← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

“ဂိုဏ်းတူဦးလေး ပြောတာ အမှန်ပါပဲ။ တပည့်က ဆရာကြီးတစ်ယောက် လမ်းညွှန်ချက်ကို ရရှိပြီး လျှို့ဝှက်နယ်မြေ ထဲကို ဝင်ခဲ့တယ်။ ရှေးသူတော်စင်တစ်ယောက်ရဲ့ အမွေအနှစ်ကို ရရှိပြီး သူတော်စင် ဖြစ်ခဲ့တယ်လေ”

“ဆရာကြီးတစ်ယောက်ရဲ့ လမ်းညွှန်မှု ဟုတ်လား”

ရမ်ချင်းတု၏ဆရာသည် သူ၏ ဖြူဖွေးလှသည့် မျက်ခုံးမွှေး များကို ပင့်တင်လိုက်၏။ ပြီးနောက် တခြားသော အဘိုးအိုတစ်ယောက်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ ပြီးနောက် အသာပြန်လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။ “တပည့်... မင်းပြောတဲ့ ဆရာကြီးဆိုတာ ဘယ်သူလဲ”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်အရှင်လို့ခေါ်တဲ့ ဆရာကြီးပါပဲ။ သူက ခန့်မှန်းလို့မရအောင် အားကောင်းတဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တယ်။ တပည့်အနေနဲ့ နတ်အဆင့် လက်နက်လေးခုနဲ့ လဲလှယ်ပြီး အဲတည်နေရာဆီကနေ သတင်းအချက်အလက်တွေကို ဝယ်ယူခဲ့တာပါ”

ခဏလောက် ရပ်တန့်ပြီးသည့်နောက် ရမ်ချင်းတုက ဆက်ပြောလိုက်၏။ “အဲအစီအစဉ်နဲ့ တပည့်က အသူရာ ရေချောက်ကမ်းပါးလို့ခေါ်တဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ခဲ့တယ်။ အဲထဲမှာရှိတဲ့ သူတော်စင်တစ်ယောက်ရဲ့ အခွင့်အရေးတွေကို ရရှိခဲ့တယ်”

“ကောင်းတာပေါ့”

ရမ်ချင်းတု၏ ဆရာသည် လက်ခုပ်လက်ဝါးတီးကာ ချီးကျုးဂုဏ်ပြုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါ မထင်ထားဘူး ချင်းတု။ မင်းက တကယ့်ကို ကောင်းမွန်တဲ့ ကံတရားကို ရရှိလိမ့်မယ်လို့။ သူတော်စင်ဖြစ်ပြီးတဲ့နောက်မှာ မင်း အဲစီနီယာကို ကျေးဇူးတင်ဖို့ မမေ့နဲ့အုံး”

“တပည့် နားလည်ပါတယ်ဆရာ။ ဒါပေမဲ့ တပည့် အခြားအကြောင်းကိစ္စကြောင့် ဒီကိုပဲ အလျင်အမြန် ပြန်လာခဲ့ရ တယ်”

ရမ်ရှင်းတုသည် အနည်းငယ် ရှက်ရွံ့သလို ခံစားနေမိ၏။ တစ်ဖက်လူကို သွားရောက်ကာ ကျေးဇူးတင်စကား ပြောရန် မေ့လျော့ခဲ့၏။

သူသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ မပြန်ခဲ့ဘဲ တော်ဝင်ဓားဂိုဏ်းဆီသို့ အလျင်အမြန် ပျံသန်းခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူလုပ်ချင်တိုင်း ပြုလုပ်၍မရသော အခြေအနေတစ်ခု ရှိနေသောကြောင့်ပင်။ သူတော်စင် ဖြစ်သည်ဆိုသော သတင်းသည် တစ်လောကလုံးကို ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

ပိုင်တုရန်တောင်ကြား အနီးအနားတွင် ရှိနေသည့် နတ်နယ်မြေများသည် ကျိန်းသေပေါက် တုံ့ပြန်လာပေလိမ့်မည်။ ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် တည်နေရာတွင် တစ်စုံတစ်ယောက် သူတော်စင် ဖြစ်ခဲ့သည်ဆိုလျှင် ကျိန်းသေပေါက် လူများစေလွှတ်ကာ စုံစမ်းပေလိမ့်မည်။ ထိုကံကောင်းခြင်းတရားကို ရရှိနိုင်ရန်အတွက် ကြိုးစားကြပေလိမ့်မည်။

ကြက်သွေးရောင်မီးနတ်နယ်မြေနှင့် တော်ဝင်ရင်နိုင်ငံတို့သည် ငြိမ်ငြိမ်သက်သက် နေနေလိမ့်မည် မဟုတ်ချေ။ သူတို့၏ လူများသည် မကြာခင်မှာ ပိုင်တုရန်တောင်ကြားထဲသို့ ရောက်ရှိလာပေ လိမ့်မည်။

၎င်းတို့အပြင် ယန်ရှို ကလည်း တည်ရှိနေ၏။ ဤလူသည် တခြားသောသူများနှင့် ခြားနား၏။ အစီအရင်ကို မည်ကဲ့သို့ ချိုးဖောက်ကာ ဝင်ရမည်ဆိုသည့် နည်းလမ်းကိုလည်း ကိုင်ဆောင်ထားသေး၏။ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းဆီသို့ အရင်သို့ပြန်ပြီး သူတို့ဂိုဏ်း၏ဘိုးဘေးကြီးများ အကူအညီဖြင့် ပြန်လည်ကာ ရောက်ရှိလာမည်ဆိုလျှင် ပိုင်ရှင်မဲ့ဖြစ်နေသည့် အသူရာရေချောက်ကမ်းပါးကြီးသည် မည်သူပိုင်ဆိုင်မည်ဆိုသည်မှာ မသေချာတော့ချေ။

ထို့ကြောင့် သူသည် ဖြစ်နိုင်သမျှ ဂိုဏ်းဆီသို့ အရင်ဆုံး ပြန်လာပြီး အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားနေခြင်းပင်။ “တခြားသတင်း တစ်ခုရှိသေးတယ်”

ရမ်ချင်းတု၏ ဆရာသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “ဘာသတင်းလဲ”

“အဲဒီအခွင့်အရေး တည်နေရာကြီးထဲမှာ သူတော်စင် တစ်ယောက်ဖြစ်ဖို့ နည်းလမ်းအပြင် ရေတွက်လို့မရအောင် ရှားပါးတဲ့ ရတနာတွေလည်း ရှိတယ်။ တကယ့်လို့ တပည့်တို့က အဲတာကို ယူမယ်ဆိုရင် တော်ဝင်ဓားဂိုဏ်းရဲ့ အခြေအနေက တကယ့်ကို တဟုန်ထိုး တိုးတက်သွားနိုင်တယ်” ရမ်ချင်းတုသည် ဦးညွတ်ကာ ပြောလိုက်သည်။

“အမ်”

ရမ်ချင်းတု ပြောနေတုန်းမှာပဲ သူ၏ဂိုဏ်းတူ ဦးလေးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “အထဲမှာ တကယ့်ကို များပြားပြီး ရှားပါးတဲ့ ရတနာတွေ ရှိတယ်ဆိုတာ သေချာလို့လား”

“သေချာပါတယ်” ရမ်ချင်းတုက ခေါင်းညိတ်လိုက်သည်။

“တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးတွေ ရှိနေတာကို မင်းပြောတဲ့ စီနီယာက နတ်အဆင့်လက်နက် လေးခုလေးနဲ့ ရောင်းလိုက်တာလား”

ဂိုဏ်းတူဦးလေးသည် သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။ ဤအရာမှာ ထူးဆန်းလှ ချေသည်။ တချို့သော ထောင်ချောက်မျာ ရှိနေနိုင်၏။

“ဟုတ်ပါတယ်။ အမှန်ပါပဲ။ အဲဒီစီနီယာက သတင်းအချက်အလက်တွေကိုပဲရောင်းတာပါ။ တခြားအရာတွေကို ဂရုမစိုက်ဘူး။ စီနီယာပြောတာက ဒီလောကကြီးထဲမှာ သူမသိတဲ့အရာ ဘာမှ မရှိဘူးတဲ့။ တကယ်လို့ တန်ကြေးကသာ ကိုက်ညီတယ်ဆိုရင် တော်ဝင်ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အရင်ကလို ပြန်လည်ရရှိဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး”

ရမ်ချင်းတုသည် မချိပြုံး ပြုံးကာ ရှင်းပြလိုက်သည်။

“အင်း...”

ထိုအရာကိုကြားတော့ အဘိုးကြီးနှစ်ယောက်တို့သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သတင်းသည် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ တော်ဝင်ဓားဂိုဏ်းသည် လက်ရှိအချိန်တွင် အားနည်းသည့် အခြေအနေသို့ ရောက်ရှိနေ၏။ ယခင်တုန်းကကဲ့သို့ အောင်မြင်မှုများကို ပြန်လည်ရယူနိုင်မည်ဆိုလျှင် တော်ဝင်ဓားဂိုဏ်းသည် တကယ်ပင် ကြီးကျယ်မြင့်မြတ်သည့် အခြေအနေကို တက်လှမ်းနိုင်မှာဖြစ်၏။

“မင်းပြောတာတွေလား အမှန်တွေလား တပည့်”

ရမ်ချင်းတု၏ ဆရာသည် လေးလေးနက်နက်ဖြင့်‌ မေးမြန်းလိုက်၏။ တော်ဝင်ဓားဂိုဏ်း၏ အနာဂတ်နှင့် ပတ်သက်လာသည်ဖြစ်သောကြောင့် သူတို့အနေနှင့် အမှတ်တမဲ့နေ၍ မဖြစ်တော့ချေ။

“လုံးဝ သေချာပါတယ်” ရမ်ချင်းတုက အတည်ပြုလိုက်၏။

“ဒီလိုဆိုရင် ငါတို့ ညီအစ်ကိုနှစ်ယောက် သွားပြီး ကြည့်ကြတာပေါ့” ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးသည့် နောက် ရမ်ချင်းတု၏ ဆရာသည် ပြောလိုက်သည်။

ထိုနေ့မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာ နှင့် အလင်းတန်း နှစ်ခုသည် ကောင်းကင်ယံတွင် ပျံသန်းသွားခဲ့သည်။ ၎င်းတို့၏ ဦးတည်ရာသည် ပိုင်တုရန်တောင်ကြားသို့သာဖြစ်၏။ ၎င်းတို့ တောင်ပေါ်မှ ဆင်းသက်သွားချင်းမှာပဲ ရမ်ချင်းတုသည် အစီအရင် ချိုးဖြတ်ခြင်းနည်းစနစ်ကို မိတ္တူကူးယူ ရေးဆွဲကာဖြင့် သူ၏ဆရာ လက်ထဲသို့ ထည့်ပေးလိုက်၏။

ထိုကျောက်စိမ်းပြားနှင့် ဆိုလျှင် အသူရာရေချောက်ကမ်းပါးထဲသို့ လုံလုံခြုံခြုံ ဝင်ရောက်နိုင်စွမ်းရှိ၏။ သူ့အတွက် ကတော့ ယခုမှ သူတော်စင် ဖြစ်လာသည်မို့ သူ၏ ကျင့်ကြံခြင်းကို အသားကျအောင် ပြန်လည်ကာ ကြိုးစားရ ပေဦးမည်။

All Chapters