← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

“အမ်” သတ်ဖြတ်ခြင်းအစီအရင်ကြီးသည် ရမ်ချင်းတု၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ၎င်းသည် လေဟာနယ်ထဲတွင် မတ်တပ်ရပ်ပြီးသည့်နောက် အောက်ကို ငုံ့ကြည့်လိုက်သည်။ သူနှင် မနီးမဝေးနေရာတွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရှိုသည် မြေပြင်ပေါ်တွင် မတ်မတ်ရပ်ကာဖြင့် စဉ်းစားတွေးတောလျက်ရှိသည်။

သူ၏ လက်တစ်ဖက်တွင် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားခဲ့ပြီး အစီအရင်ကို နောက်ထပ် လက်တစ်ဖက်ဖြင့် ထိကာ တစ်ယောက်တည်း တီးတိုးရေရွတ်နေ၏။ ကြည့်ရသည်မှာ ဤသတ်ဖြတ်ခြင်း အစီအရင်ကြီးကို သေသေချာချာ လေ့လာနေပုံပေါက်၏။

ယန်ရှို၏ အော်ရာများကို သုံးသပ်ကြည့်သည့်အချိန်မှာတော့ နတ်အဆင့် ထိပ်ဆုံးအဆင့်၌ ရှိနေသေးကြောင်း ရမ်ချင်းတုက သတိပြုမိ၏။ သူတော်စင်အဆင့်ဆီသို့ လှမ်းတက်ရန် မဖြစ်နိုင်သေးချေ။။

“ဒါ ငါ့အတွက် ကံကောင်းခြင်းတစ်ခုလား”

ရမ်ချင်းတု၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူ၏ စိတ်တစ်ခုလုံးသည် ပိုမိုကာ တက်ကြွလာခဲ့၏။

ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် ယန်ရှိုသည် သူတော်စင်ဖြစ်ရန် အခွင့်အရေးကို အရင်ဆုံး ရရှိခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာကို မဆုပ်ကိုင်နိုင်သေးချေ။ ထိုအစား အစီအရင်ထဲတွင် သက်တောင့် သက်သာဖြင့် လှည့်လည်ကာ သွားလာလေ့လာလျက် ရှိနေသည်။

လေ့လာ သုတေသန ပြုလုပ်မှုကို ပိုမိုကာ စိတ်အား ထက်သန်သည်ဆိုမှတော့ သူ့အား အပြစ်တင်ရန် မသင့်တော့ချေ။

ရမ်ချင်းတုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထွက်ပေါ်လျက်ရှိသည့် အော်ရာများအားလုံးကို ဖိနှိပ်ပြီးသည့်နောက် ယန်ရှိုကို ကွေ့ပတ်ရှောင်ရှားကာဖြင့် ခပ်ဝေးဝေး တည်နေရာဆီမှ ကျော်ဖြတ်သွားခဲ့၏။

သတ်ဖြတ်ခြင်းအစီအရင်ထဲမှာတော့ သူသည် ယန်ရှိုကို ဝင်ရောက်တိုက်ခိုက်ရန် အစီအစဉ် မရှိချေ။ တိုက်ခိုက်သည် ဆိုပါက နှစ်ယောက်စလုံး သေပွဲဝင်သွားနိုင်၏။ သတ်ဖြတ်ခြင်း အစီအရင်ဆိုသည်မှာ မိတ်ဆွေ၊ ရန်သူဟူ၍ ခွဲခြားနေလိမ့်မည် မဟုတ်ချေ။ ဝင်လာသမျှ အရာအားလုံးကို ပျက်စီးမှုအပေါ် မူတည်ပြီး ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်မှာ သေချာသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက် ရမ်ချင်းတုသည် အစီအရင်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်၏။ သူ၏ အရှေ့ဘက် တွင်တော့ တောင်ထွတ်တစ်ခုက တည်ရှိနေသည်။ တောင်ထွတ်ပေါ်တွင် ကြီးမားလှသည့် အလင်းတန်းကြီး တစ်ခုက ဖြစ်တည်လျက် ရှိနေ၏။

ထိုအရာကြီးသည် ခြစ်ခြစ်တောက် ပူလောင်လျက်ရှိသည့် နေတစ်စင်းကဲ့သို့ပင် ဖြစ်လျက်ရှိပြီး ရောင်စဉ်ကဲ့သို့သော အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေ၏။ သူတော်စင်တစ်ယောက်၏ အော်ရာများသည် ထိုနေရာဆီမှ ထွက်ပေါ်နေလေသည်။

“သူတော်စင်ရဲ့ အမွေအနှစ်လား”

ရမ်ချင်းတု၏ မျက်လုံးများသည် တောက်ပသွား၏။ အဝေး တစ်နေရာတွင် တည်ရှိနေသည်ဆိုလျှင်တောင်မှ သူ၏ ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသည့် ကျင့်ကြံခြင်းများသည် တဖြည်းဖြည်း အားလျော့လာခဲ့၏။ ထိုအလင်းတန်းများနှင့်သာ ပေါင်းစပ်နိုင်မည်ဆိုပါက ကျိန်းသေပေါက် သူတော်စင် အဆင့်ဆီသို့ လှမ်းဝင်နိုင်မှာ သေချာ၏။

ဆွစ် ....။

ရမ်ချင်းတုသည် ချက်ချင်းပဲ လှုပ်ရှားလိုက်၏။ သူ၏ ပုံပန်းသွင်ပြင်သည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း ကာဖြင့် တောင်၏ထိပ် တည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။ တောင်ထိပ်ပေါ်တွင် ရပ်တန့်ပြီးသည့်နောက် သူတော်စင်၏ အမွေအနှစ်ကို ခံစားနေမိသည်။

ရမ်ချင်းတု၏ အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ နတ်အဆင့်ထိပ်ဆုံးတွင် ပိတ်မိလျက်ရှိနေသည့် အခြေအနေသည် တဖြည်းဖြည်း လျော့ကျလာခဲ့၏။ အနည်းငယ်လောက် အားစိုက်လိုက်သည်နှင့် အဆင့် ချိုးဖြတ်နိုင်တော့မည့်ပုံပင်။

“အင်း.. ဒါ အချိန်ကောင်း မဟုတ်သေးဘူး”

ရမ်ချင်းတုသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ သတ်ဖြတ်ခြင်းအစီအရင် တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် ယန်ရှိုသည် အချိန်မရွေး ထိုနေရာဆီမှ ထွက်လာနိုင်သည်ကို သူက နားလည်သည်။

ယန်ရှိုသည်သာ ထိုတည်နေရာဆီသို့ ထွက်လာပြီး သူ အဆင့်ချိုးဖြတ်နေသည်ကို မြင်သည်ဆိုပါက ကျိန်းသေပေါက် မမျှော်လင့်ထားသည့် ဖြစ်ရပ်မျိုးကို ကြုံဆုံရတော့မှာဖြစ်၏။

တော်ဝင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာ ကြီးမားလှသော ဂိုဏ်းချုပ်တစ်ယောက်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲတစ်ယောက်၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်ဆိုသော သတင်းသာ ပေါက်ကြားသွားသည်ဆိုပါက တော်ဝင်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာအကုန်လုံး ကျဆင်းသွားပေလိမ့်မည်။

သေသေချာချာ တွေးတော စဉ်းစားပြိးသည့်နောက် ရမ်ချင်းတုသည် သူ၏သိုလှောင်လက်စွပ်ထဲမှ အစီအရင် တစ်ခုကို ထုတ်ယူလိုက်၏။ သူတို့ဂိုဏ်းမှ အစီအရင်ဆရာများ ဖန်တီးထားသည့် အစီအရင် တစ်ခုဖြစ်သည်မို့ သူသည် ချက်ချင်းဆိုသလိုပဲ ထိုအစီအရင်ကို အသက်သွင်းလိုက်၏။ အလယ်အလတ်တန်းစား အရွယ်အစားရှိသည့် အစီအရင်တစ်ခုသည် အသက်ဝင်လာခဲ့၏။

အကျိုးသက်ရောက်မှုအရ ပြောရမည်ဆိုလျှင် စွမ်းအင်များ ပေါင်းစပ်ထည့်သွင်းပေးရမှုမှာတော့ အလွန်ပင် များပြားလွန်းလှ၏။ သို့ပေမဲ့ တောင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး ယန်ရှိုကို အချိန်အတိုင်းအတာ တစ်ခုအထိ တားဆီးထားနိုင်မည် ဆိုပါက သူ့၌ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားရမည် ဆိုလျှင်တောင် ကိစ္စမရှိချေ။

ရမ်ချင်းတုသည် အစီအရင်၏ လုံခြုံမှုကို စစ်ဆေးပြီးသည့်နောက် တောက်ပလှသည့် အလင်းရောင်ကြားတွင် ခြေချိတ်ကာ ထိုင်ချလိုက်၏။ ပြီးနောက် သူသည် ကျင့်ကြံလျက်ရှိနေလေ၏။

သူ၏ခေါင်းအထက်တွင် အလင်းတန်း များသည် လွင့်မျောလျက် ရှိနေပြီး ရောင်စဉ်ရောင်ဝါတန်းများ အားလုံးတို့သည် သူ၏ ခန္ဓာကိုယ်၊ ဒန်ထျန်၊ ရိုးတွင်းခြင်ဆီထဲသို့ ဝင်ရောက်လျက် ရှိနေ၏။ ရောင်စဉ်တန်းများ ကျဆင်းလာပြီး ရမ်ချင်းတု၏ အော်ရာများသည် ပိုမိုကာ လေးနက်လာခဲ့သည်။

..........

အချိန်ခဏလောက် ကြာပြီးသည့်နောက် အစီအရင်ကြီးကို အချိန်အတော်ကြာ လေ့လာပြီးဖြစ်သော ယန်ရှိုသည် အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။ ၎င်းသည် တကယ်ပင် စိတ်ကျေနပ်လျက်ရှိ၏။

“အင်း..”

ယန်ရှိုသည် အသာသက်ပြင်းချလိုက်သည်။ “တကယ့်ကို သူတော်စင်တစ်ယောက် ဖန်တီးထားတဲ့ အစီအရင် ပီသပါပေတယ်။ ငါ့ရဲ့ နတ်အဆင့်ထိပ်ဆုံး ကျင့်ကြံခြင်းနဲ့တောင်မှ အပြည့်အဝ နားမလည်နိုင်ခဲ့ဘူး။ ဒီအရာကြီးကို ဖြုတ်ယူသွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလိုပဲ”

“ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်သာ ဘေးတစ်ဖက်ကနေပြီး ငါ့ကို ကူညီလမ်းပြ မပေးဘူးဆိုရင် ဒီအစီအရင်ထဲက ထွက်ဖို့ ငါ့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်နဲ့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး”

အစီအရင်ကို နောက်သို့လှည့်ကြည့်ပြီးသည့်နောက် ယန်ရှိုသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ၎င်း၏ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အစီအရင်နှင့် ပတ်သက်သည့် လမ်းစဉ်တွင် တကယ်ပင် ကျွမ်းကျင်လှသည်ဟု ပြောရမည်။

လက်ရွေးစင်တပည့်ဖြစ်သော သူ၏တပည့် တုချန်ရှန်း ပင်လျှင် နတ်ဆိုးငါးပါးကောင်းကင်ဝါးမြိုခြင်း အစီအရင်ကို ရိုးရှင်းသည့် အသွင်အပြင်ဖြင့် ချက်ချင်းဖန်တီး တည်ဆောက်နိုင်စွမ်းရှိ၏။

ထို့ကြောင့် သူ့ကဲ့သို့သော အကြီးအကဲ တစ်ယောက်၏ အစီအရင်နှင့် ပတ်သက်သည့် နားလည်မှုသည် အလွန်နက်နဲနေမည် ဆိုသည်မှာ ထုတ်ဖော်ပြသ ကြွားဝါနေစရာပင် မလိုအပ်ချေ။ သို့ပေမဲ့ ထိုသို့ဆိုလျှင်တောင်မှ သူသည် ယခု ရှေးအစီအရင်ကြီး၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို မြင်အောင် မကြည့်နိုင်ခဲ့ချေ။

“ကြည့်ရတာ ဒီနတ်ဆိုးသူတော်စင်က ငါနဲ့ရေစက်ပါပုံ ရတယ်။ သူ့ရဲ့အမွေအနှစ်တွေကို ငါ့အတွက် ချန်ထား သလားတောင် မှတ်ရတယ်။ ငါသူတော်စင် ဖြစ်ပြီးလို့ရှိရင် အစီအရင်နဲ့ ပတ်သက်တဲ့ ငါ့ရဲ့လမ်းစဉ်က ပိုပြီး တိုးတက်သွားမှာပဲ” ယန်ရှိုသည် တွေးလိုက်မိ၏။

ဤကဲ့သို့သော အစီအရင်မျိုးကို ဖန်တီးနိုင်သည့်လူသည် ဘဝတစ်သက်တာတွင် အစီအရင် ကျွမ်းကျင်သူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ အစီအရင် ချမှတ်သည့် နည်းစနစ်ကို သေသေချာချာ လေ့လာကြည့်လိုက်ရုံဖြင့် ယန်ရှိုသည် တကယ့်ကို နက်နဲလှသည့် ကမ္မရေစက် ရှိသလိုပင် ခံစားနေမိသည်။

“အင်း... ဒီသူတော်စင်က ရှေးကတည်းက နေထိုင်နေခဲ့တာဖြစ်မယ်။ အခု နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လမ်းညွှန်မှုနဲ့အတူ ငါ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီ။ ဒါ ငါ့ရဲ့ ကံကြမ္မာ ရေစက်ပဲ”

ယန်ရှိုသည် ဤတည်နေရာဆီသို့ ရောက်ရှိရန်အတွက် ကံကြမ္မာရေစက်က သူ့ကို သေသေချာချာ ဖန်တီး ပေးသလားဟုပင် တွေးတောလျက်ရှိသည်။ အရာအားလုံး ပေါင်းစပ်ပြီးသည့်နောက် ယနေ့အချိန်တွင် သူတော်စင် တစ်ယောက် ဖြစ်ရပေတော့မည်။

အသာလှည့်ပြီးသည့်နောက် ယန်ရှိုသည် အဝေးတစ်နေရာကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုနေရာတွင် တောင်ထွတ်ကဲ့သို့ တည်နေရာလေးတစ်ခု ရှိနေ၏။ ထိုအရာသည် ပေတစ်ထောင်နီးပါးခန့်ပင် မြင့်လေ၏။

တောင်၏ထိပ်တွင်တော့ တိမ်များ၊ မြူများ ရစ်သိုင်းလျက်ရှိနေပြီး ကမ္ဘာခြားမှ နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။ တောင်ထွတ်၏ အပေါ်တဝက်လောက်သည် ထူထဲလွန်းလှသော မြူများ ရစ်သိုင်းလျက်ရှိနေသည်။

“အမ်”

ထိုမြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ယန်ရှို၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု ခိုတွဲလာခဲ့၏။ “ဒီလိုမျိုး ဖုံးကွယ်ထားတဲ့ နတ်ဘုံနတ်နန်းတစ်ခုက ထပ်ရှိနေလိမ့်မယ်လို့ ငါမထင်မိဘူးပဲ”

သူသည် တောင်ခြေဆီမှ အပေါ်သို့ တစ်လှမ်းချင်း လှမ်းတက်လိုက်သည်။ ပြီးသည့်နောက် ထူထဲလွန်းလှသော မြူများတည်နေရာ ရှိရာသို့ ရောက်ရှိလာသည်။

လက်ကို အသာယမ်းခါပြီးသည့်နောက် ချက်ချင်းပဲ လက် ပြန်လည်ရုတ်လိုက်မိ၏။ “ဒီမှာ နောက်ထပ် အစီအရင်တစ်ခု ရှိနေတာပဲ။ ထူးဆန်းလိုက်တာ။ ဒီအစီအရင်က အပြင်ဘက်က နှစ်ခုထက် ဘာလို့ အားနည်း နေရတာလဲ။ ဖြစ်နိုင်တာက။ သက်ဖြတ်ခြင်းအစီအရင်နှစ်ခုက မလုံလောက်သေးဘူးထင်လို့ သူတော်စင်က ငါ စမ်းသပ်လေ့လာနိုင်ဖို့ ဖန်တီးပေးထားတာများလား”

All Chapters