အခန်း (၃၄)
Vol. 3 Ch. 34
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ကို လိုက်ပါပို့ဆောင်ပြီးသည့်နောက် လီယွင်သည် အပြင်ဘက် ညကောင်းကင်ယံကြီး ကို လှမ်းကာကြည့်ရှုလိုက်၏။ ညနက်သို့ ရောက်ရှိနေပြီဖြစ်၏။ သူသည် အပျင်းကြော ဆန့်ပြီးသည့်နောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
ထိုအချိန်မှာပဲ လီယွင်သည် လျှိုချမ်းရွှယ်တစ်ယောက် လျှောက်ထွက်လာသည်ကို သတိပြုမိလိုက်သည်။
“ကြည့်ရတာ ခင်ဗျားရဲ့ဆရာက ခင်ဗျားကို စွန့်ပစ်သွားပြီနဲ့တူတယ်” လီယွင်သည် ပြုံးကာ စနောက်လိုက်၏။
ရမ်ချင်းတုသည် မနက်ခင်းကတည်းက ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းကတည်းက သူတော်စင် တစ်ယောက် ဖြစ်နှင့်ပြီးဖြစ်၏။ သို့ပေမဲ့ ညရောက်သည်အထိ ပြန်မလာခဲ့ချေ။ ကြည့်ရသည်မှာ လျှိုချမ်းရွှယ်ကို လာရောက်ခေါ်ရန် ရည်ရွယ်ချက် မရှိပုံပင်။
“ကျွန်မရဲ့ဆရာဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ထားတာလေးတွေရှိလို့ နေပါလိမ့်မယ်” လျှိုချမ်းရွှယ်သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ မူလသဘာဝသည် တကယ်ပဲ ဆန်းပြားလွန်းလှ၏။ လာချင်သည့်လူတိုင်း လာရောက်လည်ပတ်ရန် ခက်ခဲလှသည့် အရာမျိုးဖြစ်၏။ သူမ၏ ဆရာအနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ကောင်းမွန်လှသည့် ဆက်ဆံရေးကို တည်ထောင်ချင်သောကြောင့် သူမကို ဤနေရာတွင် ထားပစ်ခဲ့သည့်ပုံပေါ်သည်။
လက်ရှိအခြေအနေမှာတော့ တော်ဝင်ဓားဂိုဏ်း၏ ဘိုးဘေးကြီးသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ ဂိုဏ်းအတွက် တကယ့်ပင် ခက်ခဲသည့် အခြေအနေမျိုး ကျရောက်နေ၏။ ဤသတင်းသည်သာ ပျံ့နှံ့သွားမည်ဆိုပါက တော်ဝင် ဓားဂိုဏ်းတစ်ခုလုံးသည် ဖျက်ဆီးခံရပေလိမ့်မည်။ ထို့ကြောင့် ဆရာ့အနေနှင့် စီနီယာနှင့် ရင်းနှီးသည့် ပတ်သက်ဆက်နွယ်မှုမျိုးလည်း တည်ဆောက်ချင်ပုံပေါ်၏။
“အများကြီး စဉ်းစားမနေနဲ့။ သူ မင်းကို မေ့သွားတာပဲ နေပါလိမ့်မယ်” လီယွင်သည် ခပ်ဖျော့ဖျော့ ပြုံးကာ လှမ်းပြောလိုက်သည်။
“စီနီယာ.. စီနီယာ လူတွေရဲ့အတွေးကို သိရှိနိုင်တာလား” လျှိုချမ်းရွှယ်သည် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်၏။
စီနီယာသည် တခြားသူများ၏ အတွေးကို မြင်နိုင်စွမ်းရှိပုံပေါ်၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို မပြောနှင့် နတ်အဆင့် ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်ပင်လျှင် စီနီယာ၏ အရှေ့တွင် ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။
“အဟမ့် အဟမ့်” လီယွမ်သည် အနည်းငယ် ကြောင်တောင်တောင် ခံစားလိုက်ရ၏။ ထို့ကြောင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “ဒါက အလေ့အကျင့် တစ်ခုလိုပါပဲ”
သူသည် အမှတ်တမဲ့ဖြင့် မျက်လုံးကို မှိတ်ပြီးသည့်နောက် စနစ်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် အပေါ်ထပ်ဆီသို့ လျှောက်တက်ကာ ပြောလိုက်သည်။ “နောက်ကျနေပြီ .... စောစော အနားယူတော့လေ”
“ဟုတ်ကဲ့” လျှိုချမ်းရွှယ်သည် နားဝေတိမ်တောင် ဖြစ်မိနေသည်။ သူမသည် တကယ်ပင် စိတ်ဝင်စားလျက် ရှိသည်။ စီနီယာသည် ကျင့်ကြံခြင်းကို မပြုလုပ်ပေဘူးလား။
မကြာခင်မှာပဲ သူမသည် အကြောင်းအရင်းကို နားလည်လိုက်မိ၏။ စီနီယာ၏ ဂုဏ်သိက္ခာနှင့် အားအင်အဆင့်ကို တွက်ချက်ရမည်ဆိုလျှင် ကျင့်ကြံခြင်းလမ်းစဉ်၏ အဆုံးသတ်ဆီသို့ လွန်ခဲ့သည်အချိန်ပေါင်းများစွာ ကတည်းက ရောက်ရှိခဲ့ပုံပေါ်သည်။ အဘယ်ကြောင့် ပျင်းရိစရာ ကောင်းလှသည့် ကျင့်ကြံခြင်းမျိုးကို ဆက်လက်ကာ ပြုလုပ် နေမည်နည်း။
..........
တော်ဝင်ဓားဂိုဏ်း
တောင်ထွတ်၏ အပေါ်ဘက်ရှိ လေဟာနယ်ထဲတွင်တော့ ထက်ရှလှသည့် ဓားသွားများသည် လှည့်လျက် သွားလာလျက် ရှိနေလေ၏။ ထိုတောင်ထွတ်များ၏ကြားတွင် နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိမ်များကြားထဲမှ ထိုးဖောက်လျက်ရှိသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်များသည် ဓားပျံများပေါ်သို့ တက်ကာဖြင့် ဟိုနေရာမှ ဒီနေရာသို့ ကူးလူးကာ သွားလာလျက်ရှိ၏။ လက်ရှိအချိန်မှာတော့ ကောင်းကင်တွင် အလင်းတန်းတစ်ခု ဖြတ်သန်း သွားခဲ့ပြီး သူတော်စင်တစ်ယောက်၏ ပြင်းထန်လွန်းသော ဖိအားဒဏ်များသည် အားလုံးသောသူတို့၏ နှလုံးသားများကို တုန်ခါသွားစေခဲ့၏။
ဤလူသည် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရမ်ချင်းတုမှလွဲလျှင် တခြားမဟုတ်ချေ။ ဂိုဏ်းထဲသို့ ပြန်ရောက် ပြီးသည့်နောက် ရမ်ချင်းတုသည် သူ၏ အမြန်နှုန်းကို မလျော့ချခဲ့ချေ။ တောင်၏ အနောက်ဘက်ဆီသို့ တိုက်ရိုက် ဆိုသလိုပဲ မြန်မြန်ဆန်ဆန် ပျံသန်းသွားခဲ့သည်။
“ခုဏကလူက ငါတို့ဂိုဏ်းချုပ် မဟုတ်လား”
“မဖြစ်နိုင်ဘူး”
“အရင် ဘိုးဘေးတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ ထွက်ပေါ်လာတဲ့ အော်ရာက နတ်အဆင့် မဟုတ်ဘူး။ ငါတို့ ဂိုဏ်းချုပ်က နတ်အဆင့်ပဲရှိတာ။ အခု ထွက်နေတဲ့ အော်ရာတွေကို ကြည့်ရရင် သူတော်စင်အဆင့် ဖြစ်နေတယ်”
“ဒါပေမဲ့ တကယ့်ကို နက်နဲလှတဲ့ တော်ဝင်ဓားဆန္ဒတွေ ပါဝင်နေတယ်လေ။ ဂိုဏ်းချုပ်ကလွှဲရင် ဘယ်သူ့မှာ ဒီလို ဟာမျိုး ရှိလို့လဲ”
“မင်းတို့ ရူးနေပြီလား။ သိုင်းကျင့်ကြံခြင်း နည်းစနစ်ဆိုတာ ဂိုဏ်းချုပ် အဆက်ဆက်ကနေ လက်ကမ်းရယူ ခဲ့တာလေ။ ဒီတော့ အရင်ဘိုးဘေးတွေကလည်း ဒီလိုမျိုး ဓားဆန္ဒတွေကို ထုတ်ဖော်နိုင်မှာပေါ့”
“အင်း.. အဲတာတော့ အမှန်ပဲ”
.........
ရမ်ချင်းတု ချန်ခဲ့သည့် အော်ရာများသည် တော်ဝင်ဓားဂိုဏ်းတွင် ရှိနေသည့် တပည့်ပေါင်း များစွာတို့ ဆွေးနွေးစရာ အဖြစ် ဖြစ်တည်လာခဲ့ကြသည်။
အလင်းတန်းများသည် တောင်ကုန်းတစ်ခုတွင် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့ပြီး ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် သူတို့၏ သံသယဝင်မှုများကို အတည်ပြုနိုင်ခဲ့၏။
ဟုတ်ပေသည်။ ဤအရာသည် ဘိုးဘေးအကြီးအကဲကြီး တစ်ယောက်ယောက်သာလျှင်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် တောင်၏ အနောက်ဘက်ဆီသို့ သွားခဲ့ခြင်းဖြစ်၏။ ထိုနေရာတွင် ဘိုးဘေးအကြီးအကဲကြီး နှစ်ယောက်တို့ တံခါးပိတ် ကျင့်ကြံလျက်ရှိ၏။ ပုံမှန်အားဖြင့် ဂိုဏ်းချုပ်ပင်လျှင် ဤနေရာဆီသို့ လွယ်လွယ်ကူကူ ခြေချခြင်း မရှိပေ။
တော်ဝင်ဓားဂိုဏ်း၏ တောင်အနောက်ဘက်
ရမ်ချင်းတုသည် ကောင်းကင်ယံထက်ဆီမှ ဆင်းသက်လာခဲ့ပြီး ဟောခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။ “တပည့် ရမ်ချင်းတု.. ဆရာ့ကို လာတွေ့ပါတယ်”
ထိုစကား ထွက်ပေါ်လာချင်းချင်းမှာပဲ ခြောက်ကပ်ကပ် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ “ဪ .... ချင်းတု လား။ ဝင်ခဲ့လေ”
“ကောင်းပါပြီ ဆရာ” ရမ်ချင်းတုက ပြန်ပြောလိုက်၏။ သူသည် ချက်ချင်းပဲ အထဲသို့ လျှောက်ဝင်လိုက်သည်။
တောင်၏ထိပ်တွင် သေးငယ်လှသည့် ခန်းမဆောင်လေး တစ်ခု တည်ရှိနေပြီး ထိုအထဲတွင် အဘိုးကြီး နှစ်ယောက် တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေ၏။ တစ်ယောက်သည် အဖြူရောင်စစ်တုရင်ကို ကိုင်ဆောင်ထားပြီး မည်သည့်နေရာကို ရွေ့ရမှန်းမသိ ဆုံးဖြတ်ရ ခက်ခဲနေပုံပေါ်၏။
တခြားသော တစ်ယောက်မှာမူ အဖြူရောင် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်ကာ ပြုံးလျက်ရှိနေသည်။
“ရမ်ချင်းတုက ဆရာနဲ့ ဂိုဏ်းတူဦးလေး တို့ကို ဂါရဝပြုပါတယ်”
“အင်း”
ထိုစကားကို ကြားသည့်အချိန်မှာတော့ အဖြူရောင် စစ်တုရင်ကို ကိုင်ဆောင်ထားသည့် အဘိုးအိုက ပြုံးလိုက်၏။ သူသည် လက်ထဲတွင် ရှိနေသည့် စစ်တုရင်အရုပ်ကို အသာချကာဖြင့် ရမ်ချင်းတုကို လှမ်းကြည့် လိုက်၏။ “တပည့်ရောက်လာပြီလား။ ဂိုဏ်းကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမ်.... မင်း သူတော်စင် ဖြစ်သွားပြီလား”
“သူတော်စင် ဟုတ်လား”
အရှေ့ဘက်တွင် ရှိနေသည့် တခြားအဘိုးအိုကလည်း ထိုစကားသံကို ကြားသည့် အချိန်မှာတော့ မျက်နှာသွင်ပြင်တစ်ခုလုံး ပြောင်းလဲသွားခဲ့၏။ ချက်ချင်းပဲ ရမ်ချင်းတုကို လှည့်ကြည့်လိုက်သည်။
“ဆရာနဲ့ ဂိုဏ်းတူဦးလေးတို့ကို အရိုးသားဆုံး ပြောချင်ပါတယ်။ ကျွန်တော် သူတော်စင် ဖြစ်သွားခဲ့ပါပြီ” ရမ်ချင်းတု သည် လေးလေးစားစားဖြင့် ပြောလိုက်၏။
“ချင်းတု.. မင်း ကံကောင်းခြင်းတချို့ကို ကြုံခဲ့တာလား” အဘိုးအိုထဲက တစ်ယောက်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
ရမ်ချင်းတုသည် တကယ်ပင် တော်လွန်းလှသည့် လူတစ်ယောက်ဖြစ်ကြောင်း သူသိ၏။ ပုံမှန်ထက်ပိုသည့် ပါရမီနှင့် ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်၏။ အနာဂတ်တွင် သူတော်စင်တစ်ယောက်ဖြစ်ဖို့ ဆိုသည်မှာ အခက်အခဲ မရှိလှချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတော်စင်ဖြစ်ရန် အချိန်မဟုတ်သေးချေ။ အနည်းဆုံး သူတော်စင်ဖြစ်ဖို့ ရမ်ချင်းတု အနေနှင့် နှစ်ပေါင်း ငါးရာလောက် ကြိုးစားရပေဦးမည်။