အခန်း (၂၅)
Vol. 2 Ch. 25
“ဈေးလျော့ပေးရမယ် ဟုတ်လား”
လီယွင်သည် ရမ်ချင်းတုကို အံ့အားတသင့်ဖြင့် ကြည့်လိုက်၏။ ဤမျက်ခုံးမွှေး ထူထူနှင့် ဂုဏ်သိက္ခာ ထည်ဝါလှသောသူသည် ဤကဲ့သို့ ဈေးဆစ်တတ်လိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။
ထို့အပြင် ယန်ရှိုသည် အတွင်းစိတ်မိစ္ဆာဆိုးကို ဖြေရှင်းရန် စဦးပိုင်း လိုအပ်ခဲ့၏။ ထို့ကြောင့် တန်ဖိုးကြီးသည့် အရာများနှင့် လဲလှယ်ခဲ့ရခြင်းသာဖြစ်သည်။ လက်ရှိ ရမ်ချင်းတုမှာတော့ ထိုကဲ့သို့ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားရန် မလိုအပ်ခဲ့ချေ။ ထို့အပြင် တခြားတစ်ယောက်ကို ရောင်းချပြီးသားသတင်းလည်း ဖြစ်သောကြောင့် အနည်းငယ် ဈေးလျော့ပေးမှ ဖြစ်ပေလိမ့်မည်။
“မူလအားဖြင့်တော့ ခင်ဗျားတို့ကို ညီတူညီမျှ ရောင်းချဖို့ ကျုပ် ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို စဉ်းစားပြီးတော့ နတ်အဆင့် လက်နက်တစ်ခုကို ကျုပ် ဖယ်ရှားပေးလိုက်မယ်”
လီယွင်သည် လက်လေးချောင်းကို ထောင်ပြကာ ပြောလိုက်၏။ “နတ်အဆင့် လက်နက်လေးခု၊ ဒီထက်ပိုပြီး လျော့ပေးလို့ မရဘူး”
“လေးခု ဟုတ်လား”
ယန်ရှိုသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ဤတန်ဖိုးသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ထို့အတူ သူ့၌ရှိသည်။ သို့ပေမဲ့ အရာအားလုံးကို ထုတ်ဖော်လို့ မရနိုင်ချေ။
“စီနီယာ... ကျုပ်ဆီမှာ နတ်အဆင့် လက်နက်လေးခုရှိပါတယ်။ အဲအထဲမှာ ခရမ်းရောင်နဂါးအရိပ်က ကျုပ်အတွက် အသက်သွေးရတနာ ဖြစ်နေတယ်လေ။ တခြားသူတွေကို ပေးလို့မရဘူး။ တခြားပစ္စည်းတစ်ခုခုနဲ့ အစားထိုးလို့ ရနိုင်လား” ရမ်ချင်းတု က မေးမြန်းလိုက်သည်။
“တူညီတဲ့ တန်ဖိုးရှိတယ်ဆိုရင် ဘယ်ပစ္စည်းမဆို ရတယ်” လီယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ကောင်းပါပြီ”
ရမ်ချင်းတုသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် လက်ကို ယမ်းခါလိုက်၏။ ပစ္စည်းလေးခုသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။ နတ်အဆင့်လက်နက်သုံးခုနှင့် စိတ်ဝိညာဉ်ဆေးလုံး တစ်ပုလင်းတို့ပင် ဖြစ်လေသည်။
“ဒါက ပြန်လည်ရှင်သန်ခြင်း ကောင်းကင်ဆေးလုံးလို့ ခေါ်တယ်လေ။ အသက်ရှင်နေသေးတယ်ဆိုရင် ဘယ်လူကို မဆို ကယ်လို့ရတယ်။ မရီဒန်တွေ အားလုံး ပျက်စီးသွားပြီ ဆိုရင်တောင်မှ ဒီအရာတွေကို ပြန်လည်တည်ဆောက်လို့ ရတယ်။ သူတော်စင်အဆင့်နဲ့ အောက်မှာရှိတဲ့လူတွေအားလုံး အသုံးပြုလို့ ရနိုင်တယ်” ရမ်ချင်းတုက ရှင်းပြလိုက်၏။
ပြီးနောက် မေးမြန်းလိုက်သည်။ “စီနီယာရဲ့ အထင်အရဆိုလို့ရှိရင် ဒီဆေးလုံးက နတ်အဆင့်လက်နက် တစ်ခုခုနဲ့ တူညီတဲ့ တန်ဖိုးရှိပါသလား”
“စနစ်”
လီယွင်သည် ချက်ချင်း ပြန်မဖြေချေ။ စိတ်ထဲမှ စနစ်ကို မေးမြန်းလိုက်၏။ “ဒီ ပြန်လည်ရှင်သန်ခြင်း ကောင်းကင်ဆေးလုံး က ဘယ်လောက်တန်လဲ”
[ပြန်လည်ရှင်သန်ခြင်းဆေးလုံး ဆယ်လုံး - ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်ထောင့်ရှစ်ရာနှင့် လဲလှယ်နိုင်သည်]
စနစ်ဆီမှ အသိပေးချက်ကို ကြားရပြီးသည့်နောက် လီယွင်သည် ပြုံးလိုက်၏။ ပြီးနောက် သဘောတကျဖြင့် ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။ “သိပ်ရတာပေါ့”
“ဒါဆိုရင် အသူရာရေချောက်ကမ်းပါး ကကော” ရမ်ချင်းတုသည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။
“ပြဿနာ မရှိပါဘူး”
လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် ရမ်ချင်းတုဆီ ပစ်ပေးလိုက်သည်။ ပြီးနောက် ညွှန်ကြားလိုက်သည်။ “အသူရာရေချောက်ကမ်းပါး ဆိုတာက ပိုင်တုရန်တောင်ကြားထဲမှာ ရှိတယ်။ ဒီကျောက်စိမ်းပြားပေါ်မှာရှိတဲ့ နည်းလမ်းက အစီအရင်တွေကို ချိုးဖြတ်တဲ့ နည်းလမ်းပဲ။ ဒါကို ယူသွားမယ်ဆိုရင် အထဲမှာရှိနေတဲ့ အခွင့်အရေး တည်နေရာဆီ လုံလုံခြုံခြုံနဲ့ ရောက်သွားနိုင်မယ်လို့ ကျုပ် အာမခံတယ်”
“ကျေးဇူးပါပဲ စီနီယာ”
ရမ်ချင်းတုသည် ကျောက်စိမ်းပြားကို လက်ခံရယူပြီးသည့်နောက် ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်သည်။ ပြီးသည့်နောက် သူသည် ဘေးတစ်ဘက်တွင် ရှိနေသည့် လျှိုချမ်းရွှယ်ကို အသာလှမ်းကြည့်ကာဖြင့် သက်ပြင်းချလိုက်၏။ “တပည့်... အချိန်ကာလတစ်ခုအထိ မင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်မှာပဲ နေလိုက်အုံး။ ပိုင်တုရန်တောင်ကြားကို ငါခရီးထွက်သွားလိုက်မယ်။ မင်းကို ငါနဲ့အတူ ခေါ်သွားလို့ မရဘူး။ ပြန်လာပြီဆိုရင် မင်းကိုခေါ်ပြီး ဂိုဏ်းဆီကို ပြန်ကြတာပေါ့”
“တပည့် စကားနားထောင်ပါမယ်” လျှိုချမ်းရွှယ်က ခေါင်းညိတ်လိုက်သည်။
သူမသည် အရာအားလုံး ဖြစ်ပျက်ခဲ့ သမျှကို တွေ့ခဲ့ပြီးသားဖြစ်၏။ သူမ၏ ဆရာသည် ပိုင်တုရန်တောင်ကြားထဲသို့ သွားရသည့် ခရီးစဉ်၌ ယန်ရှိုနှင့် တိုက်ခိုက်ရသည့် အခြေအနေမျိူး ဖြစ်လာနိင်ကြောင်း သူမသိ၏။ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်ကြား တိုက်ပွဲ၌ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်ဆိုသည်မှာ မသေချာလှပေ။ ထို့အပြင် ယန်ရှိုဆိုသည်မှာ အားနည်းလှသည့် လူတစ်ယောက်လည်း မဟုတ်ပေ။ သူမကိုသာ ခေါ်ဆောင်သွားမည်ဆိုပါက တကယ်ကိုပင် ညှာတာထောက်ထားစရာတွေ ဖြစ်ပေါ်လာနိုင်၏။
"စီနီယာ.. ကျေးဇူးပြုပြီး ကျုပ်ရဲ့တပည့်ကို ဂရုစိုက်ပေးဖို့ ဒုက္ခပေးချင်ပေးပါတယ်" ရမ်ချင်းတုသည် ထူးဆန်းသည့် မျက်နှာသွင်ပြင်မျိုးနှင့် ပြောဆိုလိုက်သည်။
"ပြဿနာ မရှိပါဘူး" လီယွင်သည် အမှုမထားသလို ပြောလိုက်၏။
သို့ပေမဲ့ ရမ်ချင်းတု ပြောဆိုနေသည်မှာ သေလမ်းကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်မည့် လူတစ်ယောက် နှင့် ပြောဆိုဆက်ခံနေခြင်းနှင့်ပင် ဆင်တူနေသည်။
"စီနီယာရဲ့ စကားအရဆိုရင် ကျုပ် စိတ်ချပါပြီ" ရမ်ချင်းတုသည် အသာရယ်မောလိုက်၏။ ပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသာလှမ်းကြည့်ကာဖြင့် လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ခွာသွားသည့် အချိန်မှာပဲ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ် သွားလေ၏။
............
ပိုင်တုရန်တောင်ကြား၏ လျှို့ဝှက်နယ်မြေအတွင်း
ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့၏။ အရပ်ရှည်ရှည်နှင့် ပုံပန်းသွင်ပြင်တစ်ခုသည် ရုတ်တရက် ဖြည်းဖြည်းချင်း ထရပ်လာခဲ့သည်။ ၎င်း၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိသည့် သွေးချီများသည် နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်တည်လာပြီး ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး၌ လှည့်ပတ်ကာ ပျံသန်းနေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးချီများသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့လျက် ရှိနေ၏။
ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ ၎င်း၏ မျက်လုံးများသည် လျှပ်စစ်များ စီးဆင်းနေသကဲ့သို့ပင် တလက်လက်နှင့် တောက်ပလျက် ရှိနေ၏။ ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် အော်ရာများ အားလုံးသည် ရုတ်တရက် ရောက်ရှိလာနိုင်သည့် လူပေါင်းများစွာတို့ ကြောက်ရွံ့သွားစေ နိုင်သည့် စွမ်းအင်မျိုးပင် ဖြစ်လေသည်။
"ငါ့ကို နှစ်ပေါင်း တစ်ရာကျော်လောက် ဒုက္ခပေးခဲ့တဲ့ အတွင်းစိတ်မိစ္ဆာဆိုးက ပျောက်ကွယ်သွားခဲ့ပြီပဲ။ ဟား ဟား ဟား ဟား"
ယန်ရှိုသည် ကျယ်လောင်စွာ ရယ်မောလိုက်မိ၏။ သူသည် အစစ်အမှန် ပျော်ရွှင်ဝမ်းသာလို့ နေ၏။ အသူရာကောင်းကင်စိတ်ဝိညာဉ်မြက်ကို စားသုံးပြီးသည့်နောက်မှာတော့ သူ၏ အတွင်းစိတ်မိစ္ဆာဆိုးကို ဖယ်ရှားရုံ သာမက စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပိုမိုရှင်းသန့်ကာ အားကောင်းလာခဲ့၏။
အနာဂတ်တွင် ဤကဲ့သို့သော အတွင်းစိတ်မိစ္ဆာဆိုးများ ထပ်မံကာ ပေါ်ပေါက်လာရန်မှာ မည်သို့မှ မဖြစ်နိုင် တော့ချေ။
"မထင်မှတ်ထားလောက်အောင်ပဲ။ နှစ်ပေါင်း တစ်ထောင်လောက် ကြာပြီးတဲ့နောက်မှာ ပြိုင်ဘက်တွေ၊ ပါရမီရှင်တွေ အကုန်လုံးက အပြင်းအထန် ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတော်စင်အဆင့်ဆီသို့ ရောက်ရှိသွားနိုင်ဖို့ ငါက ခြေလှမ်း လှမ်းနိုင်ခဲ့ပြီ"
ဟား ဟား ဟား ဟား ....။
ယန်ရှိုသည် အမှန်ပင် ပျော်ရွှင်လျက် ရှိနေ၏။ လေထဲတွင် ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာ၏။ ဤကျောက်စိမ်းပြားအရဆိုလျှင် ဤနေရာတွင် သတ်ဖြတ်ခြင်းအစီအရင် နှစ်ခုရှိ၏။ ထိုအစီအရင်ကို ချိုးဖြတ်ပြီး သည့်နောက် သူသည် အသူရာကောင်းကင်မြက်ကို ရရှိခဲ့၏။ နောက်ထပ် အစီအရင်ကို ချိုးဖြတ်ပြီးသည့်နောက် သူတော်စင်ဖြစ်ရန် အခွင့်အရေးကို ရရှိပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တကယ့်ကို ဂုဏ်သိက္ခာကြီးမားလှသူ တစ်ယောက်ဖြစ်၏။ သူ့ကို မလိမ်ညာခဲ့ပေ။ ယန်ရှိုသည် ကျောက်စိမ်းပြားကို အသာဆုပ်ကိုင်ပြီးသည့်နောက် နှာခေါင်းရှုံ့ကာ တွေးတော လိုက်သည်။ "သူတော်စင် ဖြစ်သွားပြီဆိုရင် ငါ ကျိန်းသေပေါက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းချုပ်နေရာကို ယူရမယ်"
နတ်ဆိုးလမ်းစဉ်နှင့် လမ်းမှန်လမ်းစဉ်တို့အကြား ကွာခြားချက်က တည်ရှိလို့နေ၏။ ထိုသို့သော ကွာခြားချက်များ ရှိသည်ဆိုသော်လည်း စည်းမျဉ်းစည်းကမ်း တစ်ခုတည်းသာ ရှိသည်။ ထိုအရာသည် အားအင်အဆင့်ပင်။ လုံလောက်သည့် အားအင်ကို ပိုင်ဆိုင်သည်ဆိုပါက မိမိလိုချင်တာကို ရနိုင်စွမ်းရှိ၏။
လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် လူများသည် ဂိုဏ်းချုပ်နေရာကို ရရှိဖို့ဆိုသည်မှာ ကိစ္စမရှိလှချေ။ လုံလောက်သော အားအင်အဆင့်သာ မရှိပါက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေသည်ဆိုလျှင်တောင်မှ ငြိမ်ငြိမ်သက်သက် နေနိုင်လိမ့်မည် မဟုတ်ချေ။ ဟိုလူ့၏ ခြေထောက်ကို လျှာနှင့်ယက်၊ ဒီလူ၏ခြေထောက်ကို လျှာနှင့်ယက်ဖြင့် ဘဝတစ်ခုလုံး ဖြတ်သန်းသွားရပေလိမ့်မည်။
"အင်း... နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ရန်ငြှိုးဟောင်းတွေ ဖြေရှင်းရတော့မှာပဲ။ ရန်ကြွေးဟောင်းနဲ့ ရန်ကြွေးသစ်တွေ အကုန်လုံးကို အနာဂတ်မှာ စုပြုံပြီး ရှင်းရမယ်"
ယန်ရှိုသည် တီးတိုးရေရွတ်လိုက်၏။
အတိတ်တုန်းက ရမ်ချင်းတုသည် သူ၏နောက်သို့ လိုက်ပါကာ တိုက်ခိုက်ခဲ့ဖူး၏။ သူသည်သာ ကံကောင်းခဲ့သည် မဟုတ်ပါက တစ်ဖက်လူ၏ လက်ထဲတွင် သေဆုံးသွားမှာ သေချာသည်။ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့် ပြီးသည့်နောက် သူ၏တပည့်သည် ရမ်ချင်းတု တပည့်၏ လက်ထဲတွင် သေဆုံးခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင် ဖြစ်တည်ခဲ့သည့် ရန်ငြိုးနှင့် အမုန်းတရားများသည် ပိုမိုကာ ကြီးထွားလာခဲ့၏။ အလုံးစုံ ငြိမ်းချမ်းရေးဖြင့် ဖြေရှင်း၍ ရနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။ သူ သူတော်စင်အဆင့်သို့ ရောက်ရှိ ပြီးသည့်နောက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းချုပ်၏ နေရာတွင် ထိုင်လိုက်ပြီးဆိုတာနှင့် ရမ်ချင်းတုကို မျက်နှာချင်းဆိုင် ကြည့်ကာဖြင့် အော်ဟစ်လှောင်ပြောင် တိုက်ခိုက်သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ချက် ချလိုက်၏။