အခန်း (၂၉)
Vol. 3 Ch. 29
ကျင့်ကြံခြင်းအဆင့်များ …..
၁) ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်
၂) အသက်စွမ်းအင်
၃) စိတ်ဝိညာဉ်သဟဇာတ
၄) သွေးကြောဆက်သွယ်ခြင်း
၅) နတ်ဘုရားစွမ်းအင်
၆) နိဗ္ဗာန
၇) ကောင်းကင်အသွင်ပြောင်းခြင်း
၈) ကောင်းကင်သဘာဝ
၉) နတ်အဆင့် (ကောင်းကင်မူလ)
၁၀) သူတော်စင်
၁၁) သူတော်စင် ဘုရင်
၁၂) တော်ဝင် သူတော်စင်
၁၃) ကွာစီ အင်ပါယာ
၁၄) တော်ဝင် အင်ပါယာ
…………
သေးငယ်လှသော လှိုဏ်ဂူငယ်လေးအတွင်းမှာတော့ ….
ပတ်ဝန်းကျင်တစ်ခုလုံး ဓားရောင်စဉ်များနှင့် တောက်ပလျက်ရှိနေသည်။ ရှေးကျပြီး ရိုးရှင်းလွန်းလှသည့် ဓားတစ်စင်းသည် အလွန်အားကောင်းလှသော နတ်ဘုရားစွမ်းအင်များကို ထုတ်ဖော်ကာဖြင့် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။ ခန့်မှန်း၍မရအောင် ကြီးကျယ်လွန်းလှသော ဓားဆန္ဒများသည် ဖွဲ့တည်လျက်ရှိသည်။
ထိုဓားအော်ရာများသည် တိမ်များ၏ အထက်သို့ပင် တက်လှမ်းသွားပြီး ကြီးမားလွန်းသော ပတ်ဝန်းကျင် ပြောင်းလဲမှုကြီးကို ဖြစ်တည်စေခဲ့၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့နေပြီး ဓားရှည်ကြီးတစ်ချောင်း သည်ကသာ အရောင်အဝါများ ထွန်းလင်းနေ၏။
"ချီးတဲ့မှ"
တောင်ခြေတစ်နေရာတွင် ရှိနေသော ယန်ရှိုသည် ကောင်းကင်ကို မော့ကြည့်ပြီးနောက် ကြောင်အအ ဖြစ်လို့နေ မိသည်။ "တော်ဝင်ဓားဂိုဏ်းရဲ့ ရမ်ချင်းတု က ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
ယန်ရှိုသည် ရူးသွပ်လုမတတ်ပင်ဖြစ်လို့နေသည်။ သူသည် သူတော်စင်ဖြစ်ခါနီး အခြေအနေသို့ ရောက်ရှိခဲ့၏။ အဘယ့်ကြောင့် အခြားတစ်ယောက်သည် သူထက်အရင်ရောက်ပြီး သူတော်စင် ဖြစ်သွားရသနည်း။ ဖြစ်နိုင်သည်မှာ ……။
တောင်၏ ထိပ်တွင် ရှိနေသော အစီအရင်တစ်ခုလုံးကို ကြည့်ရှုပြီးနောက် ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားခဲ့၏။ သူသည် ဒေါသများ တလိမ့်လမ့်နှင့် ဖြစ်တည်နေ၏။ ဖြစ်ခဲ့သမျှကို သူသည် အဘယ့်ကြောင့် နားမလည်မည်နည်း။
ပြောရမည်ဆိုလျှင် ဤအစီအရင်ဆိုသည်မှာ ရှေးသူတော်စင် ချန်ခဲ့သော အရာမဟုတ်ပဲ ရမ်ချင်းတု တမင်တကာ သူ၏လမ်းကို တားဆီးသော အစီအရင်ပင် ဖြစ်လေ၏။ သို့ပေမဲ့ သူသည် ဤအစီအရင်ကို မဖျက်စီးဘဲ ရူးကြောင်ကြောင်ဖြင့် တစ်လှမ်းချင်းဆီ စိန်ပြေနပြေ နှင့် ချိုးဖျက်ရန်သာ စဉ်းစားခဲ့၏။
အစီအရင်ကို ပြင်းပြင်းထန်ထန် ချိုးဖျက်လျှင် ရမ်ချင်းတု သူတော်စင်ဖြစ်မည့် အခြေအနေအား တားဆီးကောင်း တားဆီးနိုင်လိမ့်မည်။ သို့ပေမဲ့ လက်ရှိမှာတော့ အလုံးစုံ နောက်ကျသွားခဲ့၏။ ရမ်ချင်းတုသည် သူတော်စင် ဖြစ်နှင့်ခဲ့ပြီးလေပြီ။
"လျှိုချမ်းရွှယ်"
ယန်ရှိုသည် သူ၏ပါးစပ်မှ နာမည်တစ်ခုကို ခက်ခက်ခက်ခဲခဲနှင့် ထကာ အော်ဟစ်လိုက်မိ၏။ တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိလာရခြင်းမှာ အဘယ့်ကြောင့် ဖြစ်ကြောင်းကို သူသည် မမေ့လျော့ချေ။ ကောင်းကင်လျို့ဝှက် နန်းဆောင်သို့ ရောက်ရှိလာရခြင်းမှာ ထိုအကြောင်းကြောင့်ပင်။
အကြောင်းအရာကို ပြန်ကြည့်ရလျှင် သူ၏တပည့်သည် သေဆုံးသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရမ်ချင်းတု၏ တပည့်ဖြစ်သော လျှိုချမ်းရွှယ်၏ လက်ချက်ကြောင့်ပင်။
ဖြစ်နိုင်သည်မှာ ရမ်ချင်းတု ဤနေရာဆီသို့ ရောက်ရှိလာရခြင်း နှင့် သူတော်စင်ဖြစ်ခွင့် အတားအဆီးကို လုယူခံရခြင်းမှာ လျှိုချမ်းရွှယ်ဟု ခေါ်သော မိန်းကလေးကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဤမိန်းကလေးသည် စီနီယာဆီမှ သတင်းအချက်အလက်များကို ဝယ်ယူရန် ၎င်း၏ဂိုဏ်းချုပ်ကိုပင် တွန်းအားပေးခဲ့သည်လား မသိချေ။
"ငါတွက်ချက်တာ မှားခဲတယ်" ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိ၏။
များပြားလှသော တွက်ချက်မှုများကို ပြူလုပ်ပြီးသည့်နောက် သူသည် လျှိုချမ်းရွှယ်၏ ပါဝင် ပတ်သက်မှုကို မေ့လျော့သွားခဲ့၏။ အစီအရင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် မည်သူမှ မရှိတော့ဘူးအထင်ဖြင့် ကျန်ရှိနေသည့် အစီအရင်များကို အေးအေးဆေးဆေး လေ့လာခဲ့မိသည်။ ထိုအရာသည် သူ၏အမှားပင် ဖြစ်လေသည်။
ယန်ရှိုသည် ပြန်လည် တွေးတောပြီးနောက် နှလုံးသားတစ်ခုလုံး နာကျင်လျက် ရှိနေ၏။
"ရမ်ချင်းတုက သူတော်စင်တစ်ယောက် ဖြစ်လာပြီ။ ငါဒီမှာ ကြာကြာနေလို့ မသင့်တော့ဘူး။ သူသာ ငါ့ကို ရှာတွေ့သွားရင် ….."
ယန်ရှိုသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူ၏နောက်တွင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း တစ်ခုလုံး တည်ရှိနေသည် ဆိုလျှင်တောင်မှ တော်ဝင်ဓားဂိုဏ်းနှင့် သူတို့သည် ရန်ဖက်များ ဖြစ်ကြသည်။
ယခင်တုန်းက သူတို့သည် လက်ရည်ညီလျက် ရှိနေသည်ကို ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် အလုံးစုံ ကွာခြားသွားခဲ့၏။ ရမ်ချင်းတုသည် သူတော်စင်တစ်ယောက် ဖြစ်လာခဲ့၏။ အကြည့်တစ်ချက်ဖြင့် ရန်သူများကို သတ်ဖြတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွား၏။ ရမ်ချင်းတုနှင့် ရင်ဆိုင်ရာတွင် သူ့အနေဖြင့် အနိုင်ရရန် မျှော်လင့်ချက် လုံးဝမရှိချေ။
"နောက်ထပ် သူတော်စင်ဖြစ်ဖို့ လျို့ဝှက်ချက်တစ်ခု ထပ်ဝယ်ရမယ်။ ပြီးတော့ ဒီနေ့ကိစ္စရဲ့ ရန်ကြွေးကို ပြန်ဆပ်ရ မယ်"
ယန်ရှိုသည် ကြိတ်ကာ ဆုံးဖြတ်ချက်ချပြီးနောက် အသာလှည့်ပြန်ခဲ့၏။ ရမ်ချင်းတု တစ်ယောက် သူတော်စင်အဆင့်သို့ ချိုးဖျက်သွားခြင်းသည် ပိုင်လုရန်ေတာင်ကြားအနီးနား တစ်ဝှိုက်တွင်ရှိသော ကျင့်ကြံသူများ အားလုံးကို သတိပြုမိစေခဲ့၏။
ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ
ပိုင်လုရန်တောင်ကြားအနီးတွင် ကြက်သွေးရောင် မီးတောက် နတ်နယ်မြေရှိ၏။ နတ်နယ်မြေအတွင်းမှာတော့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်၊ မျက်ခုံးမွေးများ အကုန်နီနေသော ကျင့်ကြံသူ တစ်ယောက်သည် ပူလောင်လျက် ရှိနေသည့် မြေမျက်နှာပြင်ပေါ်တွင် ရပ်လျက်ရှိနေပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ထား၏။ ၎င်းသည် ပိုင်တုရန်တောင်ကြားရှိရာ တည်နေရာသို့ လှမ်းကြည့်လိုက်၏။
"တော်ဝင်ဓားဂိုဏ်း"
ကြက်သွေးရောင် မီးတောက်နတ်အရှင်သည် တီးတိုးရေရွတ်လိုက်၏။ "ရမ်ချင်းတုလား။ ငါအရင်တုန်းက သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လေ။ မထင်မှတ်ထားပဲ သူက သူတော်စင်အဆင့်ကို ငါ့ထက် ခြေတစ်လှမ်း စောဝင်ခဲ့ပြီပဲ"
ကြက်သွေးရောင် မီးတောက် နတ်အရှင်သည် အကန့်အသတ်မဲ့ များပြားလှသော ဓားဆန္ဒများကို လှမ်းကြည့်ပြီး အံ့အားတသင့် ဖြစ်လို့နေမိသည်။
"ဂိုဏ်းချုပ်တစ်ဦးရဲ့ အဆင့်ချိုးဖက်ခြင်းဆိုတာ ဂိုဏ်းထဲမှာပဲ ဖြစ်ရမှာမဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဂိုဏ်းရဲ့ အပြင်ဖက်မှာ အဆင့်ချိုးဖျက်နေရတာလဲ။ တစ်စုံတစ်ခု ရှိနေတာပဲ ဖြစ်ရမယ်"
တကယ်ကို စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလွန်းလှ၏။ သူတော်စင်တစ်ယောက် အဆင့်ချိုးဖျက်ခြင်း ဆိုသည်မှာ သေသေချာချာ ပြင်ဆင်ပြီးမှ ချိုးဖျက်ရသော ကိစ္စရပ်မျိုး ဖြစ်၏။ အထူးသဖြင့် ဂိုဏ်းထဲတွင် ချိုးဖျက်ခြင်းကသာ အလုံခြုံဆုံး ဖြစ်၏။ တခြားသော ပြင်ပအန္တရာယ်သာ ကျရောက်လာပါက ကျင့်ကြံခြင်းကို ပျက်ဆီးစေရုံသာမက သေဆုံးခြင်းအဖြစ်ပါ ရောက်ရှိစေနိုင်၏။
နှစ်ပေါင်းတစ်ထောင်ကျော် လေ့ကျင့်ပြီးသော ရမ်ချင်းတုသည် ထိုကိစ္စကို သတိမပြုမိဘဲ နေမည် မဟုတ်ချေ။ အဘယ့်ကြောင့် ဤတည်နေရာသို့ ရောက်ရှိလာရသနည်း။
တောထဲတွင် သူတော်စင်အဆင့်ကို အောင်အောင်မြင်မြင်နှင့် ချိုးဖျက်နိုင်ခဲ့၏။ ပြောရမည်ဆိုလျှင် ထိုကိစ္စတွင် တစ်စုံတစ်ခုသော အကြောင်းပြချက်များ ပါဝင်နေမှာ သေချာ၏။
"တစ်ယောက်လောက် လာအုံး" ကြက်သွေးရောင် မီးတောက်နတ်အရှင်က ခေါ်လိုက်သည်။
"နတ်အရှင် ဘာကိစ္စများ ရှိလို့လဲ"
အဝေးတစ်နေရာဆီမှ အရိပ်ကဲ့သို့ ပုံရိပ်တစ်ခုက ပေါ်ပေါက်လာပြီး ၎င်းရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ တစ်ကိုယ်လုံးသည် မြူများဖြင့် ရစ်ဆိုင်းလျက် ရှိနေ၏။ ထိုသူသည် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်၏။
"ပိုင်တုရန်တောင်ကြားကို သွားလိုက်။ ရမ်ချင်းတု ရှာတွေ့ခဲ့တဲ့ အခွင့်အရေးက ဘာလဲဆိုတာ ရှာခဲ့။ ပြီးရင် သတင်းရတာနဲ့ လာပြီးတော့ အကြောင်းကြား" ကြက်သွေးရောင် မီးတောက် နတ်အရှင်က အမိန့်ပေးလိုက်သည်။
ထိုအရိပ်သည် ပြန်လည်ဖြေကြားပြီးနောက် တည်နေရာပင် ပျောက်ကွယ်သွားခဲ့၏။
"အင်း သူတော်စင်အဆင့်ဆီကို လှမ်းတက်နိုင်တဲ့ အခွင့်အရေး …. ငါဒီကိစ္စကို တကယ် စိတ်ဝင်စားတယ်"
ကြက်သွေးရောင် မီးတောက် နတ်အရှင်သည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ အားကျမှုများနှင့် ပြည့်နှက်နေ၏။
ပြိုင်ဖက်များကြားတွင် တစ်ဆင့်နောက်ကျခြင်းမှာ ခေတ်တစ်ခေတ် နောက်ကျခြင်းနှင့်ပင် ဆင်တူလှ၏။ အချိန်အတိုင်းတာတိုအတွင်း လိုက်မှီအောင် မပြုလုပ်နိုင်ပါက တစ်သက်လုံး လိုက်မှီနိုင်တော့မည် မဟုတ်ချေ။ အချိန်ကြာလာသည်နှင့်အမျှ ပါရမီရှင်များကြားတွင် ကွာဟချက်သည် တဖြည်းဖြည်း ကြီးမားသွားပေလိမ့်မည်။