အခန်း (၃၁)
Vol. 3 Ch. 31
“စီနီယာ... သူတော်စင်ဖြစ်ဖို့ အခွင့်အရေး နောက်တစ်ခု ရှိသေးတာလား” ယန်ရှိုသည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။
“ဒီလောကကြီးက ဘယ်လောက် ကျယ်ပြောလိုက်လဲ”
လီယွင်သည် အသာ ရယ်ကာဖြင့် ပြောလိုက်၏။ “ခေတ်တွေ အများကြီး ကျော်ဖြတ်လာပြီးတဲ့နောက်မှာ အခွင့်အရေးပေါင်း မြောက်များစွာက ရေတွက်လို့ မရအောင် တည်ရှိသေးတယ်လေ။ လောကထဲမှာ ရှိတဲ့ အခွင့်အရေးတွေ အကုန်လုံး ထွက်ခွာသွားပြီးဆိုရင်တောင်မှ တခြားလောကတွေမှာ ရှိအုံးမှာပဲ။ စိတ်မပူနဲ့။ ခင်ဗျားသာ ဈေးနှုန်းကို တတ်နိုင်မယ်ဆိုရင် သင့်တော်တဲ့ အခွင့်အရေး တစ်ခုကို ကျုပ်က ပေးနိုင်စွမ်း ရှိတယ်”
ယန်ရှိုသည် လက်ကို အသာပွတ်သပ်လိုက်မိသည်။
ခဏလောက် စဉ်းစားပြီးသည့်နောက် ကျိုးပြတ်လျက် ရှိနေသည့် နတ်အဆင့်လက်နက်ကို ထုတ်ဖော်လိုက်၏။
သူသည် ထိုအရာကို ကမ်းပေးရန် စီစဉ်လျက် ရှိနေတုန်းမှာပဲ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်၏။ ထို့ကြောင့် ပြန်လည် သိမ်းဆည်းလိုက်၏။ ပြီးနောက် လီယွင်ကို လှမ်းကြည့်ကာ သတိအပြည့်ဖြင့် မေးမြန်းလိုက်သည်။ “ခုဏတုန်းက ပြောတဲ့ အခွင့်အရေးဆိုတာ တခြားသူတွေ ကိုတော့ မရောင်းရသေးဘူးမို့လား”
“ဘာလို့လဲ”
လီယွင်က မေးမြန်းလိုက်၏။ “တစ်ယောက်တည်း လျှို့ဝှက်နယ်မြေထဲကို ဝင်ချင်တာလား”
ယန်ရှိုသည် တကယ်ပဲ သတိအပြည့်ရှိသည့် လူတစ်ယောက်ဟု ပြောရမည်ဖြစ်၏။ ဆိုရိုးစကားရှိသည်။ မြွေ ကိုက်ခံရပြီးသည့်နောက် ကြိုးစမြင်တိုင်း ကြောက်လန့်တတ်သည်ဟူသည့်ဆိုရိုးစကားပင်။ ထို့ကြောင့် သူ၏လက်ထဲတွင် ရှိနေသော အရာကို ရမ်ချင်းတုက ယူဆောင်သွားခဲ့သည့် သင်ခန်းစာကို ကောင်းကောင်း နားလည်သွားခဲ့၏။ ဘဝတစ်သက်တာလုံး ဤကဲ့သို့သော ကိစ္စရပ်များ ထပ်မံ မဖြစ်ပေါ်အောင် သတိထားရ ပေမည်။
“အင်း.. စီနီယာရဲ့ မျက်လုံးအောက်ကနေ ဘာတစ်ခုမှ မလွတ်မြောက်နိုင်ခဲ့ဘူးကိုး” ယန်ရှိုသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
အသူရာရေချောက်ကမ်းပါးတွင် ရှိနေသည့် အခွင့်အရေးသည် သူတော်စင်ဖြစ်ရန် အခွင့်အရေးဖြစ်၏။ ထိုအရာသည် သူ၏နှလုံးသားထဲတွင် လတ်လတ်ဆတ်ဆတ် တည်ရှိနေသေး၏။
ထိုအရာကိုသာ သူ မောင်ပိုင်စီးနိုင်သည် ဆိုပါက အထဲတွင်ရှိသော စိတ်ဝိညာဉ်ဆေးပင်များသည်သာမက အရာ အားလုံးကို ရရှိမည်ဖြစ်သည်။ သူတော်စင်ဘုရင် ဖြစ်သည့်အချိန်အထိ ဆက်လက်ကာ လေ့ကျင့်နိုင်စွမ်းရှိနေ၏။ ထိုကဲ့သို့သော အကျိုးကျေးဇူးကို တခြားသူတစ်ယောက်က ယူဆောင်သွားခဲ့သည်။ တကယ်တမ်း ကြောင်နှင့်ကြွက်လို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသည့် လူက ယူဆောင်သွားသောကြောင့် တကယ့်ကို မခံချိ၊ မခံသာ ကိစ္စရပ်လိုပင်။
“အင်း.. ဖြစ်နိုင်တာပေါ့”
လီယွင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ပိုပေးရမယ်”
မူလအားဖြင့် လီယွင် သည် အသူရာရေချောက်ကမ်းပါးတွင် မည်သည့်အခွင့်အရေးမျိုး ရှိသည်ကို သေသေချာချာ မသိရှိပေ။ သို့ပေမဲ့ သူသည် ထိုသတင်းအချက်အလက်ကို ရောင်းချပြီး အချက်အလက်များကို သေချာ သိရှိချိန်မှာတော့ နောင်တရမိသည်။ အထဲတွင် သူတော်စင်ဖြစ်ရန် အခွင့်အရေး ရှိသည်သာမက ရေတွက်၍ မရအောင် များပြားသော စိတ်ဝိညာဉ် ဆေးပင်များလည်း တည်ရှိနေသေး၏။ ထို့အပြင် သူတော်စင်အဆင့် လက်နက်တစ်ခုပင် တည်ရှိသည်။
“ဟင်း... ဒီလိုအရာကြီးကို နတ်အဆင့် လက်နက် လေးခု၊ ငါးခုနဲ့ ရောင်းချနိုင်ခဲ့တာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”
လက်ရှိအခြေအနေမှာတော့ လီယွင်သည် စနစ် မည်မျှရက်ရောသည် ဖြစ်ကြောင်းကို နားလည်သွားခဲ့ပြီး ဖြစ်၏။
အတိတ်က ရရှိခဲ့သည် သင်ခန်းစာများကို လေ့လာသင်ယူပြီးဖြစ်သောကြောင့် လီယွင်သည် နောက်တစ်ကြိမ် နည်းပါးသည့် ဈေးနှုန်းမျိုးနှင့် ဘယ်သောအခါမှ မရောင်းချဟု စိတ်ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးအနေနှင့် ကောင်းကင်လျှို့ဝှက်အမှတ် များများစားစား ရရှိသည် မဟုတ်ပါက မည်သည့် သတင်း အချက်အလက်ကိုမှ ရောင်းချတော့မည် မဟုတ်ချေ။
“ပေး... ပေး.. ထပ်ပြီး ပေးရမယ် ဟုတ်လား” ယန်ရှိုသည် အပြုံးသည် အေးခဲသွားခဲ့၏။
သူသည် လက်နက် အကျိုးအပျက် များကို ထုတ်ယူကာဖြင့် သူ၏ရှေ့ရေးကို ပြန်လည်ပြင်ဆင်နိုင်မည်ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ စီနီယာ၏ စကားလုံးသည် ရင်ထဲတွင် အောင့်ကနဲ နေအောင်ပင် ခံစားသွားရသည်။
“ဘယ်.. ဘယ်လောက်တောင် ထပ်ပေးရမှာလဲ” ယန်ရှိုက မေးမြန်းလိုက်၏။
“အနည်းဆုံး အရင်ကထက် ခုနှစ်ဆ၊ ရှစ်ဆပေါ့” လီယွင်သည် အမှုမဲ့ အမှတ်မဲ့ဖြင့် ပြောလိုက်သည်။
“ခုနှစ်ဆ၊ ရှစ်ဆ ဟုတ်လား”
ယန်ရှို၏အသံသည် တုန်ယင်လျက် ရှိနေ၏။ ပထမတုန်းက ရရှိခဲ့သည့် သတင်းအချက်ကို ဝယ်ယူရန် ချမ်းသာသမျှ အရာအားလုံးကို ပြောင်သလင်းခါအောင် အသုံးပြုခဲ့ရ၏။ လက်ရှိ မူလ ပေးရသည့်ဈေးထက် ခုနှစ်ဆ၊ ရှစ်ဆပင် ပိုမိုကာ တိုးတက်လာခဲ့၏။
“အင်း.. အသူရာရေချောက်ကမ်းပါးထဲမှာရှိတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျား မေ့သွားတာလား”
လီယွင်က ပြန်လည်မေးမြန်းလိုက်သည်။
ယန်ရှိုသည် ဆွံ့အလျက်ရှိနေ၏။ စီနီယာပြောပုံအရဆိုလျှင် တကယ်ပင် အကျိုးသင့်၊ အကြောင်းသင့် ရှိလွန်းလှ၏။ အသူရာရေချောက်ကမ်းပါးထဲတွင် ရှိနေသည့် အခွင့်အရေး အမွေအနှစ်များ အားလုံးကို ယူဆောင်ရမည်ဆိုလျှင် သူ၏ အခြေအနေတစ်ခုသည် ခုနှစ်ဆ၊ ရှစ်ဆထက် ပိုမိုကာ များပြားလှသည့် အရာများကို ပိုင်ဆိုင်မှာဖြစ်၏။
“ကျုပ် မေးချင်ပါတယ် စီနီယာ။ ဒီလို လက်နက်မျိုးဆို ဘယ်လောက်တန်မလဲ”
သေသေချာချာ စဉ်းစားပြီး သည့်နောက် ယန်ရှိုသည် ကျိုးပြတ်နေသည့် နတ်အဆင့်လက်နက်တစ်ခုကို ထုတ်ယူကာ မေးမြန်းလိုက်၏။ ဤအရာသည် ကျိုးပြတ်လျက်ရှိသည့် ဓားရှည်တစ်ချောင်းဖြစ်ပြီး အလင်းတန်းများ မှေးမှိန်လျက် ရှိနေ၏။ ရေတွက်လို့မရအောင် များပြားသည့် နှစ်များအတွင်း စွမ်းအင်များ ကုန်ဆုံးသွားခဲ့ပုံလည်းပေါ်သည်။
“စနစ်... ဒါက ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်တန်လဲ” လီယွမ်သည် စိတ်ထဲ၌ မေးမြန်းလိုက်၏။
[ဒင်... နတ်အဆင့်လက်နက်တစ်ခုသည် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ရာနှင့် လဲလှယ်နိုင်သည်]
လီယွင် “...”
ပြည့်စုံသည့် နတ်အဆင့်လက်နက် တစ်ခုသည် ခုနှစ်ထောင် သို့မဟုတ် ရှစ်ထောင်နီးပါး တန်ကြေးရှိ၏။ ကျိုးပျက်လျက် ရှိသည့် လက်နက်မှာတော့ ခုနှစ်ရာ သို့မဟုတ် ရှစ်ရာနီးပါးသာလျှင်ရှိ၏။ ဆယ်ဆ ကွာခြားလွန်း လှ၏။
“အင်း.. တကယ်လို့ ခင်ဗျားအနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ပစ္စည်း တစ်ခုခုကို ဝယ်ယူချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒါမျိုး တစ်ရာကျော်လောက် ရှိမှ ဖြစ်လိမ့်မယ်။ ခင်ဗျားဆီမှာ အဲလောက်များများ ရှိလို့လား”
လီယွင်သည် သတိပြန်ဝင်လာပြီးသည့်နောက် ယန်ရှိုကို ကြည့်ကာ မေးမြန်းလိုက်သည်။
“အင်း” ယန်ရှိုသည် ကြောင်အအနှင့် ပြုံးလိုက်၏။ ပြီးနောက် လက်နက်များကို ထုတ်ယူလိုက်သည်။ သူ ကောက်ယူခဲ့သည့် ပစ္စည်းများသည် နည်းပါးလှသည် ဖြစ်သောကြောင့် ရာဂဏန်းပိုင်းထိတော့ မရှိချေ။ ထို့အပြင် နတ်အဆင့် လက်နက်များ ဆိုသည်မှာ တန်ဖိုးကြီးမားလွန်းလှ၏။ တည်နေရာအနှံ့ဆီမှ လိုက်လံကောက်ယူမည် ဆိုလျှင်တောင် ဤမျှ များပြားလာလိမ့်မည် မဟုတ်ချေ။
“ဒါဆို ရက်အနည်းငယ်လောက်ကြာရင် ကျုပ် ပြန်လာခဲ့ပါ့မယ်”
ယန်ရှိုသည် ထိုနေရာဆီသို့ ပြန်သွားကာဖြင့် လိုက်လံကောက်ယူရန် စဉ်းစားထားမိသည်။ ထို့ကြောင့် မချင့်မရဲဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြည့်ရှုကာ ပြောလိုက်သည်။ “စီနီယာ.. ကျေးဇူးပြုပြီး ကျုပ်အတွက် အဲဒီအခွင့်အရေးကို ချန်ထားပေးပါ။ မကြာခင် ပြန်လာပါ့မယ်”
“စိတ်ချ။ စိတ်ချ” လီယွင်က ပြောလိုက်၏။
ပြောပြီးသည့်နောက် ယန်ရှိုသည် အလင်းတန်းတစ်ခု အသွင်ပြောင်းကာဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွား ခဲ့သည်။ ပြီးနောက် မိုးကုတ်စက်ဝိုင်းအတွင်းတွင် ပျောက်ကွယ်သွားခဲ့သည်။
သူ၏နှလုံးသား အတွင်းတွင်တော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ ပြန်ပြီး သူ၏ စီနီယာအစ်ကို၊ စီနီယာအစ်မများဆီမှ တကယ့်ကို ကောင်းမွန်လှသည့် လက်နက်ပစ္စည်းများ အားလုံးကို လိုက်လံငှားယူရန် စဉ်းစားထားခဲ့၏။
သူတော်စင် ဖြစ်သွားမည်ဆိုလျှင် အရာအားလုံးကို ပြန်ပေးစရာ မလိုအပ်ချေ။ သူတော်စင်တစ်ယောက်ဆီမှ မည်သူက အကြွေး လာတောင်းရဲလိမ့်မည်နည်း။
..........
ယန်ရှို အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားပြီးသည့်နောက် လီယွင်သည် သူ၏အကြည့်များကို ပြန်လည် ရုတ်သိမ်းပြီး မနီးမဝေးတွင် ရှိနေသည့် လူတစ်စုဆီသို့ လှမ်းကာ ကြည့်လိုက်၏။
“အင်း... တော်ဝင်သဲကန္တာရမြို့ရဲ့ မြို့တော်ဝန် လာလည်တာလား” လီယွင်က ပြုံးလိုက်သည်။
“ဟမ်” မနီးမဝေးတွင် ရှိနေသော တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အသံကို ကြားရသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားမိ၏။ သူ၏ ဝဖိုင့်လျက် ရှိနေသည့် ခန္ဓာကိုယ်ကြီးသည် တဆတ်ဆတ်ဖြင့် တုန်ယင်နေ၏။
အလျင်အမြန်ဖြင့် ရှေ့ဆီသို့ နှစ်လမ်းတိုးပြီး မြန်မြန်ဆန်ဆန်ဖြင့် ပြောလိုက်သည်။ “တကယ်... တကယ်ပါပဲ။ ဂျူနီယာလေးပါ”
အချိန်အတော်ကြာ စောင့်ပြီးသည့်နောက် သူ့အလှည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ တော်ဝင် သဲကန္တာရမြို့၏ မြို့တော်ဝန်သည် တကယ်ပင် ပျော်ရွှင်သွားမိ၏။
ပထမတုန်းက သူသည် နတ်ဆိုးကျင့်ကြံခြင်း လမ်းစဉ်တွင် တကယ့်ကို ကြီးမားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်တွေ့ခဲ့၏။ ပြီးသည့်နောက် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်လည်း တွေ့ခဲ့သေး၏။ ဤနှစ်ပိုင်းအတွင်း သူမည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ရသနည်း။ စိုးရိမ်ကြောက်လန့်စွာဖြင့် အသက်ရှင် နေထိုင်ခဲ့ရသည်ဟု ပြောဆိုလျှင် ပိုမှန်ပေလိမ့်မည်။
နေ့စဉ်နေ့တိုင်း ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ရောက်ရှိနေမည်ဆိုပါက သူသည် ကြောက်လန့်၍ သေလုမတတ်ပင် ဖြစ်ပေလိမ့်မည်။
ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ နန်းဆောင်သခင်၏ ပေါင်ကြီးကို ပြေးကာဖက်ရမည် ဆိုလျှင်တော့ သူ့အနေနှင့် အနာဂတ်တွင် အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ တစ်ဖက်လူသာ လျစ်လျှူရှုခဲ့မည် ဆိုပါက အနာဂတ်တွင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် တစ်ရက်လေးမှ အိပ်ရဲလိမ့်မည် မဟုတ်ချေ။ သူ၏ ဘဝသည် ဆိုးရွားလွန်းလှချေ၏။