အခန်း (၂၈)
Vol. 2 Ch. 28
ယန်ရှိုသည် သံသယအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ သူ၏လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခု ပေါ်လာ၏။ သူ၏ နတ်ဘုရားအသိမြင်များနှင့် ပေါင်းစပ်ပြီးသည့်နောက် အထဲတွင် ပါဝင်နေသည့် အကြောင်းအရာများကို သေသေချာချာ သုံးသပ်ကြည့်ရှုလိုက်၏။ ခဏလောက် ကြာပြီးသည့်နောက် သူ၏ နတ်ဘုရား အသိမြင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။
သူ၏ဇဝေဇဝါ ဖြစ်နေမှုများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
"စီနီယာက ဒီအစီအရင် ရှိနေတာကို မပြောဘူးဆိုတာက ဒီအစီအရင်လောက်က ငါ့ကို မတားဆီးနိုင်ဘူးဆိုတာ ကြိုသိနေတာလည်း ဖြစ်နိုင်တာပဲ" ယန်ရှိုသည် တီးတိုးရေရွတ်လိုက်မိ၏။
ခဏလောက် ကြာပြီးသည့်နောက် သူသည် ဤအစီအရင်နှင့် ပတ်သက်၍ အလုံးစုံ သေချာသိသွား၏။ နတ်အဆင့် စွမ်းအားများသာ ရှိနေပြီး သူ့ကို ခဏလောက်သာ ပိတ်လှောင်နိုင်စွမ်းရှိ၏။ သူသည်သာ စိတ်ဆန္ဒရှိပါက ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကို သုံးပြီး ဖျက်စီးပစ်နိုင်စွမ်း ရှိလို့နေ၏။ သို့ပေမဲ့ သူတော်စင်တစ်ယောက် ချန်ထားခဲ့သော စမ်းသပ်မှုတစ်ခု ဖြစ်နေသောကြောင့် မိုက်မိုက်ရိုင်းရိုင်း ဖျက်ဆီး၍တော့ မဖြစ်ချေ။ ထို့ကြောင့် တွန့်ဆုတ်နေမိသည်။
အစီအရင်ကို ဖျက်ဆီးရသည်မှာ လွယ်ကူလွန်းသည်။ သို့ပေမဲ့ အထဲတွင် ရှိနေသော ဆေးပင်များနှင့် ပန်းပင်များ ပျက်စီးသွားလျှင် ကောင်းသည့်အရာမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ဤနေရာကြီး တစ်ခုလုံးသည် အနာဂတ်၌ သူ၏ ပိုက်နက် ဖြစ်လာမည် မဟုတ်ပါလား။
“ကောင်းပြီ”
ယန်ရှိုသည် ဆုံးဖြတ်ချက်ချလိုက်၏။ "သူတော်စင်က စမ်းသပ်ဖို့ ချန်ထားတာဆိုမှတော့ ကျိန်းသေပေါက် ငါ့ရဲ့စွမ်းရည်တွေကို ထုတ်ပြရတော့မှာပေါ့။ အစီအရင်က နတ်အဆင့် ရှိနေတယ် ဆိုရင်တောင်မှ ကြမ်းကြမ်းတမ်းတမ်း မဖျက်ဆီးဘဲ သေချာ ဖြေရှင်းပြီး ဝင်သွားပြရမယ်”
ဤနေရာတွင် မည်သူမှ မရှိချေ။ ထို့ကြောင့် အလျင်လိုစရာ မလိုအပ်ချေ။
ယန်ရှိုအနေဖြင့် ဤသူတော်စင်သတ်ဖြတ်ခြင်း အစီအရင်ကို သေသေချာချာ လေ့လာခဲ့ပြီး ဖြစ်၏။ ယခုသူ၏ စွမ်းဆောင်ရည်ကို ထုတ်ပြရတော့မည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မထင်မှတ်ထားစွာပင် နတ်အဆင့် အစီအရင်တစ်ခုအား ပေးအပ်ပြီး သူ၏ လုပ်ဆောင်နိုင်စွမ်းကို လာရောက်စမ်းသပ်နေလေသည်။ ထို့ကြောင့်သူ၏ လေ့လာထားမှုများကို အသုံးပြုကာဖြင့် ဤအစီအရင်ကို ဖြေရှင်းရန် ကြိုးစားရပေလိမ့်မည်။
အစီအရင်ဆီသို့ လှမ်းလျှောက် ဝင်လာပြီးနောက် သူ၏နတ်ဘုရားအသိစိတ်သည် ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ ခပ်ဝေးဝေးဆီသို့ လှမ်းမျှော် ကြည့်ရှုနိုင်စွမ်း မရှိတော့ချေ။
"စိတ်ဝင်စားစရာပဲ"
ယန်ရှိုသည် အစီအရင်ဖန်တီးထားသည့် နည်းလမ်းနှင့် ပတ်သက်၍ ခေါင်းညိတ်ကာ အတည်ပြုလိုက်မိ၏။ တကယ့်ကို စမ်းသပ်မှု တစ်ခုပင်။
ရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးသည့်နောက် လေများတိုက်ခတ်နေသော အသံနှင့်အတူ ဓားအလင်းတန်းတစ်ခု က လာရောက် တိုက်ခိုက်လေသည်။ ယန်ရှိုသည် ထိုဓားတိုက်ခိုက်ချက်အား လက်တစ်ချက် ဝေ့ယမ်းကာဖြင့် ဖျက်ဆီးလိုက်သည်။
"ဒီအစီအရင်က … "
ယန်ရှို၏ မျက်လုံးထဲတွင် ဇဝေဇဝါ အရိပ်အယောင် များနှင့် ပြည့်နှက်လာခဲ့၏။ သူသည် ခြေထောက်အောက်တွင် ရှိနေသော မြေပြင်ကို သေသေချာချာ ကြည့်ရှုလိုက်သည်။ အစီအရင်ထဲတွင် သီးသန့် လောကကြီး တစ်ခု ပုန်းအောင်းနေသကဲ့သို့ပင်။
"ထူးဆန်းလိုက်တာ "
ဤအစီအရင်သည် လက်ရှိခေတ်၏ အစီအရင်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း ထင်ပေါ်လျက် ရှိနေ၏။ အဘယ့်ကြောင့် ရှေးတည်နေရာကြီးတွင် လက်ရှိ အစီအရင်ကြီးတစ်ခုက တည်ရှိနေရသနည်း။
ယန်ရှို၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွား၏။ သူသည် တီးတိုးရေရွတ်လိုက်၏။ "ဒီနေရာရဲ့ ပိုင်ရှင်က အစီအရင်နဲ့ ပတ်သက်ရင် စွန့်ဦးတီထွင်သူတောင် ဖြစ်နေတာလား"
ရှေးအစီအရင်များသာမက ယခုခေတ်၏ အစီအရင်များကိုပါ ဖန်တီး တည်ဆောက်ထားနိုင်သည့် ရှေးခေတ်ကျင့်ကြံသူ တစ်ယောက်အား တကယ့်ကိုပင် ပါရမီထူးချွန်လှသူ ဟု သတ်မှတ်ရပေလိမ့်မည်။
ဤသတင်းသာ ပေါက်ကြားသွားပါက အစီအရင်နှင့် ပတ်သက်၍ လေ့လာနေသူများသည် အင်တိုက်အားတိုက်ဖြင့် လာရောက် လေ့လာကြတော့မှာ သေချာ၏။ လက်ရှိခေတ်တွင် အသုံးပြုနေသော အစီအရင် ဖန်တီးခြင်း နည်းလမ်းများကို ရှေးနှစ်ပေါင်းများစွာတည်းက ကြိုတင် သိရှိနားလည် ဖန်တီးထားနိုင်ခြင်း ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့် ပါရမီရှင်ပင်။
ယန်ရှိုသည် သေသေချာချာ သုံးသပ်ကြည့်နေရင်းမှာပဲ ပိုမိုကာ အံ့အားတသင့် ဖြစ်လာခဲ့၏။
သူ၏ မျက်စိနှင့်သာ မမြင်ရပါက ယုံနိုင်လိမ့်မည် မဟုတ်ချေ။ လောကကြီးထဲတွင် ရှေးအစီအရင်နှင့် ယခုအစီအရင်ကိုပါ ဖန်တီးနိုင်စွမ်းရှိသော ရှေးခေတ် ကျင့်ကြံသူတစ်ယောက်၏ တည်နေရာထဲသို့ ရောက်ရှိနေရသည်ကိုပင် မယုံကြည်သလို ခံစားနေမိသည်။
"မယုံကြည်နိုင်စရာပဲ။ တကယ်လို့ ဒီနေရာကိုသာ ဘယ်သူမှ မရောက်ခဲ့ဖူး ဆိုတာသာ ငါကြိုသိမထားရင် အပြင်လူတွေ ဖန်တီးထားတယ်လို့တောင် ထင်ချင်စရာပဲ" ယန်ရှိုသည် သေသေချာချာ လေ့လာ သုံးသပ်နေမိ၏။
အစီအရင်ထဲသို့ လှမ်းဝင်ပြီးသည့်နောက် သူတော်စင်တစ်ယောက်၏ စွမ်းအင် ချည်မျှင်တစ်ခုသည် အစီအရင် ထဲတွင် လှည့်လည် သွားလာနေကြောင်း သူ ခံစားလိုက်မိသည်။
“ဟမ် ….”
ထိုစွမ်းအင်များကို အာရုံခံမိချိန်မှာတော့ ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံး သည် တောက်ပသွားခဲ့၏။ “အစီအရင် ထဲကစမ်းသပ်မှု တစ်ခုများလား”
ဤနေရာဆီမှပင် သူတော်စင်၏ စွမ်းအင်များကို သူ အာရုံခံ မိနေသည်။ ကြည့်ရသည်မှာ သူတော်စင်ချန်ခဲ့သော အမွေအနှစ်သည် သာမန်ထက် ပိုပုံပေါ်၏။ ထို့ကြောင့်ပင်လျှင် အစီအရင်ကို ချိုးဖျက်ကာ သူတော်စင် အော်ရာများကို ခံစားမိနေခြင်းပင် ဖြစ်ပေလိမ့်မည်။ သူတော်စင်သာ အသက်ရှင်လျက် ရှိနေလျှင် တကယ့်ကို ချီးကျူး ဂုဏ်ပြုရလောက်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေလိမ့်မည်။
သူတော်စင်အဆင့်ဆီသို့ ချိုးဖျက်ချင်သည့် သူ၏ စိတ်ဆန္ဒများအကြောင်း စဉ်းစားမိသည့်နောက် ယန်ရှိုသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူတော်စင် စွမ်းအင်များသည် ပိုမို တိုးလာခဲ့ပြီး ကြီးမားသည့် ဖိအားများ ဖြစ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးပင်လျှင် တင်းကျပ်လာခဲ့၏။
"ဒီသူတော်စင်က အသက်ရှင်နေသေးတာလား" ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်မိ၏။
ဤကဲ့သို့သော ဖိအားသည် ဖော်ပြ၍မရအောင် အားကောင်းလွန်းလှပြီး ဆက်တိုက်လည်း တိုးတက်လျက် ရှိနေသေးသည်။ သူတော်စင်သည်သာ အသက်ရှင်လျက် ရှိနေသေးသည် ဆိုလျှင် များများစားစား တွေးတောစရာ မလိုအပ်သော်လည်း သေဆုံးပြီးနောက်တွင်တောင်မှ ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင်ကို ထုတ်ဖော်ထားနိုင်သည်။ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သနည်း။
အစီအရင်၏ ရှေ့ဆီသို့ လှမ်းတက်သွားပြီးသည့်နောက် ယန်ရှိုသည် သူတော်စင်၏ စွမ်းအင်များသာမက ဓားဆန္ဒများကိုပါ အာရုံခံမိနေ၏။ အော်ရာများသည် ထက်ရှလွန်းလှ၏။ အနီးနားသို့ တိုးကပ်လာလေ သူ့အား နတ်ဘုရားဓားဖြင့် ချိန်ရွယ်ထားသည်ဟု ခံစားရလေ ဖြစ်လာသည်။
"သန့်စင်တဲ့ ဓားဆန္ဒတွေပဲ" ယန်ရှိုသည် အံ့အားသင့်လို့နေခဲ့၏။
သူသည် ရှေးသူတော်စင်၏ အကြောင်းကို ကောင်းကောင်း နားလည်ပြီးသားဟု မိမိကိုယ်ကိုယ် ထင်မှတ်ခဲ့သည်။ တကယ်တော့ ထိုသို့ ဟုတ်ပုံမပေါ်ချေ။ ရှေးသူတော်စင်သည် အစီအရင်ကို တဖက်ကမ်းခတ် ကျွမ်းကျင်လွန်းသည် သာမက ဓားကျင့်ကြံသူတစ်ယောက်လည်း ဖြစ်လို့နေပုံပင်။
"အစီအရင်ကို နားလည်တဲ့ သူတော်စင်၊ ပြီးတော့ ဓားလမ်းစဉ်ကိုပါ နားလည်တဲ့ သူတော်စင် ….. နှစ်ခုလုံးမှာ သူတော်စင်ဖြစ်ထားတယ်ဆိုတော့ ခန့်မှန်းလို့မရတဲ့ ပါရမီကို ပိုင်ဆိုင်သူပဲ ဖြစ်ရမယ်။ သူတော်စင်တွေ အတွက် လမ်းစဉ်တစ်ခုတည်း လျှောက်ရင်တောင်မှ အရမ်းခက်ခဲတာကို။ ဒီစီနီယာက လမ်းစဉ် နှစ်ခုလုံးမှာ ထူးချွန်နေတယ်။ သူတော်စင်ရော ဟုတ်ရဲ့လား။ အင်ပါယာ ဒါမှမဟုတ် ကွာစီ အင်ပါယာ ဖြစ်နေမလား … နေအုံး”
ယန်ရှိုသည် တစ်စုံတစ်ခုကို တွေးမိလိုက်၏။ ထို့နောက် ဓားဆန္ဒများကို သေသေချာချာ အာရုံခံလိုက်၏။ သူသည် တီးတိုးရေရွတ်လိုက်မိ၏။ "ဒီဓားဆန္ဒအမျိုးအစားကို ငါတော် ရင်းနှီးနေပုံပေါ်တယ်။ အရင်တုန်းက ကြုံခဲ့ဖူးတာ လား"
ယန်ရှိုသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည် "တော် ဝင်ဓားဂိုဏ်းလား"
ထိုသို့ ပြောလိုက်ချိန်မှာပဲ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ပေတစ်ထောင် ပတ်လည် အတွင်း ကြီးမားလှသော ဓားကြီးတစ်စင်း ဖြစ်တည်လာပြီး လေဟာနယ်ကိုသာမက အစီအရင်ကိုပါ ထိုးခွင်းသွားသည်။ ထိုဓားချက်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လောကတစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။
ရွှီး …။
ဓားခုတ်ပိုင်းသံသည် ကောင်းကင်ယံ တစ်ခုလုံး၌ ပဲ့တင်နေ၏။ ပိုင်တုရန် တောင်ကြားကို ဗဟိုပြု၍ မိုင်သန်းချီအတွင်း ဓားပေါင်းများစွာတို့၏ အသံသည် အော်မြည်လာခဲ့သည်။ ၎င်းတို့သည် ဓားသူတော်စင် တစ်ယောက် မွေးဖွားလာခြင်းအား ကောင်းချီးပေးနေသကဲ့သို့ပင်။