အခန်း (၃၃)
Vol. 3 Ch. 33
“သိပ်မှန်တာပေါ့”
လီယွင်သည် ရေနွေးကို အသာငှဲ့ကာ သောက်လိုက်သည်။ ပြီးသည့်နောက် ပြန်လည်ဖြေဆို လိုက်သည်။
ယန်ရှိုသာ ရှိသည်ဆိုပါက ဤအစီအရင်ကို ကျိန်းသေပေါက် သိရှိနားလည်ပေလိမ့်မည်။ ထိုအရာသည် အသူရာ ရေချောက်ကမ်းပါးဆီတွင် ဖြစ်တည်နေခဲ့သော သတ်ဖြတ်ခြင်းအစီအရင် နှစ်ခုထဲမှ တစ်ခုဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် စနစ်သည် ထိုအစီအရင်ကို ချိုးဖြတ်ရန် နည်းလမ်းကိုသာ ပေးခဲ့သည် မဟုတ်ချေ။ မည်ကဲ့သို့ ဖန်တီးတည်ဆောက်ရမည်ဆိုသော နည်းလမ်းကိုပါ ပေးခဲ့ခြင်းဖြစ်၏။ ကောင်းမွန်လှသည့် စနစ်၏ ရောင်းဝယ်မှုပင် ဖြစ်လေ၏။
“ဒါ... ဒါ ဒါက”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စကားပင် ဆက်ကာ မဆိုနိုင်ချေ။ လက်ထဲတွင် ရှိနေသည့် အစီအရင်စာရွက်ကိုကိုင်ရင်း တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိသည်။ သူက တီးတိုးရေရွတ် လိုက်သည်။ “ဒါ..ဒါက အရမ်းကို တန်ဖိုးကြီးလွန်းတယ်”
ဤအရာသည် သူတော်စင်အဆင့် အစီအရင်တစ်ခုဖြစ်၏။ အလယ်အလတ်စားဂိုဏ်းတစ်ခုပင်လျှင် သူတော်စင် အဆင့် အစီအရင်ကို မပိုင်ဆိုင်ပေ။ သူတို့ကဲ့သို့ တော်ဝင်သဲကန္တာရမြို့သည် အဘယ်ကြောင့် တစ်ခုကို ပိုင်ဆိုင်ရ မည်နည်း။ ပို၍ အရေးကြီးမားသည်မှာ သူမတတ်နိုင်ချေ။
သူ့၌ နှစ်တစ်သောင်း သစ်သားစိမ်း တစ်ခုသာလျှင်ရှိ၏။ ထိုအရာသည် သူတော်စင်အဆင့် ပစ္စည်းတစ်ခုဖြစ်သည် ဆိုသော်လည်း ပြည့်စုံလှသည့် သူတော်စင်အဆင့် အစီအရင်တစ်ခုနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ တန်ဖိုးချင်း နှိုင်းယှဉ်ရမည်ဆိုလျှင် မညီမျှလှချေ။
“ဒါက ရိုးရှင်းတဲ့ အစီအရင်တစ်ခုပါပဲ။ နတ်အဆင့် စွမ်းအင်တွေ အများဆုံး ပါဝင်တဲ့အရာတစ်ခုပါပဲ။ သူတော်စင် အဆင့်မဟုတ်ဘူး” လီယွင် က ရှင်းပြလိုက်သည်။
“ဒီတော့ ဒါက နတ်အဆင့်ပေါ့”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချ လိုက်မိ၏။ သူတော်စင်အဆင့် အစီအရင်သာဆိုပါက သူ ကျိန်းသေပေါက် ယူပင်မယူရဲချေ။ ထို့အပြင် တတ်လည်း မတတ်နိုင်ချေ။ သို့ပေမဲ့ နတ်အဆင့်ဆိုလျှင်တော့ စီမံခန့်ခွဲနိုင်စွမ်းရှိ၏။
သူသည် အံကို ကြိတ်လိုက်၏။ ထိုအရာကို မဖြစ်မနေ ဝယ်ယူရန်လည်း ဆုံးဖြတ်လိုက်သည်။ ဤအစီအရင်နှင့် ဆိုလျှင် တော်ဝင်သဲကန္တာရမြို့သည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် အနာဂတ်တွင် ရင်ဆိုင်ရန် ယုံကြည်ချက် ရှိပေလိမ့်မည်။
ထင်မှတ်ထားသည့်အတိုင်း စီနီယာသည် တော်ဝင်သဲကန္တာရမြို့အား တကယ်ပင် မျက်နှာသာ ပေးခဲ့၏။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စိတ်လှုပ်ရှားမှုကို ခံစားနေရ၏။ စီနီယာသည် သူ့အနေနှင့် တော်ဝင် သဲကန္တာရမြို့ကို ကာကွယ် မပေးနိုင်ဟု ပြောဆိုခဲ့သည့်ဆိုသော်လည်း အချက်အလက်အားဖြင့် နတ်အဆင့် အစီအရင်တစ်ခုကို ဖန်တီးပေးအပ်ခဲ့၏။ ဤအရာသည် တော်ဝင်သဲကန္တာရမြို့ကို နောက်ကွယ်မှ ကာကွယ်ပေး နေခြင်းပင် မဟုတ်ပါလား။
“ခင်ဗျား စဉ်းစားပြီးပြီလား။ ဒီအစီအရင်ကို ဝယ်ချင်လား” လီယွင်က မေးမြန်းလိုက်သည်။
“ဝယ်မှာပေါ့”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စိတ်ဆုံးဖြတ်ပြီးသလို ပြောလိုက်သည်။ သူသည် အကူအညီမဲ့သလို ခံစားနေမိ၏။ သို့ပေမဲ့ မတတ်နိုင်ချေ။ ရှိသမျှ အရာအားလုံးကို ထုတ်ဖော်ကာ ဝယ်ယူရန် စဉ်းစားထားခဲ့သည်။ တော်ဝင်သဲကန္တာရမြို့ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုသည်မှာ အားကောင်းလှသည့် အစီအရင်မျိုး ရှိရန် လိုအပ်နေသေး ၏။
“စီနီယာ... ကျေးဇူးပြုပြီး စောင့်ပါအုံး။ ကျုပ် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထပ်ပြီး သွားယူလိုက်ပါ အုံးမယ်” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်က ပြောလိုက်သည်။
“မလိုဘူး”
လီယွင်သည် လက်ကို အသာမြှောက်ပြီးသည့်နောက် လက်ညှိုးညွှန်ကာ ပြောလိုက်၏ “နှစ်တစ်သောင်း သစ်သားစိမ်း တစ်ခုဆိုရင် လုံလောက်ပြီ”
“အမ်.. ဒါပဲလား”
ဤအရာသည် သူတော်စင်အဆင့် ပစ္စည်းတစ်ခုဖြစ်၏။ လီယွင်အနေနှင့် ဤမျှလောက်ဆိုလျှင် ကျေနပ်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် ကောင်းကင်လျှို့ဝှက်အမှတ် ကိုးထောင်ကျော် ရရှိနိုင်သည့် ပစ္စည်း မဟုတ်ပါလား။ အဘယ်ကြောင့် သူလက်လွှတ်လိုက်ရမည်နည်း။
“နှစ်တစ်သောင်း သစ်သားစိမ်း တစ်ခုတည်းလား”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ပထမ ကြောင်အ သွား၏။ ပြီးနောက် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်သည်။ “ဟန်ဖန်.. မြန်မြန်လာစမ်း”
“လာပါပြီ”
ဟန်ဖန်သည် အတွင်းသို့ လျှောက်ဝင်လာခဲ့၏။ ၎င်းသည် သစ်သားသေတ္တာကြီးတစ်ခုကို ကိုင်ဆောင်ထား၏။
“မြန်မြန်.. မြန်မြန်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “မြန်မြန်... စီနီယာကို အဲတာ ပစ္စည်းပေးလိုက်”
သူတော်စင်အဆင့် ပစ္စည်းသည် တန်ဖိုးကြီးမားလှသလို တော်ဝင်သဲကန္တာရမြို့အတွက်ဆိုရင် နတ်ဘုရား ပေးသည့် ကောင်းချီးဟုပင် သတ်မှတ်နိုင်သည်။ သူတို့ မြို့တော်ဝန်အိမ်တော်ရှိ အမြင့်မားဆုံးသော သိုင်းပညာရှင်၏ အဆင့်သည် နတ်ဘုရားစွမ်းအင်အဆင့်သာလျှင် ရှိသည် မဟုတ်ပါလား။
သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို တခြားသူ တစ်ယောက်အား ပေးအပ်ရခြင်းဆိုသည်မှာ လွယ်ကူလှသည့်အရာ မဟုတ်ချေ။ သို့ပေမဲ့ သူတို့အတွက် နတ်အဆင့် အစီအရင်တစ်ခုကို ရရှိခဲ့ခြင်းဆိုသည်မှာ တကယ့်ကို ကြီးမားလှသည့် အလဲအလှယ် စီးပွားရေးတစ်ခုဟု သတ်မှတ်၍ ရနိုင်သည်။
“ကောင်းပါပြီ”
ဟန်ဖန်သည် ဦးညွတ်ပြီးသည့်နောက် သစ်သားသေတ္တာကို ကိုင်ကာ လီယွင် ရှေ့ဆီသို့ သွားထားလိုက်၏။
“နှစ်တစ်သောင်း သစ်သားစိမ်း”
လီယွင်သည် လက်ကို အသာလှမ်းပြီးသည့်နောက် သေတ္တာကို ယူလိုက်၏။ ပြီးနောက် လက်ဝါး အရွယ်အစားခန့်ရှိသော သစ်သားအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာကို ထိလိုက်သည့် အချိန်မှာတော့ အေးစက်သည့် ခံစားချက်များကို ရရှိလိုက်၏။ ရေခဲတုံးတစ်ခုကို ကိုင်ဆောင်လိုက်ရ သကဲ့သို့ပင်။ ဤပစ္စည်းသည် အလွန်တရာ မာကျောလွန်းလှ၏။ အားနှင့် ဖိနှိပ်မည်ဆိုလျှင်တောင်မှ ဘာတစ်ခုမှ မဖြစ်နိုင်ချေ။
“သူတော်စင်အဆင့် ပစ္စည်းဆိုတာ တကယ့်ကို ကောင်းလွန်းတယ်လေ။ ဒါပေမဲ့ ကံဆိုးတာက ငါ ဒါကို သုံးလို့ မရဘူး” လီယွင်သည် သက်ပြင်းချလိုက်မိ၏။ ကောင်းကင်လျှို့ဝှက်အမှတ်များနှင့် တိုက်ရိုက်ပင် လဲလှယ်ရပေမည်။ ထိုသို့ဆိုလျှင် စနစ်၏ စတိုးဆီမှ တိုက်ရိုက်ဆိုသလိုပဲ တခြားသော ရတနာများကို ဝယ်ယူနိုင်၏။ သူကိုယ်တိုင် သန့်စင်စရာ မလိုအပ်ချေ။
နှစ်တစ်သောင်း သစ်သားစိမ်းကို လဲလှယ်ပြီးသည့်နောက် သူသည် စနစ်ကို စစ်ဆေးကြည့်လိုက်၏။ “ကောင်းကင် လျှို့ဝှက်အမှတ် ငါးသောင်းတစ်ထောင်နှစ်ရာ”
ပထမဦးဆုံးအကြိမ်အဖြစ် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းကျော်အထိ ရောက်ရှိသွားခဲ့၏။ ထိုအရာသည် သူ့ကို တကယ်ပင် စိတ်ကျေနပ်မှု ရရှိစေခဲ့၏။
“တကယ်လို့ ကောင်းကင်အင်ပါယာကျမ်းစာကို ထပ်ပြီးတော့ လဲလှယ်မယ်ဆိုရင် အနည်းငယ်တော့ ပိုအုံးမှာပဲ။ ဒါဆိုရင် နတ်ဘုရားသိုင်းနည်းစနစ် တစ်ခုခုနဲ့ ထပ်ပြီးတော့ လဲလှယ်ရမယ်။ ငါ ရှေ့ကို လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိနေသေးတာပဲ” လီယွင်က တွေးတောလိုက်သည်။
“စီနီယာ”
ထိုအချိန်မှာပဲ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အစီအရင်ကို အသာသိမ်းဆည်းပြီးနောက် ပြောလိုက်၏။ “ကိစ္စမရှိတော့ဘူးဆိုရင် ကျုပ် သွားလိုက်ပါအုံးမယ်”
“အင်း.. ဂရုစိုက်၊ ခင်ဗျားတို့ နှစ်ယောက်”
လီယွင်သည် ပြုံးကာပြောလိုက်၏။ သူသည် သူ၏ဖောက်သည်များနှင့် ဆက်ဆံသည့်နေရာတွင် တကယ်ပင် စိတ်ရှည်လွန်းလှ၏။ ၎င်းတို့နှစ်ယောက်သည် အနာဂတ်တွင် ကောင်းကင် လျှို့ဝှက်အမှတ်များကို တစ်ခုပြီးတစ်ခု လာရောက်ပေးအပ်မည့်လူများလည်း ဖြစ်နေနိုင်သည်။ ဥပမာအားဖြင့် ယန်ရှို ကဲ့သို့ပင်။
.........
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အစီအရင် အဝတ်ကို ထုတ်ယူပြီးသည့်နောက် သေသေချာချာ ကြည့်ရှု စစ်ဆေးလိုက်သည်။ ဤနတ်အဆင့် အစီအရင် ရှိသည်ဆိုပါက တော်ဝင် သဲကန္တာရမြို့တော်တစ်ခုလုံးသည် တကယ်ပင် လုံခြုံသွားပေလိမ့်မည်။
ကျင့်ကြံသူများအနေဖြင့် မည့်သည့်အရာကို အထူးဂရုစိုက်ကြသနည်း။ လုံခြုံမှုပင်ဖြစ်သည်။ မည်သူမှသည် အချိန်မရွေး ဖျက်ဆီးခံရနိုင်ခြင်းရှိသည့် မြို့ထဲတွင် မနေထိုင်ချင်ကြပေ။ မူလအားဖြင့် တော်ဝင်သဲကန္တာရမြို့သည် ဤကဲ့သို့သော နေရာမျိုးဖြစ်၏။ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲလွန်းလှပြီး လုံခြုံသည့် ခံစားချက်မျိုးကို မပေးစွမ်း သောကြောင့် လူများသည် ဤနေရာတွင် အခြေချပြီး နေထိုင်ချင်စိတ် မရှိကြပေ။
သို့ပေမဲ့ ဤအစီအရင် တည်ရှိပြီဆိုပါက အခြေအနေသည် ပြောင်းလဲသွားပေလိမ့်မည်။ နတ်အဆင့် အစီအရင် တစ်ခု၏ လုံခြုံမှုသည် လူပေါင်းများစွာတို့ လာရောက်နေထိုင်စေရန် ဆွဲဆောင်ပေလိမ့်မည်။ လူတွေ ရောက်ရှိလာပြီ ဆိုပါက တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးသည် ပိုမိုစည်ပင် ဝပြောလာမှာဖြစ်၏။ ထိုသို့ဆိုလျှင် မြို့တော်ဝန်၏ အိမ်တော်သည်လည်း ပိုမိုကာ တိုးတက်လာပေလိမ့်မည်။
တိုးတက်မှုများ ဖြစ်တည်သွားခဲ့ပြီ ဆိုပါက စီနီယာ၏ လက်ထဲတွင်ရှိနေသော ပြည့်စုံသည့် သူတော်စင်အဆင့် အစီအရင်တစ်ခုကို ထပ်မံဝယ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုသည်မှာ မရှိချေ။
တောက်ပသည့်အနာဂတ်ကို တွေးတော ပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အမဲရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာဖြင့် အစီအရင်မှာ ရှိနေသည့်အရာများကို ထုတ်ယူကာ ရေးသားလိုက်၏။
ပြီးနောက် ဟန်ဖန်ကို လှမ်းပစ်ပေးကာ ပြောလိုက်သည်။ “ခေါင်းဆောင်ဟန်... ဒီပစ္စည်းတွေကို မြန်မြန်သွားပြီး စုစည်းလိုက်တော့။ သုံးရက်အတွင်း တော်ဝင်သဲကန္တာရမြို့ရဲ့အထက်မှာ ဒီအစီအရင်ကြီးကို ဖန်တီးပြီးတာ ကျုပ် မြင်ချင်တယ်”