← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ” ကြင်နာလှသော အသံတစ်ခုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ပေါ်လာခဲ့၏။ ထိုအသံကို ကြားပြီးသည့်နောက် ရမ်ချင်းတုသည် အရှေ့ဆီသို့ လှမ်းတက်ကာ အထဲသို့ ဝင်ရောက်သွား၏။

ရမ်ချင်းတုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ပြီးပြီးချင်းမှာပဲ ဟောခန်းတစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှု လိုက်၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် သူသည် လျှိုချမ်းရွယ်ကို မြင်လိုက်၏။ သူ၏တပည့်သည် ဘာတစ်ခုမှ ထိခိုက်ဒဏ်ရာ မဖြစ်ပေါ်ဘဲ ရပ်လျက်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ ပြီးသည့်နောက် သူ၏အကြည့်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်ဆီသို့ ရောက်ရှိသွားသည်။

“ဒီကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့သခင်က ငါ့ထက် အားအင်အဆင့် ပိုပြီးကောင်းတဲ့ပုံပေါ်တယ်” ရမ်ချင်းတုက တွေးတောလိုက်မိ၏။

“တော်ဝင်သဲကန္တာရမြို့ထဲမှ နှစ်ရက်ကြာအောင် လှည့်ပြီး လျှောက်သွားနေခဲ့တာမလား။ ဂိုဏ်းချုပ်ရမ် အနေနဲ့ ပင်ပန်းနေလောက်ပြီပေါ့။ အရင်ဆုံး ထိုင်ပါအုံး” လီယွင်သည် ပြုံးကာ နှုတ်ဆက်လိုက်သည်။

“အမ်”

ရမ်ချင်းတု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူသည် လီယွင်ကို လှမ်းကြည့်လိုက်၏။ နှလုံးသားထဲ တွင် ကြီးမားလှသည့် စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့၏။

အချိန်ကာလအားဖြင့် တော်ဝင်သဲကန္တာရမြို့ဆီသို့ မနေ့ကတည်းက ရောက်ရှိခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ ချက်ချင်း မဝင်ခဲ့ချေ။

အကြောင်းအရင်းမှာ ဤကဲ့သို့ ခရီးနှင်လာရခြင်းသည် သူ့အတွက် မသက်မသာ ခံစားရစေ၏။ ဘာအကြောင်းမှန်း သေသေချာချာ မသိဘဲနှင့် တစ်ဖက်လူ၏ နယ်မြေထဲသို့ မဝင်ရောက်နိုင်ခြင်းမှာ သူတို့ကဲ့သို့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၏ အလိုလိုသိစိတ်ပင် ဖြစ်လေ၏။ သို့ပေမဲ့ သေသေချာချာ လေ့လာပြီးသည့် နောက် အရာအားလုံးသည် အဆင်ပြေချောမွေ့လျက် ရှိနေ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် တစ်နေကုန် စောင့်ကြည့်ပြီးသည့်နောက် သာမန်မဟုတ်သည့် အကြောင်းအရာ တစ်ခုကိုမှ မတွေ့ခဲ့ချေ။ ထို့ကြောင့် သူသည် သူ၏သံသယများကို ဖယ်ခွာကာဖြင့် သူ၏တပည့်ကို ခေါ်ယူရန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်။

မထင်မှတ်ထားစွာပဲ တွေ့သည်နှင့် တပြိုင်နက် နန်းဆောင်သခင်သည် သူ၏လျှို့ဝှက်ချက်ကို တစ်ခါတည်း ထုတ်ဖော်ခဲ့သည်။

“မေးချင်ပါတယ် စီနီယာ .... စီနီယာက ဘယ်သူပါလဲ။ ပြီးတော့ ဘယ်လိုဖြစ်ပြီးတော့ တော်ဝင်သဲကန္တာရမြို့လေး ထဲမှာ လာပြီးနေထိုင်နေရတာလဲ” ရမ်ချင်းတုသည် နူးညံ့သည့် လေသံဖြင့် မေးမြန်းလိုက်၏။ သူ၏ ပြောဆို ဆက်ဆံပုံများသည် တကယ်ပင် ရိုကျိုးလျက် ရှိနေ၏။ နန်းဆောင်သခင်သည် သူထင်မှတ်ထားသလို ရိုးရှင်းလှသည့်လူ မဟုတ်ကြောင်းကိုလည်း ရမ်ချင်းတု က နားလည်ထား၏။

“အပျော်ပါပဲ”

လီယွင်သည် ပခုံးတွန့်လိုက်၏။ သူ ဤတည်နေရာမှ မနေလျှင် မည်သည့်နေရာ သွားနေရမည်နည်း။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ဤတည်နေရာတွင် ပေါ်ပေါက်လာသည် မဟုတ်ပါလား။

“တည်နေရာက အလကားပါပဲ။ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေက နည်းပါးပြီး ကျင့်ကြံရတာ နိမ့်ပါးတယ်လေ။ စီနီယာလို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုးနဲ့ ကိုက်ညီလှတဲ့နေရာမျိုး မဟုတ်ပါဘူး။ စီနီယာသာ စိတ်မရှိဘူး ဆိုရင် ကျုပ်တို့တော်ဝင်ဓားဂိုဏ်းရဲ့ ဂုဏ်ပြုခံအကြီးအကဲတစ်ယောက် ရာထူးကို ပေးပါမယ်။ ကျုပ်တို့ဂိုဏ်းကို လိုက်ပြီးနေထိုင်လို့ရပါတယ်”

ရမ်ချင်းတုသည် သေသေချာချာ ဆုံးဖြတ်ပြီးသည့်နောက် အကြံပြုစကားကို ဆိုလိုက်၏။ သူ၏တပည့်နှင့် ယခင်တုန်းက ပြောဆိုခဲ့သည့် စကားများအရဆိုလျှင် ဤစီနီယာ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေတစ်ခုကို ရောက်ရှိနေကြောင်း သူက နားလည်ထား၏။

ယန်ရှိုကိုပင် အကူအညီမဲ့ ဖြစ်စေခဲ့၏။ ဤစီနီယာသည် နတ်အဆင့် ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မှာ သံသယရှိစရာပင် မလိုချေ။ ထိုထက် ပိုမိုကာ အားကောင်းသည့်လူ ဖြစ်လျှင် ဖြစ်နေနိုင်သေး၏။ ဤကဲ့သို့သော စီနီယာသည်သာ တော်ဝင်ဓားဂိုဏ်းတွင် တည်ရှိနေသည်ဆိုပါက သူတို့၏ အလုံးစုံသော အားအင် အဆင့်သည် ပိုမိုကာ တိုးတက်သွားမည်ဆိုသည်မှာ ယုံမှားသံသယရှိစရာ မလိုချေ။

သူ့တပည့်၏ လေ့လာသုံးသပ်ချက်များအရဆိုလျှင် ဤလူသည် တော်ဝင်အင်ပါယာပင် ဖြစ်နေနိုင်၏။ သို့ပေမဲ့ သူသည် မယုံကြည်နိုင်သေးချေ။ အင်ပါယာတစ်ယောက်ဆိုသည်မှာ ကောင်းကင်ကို အမိန့်ပေးနိုင်၏။ ရေတွက်လို့ မရအောင် များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများ၏ အပေါ်တွင် နေထိုင်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်၏။ ဤကဲ့သို့သောနေရာတွင် လာရောက်ကာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေမည် မဟုတ်ချေ။

“ကြင်နာစွာ ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ရမ်။ ဒါပေမဲ့ ကျုပ်က တော်ဝင်ဓားဂိုဏ်းဆီကို လိုက်မှာ မဟုတ်ပါဘူး။ ပြီးတော့ တော်ဝင်ဓားဂိုဏ်းရဲ့ လက်ရှိအခြေအနေကလည်း သိပ်ပြီး မကောင်းဘူးလေ”

“............”

လီယွင်သည် ပြုံးပြီးသည့်နောက် အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ သူ၏ရှေ့တွင်တော့ ရမ်ချင်းတု၏ ကိုယ်ရေး အချက်အလက်က ပေါ်ပေါက်လျက် ရှိနေ၏။

[နာမည် - ရမ်ချင်းတု]

[အားအင်အဆင့် - ကောင်းကင်မူလအဆင့်ထိပ်ဆုံး၊ နတ်အဆင့်ထိပ်ဆုံး စွမ်းအားမြင့် ကျင့်ကြံသူ]

[ဂိုဏ်း - တော်ဝင်ဓားဂိုဏ်း]

[ကျင့်ကြံခြင်းနည်းစနစ် - တော်ဝင်ဓားနည်းစနစ်၊ ကြယ်ကြွေဓားနည်းစနစ်၊ နတ်ဘုရားနည်းစနစ်၊ ကြယ်ခုတ်ပိုင်းချက်၊ အရိပ်တစ်ထောင် ကောင်းကင်ချိုးဖြတ်ခြင်း..]

[လက်နက် - ခရမ်းရောင်နဂါးအရိပ်၊ စကြဝဠာဖိနပ်၊ ထာဝရမီး ရှေးဟောင်းမှန်...]

[လက်ရှိအခြေအနေ - ဂိုဏ်း၏ဘိုးဘေးကြီး သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ဂိုဏ်းချုပ်ရမ်သည် တော်ဝင်ဓားဂိုဏ်းအား မိစ္ဆာဂိုဏ်းနှင့် တခြားသော ဂိုဏ်းများအသီးသီး လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်လျက် ရှိသည်။ အသေးစိတ်သိရှိရန် ထပ်မံနှိပ်ပါ]

လီယွင်သည် ရမ်ချင်းတု၏ သတင်းအချက်အလက်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထို့အပြင် သူသည် တစ်ဖက်လူအား တကယ်ပင် ချီးကျူးလိုက်မိ၏။

ဂိုဏ်း၏ဘိုးဘေး သေဆုံးသွားခဲ့သော အရေးအကြောင်း အခြေအနေမျိုးတွင် ရမ်ချင်းတုသည် တော်ဝင် သဲကန္တာရမြို့ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီး သူ၏တပည့်ကို လာရောက်ခေါ်ဆောင်လေ၏။ ကြည့်ရှုရသည်မှာ မိစ္ဆာဂိုဏ်းများကဲ့သို့ မိမိ၏ တပည့်ကို အသုံးချခံ အဖြစ် အသုံးချတတ်သူမဟုတ်ကြောင်း ပြသလျက် ရှိနေခြင်းပင်။

“ဒါ ဘာကို ဆိုလိုတာလဲ စီနီယာ။ ကျုပ် နားမလည်ပါဘူး” ရမ်ချင်းတု သည် မျက်မှောင်ကုတ်ကာဖြင့် ခွန်းတုံ့ပြန်လိုက်မိသည်။

“ခင်ဗျားတပည့် ခင်ဗျားကို သတင်း မပေးထားဘူးလား။ ဒီလောကကြီးထဲမှာ ကျုပ်မသိတဲ့အရာဆိုတာ ဘာမှ မရှိဘူး” လီယွင်သည် ပြုံးကာပြောလိုက်၏။

“အမ်” ရမ်ချင်းတုသည် ခေါင်းကို အသာလှည့်လိုက်သည်။

ထိုအချိန်မှာပဲ လျှိုချမ်းရွှယ်သည် ရေနွေးတစ်ခွက်ကို ငှဲ့ကာဖြင့် ရမ်ချင်းတု၏ ဘေးဆီသို့ လာရောက်ကာ ချပေးလိုက်၏။ ပြီးနောက် တီးတိုး ပြောလိုက်၏။ “ဆရာ ရေနွေးလေး သောက်ပါအုံး”

“ကောင်းပြီ” ရမ်ရှင်းတုက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် လျှိုချမ်းရွှယ်ကို လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်သည် လီယွင်ဆီသို့ ရောက်ရှိသွားပြန်၏။ ထို့အပြင် နဝေတိမ်တောင်ဖြင့် ဘာမှန်းမသိသည့် အခြေအနေကိုလည်း ခံစားနေမိသည်။

ဤနန်းဆောင်သခင်သည် ဘိုးဘေး သေဆုံးသွားသည့် အကြောင်းအရင်းကို သိရှိနေလေသည်လား။ ကြည့်ရတာ ထိုသို့ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ ဤကိစ္စသည် တော်ဝင်ဓားဂိုဏ်း၏ အနည်းငယ်သော အကြီးအကဲများသာလျှင် သိသည့် ကိစ္စဖြစ်၏။ လျှိုချမ်းရွှယ် ကဲ့သို့ လက်ရွေးစင်တပည့်ပင် ထိုကိစ္စကို မသိရှိချေ။ နန်းဆောင်သခင်သည် တကယ်တမ်း သိရှိနေသည့်ပုံ ပြသလျက်ရှိ၏။ ဤအရာသည် သူ့ကို တကယ်ပဲ စိတ်မသက်မသာ ခံစားရမိစေ၏။ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ဤတည်နေရာထဲမှ ထွက်ခွာသွားရန်ပင် စဉ်းစားလိုက်မိ၏။

ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချမ်းရွှယ်မှာတော့ အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် သူ၏ဆရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့ မနေ့ကတုန်းက သဘောတူညီပြီးဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက် ပြီးသည့်နောက် နန်းဆောင်သခင်ထံတွင် သူတော်စင်ဖြစ်ရန် အခွင့်အလမ်းကို မေးမြန်းရန် သူမ၏ ဆရာကို မှာကြားထားသည်။

သို့ပေမဲ့ သူမကို အံ့အားသင့်စေသည်မှာ သူမ၏ဆရာသည် ထိုအကြောင်းကို လုံးဝ မပြောခဲ့ချေ။ ထို့ကြောင့် သူမသည် အားမလို အားမရ ဖြစ်လို့နေခဲ့၏။

“စီနီယာရဲ့ ကံကြမ္မာဖတ်တဲ့ စွမ်းရည်က တကယ့်ကို ဆန်းကြယ်လွန်းပါတယ်။ ကျုပ် တကယ့်ကို ချီးကျူးမိတယ်”

ရမ်ချင်းတုသည် ပြုံးကာပြောလိုက်၏။ ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ စည်းမရှိတဲ့တပည့်ကတော့ စီနီယာကို ဒုက္ခတော်တော်ပေးခဲ့တာပဲ။ ဒီအင်မော်တယ် စိတ်ဝိညာဉ်သစ်သီးက စီနီယာ အတွက် ပေးတဲ့လက်ဆောင်ပါပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါအုံး စီနီယာ”

“ပြဿနာ မရှိဘူး”

လီယွင်သည် အင်မော်တယ် စိတ်ဝိညာဉ်သစ်သီးကို ပြုံးကာ လှမ်းယူလိုက်၏။ မည်သည့်စကားမှ ဆက်မဆိုချေ။

ဤနှစ်ယောက်၏ အပြုအမူများသည် လျှိုချမ်းရွှယ်အား ဇဝေဇဝါ ဖြစ်စေခဲ့၏။ နန်းဆောင်သခင်သည် အစောကြီး ကတည်းက အရိပ်အမြွက် လမ်းခင်းပေးပြီးသားဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် သူမ၏ဆရာက သူတော်စင် ဖြစ်မည့် အခွင့်အရေးကို မမေးမြန်းရသနည်း။

“တပည့်... စီနီယာကို မနှုတ်ဆက်သေးဘူးလား။ မင်းဒီလောက် အပြင်တွေ လျှောက်သွားနေတာ။ အိမ်ပြန်ချိန် တန်နေပြီလေ”

ရမ်ချင်းတုသည် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ နားမလည်တဲ့ တပည့်ကတော့ စီနီယာကို တော်တော် ဒုက္ခပေးခဲ့တာပဲ”

“အမ်” လျှိုချမ်းရွှယ်သည် တုံ့ပြန်ခြင်း မရှိချေ။ စီနီယာသည် လောကကြီးတွင် ဘာတစ်ခုမှ မသိ မရှိဟု ပြောဆိုခဲ့၏။ သို့ပေမဲ့ သူမ၏ ဆရာသည် ဤအရာကို သေသေချာချာ မေးမြန်းခြင်း မရှိသေးချေ။

“ဘာဖြစ်လို့လဲ”

ရမ်ချင်းတု၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “မင်း ဒီမှာနေပြီး စီနီယာကို ဆက်နှောက်ယှက်ချင်သေးလို့လား”

“အမ်.. မဟုတ်ပါဘူး” လျှိုချမ်းရွှယ်သည် ချက်ချင်းဆိုသလိုပဲ ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ဘာလို့လဲ”

ရမ်ချင်းတုသည် သဘောမတွေ့သလို ဖြစ်နေ၏။ သူ၏တပည့်သည် တကယ့်ကို လိမ္မာယဉ်ကျေးလှသူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ မည်ကဲ့သို့သော သတ္တိမျိုးကြောင့် သူ့အား လာရောက်ကာ ကလန်ကဆန် လုပ်နေရသနည်း။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ ယန်ရှိုက သူတော်စင်ဖြစ်တော့မယ်”

လျှိုချမ်းရွှယ်သည် ချက်ချင်းဆိုသလိုပဲ အလျှင်အမြန်ဖြင့် သတိပေးလိုက်သည်။

All Chapters