← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

“သူတော်စင်တစ်ယောက် ဖြစ်လာဖို့လား” လီယွင်သည် ပြုံးလိုက်၏။

မှန်ပေ၏။ ကျင့်ကြံခြင်းလောကတွင် ရှိနေသော လူပေါင်းများစွာတို့သည် အသက်ရှူနေသေးသည်ဆိုပါက ၎င်းတို့၏ အိမ်မက်များမှာ ၎င်းတို့၏ အားအင် အဆင့်နှင့်သက်ဆိုင်နေသည့် အရာများသာ ဖြစ်ပေလိမ့်မည်။ လူအားလုံးနီးပါး တို့သည် ပိုမိုကာ အားကောင်းချင်ကြ၏။ ရမ်ချင်းတုသည်လည်း ချွင်းချက် မရှိချေ။

လီယွင်သည် စနစ်ကို ဖွင့်ပြီးသည့်နောက် သူတော်စင်ဖြစ်မည့် နည်းလမ်းများကို ရှာဖွေကြည့်လိုက်၏။

ဆွစ်

သူ၏ မျက်လုံးရှေ့တွင် များပြားလှသည့် စာရင်းများ ပေါ်ပေါက်လာ၏။ ယန်ရှို မေးမြန်းခဲ့သည့် အချိန်ကထက် စာလျှင် အဆပေါင်းများစွာ ပိုမိုများပြား၏။ ထို့အပြင် ယန်ရှိုတွင် ထပ်တိုးအခြေအနေတစ်ခုက တည်ရှိခဲ့၏။ ၎င်းသည် အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားရန်လည်း ရှိနေသေးသည် မဟုတ်ပါလား။

ရမ်ချင်းတုမှာတော့ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားရန် မလိုအပ်ချေ။ သူတော်စင် ဖြစ်ရန်သာ လိုအပ်သည်။

လီယွင်သည် စာမျက်နှာများကို သေသေချာချာ ကြည့်ရှုပြီး နောက်ဆုံး စာမျက်နှာသို့ ရောက်သည့်အချိန်မှာတော့ မျက်နှာသွင်ပြင်တစ်ခုလုံး လင်းလက်သွားခဲ့တော့၏။ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာပေါ်တွင် အသူရာရေချောက်ကမ်းပါးဟု ရေးထိုးထား၏။ ဤအခွင့်အရေးသည် အံ့အားသင့်လောက်စရာပင် တည်ရှိနေသေး၏။

အသူရာရေချောက်ကမ်းပါး ဆိုသည်မှာ ရှေးသူတော်စင်တစ်ယောက် ချန်ထားခဲ့သည့် အရာမျိုးဖြစ်ပြီး သူတော်စင် တစ်ယောက်ဖြစ်တည်လာနိုင်သည့် အခွင့်အရေး တည်ရှိနေသည်သာမက အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားနိုင်စွမ်း ရှိသည့် ရတနာတစ်ခုလည်း တည်ရှိနေသေး၏။ ထို့ကြောင့် ဈေးမပေါလှချေ။ ဤအခွင့်အရေး ပေါ်ပေါက်လာသည် ဆိုသည်မှာ ယန်ရှိုတစ်ယောက် အရေးကြီးသည့်အရာကို မရနိုင်သေးဟု ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ”

လီယွင်သည် သူ၏မေးစေ့ကို ပွတ်သပ်ပြီးသည့်နောက် စာမျက်နှာကို အသာပိတ်လိုက်၏။ ထပ်မံရှာဖွေစရာ မလိုအပ်ချေ။ ဤအရာ တည်ရှိနေပြီဆိုမှတော့ အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်အမှတ် များကို အသုံးပြုရမည်နည်း။

သူသည် အချိန်တိုင်းလိုလို စနစ်အား များပြားလှသည့် ကောင်းကင်လျှို့ဝှက်အမှတ်များ ပေးရပြီး အနည်းငယ်သော ပွဲစားခလေးကိုသာလျှင် သူရရှိခဲ့၏။ အခု ပွဲစားအဖြစ် ထပ်မံပြုလုပ်ရမည်ဆိုလျှင်တောင်မှ သူသည် ကြီးမားသည့် အကျိုးအမြတ်ကို ရယူသင့်သည် မဟုတ်ပါလား။ ထို့အပြင် ကောင်းကင်ကပ်ဘေး၏ တန်ပြန်မှုကို ခံရသည်မှာ သူပင် ဖြစ်လေ၏။

ယန်ရှိုနှင့် ရမ်ချင်းတု တို့သည် သူတော်စင်ဖြစ်ရန် မျှော်လင့်စောင့်စားနေသည့်သူများ ဖြစ်ကြ၏။ ၎င်းတို့ အားလုံးသည် ကံတရားပေါ်တွင် မူတည်လျက် ရှိနေ၏။ အခွင့်အရေး ပေါ်ပေါက်လာသည်ဆိုသည်နှင့် ထိုသို့သော နေရာမျိုးကို စွမ်းအားမြင့် ကျင့်ကြံသူ သောင်းပေါင်းများစွာ သွားရောက်ကာ လုယက်ကြမှာ မဟုတ်ပါလား။

ဤတစ်ကြိမ် လူနှစ်ယောက်တည်း ယှဉ်ပြိုင်လုယက်ကြခြင်း ဆိုသည်မှာ တကယ့်ပင် ကောင်းမွန်ပြီး ညီမျှလွန်း လှ၏။ ငါးဆယ် - ငါးဆယ်ရာခိုင်နှုန်း အခွင့်အရေးသည် မည်သူမှ အကျိုးယုတ်စရာအကြောင်း မရှိချေ။

“ဂိုဏ်းချုပ်ရမ်”

လီယွင်သည် မျက်စိကို အသာဖွင့်ပြီးသည့်နောက် ပြုံးကာ ပြောလိုက်၏။ “သူတော်စင်ဖြစ်ဖို့ နည်းလမ်းကိုတော့ ရှာတွေ့ပြီ။ ဒါပေမဲ့ ခင်ဗျား ဈေးနှုန်း တက်နိုင်လား၊ မတက်နိုင်လား အပေါ်မှာ မူတည်တယ်”

“ကျုပ်မေးပါရစေ စီနီယာ။ ဈေးနှုန်းက ဘယ်လောက်ပါလဲ” ရမ်ရှင်းတုက မေးမြန်းလိုက်သည်။ ဘာလို့မှန်း မသိဘဲ ထိုစကားများကို ပြောပြောပြီးချင်း နှလုံးသားထဲတွင် စိုးရွံ့စိတ်များ ဖြစ်တည်လာခဲ့၏။ ကျောရိုးမကြီး တစ်ခုလုံး သည်လည်း စိမ့်တက်လျက်ရှိသည်။

“ဈေးမကြီးပါဘူး”

လီယွင်သည် ဟန်ပါပါဖြင့် လက်ငါးချောင်းကို ထောင်ပြလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “နတ်အဆင့် လက်နက်ငါးမျိုး”

ယခင်တုန်းက ယန်ရှိုသည် နတ်အဆင့် လက်နက်တစ်မျိုးကို ထုတ်ယူခဲ့ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် အမှတ် ရှစ်ထောင်ကို ပေးအပ်ခဲ့၏။ ယခု လီယွင်သည် နတ်အဆင့် လက်နက်ငါးမျိုးကို တောင်းဆိုလျက်ရှိ၏။ ထို့ကြောင့် ကျိန်းသေပေါက် လေးသောင်းကျော်တန်သည် ကောင်းကင်အမှတ်များ ရရှိပေလိမ့်မည်။

သူ၏ အမြင်အရဆိုလျှင် ထိုအရာသည် မျှတ၏။ အားလုံးသောသူတို့ကို တူညီစွာ ဆက်ခံခြင်းပင်။ သူတော်စင် တစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေး ဆိုသည်မှာ လမ်းဘေးတွင် ဂေါ်ဖီထုပ် သွားဝယ်သလို လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ အသုံးပြုပြီးသား သတင်းအချက်အလက် ဖြစ်သည်ဆိုလျှင်တောင်မှ ဤဈေးနှုန်းသည် ထိုက်တန်သည်ဟု ပြောဆိုရမည်။ ထို့အပြင် ယန်ရှိုနှင့် ရမ်ချင်းတုတို့ နှစ်ယောက်ကြားကိုလည်း ညီတူညီမျှ ဆက်ဆံသည်ဆိုသော အခြေခံကို ထိန်းသိမ်းထားနိုင်စွမ်းရှိ၏။

“အမ်..”

ရမ်ချင်းတုသည် တွန့်ကနဲ ဖြစ်သွားသည်။ ငါး.. ငါးခု ဟုတ်လား။ ဒီလောက်ကြီးမားတဲ့ဈေးနဲ့ သတင်း အချက်အလက်တစ်ခုကို ရောင်းနေတာလား။ အချက်အလက်ဆိုတာ စားလို့ရတာလည်း မဟုတ်ဘူး။ ဘယ်လို ဖြစ်ရတာလဲ။

“ဒါကို ဈေးများတယ်လို့ ခံစားမိနေတာလား ဂိုဏ်းချုပ်ရမ်”

လီယွင်သည် ရမ်ချင်းတုကို တစ်ချက် လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျား ဒီအခွင့်အရေးကို လက်လွှတ်သွားမယ်ဆိုရင် သူတော်စင်အဆင့်ကို နောက်ထပ် နှစ်တစ်ရာအတွင်း ချိုးဖြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပြီးတော့ အဲနှစ်တစ်ရာ အတွင်းမှာလည်း ဘာမဆို ဖြစ်သွားနိုင်တယ်လေ”

ရမ်ချင်းတုသည် လျင်လျင်မြန်မြန် လက်ကိုယမ်းခါကာဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “ကျုပ်.. ကျုပ်.. ကျုပ် မဆိုလိုပါဘူး။ ယန်ရှို ကလည်း စီနီယာဆီက သူတော်စင် ဖြစ်နိုင်တဲ့ အခွင့်အရေး ဝယ်ယူခဲ့တယ်လို့ ကျုပ်တပည့် ပြောတယ်လေ။ ဟုတ်တယ်မလား စီနီယာ”

“အမှန်ပဲလေ” လီယွင်က ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် ဖုံးကွယ်ထားစရာ အကြောင်းမရှိချေ။

“ဒီလိုဆိုမှတော့ ကျုပ်မေးချင်ပါတယ် စီနီယာ။ ယန်ရှို အခု ဘယ်ရောက်သွားတာလဲ။ သူ အခု သူတော်စင် ဖြစ်သွားပြီလား” ရမ်ချင်းတုက မေးမြန်းလိုက်သည်။

“သူ အသူရာရေချောက်ကမ်းပါးကို သွားတာလေ။ သူတော်စင် မဖြစ်သေးဘူး။ လောလောဆယ်မှာ သူ့ရဲ့ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားနေတယ်လေ။ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားပြီးပြီဆိုတာနဲ့ မကြာခင် သူတော်စင် ဖြစ်တော့မယ်” လီယွင်သည် အမှတ်တမဲ့ဖြင့် လှမ်းကာ ပြောလိုက်၏။

“အသူရာရေချောက်ကမ်းပါး ဟုတ်လား” ရမ်ချင်းတု က တီးတိုးရေရွတ်လိုက်၏။ ဤနာမည်ကို သူကြားဖူးသလိုလို၊ မကြားဖူးသလိုလို ခံစားနေရ၏။ ဤလောကကြီးတွင် ရှိသည့် အရာတစ်ခု ဟုတ်သလိုလို၊ မဟုတ်သလိုလိုပင်။ ထူးခြားလှသည့် နယ်မြေတစ်ခု၏ နေရာလည်း ဖြစ်နိုင်၏။

“စီနီယာကို မေးချင်ပါတယ်။ သူတော်စင်တစ်ယောက် ဖြစ်လာမယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့ အဲဒီ အခွင့်အရေးနဲ့ ပတ်သက်တဲ့နေရာက ဘယ်နေရာမှာပါလဲ” ရမ်ချင်းတု က ထပ်မံကာ မေးမြန်းလိုက်သည်။

“အဲနေရာက အသူရာရေချောက်ကမ်းပါးပဲလေ” လီယွင်သည် ပြုံးကာ ပြောလိုက်၏။

“ဟမ်”

ရမ်ချင်းတု က ဆွံ့အသွားမိသည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ “စီနီယာ... အသူရာရေ ချောက်ကမ်းပါးထဲမှာရှိတဲ့ သူတော်စင်ဖြစ်ဖို့ အခွင့်အရေး နှစ်ခုရှိနေတယ်လို့ ဆိုလိုတာလား”

“မဟုတ်ဘူး”

လီယွင်က ပြန်ပြောလိုက်၏။ “အခွင့်အရေးဆိုတာ တစ်ခုပဲ ရှိတယ်”

သတင်းအချက်အလက်တစ်ခုကို လူနှစ်ယောက်ကို ရောင်းချခြင်းနှင့်ပတ်သက်၍ သူသည် နည်းနည်းလေးမှ ရှက်ရွံ့မှုကို မခံစားရချေ။

“ဒါဆိုရင် စီနီယာဆိုလိုတာက” ရမ်ချင်းတုသည် သဘောမတွေ့သလို ခံစားလိုက်မိသည်။ သူသည် နတ်အဆင့် လက်နက်ပေါင်းများစွာကို အသုံးပြု၍ သူတော်စင် ဖြစ်နိုင်သည့် အခွင့်အရေးကို ဝယ်ယူခဲ့၏။ ထိုအခွင့်အရေးကို သေသေချာချာ ရယူနိုင်မလား၊ မရယူနိုင်ဘူးလား ဆိုသည်မှာ မသေချာသည့် အရာဖြစ်လို့နေလေသည်။

ယန်ရှိုသည် အသူရာရေချောက်ကမ်းပါးသို့ ရောက်နှင့်နေပြီးသားဖြစ်၏။ အလောသုံးဆယ်နှင့် သူလိုက်သွားမည် ဆိုလျှင်တောင်မှ တစ်ဖက်လူကို လိုက်မီချင်မှ လိုက်မီပေလိမ့်မည်။ အထဲသို့ ဝင်ရောက်သွားခဲ့ပြီး ယန်ရှိုသည် သူတော်စင်တစ်ယောက် ဖြစ်နေမည်ဆိုပါက မည်သို့လုပ်မည်နည်း။ မိုင်ထောင်ပေါင်းများစွာကို ခရီးထွက်ခဲ့ ပြီးသည့်နောက် တစ်ဖက်လူအား သူ၏ ဦးခေါင်းကြီး သွားရောက်ဆက်သခြင်းနှင့်တူ၏။

လမ်းမှန်ဂိုဏ်းတစ်ခု၏ နတ်အဆင့်ထိပ်ဆုံး ဂိုဏ်းချုပ်တစ်ယောက်နှင့် နတ်ဆိုးဂိုဏ်းမှ နတ်အဆင့် အကြီးအကဲ တစ်ယောက်တို့ စတင်ကာ တွေ့ဆုံကြပြီဆိုသည်နှင့် ဘာဖြစ်မည်ဆိုသည်ကို လွယ်လွယ်ကူကူနှင့် ခန့်မှန်းမိနိုင်၏။ တစ်ဖက်လူမှာ သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီဆိုလျှင် တွေးတောနေစရာပင် မလိုအပ်တော့ချေ။ အရာ အားလုံး အဆုံးသတ်ပြီးသား ဖြစ်သွားပေမည်။

“အင်း... သူတော်စင်ဖြစ်ဖို့ အခွင့်အရေးက ကျန်ရှိနေသေးတယ်လို့ ဒီလီက အာမခံတယ်။ ယန်ရှိုက အဲတာကို မရသေးဘူး။ ခင်ဗျား အဲကိုသွားမယ်ဆိုရင် အခွင့်အရေး ရနိုင်သေးတယ်”

လီယွင်သည် ခဏလောက် ရပ်တန့်ကာ ဆက်ပြောလိုက်၏။ “တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ခင်ဗျားတို့ တော်ဝင်ဓားဂိုဏ်းနဲ့ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းတို့က တကယ့်ကို ရန်သူတွေပဲ မဟုတ်လား။ ယန်ရှိုဆီက အခွင့်အရေးကို ခင်ဗျား လုယူနိုင်မယ်ဆိုရင် ပြိုင်ဘက်ကို တစ်ခါတည်း တိတိကျကျ အနိုင်ယူနိုင်လိုက်သလိုပဲ မဟုတ်လား”

“သူလည်း အားနည်းသွားမယ်။ ခင်ဗျားလည်း အားကောင်းသွားမယ်။ ဒါက ပြည့်စုံတဲ့ အကြံအစည် တစ်ခုပဲလေ။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်သလိုပဲ။ ဘယ်လောက် လှလိုက်သလဲ”

ရမ်ချင်းတု “...”

အဓိပ္ပာယ်ရှိလွန်းလှ၏။ သို့ပေမဲ့ သူသည် ဆွံ့အလို့နေသည်။

“စီနီယာ... ကျုပ် ခဏလောက် စဉ်းစားချင်ပါသေးတယ်”

ရမ်ချင်းတုသည် ခဏလောက် စဉ်းစားလိုက်၏။ သို့ပေမဲ့ သူ စကားဆုံးအောင်ပင် မပြောရသေးချေ။ လီယွင်က ဖြတ်ပြောလိုက်၏။

“ဘာ..”

လီယွင်သည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်သည်။ “ဒီသတင်းအချက်အလက်ကို ခင်ဗျား မကြိုက်ဘူးလား။ ဒီလိုဆိုလို့ရှိရင် ခင်ဗျားကို ကျုပ် တခြားသတင်းအချက်အလက်တစ်ခု ပေးလိုက်မယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ လျော့ပေးနိုင်မှာ မဟုတ်တော့ဘူး”

“မဟုတ်ဘူး။ မဟုတ်ဘူး” ရမ်ချင်းတုသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “အဲလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ်... ကျုပ်မေးချင်တာက စီနီယာ... ဒီသတင်းက ရောင်းပြီးသား သတင်းကြီးဖြစ်တော့ ကျုပ်ကို နည်းနည်းလေး ဈေးလျော့ပေးနိုင်မလား ဆိုတာပါ”

All Chapters