← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

“မြို့တော်ဝန်... ကျေးဇူးပြုပြီး ဝင်ခဲ့ပါအုံး” လီယွင်သည် လက်ကို အသာယမ်းခါကာဖြင့် ဖိတ်ခေါ်လိုက်သည်။ သူသည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်နှင့် ကြာရှည်ဆက်ဆံရမည့် အကြောင်းအရာများ တည်ရှိလို့နေ၏။

ထို့အပြင် မြို့တော်ဝန်သည် မဆုံတွေ့ခင်ကတည်းကပင် ၎င်း၏နောက်လိုက်တစ်ယောက်ကို စေလွှတ်၍ ကောင်းကင်အဆင့် ရတနာတစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီးပြီဖြစ်၏။ ဤကဲ့သို့သော ရက်ရောမှုသည် အကန့်အသတ်မဲ့လွန်းလှချေ၏။ ယနေ့တွင် တစ်စုံတစ်ခုကို ထပ်မံ ရောင်းချရမည်ဆိုပါက ကျိန်းသေပေါက် အကျိုးအမြတ် ရရှိပေဦးမည်။

“မဝံ့ရဲပါဘူး”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ခေါင်းကို အထပ်ထပ် ခါယမ်းပြီးသည့်နောက် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ “စီနီယာသာ အရှေ့ကနေ အရင်ဆုံးကြွပါ”

ဟား ဟား ဟား ဟား

လီယွင်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ ဘာတစ်ခုမှ ဆက်၍ မဆိုချေ။ အသာလှည့်ပြီးသည့်နောက် ဟောခန်းထဲသို့ လှမ်းဝင်လိုက်သည်။

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အနောက်မှ အသာလိုက်ပါလာခဲ့၏။ ဟောခန်းထဲသို့ ရောက်ရှိသည့် အချိန်မှာတော့ လျှိုချမ်းရွှယ်သည် ရေနွေးနှစ်ခွက်ကို အသာငှဲ့ပြီး လှမ်းလျှောက်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သည့်အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့၏။

သေချာပေသည်။ ဟန်ဖန်သည် သူ့ကို မလိမ်ညာခဲ့ပေ။ တော်ဝင်ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်သည် ဤတည်နေရာတွင် အိမ်စေအဖြစ် လာရောက်ကာ လုပ်ကိုင်လျက်ရှိ၏။ ထို့ကြောင့် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက် လာရောက်လည်ပတ်သည်ဆိုသည်မှာ ထူးဆန်းသည့် ကိစ္စတစ်ခု မဟုတ်တော့ချေ။

ပြောရမည် ဆိုလျှင် ဤကဲ့သို့ အိမ်စေပြုလုပ်မှုကို တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် လိုလိုချင်ချင်ဖြင့် ခွင့်ပြုထားသည် ဆိုသည့် အဓိပ္ပာယ်ပင်။

“စီနီယာ... ကျေးဇူးပြုပြီး ရေနွေးသောက်ပါအုံး”

လျှိုချမ်းရွှယ်သည် လီယွင်၏ ဘေးသို့ လျှောက်လာပြီးသည့်နောက် ရိုရိုကျိုးကျိုးဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။

“ကျေးဇူးပါပဲ” လီယွင်သည် ရေနွေးခွက်ကို လှမ်းယူပြီးသည့်နောက် ကျေးဇူးတင်စကား ဆိုလိုက်၏။

လျှိုချမ်းရွှယ်သည် ဤနေရာတွင် ခဏတာ နေထိုင်သည် ဆိုသော်လည်း သူသည် သူမကို ကျေးကျွန်အဖြစ် တစ်ခါမှ မဆက်ဆံခဲ့ချေ။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည်မှာ အစေခံ လိုအပ်သည် မဟုတ်ချေ။ အရာအားလုံးကို အတွေးတစ်ချက်တည်းနှင့် ပြုလုပ်နိုင်စွမ်းရှိသည် မဟုတ်ပါလား။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် သူသည် ဖန်ဆင်းရှင် တစ်ယောက်ကဲ့သို့ပင်။ သူ ဆန္ဒရှိသည့် အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိ၏။ သူ့ကို မည်သူမှလည်း ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

“စီနီယာက ယဉ်ကျေးလွန်းနေပြီ”

လျှိုချမ်းရွှယ်သည် အလွန်အမင်း ပျော်ရွှင်လျက်ရှိနေသည်။ စီနီယာ ကျေးဇူးတင် စကားပြောသည့်လူဟူ၍ တော်တော်များများ ရှိလိမ့်မည် မဟုတ်ချေ။ သူမ သိသလောက် သူမသာလျှင် ပထမဦးဆုံး ဖြစ်ပုံပေါ်သည်။ ပြီးသည့်နောက် လျှိုချမ်းရွှယ်သည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်နားသို့ အသာချဉ်းကပ် လိုက်၏။

သူမ အနားသို့ မရောက်ခင်မှာပဲ မြို့တော်ဝန်သည် ကြောက်လန့်တကြားဖြင့် မတ်တပ်ထရပ်လိုက်သည်။ “မိန်းကလေး.. မလိုပါဘူး။ ကျုပ်ဘာကျုပ် လုပ်ပါ့မယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်အရှင်သည် လျှိုချမ်းရွှယ်ကို လျစ်လျှူရှူပြီး ခိုင်းချင်ရာ ခိုင်းစေနိုင်စွမ်းရှိသည်ဆိုသော်လည်း သူကတော့ မလုပ်ရဲချေ။ ထို့အပြင် သူမသည် တော်ဝင်ဓားဂိုဏ်း၏ လက်ရွေးစင် တပည့်လည်းဖြစ်၏။ မယုံနိုင်စရာ ကြီးမားလှသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်၏။ ထို့အပြင် တော်ဝင် ဓားဂိုဏ်းကလည်း သူမကို ထောက်ပံ့ပေးထား၏။ သူ့ကဲ့သို့ သာမန်မြို့တော်ဝန်လေးထက် အများကြီး သန်မာ အားကောင်းလွန်း၏။

လျှိုချမ်းရွှယ်သည် ပြုံးလိုက်၏။ လေးလေးနက်နက် မခံစားချေ။ ရေနွေးခွက်ကို ချပြီးသည့်နောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

သူမ ထွက်ခွာသွားသည့်အချိန်မှာပဲ လီယွင်သည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်နှင့် ပတ်သက်သည့် ကိုယ်ရေးအကျဉ်းအား ဖွင့်ကြည့်လိုက်၏။ ပြီးနောက် မြို့တော်ဝန် ဘာတွေးနေသည် ဆိုသည်ကို သူ ချက်ချင်းပဲ နားလည် သွား၏။

“အင်း”

သက်ပြင်းတစ်ချက် ချပြီးသည့်နောက် သူက ပြောလိုက်သည်။ “မြို့တော်ဝန် လာရောက်လည်ပတ်တဲ့ ရည်ရွယ်ချက်ကို ကျုပ်က သိပြီးသားပါ။ တော်ဝင်သဲကန္တာရမြို့ကို စောင့်ရှောက်ပေးစေချင်တယ် ဆိုရင် ခင်ဗျား စိတ်ပျက်သွားမှာလည်း စိုးရိမ်ရတယ်”

“ဘာ”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်မှာ တုန်လှုပ်သွား၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော် သွားသည်။ ရေနွေးခွက်ကို ကိုင်ထားသော လက်များပင်လျှင် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။ စီနီယာသည် သူတွေးနေသည်ကို မပြောခင်ကတည်းက အဘယ့်ကြောင့် သိရှိနေရသနည်း။

“အင်း... ဒါက”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ပျက်ယွင်းနေသည့် မျက်နှာသွင်ပြင်နှင့်အတူ အားပြတ်သလို မေးမြန်းလိုက်၏။ “စီနီယာက ဒီ မဖွံ့ဖြိုးဘဲနဲ့ လူသူကင်းရှင်းလှတဲ့ တော်ဝင်သဲကန္တာရမြို့လေးကို အထင်မကြီးတာလည်း ဖြစ်နိုင်ပါတယ်”

“အဲလို မဟုတ်ဘူး”

လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ တော်ဝင်သဲကန္တာရမြို့ဆိုသည်မှာ သူနေထိုင်သည့် တည်နေရာဖြစ်ပြီး သူသည် ဤနေရာကို မှီခိုကာ နေထိုင်ရခြင်းဖြစ်သည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် မြို့တော်ဝန်၏ တောင်းဆိုမှုကို လက်ခံသဘောတူချင်မိသည်။ တော်ဝင်သဲကန္တာရမြို့ ဖျက်ဆီးခံရမည်ကို သူလည်း မနှစ်မြို့ချေ။ သို့ပေမဲ့ သူ၏ လက်ရှိ အားအင်အဆင့်သည် လုံလောက်သည့် အခြေအနေတွင် မရှိပေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာလျှင် သူ့ကို ကာကွယ်ပေးနိုင်စွမ်းရှိ၏။ သူ့၌ အပြင်ဘက်ဆီသို့ လှမ်းထွက်ခွင့် မရှိပေ။

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန် တောင်းဆိုသည်ကို စောင့်နေရသည်ထက် ကြိုတင်ကာ ငြင်းပယ်ထားခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု သူက ဆုံးဖြတ်ခဲ့၏။ တော်ဝင်သဲကန္တာမြို့သည် တစ်နေ့ ဖျက်ဆီးခံရခြင်းနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့အနေနှင့် လိုလိုချင်ချင်နှင့် ကူညီပေးချင်၏။ သို့ပေမဲ့ သူ့၌ စွမ်းအားမရှိချေ။

“ဒါဆိုရင် ဘာလို့လဲ”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကျုပ် အရိုးသားဆုံး ပြောပါ့မယ် စီနီယာ။ ဒီတစ်ကြိမ် ကျုပ် တကယ့်ကို အသင့်တော်ဆုံးဖြစ်မယ့် လက်ဆောင်ကို ပြင်ဆင်ပြီး လာခဲ့တာပါ။ ကျုပ် စီနီယာအတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်လာပေးတာလို့လည်း အဓိပ္ပာယ်ပေါက်ပါတယ်။ စီနီယာအနေနဲ့ စိတ်သာရှိမယ်ဆိုရင်...”

“နှစ်တစ်သောင်း သစ်သားစိမ်းလား” လီယွင်က ထပ်ပြောလိုက်၏။

“အမ်”

အားရပါးရပြောရန် ပြင်ဆင်လျက် ရှိနေသည့် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စကားလုံးများ နင်မလို ဖြစ်သွား၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် နီရဲသွားခဲ့၏။ သူ ဘာပြောရမှန်း မသိတော့ချေ။ သူ တစ်ခုခု ပြောလိုက်ချင်၏။ သို့ပေမဲ့ သူပြောသမျှကို ရှေ့မှ စီနီယာသည် ကြိုတင်ကာ သိရှိလို့နေ၏။ ဤအခြေအနေ သည် မည်ကဲ့သို့ ဖော်ညွှန်းရမည်နည်း။ နှစ်ပေါင်းရာချီ အသက်ရှင်နေထိုင်ခဲ့သည် ဆိုသော်လည်း တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဆုံရသည်မှာ ပထမဦးဆုံး အကြိမ်သာလျှင်ဖြစ်၏။

“စီနီယာ... နှစ်တစ်သောင်း သစ်သားစိမ်းက”

“ကျုပ်သိပြီ။ သူတော်စင်လက်နက်တွေကို သန့်စင်ဖို့ အသုံးပြုရတဲ့ ပစ္စည်းပဲလေ။ ဟုတ်တယ်မလား”

လီယွင်က ပြောလိုက်၏။ သူသည် စနစ်ကို စစ်ဆေးခဲ့ပြီးသားဖြစ်၏။ နှစ်တစ်သောင်း သစ်သားစိမ်း၏ တန်ဖိုးသည် မသေးကွေးလှချေ။ စုစုပေါင်း ကောင်းကင်လျှို့ဝှက်အမှတ် ကိုးထောင်ရှစ်ရာတောင် ရရှိ၏။ နတ်အဆင့် လက်နက် တစ်ခုထက်ပင် ပိုမိုကာ ဈေးကြီးလို့နေသေးသည်။ ထိုအရာသည် တကယ့်ကို တန်ဖိုးကြီးမားကြောင်း ပြသပြီး ဖြစ်သည်။

“ဒါ... ဒါ ဒါ.. ကျုပ် ကျုပ် စဉ်းစားခဲ့တာတွေက စိတ်ကူးယဉ်သလို ဖြစ်နေတာလား”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် နှလုံးသားတစ်ခုလုံး အေးစက်လျက် ရှိနေသည်။ သူတော်စင်အဆင့်ပစ္စည်းသည် တကယ်ပင် ရှားပါးပြီး အဖိုးတန်လွန်းလှ၏။ လက်ရှိ အခြေအနေမှာတော့ ထိုအရာသည်ပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်အား စိတ်မလှုပ်ရှားစေခဲ့ချေ။

သူတော်စင်အဆင့် ပစ္စည်းများ၏ တန်ဖိုးကို သူ အထင်အမြင်သေးခဲ့ခြင်းလား။ သို့မဟုတ် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ တောင်းဆိုမှုကို သူအထင်အမြင်သေးခဲ့ခြင်းလား။ သူ နားမလည်နိုင်တော့ချေ။

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် မချိပြုံး ပြုံးကာဖြင့် မိမိကိုယ်ကို အပြစ်တင်ရန် ပြင်ဆင်နေတုန်းမှာပဲ လီယွမ်သည် ထပ်မံကာ ပြောလိုက်သည်။

“မြို့တော်ဝန်... ခင်ဗျား နားလည်မှု လွဲနေပြီ။ ကျုပ်ပြောတာက... ကျုပ် တော်ဝင်သဲကန္တာရမြို့ကို ကာကွယ်မပေးနိုင်ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ ကျုပ်တို့ စီးပွားရေးလုပ်လို့ မရဘူးလို့ မပြောဘူး။ လက်ရှိအချိန်မှာ ကျုပ် တစ်စုံတစ်ခုကို ရောင်းစရာရှိတယ်။ မြို့တော်ဝန် စိတ်ဝင်စားလား”

“အမ်”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ရုတ်တရက် မျက်လုံးများ လင်းလက်သွားသည်။ သူသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “စီနီယာ ဘာကိုရောင်းချင်တာလဲ မေးပါရစေ”

“အစီအရင် တစ်ခုပါပဲ”

လီယွင်သည် ရယ်မောကာဖြင့် လက်ဝါးကို အသာဖြန့်ပြလိုက်၏။ သူ၏ လက်ဝါးပေါ်မှာတော့ ရှုပ်ထွေးလှသည့် သင်္ကေတများ ရေးထိုးထားသည့် အဝတ်စတစ်ခုက တည်ရှိလို့နေ၏။ ထိုအရာ ပေါ်ပေါ်ချင်းမှာပဲ လီယွင်သည် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ဆီသို့ လှမ်းကာ ပစ်ပေးလိုက်သည်။

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အဝတ်ကို လှမ်းယူပြီးသည့်နောက် အပေါ်တွင် ရှိနေသည့် စာသား များကို သေသေချာချာ စစ်ဆေးလိုက်၏။ သူ၏ နဖူးစပ်တွင် ကြီးမားလွန်းလှသော ချွေးစီးများပင် ပေါ်ပေါက် လာခဲ့၏။ သူသည် ခေါင်းကိုမော့ပြီးသည့်နောက် ထိတ်လန့်တကြားဖြင့် ထကာ အော်ဟစ်လိုက်၏။ “စီနီယာ.. ဒါက သူတော်စင်အဆင့် အစီအရင် တစ်ခုလား”

All Chapters