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ရန်ပြုစကား ပြောဆိုခဲ့၏။ ထိုသို့ပြောသည့်လူအား တစ်ခါတည်း သတ်ဖြတ်ပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ချေ။
သို့ပေမဲ့ ရမ်ချင်းတုသည် သူ၏စိတ်ကို ထိမ်းထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ၏ အရှေ့တွင် ရောက်ရှိနေ၏။ အထဲတွင် ရှိနေသည့် စီနီယာသည် အရာအားလုံးကို ကြိုတင်ကာ သတိပြုမိပြီး ဖြစ်ပေလိမ့်မည်။
တစ်ဖက်လူ၏ တည်နေရာရှေ့တွင် မြို့တော်ဝန်ကို သတ်ဖြတ်ပစ်ခြင်းဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် ၏ဂုဏ်သိက္ခာကို နင်းချေလိုက်ခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ ရမ်ချင်းတုသည် ဤကဲ့သို့ ရူးကြောင်ကြောင် အလုပ်မျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သေသေချာချာ စဉ်းစားပြီးသည့်နောက် ရမ်ချင်းတုသည် တစ်ဖက်လူကို လွှတ်ပေးရန်သာ ဆုံးဖြတ်လိုက်တော့၏။
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်ရမ်” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် တစ်ကိုယ်လုံး တုန်ယင်လျက်ရှိ၏။ သူသည် ဘေးတစ်ဖက်ဆီသို့ အသာလှမ်းဆုတ်လိုက်၏။ သူ၏ ခံစားချက်များကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်ချေ။
ရမ်ချင်းတုသည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ကို တစ်ချက်လှမ်းကြည့်ကာဖြင့် ဘာတစ်ခုမှ မပြောတော့ချေ။ ခေါင်းကို အသာလှည့်ပြီးသည့်နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရမ်ချင်းတု.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်နဲ့ ဧည့်လာတွေ့ပါတယ်”