အခန်း (၃၆)
Vol. 3 Ch. 36
အပိုင်း (၃၆)
သုံးရက်ကြာပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့၏ မြောက်ဘက် မိုင်ပေါင်းငါးသောင်းလောက် အကွာအဝေးမှာတော့ အဖြူရောင်မြင်းကြီးတစ်ကောင်သည် တောင်ငယ်လေးတစ်ခုကဲ့သို့ ကြီးမားသည့် ကြေးရောင် စစ်ရထားလုံးတစ်စင်းကို ဆွဲကာ ပျံသန်းလာသည်။
ထိုသတ္တဝါ၏ ဦးတည်ရာသည် ပိုင်တုရန်တောင်ကြားဆီသို့ပင် ဖြစ်၏။ စစ်ရထားလုံး၏ရှေ့၌ ကြီးမားလှသော အလံတိုင်ကြီးသည် လေထဲသို့ လွင့်မျောလျက်ရှိ၏။ ထိုအလံတိုင်ကြီးပေါ်တွင် တော်ဝင်ရင်နိုင်ငံဟု ရေးထိုးထား၏။
လမ်းတလျှောက်ရှိ ထိုစစ်ရထားလုံးကို မြင်သည့်လူတိုင်းသည် လျင်လျင်မြန်မြန်ဖြင့် နောက်သို့ ရှောင်ရှားပေးလိုက်၏။ လမ်းပိတ်ကာ ရပ်မိမည်ကို စိုးရိမ် ထိတ်လန့်လျက်ရှိသည်။ ၎င်းတို့အားလုံးသည် ဤစစ်ရထားလုံးမှာ တော်ဝင်ရင်နိုင်ငံက ဖြစ်ကြောင်း သိရှိကြသည်။
မြင်းဖြူကြီးဆွဲကာ မောင်းနှင်လျက်ရှိနေသည့် စစ်ရထားလုံးကို စီးနင်းသူဆိုသည်မှာ တကယ့်ကို ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့် တစ်စုံတစ်ယောက် ဖြစ်ပုံပေါ်သည်။ အင်ပါယာ၏ သားပင် ဖြစ်ရပေမည်။
“ပိုင်တုရန်တောင်ကြား”
စစ်ရထား၏ အတွင်းဘက် ဟောခန်းတစ်ခုအတွင်းမှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိုင်ချမ်းဟန်သည် ရှည်လျားလှသည့် စားပွဲကြီးနောက်တွင် ထိုင်လျက်ရှိသည်။ သူက တီးတိုး ရေရွတ်လိုက်မိသည်။ “ဆိုးတာပဲ။ သူတော်စင်ဖြစ်ဖို့ အခွင့်အရေးက ရမ်ချင်းတုရဲ့ လက်ထဲကို ရောက်သွားတယ်။ တကယ်လို့ ငါသာ သူတော်စင် ဖြစ်နိုင်မယ်ဆိုရင် တော်ဝင်ရင်နိုင်ငံရဲ့ အခြေအနေ တစ်ခုလုံးကလည်း ပြောင်းလဲ သွားနိုင်တယ်”
သူ၏ အဖေပြောဆိုခဲ့သည်ကို ပြန်လည်ကာ တွေးတောနေမိ၏။ သူ၏ နှလုံးသားထဲတွင် ပိုမို အားကောင်းလိုစိတ်များ သည် ထင်ထင်ရှားရှား ဖြစ်တည်လာခဲ့၏။ သူ့အဖေ နေရမည့် နှစ်ကာလသည် အနည်းငယ်သာလျှင် ကျန်ရှိတော့၏။ ထို့ကြောင့် သူ့အနေနှင့် ဖြစ်နိုင်သမျှ ပိုမို၍ မြန်မြန်ဆန်ဆန် အားကောင်းချင်မိသည်။
ရမ်ချင်းတုသည် ရင်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အခွင့်အရေးကို ဖမ်းဆုပ်ကာ သူတော်စင်အဆင့် ဖြစ်သွားခဲ့၏။ ထိုအရာသည် တော်ဝင်ရင်နိုင်ငံ၏ အင်ပါယာကြီးကိုပင် သက်ရောက်စေခဲ့၏။
“ပထမ စိတ်ဝိညာဉ် စုပ်ယူခြင်း နတ်ဘုရားအတတ်”
ပိုင်ချမ်းဟန်၏ သွားကြားထဲမှ ထွက်ပေါ်လာသည့်လေသံနှင့် ပြောလိုက်၏။ သူ၏အသံတစ်ခုလုံးသည် အေးစက်လျက်ရှိ၏။ မျက်လုံးထဲတွင်လည်း တောက်ပလွန်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လျက်ရှိသည်။
ဒေါက် ဒေါက် ဒေါက်
ထိုအချိန်မှာပဲ တံခါးခေါက်သံ တစ်ခုက ထွက်ပေါ်လာ၏။ ပိုင်ချမ်းဟန်၏ အတွေးများသည် ပြတ်တောက်သွားခဲ့၏။ သူသည် အသာချောင်းဟမ့်ကာဖြင့် ပြောလိုက်၏။ “ဝင်လာခဲ့ပါ”
“အရှင်မင်းသား.. ဂါရဝပြုပါတယ်”
ချပ်ဝတ်အပြည့် ဝတ်ဆင်ထားသည့် စစ်သူကြီးတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာပြီး လေးလေးစားစား ဦးညွတ်လိုက်သည်။
“ဘယ်လိုလဲ။ ပိုင်တုရန်တောင်ကြားရဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးပြီလား” ပိုင်ချမ်းဟန်က မေးမြန်းလိုက်၏။
“အရှင့်သားကို ပြန်ဖြေပါ့မယ်။ အခြေအနေကို သေသေချာချာ သိရှိပါပြီ။ အရင်းအမြစ်ကတော့ တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရမ်ချင်းတုက ပိုင်တုရန်တောင်ကြားရဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိပြီး သူတော်စင် တစ်ယောက်ရဲ့ အမွေအနှစ်တွေကို ရရှိသွားခဲ့တာပါ”
စစ်သူကြီးသည် လေးလေးစားစား ပုံစံသွင်ပြင်မျိုးဖြင့် ဒူးထောက်ကာ ဆက်လက်ပြောဆိုလိုက်သည်။
“ကြည့်ရတာ လျှို့ဝှက်နယ်မြေထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိပုံပေါ်တယ်။ တော်ဝင်ဓားဂိုဏ်းရဲ့ ဘိုးဘေး အကြီးအကဲကြီး နှစ်ယောက်တို့က အဲကို အလျင်အမြန်နဲ့ ထွက်သွားခဲ့ကြတယ်။ သူတို့က မိုင်ပေါင်းသန်းချီ ဝေးကွာနေတာတောင် ထွက်သွားတယ်ဆိုတော့ ဒီလျှို့ဝှက်နယ်မြေထဲမှာ တစ်စုံတစ်ခု ပိုပြီး အားကောင်းတဲ့အရာ ရှိမှာ သေချာတယ်လေ”
“ဟမ့်”
ပိုင်ချမ်းဟန်သည် သဘောမတွေ့သလို နှာခေါင်းရှုံ့လိုက်၏။ “ပိုင်တုရန်တောင်ကြားဆိုတာက တော်ဝင်ရင် နိုင်ငံတော်ရဲ့ လက်ထဲမှာရှိတဲ့အရာလေ။ ဘယ်လိုဖြစ်ပြီး သူတို့က အလှမ်းကျယ်ကျယ် လှမ်းနေရတာလဲ”
“အရှင်မင်းသား”
စစ်သူကြီးက ထပ်မံကာ ပြောဆိုလိုက်သည်။ “တော်ဝင်ဓားဂိုဏ်းတင်မကဘူး။ ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကလည်း သူတော်စင်တစ်ယောက်ကို စေလွှတ်လိုက်ကြတယ်။ ပိုင်တုရန် တောင်ကြား အနီးအနားမှာ နေပြီးတော့ သေသေချာချာ စုံစမ်းစစ်ဆေးနေကြတယ်”
“ပြီးတော့ ဘာဖြစ်လဲ .... မြန်မြန် ပြောစမ်း” ပိုင်ချမ်းဟန်သည် မျက်မှောင်ကုတ်ကာဖြင့် ခပ်တင်းတင်း ပြောဆိုလိုက်၏။
“ပြီးတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကလည်း သူတို့ရဲ့ ဘိုးဘေးအကြီးအကဲကြီး နှစ်ယောက်ကို စေလွှတ်ခဲ့ တယ်” စစ်သူကြီးသည် ဖြည်းညှင်းစွာ ထပ်မံပြောဆိုလိုက်သည်။
“ဘာ”
ပိုင်ချမ်းဟန်၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ် ပြီးသည့်နောက် သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူတော်စင် ဖြစ်လာခဲ့၏။ ထို့ကြောင့် တော်ဝင်ဓားဂိုဏ်းအနေနှင့် ပိုင်တုရန် တောင်ကြားထဲတွင် ရှိနေသည့် အခွင့်အရေး တည်နေရာမှာ ဘယ်လောက်ထိ တန်ဖိုးကြီးမားကြောင်း သိရှိမှာ သေချာ၏။ ထို့ကြောင့်ပင်လျှင် ဘိုးဘေးအကြီးအကဲကြီး နှစ်ယောက်ကို စေလွှတ်ခဲ့ခြင်းဖြစ်၏။ ဤအရာမှာ အကျိုးအကြောင်း ဆီလျော်လွန်းလှသည်။
ထိုသို့ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘာလုပ်သနည်း။ ၎င်းတို့သည် တော်ဝင်ဓားဂိုဏ်းထက် ပိုမိုကာ ဝေးကွာသည့် တည်နေရာတွင် တည်ရှိနေကြ၏။ ဘိုးဘေးအကြီးအကဲကြီး နှစ်ယောက်ကိုပင် သုံးရက်အတွင်း စေလွှတ်လိုက်သည်ဆိုတော့ အထဲတွင် ရှိနေသည့် အခွင့်အရေးတည်နေရာမှာ မည်မျှ တန်ဖိုးကြီးမားသနည်း ဆိုသည်ကို တွက်ချက် သိရှိနိုင်၏။
ဤအရာသည် မမျှော်လင့်ထားသည့် ကိစ္စရပ်ပင်ဖြစ်၏။ ၎င်းအဖွဲ့အစည်းများသည် ပူးပေါင်းဆောင်ရွက်နေကြ လေသည်လား။ တော်ဝင်ဓားဂိုဏ်း သို့မဟုတ် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေ နှစ်ခုလုံးသည် လမ်းမှန်ဂိုဏ်းသား များသာဖြစ်၏။ ၎င်းတို့သည် ကံကောင်းခြင်းတရား၏ အခွင့်အရေးကို ဆက်ခံရရှိနိုင်မည် ဆိုလျှင်တောင်မှ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် ပူပေါင်းဆောင်ရွက်မသင့်ပေ။
တော်ဝင်ရင်နိုင်ငံတော်အတွက် အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် တကယ့်ကို ကံအဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ အခွင့်အရေးသည် သူတို့၏ ဌာနေတွင် ပေါ်ပေါက်ခဲ့၏။ သို့ပေမဲ့ သူတို့သည် တုံ့ပြန်သည့် နေရာတွင် အနှေးကွေးဆုံး ဖြစ်လို့နေခဲ့၏။
တခြားသောဂိုဏ်းမှ လူများသည်လည်း ၎င်းတို့၏ အားကောင်းသော ကျင့်ကြံသူများ အားလုံးကို အသီးသီး စေလွှတ်နေကြ၏။ သို့ပေမဲ့ အားလုံးသောသူတို့သည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသာဖြစ်ကြသည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဘာလို့ရောက်လာတာလဲ ဆိုတာကို ရှာဖွေတွေ့ရှိပြီလား”
ပိုင်ချမ်းဟန်က လေးလေးနက်နက် မေးမြန်းလိုက်၏။
“အသေးစိတ် အချက်အလက်တွေကတော့ မသေချာသေးပါဘူး အရှင့်မင်းသား။ သိသလောက်ဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲ ယန်ရှိုက တော်ဝင်သဲကန္တာရမြို့ကို လာခဲ့တယ်။ ကြည့်ရတာ သူက သူ့တပည့် တုချန်ရှန်း သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာပြီးတော့ လက်စားချေတာပဲ။ တုချန်ရှန်း ကို သတ်ဖြတ်ခဲ့တဲ့လူကတော့ ရမ်ချင်းတုရဲ့ တတိယတပည့် လျှိုချမ်းရွှယ်တဲ့။ ပြီးတဲ့နောက်မှာလည်း ရမ်ချင်းတုက တော်ဝင်သဲကန္တာရမြို့ကို ရောက်ခဲ့တယ်။ ပြီးတော့ မကြာခင်မှာပဲ သူက သူတော်စင် ဖြစ်သွားခဲ့တယ်”
“ဪ”
ပိုင်ချမ်းဟန်သည် မျက်ခုံးကို ပင့်လိုက်၏။ သူ၏ စိတ်ထဲတွင် သေသေချာချာ တွက်ချက်လျက်ရှိ၏။ “တော်ဝင်သဲကန္တာရမြို့က ပိုင်တုရန်တောင်ကြားနဲ့ မိုင်လေးသန်းလောက် ကွာတဲ့နေရာမှာ ရှိတာမဟုတ်ဘူးလား”
“အမှန်ပါပဲ” စစ်သူကြီးက ခေါင်းညိတ်လိုက်သည်။
“မမှားဘူးဆိုရင် တော်ဝင်သဲကန္တာရမြို့ဆိုတာ မြို့သေးသေးလေး တစ်ခုပါပဲ” ပိုင်ချမ်းဟန်က အသာပြောလိုက်သည်။
တော်ဝင်သဲကန္တာရမြို့၏ အနီးအနားတွင် မည်သည့်စိတ်ဝိညာဉ်သွေးကြောမှ မရှိချေ။ ထို့အပြင် ကောင်းမွန်လွန်း လှသည့် မြေတည်နေရာများလည်း မရှိပေ။ ထိုတင်သာ မကသေးပေ။ ပိုင်တုရန်တောင်ကြားဆိုသည်မှာလည်း အသုံးဝင်သည့်အရာလည်း မဟုတ်ပေ။ ပျက်စီးလျက်ရှိနေသည့် သဲကန္တာရကြီးသာဖြစ်သည်။ ထို့ကြောင့် မည်သူမှ စိတ်ဝင်တစား မရှိလှပေ။ တော်ဝင်သဲကန္တာရမြို့ကဲ့သို့ မြို့သေးသေးလေးတစ်ခုသည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်ကိုပင် ဆွဲဆောင်နိုင်ခဲ့ချေ၏။ ဤအရာသည် မထင်မှတ်ထားဖွယ်ရာကိစ္စပင်။