အခန်း (၂၂)
Vol. 2 Ch. 22
ရမ်ချင်းတု သည် မျက်မှောင်ကုတ်လိုက်မိ၏။ ယန်ရှိုသည် သူတော်စင်တစ်ယောက် ဖြစ်လာတော့မည်လား။ ဤအရာသည် မယုံကြည်နိုင်ဖွယ်ပင်။
ယန်ရှိုသည်ငရဲကိုးကောင်းဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်ပြီး သူနှင့်လည်း ရန်ဖက်ဖြစ်ခဲ့ဖူး၏။ ငယ်ရွယ်စဉ်တုန်းကဆိုလျှင် ပြင်းပြင်ထန်ထန် တိုက်ခိုက်ခဲ့ဖူး၏။ ယန်ရှိုသည် သူ၏ပြိုင်ဖက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးချေ။ ထိုသူသည် သူ၏ရှေ့သို့ ကျော်တက်ကာဖြင့် သူတော်စင်တစ်ယောက် ဖြစ်သွားတော့မည်။
မည်သို့ဖြစ်နိုင်မည်နည်း။ ထို့ပြင် သေသေချာချာ သုံးသပ်ရမည် ဆိုလျှင်လည်း မဖြစ်နိုင်ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် သူတော်စင်တစ်ယောက် မဟုတ်ပေ။ ယန်ရှိုကဲ့သို့သော သူသည် မည်ကဲ့သို့ သူတော်စင်တစ်ယောက် ဖြစ်နိုင်မည်နည်း။
"တပည့် ပေါက်ကရတွေ မပြောနဲ့"
ရမ်ချင်းတုသည် အော်ငေါက်လိုက်၏။
"ပေါက်ကရ ဟုတ်လား၊ မဟုတ်လား ဒီစီနီယာကို သေချာ မေးလို့ရတယ်။ ဒါဆိုရင် နားလည်သွားလိမ့်မယ်။ " လျှိုချမ်းရွှယ်သည် ဝင်ကာ ပြောဆိုလိုက်သည်။
"စီနီယာ"
ရမ်ချင်းတုသည် အသာလှည့်ပြီးနောက် လီယွင်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် မေးလိုက်၏။ "ကျုပ်တပည့်ပြောခဲ့တာ အမှန်ပါလား"
"အင်း မှန်ပါတယ်"
လီယွင်သည် အမှတ်မထင် ဆိုသလိုပင် ပြောလိုက်သည်။ "ကျုပ် သူ့ကို သူတော်စင်အဆင့်ကိုရောက်ဖို့ လမ်းညွှန်ပြပေးခဲ့တာလေ"
ရမ်ချင်းတု သည် ထွက်ခွာသွားရန် ပြင်လိုက်သည်ကို လီယွင် မြင်လိုက်သည့် အချိန်မှာတော့ သူသည် မထင်မှတ်ထားအောင်ပင် လျှိုချမ်းရွှယ် က တားဆီးခဲ့၏။ သူ ပါဝင်ပတ်သက်ရန်ပင် မလိုအပ်ခဲ့ချေ။
"ဒါ… ဒါ….. ဒီလိုကိစ္စမျိုးကို တစ်စုံတစ်ယောက်က လမ်းညွှန်ပေးလို့ ရတာလား"
ရမ်ချင်းတုသည် ဆွံ့အသွား၏။ ဤအရာမှာ လွန်လွန်းလှချေ၏။ တစ်စုံတစ်ယောက်ကို အဆင့်တက်ရန်အတွက် စကားလုံးများဖြင့် လမ်းညွှန်ပေးခြင်းမှာ ယုတ်တိတန်လှသည် မဟုတ်ချေ။
"ခင်ဗျားမရောက်လာသေးခင်က ကျုပ်ခင်ဗျားတပည့်က ကောင်းကင်လျို့ဝှက်နန်းဆောင်နဲ့ ပတ်သက်ပြီးတော့ သေသေချာချာ ပြောထားလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်"
လီယွင် သည် တစ်ပြောလူပြောသည်ကို ငြင်းပယ်ခြင်းမရှိသလို အတည်လည်း မပြုခဲ့ချေ။ ဖြေးညင်းစွာ ပြောလိုက်၏။
"ခင်ဗျားယုံတာ၊ မယုံတာက ခင်ဗျားအပေါ်ပဲ မူတည်တယ်။ ပြီးတော့ ယန်ရှို သူတော်စင်တစ်ယောက် ဖြစ်လာတာက ခင်ဗျားတို့ဂိုဏ်းအတွက် ကောင်းတဲ့သတင်း မဟုတ်ဘူး"
"ဒါ ဘာကိုဆိုလိုတာလဲ စီနီယာ"
ရမ်ချင်းတု သည် မျက်မှောင်ကုတ်သွားမိ၏။ ပြီးနောက် သေသေချာချာ ပြန်လည် ပြောဆိုလိုက်သည်။ "ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းဆိုတာက နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဂိုဏ်းတစ်ခုပါ။ ဘာလိုလုပ် သူတော်စင်လေးတစ်ယောက်ကို ကြောက်နေရမှာလဲ"
"ဟုတ်လား"
လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်၏။ "တကယ်တော့ သူတော်စင်တစ်ယောက်က တော်ဝင်ဓားဂိုဏ်းကို မလှုပ်ခါနိုင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ လက်ရှိ တော်ဝင်ဓားဂိုဏ်းက အရင်တုန်းက တော်ဝင်ဓားဂိုဏ်းနဲ့ တူညီလို့လား"
"စီနီယာရဲ့ စကားတွေက အရမ်းကို ပြင်းထန်လွန်းတယ်"
ရမ်ချင်းတုသည် လက်ကို ဟန်ပါပါ ဖြင့် ယမ်းခါလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "တော်ဝင်ဓားဂိုဏ်းဆိုတာက သေးငယ်တဲ့ ဂိုဏ်းလေးတစ်ခု မဟုတ်ဘူးလေ။ နှစ်ပေါင်းများစွာ အခြေခိုင်ခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ ဘယ်လိုဆိုးရွားတဲ့ ကံကြမ္မာဆိုးကမှ ကျုပ်တို့ဆီကို ကျဆင်းလာနိုင်မှာ မဟုတ်ဘူး"
ရမ်ချင်းတု သည် ထိုအရာနှင့် ပတ်သက်၍ အလုံးစုံ ယုံကြည်ချက် ရှိခဲ့၏။ သို့ပေမဲ့ သူသည် တော်ဝင်ဓားဂိုဏ်း နှင့် ပတ်သက်၍ အကောင်းဆုံး သိရှိပြီးသားဖြစ်သည်။ ဂိုဏ်း၏အဓိက ထောက်တိုင်ကြီး မရှိလျှင် တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တစ်ဝက်နီးပါးခန့် ကျဆင်းသွားမှာ ဖြစ်၏။
ထိုအချိန်တွင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အားအင်အဆင့်ကို ထိန်းထားရုံသာမက သူတော်စင်တစ်ယောက်ပင် ရရှိတော့မည်။ ထိုအရာသည် တော်ဝင်ဓားဂိုဏ်းအတွက်တော့ ကောင်းမွန်သည့် အရာမဟုတ်ချေ။ သူတို့ဂိုဏ်းနှစ်ခုသည် ဝေးကွာသည့် တည်နေရာတွင် အမြဲရှိခဲ့ကြသော်လည်း ပဋိပက္ခမှာတော့ အမြဲလိုလို ဖြစ်ပွားခဲ့ကြသည်။
လျှိုချမ်းရွှယ် သည် တုချန်ရှန်းကို သတ်ဖြတ်ခဲ့သည်မှာ ရှင်းလင်းလှ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ထိုအရာကို သိရှိပါက တော်ဝင်ဓားဂိုဏ်းကို လာရောက်က တိုက်ခိုက်တော့မှာ သေချာ၏။ ထိုသို့ တိုက်ခိုက်မည်ဆိုလျှင် တော်ဝင်ဓားဂိုဏ်း၏ အရည်အချင်းသည် တန်ပြန် တိုက်ခိုက်ရန် မလုံလောက်ချေ။ ထို့ပြင် အားအကောင်းဆုံးသော အကြီးအကဲသည်လည်း မရှိတော့ချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တော်ဝင်ဓားဂိုဏ်းသည် မည်ကဲ့သို့ အသက်ရှင် ရပ်တည်နိုင်တော့မည်နည်း။
"စီနီယာသာ တခြားပြောစရာ မရှိတော့ရင် ကျုပ်တို့ သွားပါတော့မယ်" ရမ်ချင်းတုသည် ပြောလိုက်၏။
တော်ဝင်ဓားဂိုဏ်းသည် အန္တရာယ်ထဲသို့ ကျရောက်နေ၏။ သူ့အနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး မဟာမိတ်များကို ရှာဖွေရန် လိုအပ်နေ၏။ ဖြစ်နိုင်မည်ဆိုလျှင် နတ်နယ်မြေတစ်ခုခုသို့ သွားရောက်ပြီး သူတို့ကို ကူညီပေးပါရန် တောင်းဆိုရန် စဉ်းစားထားမိ၏။ နတ်နယ်မြေ တစ်ခုခု၏ ကူညီမှုကို ရရှိပါက တော်ဝင်ဓားဂိုဏ်း၏ အခြေအနေသည် မုန်တိုင်းထန်နေရာမှ ပြန်လည် ငြိမ်းချမ်းသွားစရာ ရှိသည်။
"ဒီတံခါးကနေ ထွက်သွားမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီနေ့ကုန်ကျတာထက် ပိုပြီးများပြားတဲ့ ကုန်ကျစရိတ်ကို ပေးရလိမ့်မယ်"
လီယွင်သည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ သူသည် ရေနွေးတစ်ခွက်ကို မော့ကာ သောက်လိုက်၏။
"စီနီယာ…. စီနီယာကို ကြည့်ရတာပြောစရာတွေ အများကြီးရှိနေပုံပဲ"
ထွက်ခွာရန် ပြင်နေသော ရမ်ချင်းတုသည် ခြေထောက်ကို အသာပြန်ရုတ်လိုက်၏။
"ခင်ဗျားကို ကျုပ် အကြံတစ်ခုပေးမယ်။ တခြားသူကို သွားပြီးအကူအညီတောင်းတာထက် ကိုယ့်ကိုယ်ကို အကူအညီတောင်းတာ အကောင်းဆုံးပဲ"
လီယွင်သည် သက်ပြင်းချကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ရမ်ချင်းတုကို ကြည့်လိုက်သည်။
"ဂိုဏ်းတစ်ခုရဲ့ ကျဆုံးခြင်းဆိုတာ တကယ့်ကို ကိစ္စကြီးပဲလေ။ ဒီကိစ္စထဲကို ဘယ်သူကမှ ပါဝင်ချင်မှာ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားသာ မဟာမိတ် ရှာမယ်ဆိုရင်တောင်မှ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကလည်း ရှာနိုင်တာပဲလေ။ "
“ဟမ် ….” ရမ်ချင်းတုသည် မျက်မှောင်ကုတ်မိသွား၏။
သူတွေးတောနေသည်ကို တစ်ဖက်လူသည် မည်ကဲ့သို့ သိရှိသွားသည်နည်း။ သူ၏အတွေးများ အားလုံးကို ဖတ်ရှုနိုင်နေသည်လား။ သို့မဟုတ် သူသည် ပုံရိပ်ယောင် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်လား။ ရမ်ချင်းတုသည် အမှန်ပင် နဝေတိမ်တောင်ဖြင့် ဖြစ်လို့နေခဲ့၏။ သူ၏ခန္ဓာကိုယ်နှင့် အတွေး အားလုံးတို့ကို ကောင်းကင်လျို့ဝှက်နန်းဆောင် သခင်သည် သိမ်းပိုက်ရယူသွားသည်ဟု သူက ထင်မှတ်နေမိသည်။
"ဒါက စိတ်ဖတ်တာလည်း မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားကို ပုံရိပ်ယောင် အစီအရင်ထဲ ဆွဲခေါ်လိုက်တာလည်း မဟုတ်ဘူး"
လီယွင်သည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ခါးကျောကို ဆန့်ကာဖြင့် ပြောလိုက်၏။ "ကျုပ်အရင်က ပြောခဲ့တဲ့ အတိုင်းပဲ။ လောကကြီးရဲ့ အကြောင်းအရာတိုင်းကို ကျုပ်သိတယ်။ ခင်ဗျားတို့ တော်ဝင်ဓားဂိုဏ်းက ဘိုးဘေးကြီး သေဆုံးသွားတာကိုရောပေါ့"
“ဘာ …..”
ရမ်ချင်းတုသည် တုန်လှုပ်သွားမိ၏။ တည်ငြိမ်လျက်ရှိနေသော ဂိုဏ်းချုပ်တစ်ယောက်၏ ဟန်ပန်သည် ပျောက်ကွယ်သွားခဲ့သည်။
သူတို့ဂိုဏ်း၏ လျို့ဝှက်ချက် ….. ဤအရာကို တစ်စုံတစ်ယောက်သည် ထုတ်ဖော်ကာ ပြောဆိုလျက် ရှိနေ၏။ သူသည် ထိုအရာကို လက်ခံရန် ခက်ခဲလို့ နေခဲ့၏။
ထိုသတင်းသာ ပေါက်ကြားသွားပါက ဂိုဏ်းထဲတွင် ရှိနေသော တပည့်ထောင်ချီတို့၏ အသက်၊ ထို့ပြင် ဂိုဏ်းထဲတွင် ရှိနေသော နှစ်ပေါင်းသန်းချီ အမွေအနှစ် အားလုံးတို့သည် တစ်ရက်တည်း ပျောက်ကွယ် သွားပေလိမ့်မည်။
"မဟာမိတ်ဖွဲ့တယ်ဆိုတာ တူညီတဲ့အားအင်ကို ပိုင်ဆိုင်တဲ့လူတွေ လုပ်တဲ့အလုပ်ဆိုတာ ခင်ဗျားသိသင့်တယ်လေ။ လမ်းမှန်ဂိုဏ်းတွေအနေနဲ့ ခင်ဗျားတို့ တော်ဝင်ဓားဂိုဏ်းရဲ့ အခြေအနေကို သိပြီဆိုရင် ကူညီပေးလိမ့်မယ်လို့ ခင်ဗျားထင်နေတာလား"
လီယွင်က ပြုံးလိုက်၏။ "ခင်ဗျားတို့ နိမ့်ကျနေချိန်မှာ ခင်ဗျားတို့ကို နင်းချေသွားမဲ့လူက များတယ်"
ဤလောကကြီးထဲတွင် လမ်းမှန်ဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းတို့သည် အမှားအမှန် ခွဲခြားနေလိမ့်မည် မဟုတ်ချေ။ အနည်းငယ်သော ဂိုဏ်းတချို့ကသာလျှင် လမ်းမှန်ဟူသည့် အရာများကို ပြုလုပ်တတ်၏။ တော်ဝင်ဓားဂိုဏ်းသည် နှစ်ပေါင်းသန်းချီ အမွေအနှစ်များ တည်ရှိနေသော ဂိုဏ်းဖြစ်၏။ ထို့ကြောင့် အလိုလောဘကြီးသော ဂိုဏ်းများ အနေဖြင့် တစ်ကယ့်ကို မနာလိုစရာပင်။
"ဆရာ"
ဘေးနားတွင် ရှိနေသော လျှိုချမ်းရွယ် သည် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ ခနလောက် ကြာပြီးသည့်နောက် သူမ သည် ခေါင်းကိုမော့ကာဖြင့် တီးတိုးမေးမြန်းလိုက်၏။
"ဘိုး …. ဘိုးဘေးကြီးက တကယ်သေသွားတာလား"
ရမ်ချင်းတု၏ မျက်နှာတစ်ခုလုံးသည် မယုံကြည်နိုင်စွာ ဖြူလျော့နေသည်။
ထိုအခြင်းအရာကို မြင်ရချိန်မှာတော့ လျှိုချမ်းရွယ်သည် နားလည်သွားမိ၏။ ဤတစ်ကြိမ်တွင်လည်း စီနီယာသည် မှန်ကန်အောင် ပြောဆိုနိုင်ခဲ့ပြန်၏။