အပိုင်း (၃၇)
Vol. 3 Ch. 37
“အမှန်ပါပဲ အရှင့်မင်းသား။ တော်ဝင်သဲကန္တာရမြို့က လူတစ်သိန်းလောက်ပဲရှိတဲ့ မြို့လေးတစ်ခုပါပဲ။ ကိုးဆယ် ရာခိုင်နှုန်းသော လူတွေက သာမန်လူတွေ၊ ကျင့်ကြံသူတွေကလည်း တော်ဝင်သဲကန္တာရမြို့မှာ အခြေမချကြဘူး။ ပြောရမယ်ဆိုရင် တော်ဝင်သဲကန္တာရမြို့က မြို့အကာအကွယ် အစီအရင်တစ်ခုတောင် မရှိဘူးလေ။ အချိန်မရွေး ဖျက်ဆီးခံရနိုင်စွမ်းရှိတယ် မဟုတ်ပါလား”
“ငါသိပြီ” ပိုင်ချမ်းဟန်က ခေါင်းညိတ်လိုက်သည်။ တော်ဝင်ရင်နိုင်ငံတော် အုပ်ချုပ်သည့် တည်နေရာဌာနေ အတွင်းတွင် ရေတွက်လို့မရအောင် များပြားသည့် မြို့များအသီးသီး ရှိ၏။ ထို့အတူ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ထိုမြို့များသည်လည်း တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရ၏။ သာမန်အားဖြင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို သူတို့က ဂရုမစိုက်ချေ။ ပြောရမည်ဆိုလျှင် အချိန်ကိုက် အရင်းအမြစ်များ သူတို့ဆီကို ဆက်သလျှင် လုံလောက်ပြီဖြစ်၏။
“ယန်ရှိုနဲ့ ရမ်ချင်းတုတို့က တော်ဝင်သဲကန္တာရမြို့ဆီကို အသီးသီး ရောက်ရှိလာခဲ့ကြတယ်။ သူတို့ တိုက်ခိုက်ခဲ့ကြ လား” ပိုင်ချမ်းဟန်က မေးမြန်းလိုက်သည်။
တစ်ယောက်သည် တပည့်အတွက် လာရောက်ကာ လက်စားချေခြင်းဖြစ်ပြီး တစ်ယောက်မှာတော့ သူတပည့်အား ကာကွယ်ပေးရန်လာခြင်းဖြစ်သည်။ နှစ်ယောက်သားဆုံလျှင် ကျိန်းသေပေါက် တိုက်ခိုက်ရပေလိမ့်မည်။
“သတင်းပို့ပါတယ် အရှင့်မင်းသား။ သူတို့နှစ်ယောက်က မတိုက်ခိုက်ခဲ့ကြပါဘူး” စစ်သူကြီးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“ဟမ်”
ပိုင်ချမ်းဟန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ မတိုက်ခိုက်ဘူးဆိုရင် မည်ကဲ့သို့သော အခြေအနေကို ပြောင်းလဲသွားရသနည်း။ “သေသေချာချာပြော”
“ကျုပ်.. ကျုပ်လည်း သေချာမသိရှိပါဘူး အရှင်မင်းသား။ အသေးစိတ်ကို သေသေချာချာ ရှာဖွေလို့ မရဘူး။ ရမ်ချင်းတုနဲ့ ယန်ရှိုတို့က တကယ့်ကို တိုက်ခိုက်ဖို့ လာခဲ့ကြတယ်လေ”
စစ်သူကြီးသည် ခေါင်းငုံ့ကာဖြင့် တီးတိုး ပြောလိုက်၏။ “ဒါပေမဲ့ ဘာမှန်းမသိတဲ့ ကောလဟလတော့ရှိတယ်။ သေချာတော့ အတည်မပြုနိုင်ဘူး။ ရမ်ချင်းတု နဲ့ ယန်ရှိုတို့က တော်ဝင်သဲကန္တာရမြို့ကို ဝင်ပြီးတဲ့နောက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်လို့ခေါ်တဲ့ တည်နေရာထဲကို ဝင်သွားကြတယ်တဲ့”
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
ပိုင်ချမ်းဟန်သည် တီးတိုးရေရွတ်လိုက်သည်။ “ဒါက အသစ်ဖွဲ့စည်း ထားတဲ့ ဂိုဏ်းတစ်ခုလား”
“မဟုတ်ဘူး”
စစ်သူကြီးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်တို့လူတွေ သွားပြီးတော့ သေသေချာချာ စုံစမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ဘာမှထူးဆန်းတဲ့အရာကို သတိမပြုမိခဲ့ဘူး။ ပုံမှန်အားဖြင့် အထဲမှာ လူငယ်လေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်တို့ နေထိုင်တယ်လေ။ မိန်းကလေးကတော့ ရမ်ချင်းတုရဲ့ တတိယတပည့် ကလွဲရင် တခြားမဟုတ်ဘူး”
“ဪ”
ပိုင်ချမ်းဟန်၏ နှလုံးခုန်သံများသည် ပိုမိုကာ မြန်ဆန်လာခဲ့ကြ၏။ သူ့အနေနှင့် ဘာမှန်းသေသေချာချာ မသိသလို ခံစားနေရ၏။
“ယန်ရှိုနဲ့ ရမ်ချင်းတုတို့က မတိုက်ခိုက်ခဲ့ကြဘူး”
ပိုင်ချမ်းဟန်က တီးတိုးရေရွတ်လိုက်သည်။ “တကယ်လို့ မတိုက်ခိုက်ခဲ့ကြဘူးဆိုရင် ဘယ်လိုဖြစ်ပြီး အဲအခွင့်အရေးကို သူတို့က ရရှိခဲ့တာလဲ။ အခွင့်အရေးက လေထုထဲကနေ ပေါ်ပေါက်လာခဲ့တာလား”
ရမ်ချင်းတုသည် လမ်းမှ ဖြတ်သွားခဲ့ပုံပေါ်၏။ ဖြစ်နိုင်သည်မှာ လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ မတော်တဆ ဝင်ရောက်ခဲ့ပြီး သူတော်စင် ဖြစ်သွားခဲ့လေသည်လား။ ဤသို့ဆိုလျှင် တိုက်ဆိုင်မှု များပြားလွန်းလှချေသည်။ ဤကဲ့သို့သော ဖြစ်နိုင်ချေသည် တည်ရှိနေသည်ဆိုလျှင်တောင်မှ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးနောက်မှ ဖြစ်နိုင်စွမ်းရှိ၏။ အဓိက သော့ချက်အားဖြင့် ဤမျှလောက်များပြားသည့် တိုက်ဆိုင်မှုမျိုး ကြုံစရာ အကြောင်း မရှိချေ။
“မဟုတ်သေးဘူး။ တစ်စုံတစ်ခုကတော့ လွဲနေသေးတယ်”
ပိုင်ချမ်းဟန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွား၏။ သူက မြန်မြန်ဆန်ဆန်ပဲ မေးမြန်းလိုက်သည်။ “ရမ်ချင်းတုရဲ့ တတိယတပည့်က ဘာလို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ နေနေရတာလဲ။ အခု ရမ်ချင်းတုက သူတော်စင် ဖြစ်ပြီလေ။ ဘာလို့ သူ့ရဲ့ တပည့်ကို လာမခေါ်တာလဲ”
“မဟုတ်သေးဘူး”
စစ်သူကြီးသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်တို့လည်း ဇဝေဇဝါဖြစ်နေပါတယ် အရှင့်သား။ ရမ်ချင်းတုက သူတော်စင်ဖြစ်ပြီးတဲ့အချိန်မှာ ဂိုဏ်းကို ချက်ချင်းပြန်သွားတယ်။ ပြီးတော့ ပြန်ထွက်မလာတော့ဘူး။ ကြည့်ရတာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ကြိုးစားနေတဲ့ပုံပဲ။ ပြီးတော့ အဆင့်ချိုးဖြတ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ရဲ့ အားအင်အဆင့်က မတည်ငြိမ်ဘူးလေ။ မထင်မှတ် ထားတဲ့ကိစ္စတွေ ကြုံဆုံပြီဆိုရင် ကျင့်ကြံခြင်းအဆင့် ဖောက်လွဲဖောက်ပြန် ဖြစ်သွားနိုင်တယ် မဟုတ်လား”
“အင်း.. ဒါက ထူးဆန်းတယ်”
ပိုင်ချမ်းဟန်က မတ်တပ်ထရပ်လိုက်သည်။ သူသည် ဦးနှောက်ထဲ၍ တွေးတော မှန်းဆလျက် ရှိသည်။ သူက ပြောလိုက်သည်။ “ရမ်ချင်းတုရဲ့ တတိယတပည့်က တန်ဖိုးမရှိဘူးလား။ တန်ဖိုးမရှိ၊ ဂရုမစိုက်ဘဲနေမယ်ဆိုရင် ဘယ်လိုဖြစ်ပြီး တော်ဝင်ဓားဂိုဏ်း တည်ရှိတဲ့ ဝေးကွာလှတဲ့ ခရီးကနေ ဒီနေရာဆီကို ခရီးနှင်လာမှာလဲ”
“တကယ်လို့ တန်ဖိုးထားခံရတယ်ဆိုရင်လည်း ရမ်ချင်းတုက သူတော်စင်ဖြစ်ပြီးတဲ့နောက်မှ သူ့တပည့်ကို ခေါ်ဆောင်သွားသင့်တယ် မဟုတ်လား”
ဤအချက်အလက်များသည် စဉ်းစားတွေးခေါ်၍ မရသည့် အချက်အလက် များ ဖြစ်၍နေခဲ့၏။
ထို့အပြင် ယန်ရှိုသည် အသက်ရှင်လျက် ရှိနေသေး၏။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူများ၏ ကြမ်းတမ်းလွန်း လှသော သဘောသဘာဝအရဆိုလျှင် ၎င်းသည် တပည့်အတွက် လက်စားချေမှာ သေချာ၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုမှတော့ ထိုကဲ့သို့ လက်စားချေတုန့်ပြန်မှုသည် မလွဲမသွေ ကြုံဆုံလာပေလိမ့်မည်။
ယန်ရှိုသည် ဘာမှမဖြစ်သလို တည်ရှိခဲ့၏။
ရမ်ချင်းတုသည် သူ၏ တပည့်ကို ဂရုမစိုက်ခဲ့ချေ။ ရှင်းပြချက်မှာ တစ်ခုတည်းသာရှိ၏။ သူ၏တပည့် အန္တရာယ်မရှိသည်ကို ယုံကြည်သောကြောင့်ပင်။ ယန်ရှိုတစ်ယောက် သူ၏ တပည့်ကို ထိခိုက်ဒဏ်ရာရအောင် မပြုလုပ်နိုင်အောင် ကာကွယ်ပေးနိုင်သည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ရှိနေမှသာလျှင် ဖြစ်ပေလိမ့်မည်။
“စိတ်ဝင်စားစရာပဲ”
ပိုင်ချမ်းဟန်က ပြုံးလိုက်၏။ သူ့ကို ကြည့်ရသည်မှာ အဓိကသော့ချက်ကို ဆုပ်ကိုင်မိသွားပုံ ပေါ်သည်။
အဓိကသော့ချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ပင်ဖြစ်၏။ ရမ်ချင်းတု၏ အခွင့်အရေးသည် ကျိန်းသေပေါက် လေထုထဲမှ ပေါ်ပေါက်လာသည့်အရာမျိုး မဟုတ်ချေ။ ဆိုလိုသည်မှာ ပိုင်တုရန်တောင်ကြားထဲသို့ ရည်ရွယ်ချက်ရှိရှိ သွားခဲ့ပုံပေါ်၏။ ယန်ရှိုပင်လျှင် အသေးစိတ် အချက်အလက်များကို သိရှိကောင်း သိရှိနိုင်ပေလိမ့်မည်။ မဟုတ်လျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ ဘိုးဘေးအကြီးအကဲများ ရုတ်တရက်ကြီး တုံ့ပြန် လာစရာ အကြောင်းမရှိချေ။
ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းဆိုသည်မှာ သာမန်ထက်ပိုသည့် စွမ်းအင်များ တည်ရှိနေသည်ဆိုလျှင်တောင်မှ ၎င်းတို့ဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများသည် ကြက်သွေးရောင်မီးတောက်နတ်နယ်မြေဆီမှ လူများလောက် မြန်ဆန် လိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေကို ကြည့်ရမည်ဆိလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဦးဆောင်ကာ သွားလာလျက်ရှိ၏။ ထို့အပြင် တကယ့် စွမ်းအားမြင့် ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့၏။ တော်ဝင်ဓားဂိုဏ်း ကဲ့သို့ပင်။
“ပိုင်တုရန်တောင်ကြားနဲ့ ဒီနေရာက ဘယ်လောက်ဝေးသေးလဲ” ပိုင်ချမ်းဟန်က မေးမြန်းလိုက်သည်။
“အရှင့်သား.. မိုင်ငါးသန်းလောက် ဝေးပါသေးတယ်” စစ်သူကြီးက ပြန်လည် ဖြေဆိုလိုက်၏။
“ပိုင်တုရန်တောင်ကြားရဲ့ အခြေအနေက ဘယ်လိုရှိလဲ” ပိုင်ချမ်းဟန်သည် ထပ်မံကာ မေးမြန်းလိုက်သည်။
“ပြန်မလာခင်ကတော့ တော်ဝင်ဓားဂိုဏ်းနဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတို့ကတော့ အချင်းများလျက် ရှိနေတယ်။ ဒီတိုက်ပွဲကို ကြက်သွေးရောင်မီးတောက် နတ်နယ်မြေက လူတွေကလည်း ဝင်ပြီးတိုက်ဖို့ စီစဉ်နေတယ်။ အဲနေရာမှာ စွမ်းအားမြင့် ကျင့်ကြံသူတွေ တိုက်ခိုက်နေတာဆိုတော့ မိုင်သောင်းချီ ဖျက်ဆီးခံနေရတယ်လေ။ တော်ဝင်ဓားဂိုဏ်းရဲ့ စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်က အထက်စည်း ရောက်နေတယ်”
“ဪ”
ပိုင်ချမ်းဟန်သည် မျက်ခုံးပင့်လိုက်၏။ ဤသတင်းသည် မထင်မှတ်ထားသည့် ကိစ္စရပ်သာဖြစ်သည်။ တော်ဝင်ဓားဂိုဏ်းသည် ဓားကျင့်ကြံသူများ တည်ရှိသည့် ဂိုဏ်းတစ်ခုဖြစ်၏။ ၎င်းတို့၏ အတွင်းစည်းတပည့်များ သည်လည်း ဓားကျင့်ကြံသူများဖြစ်၏။ တူညီသည့်အဆင့်တွင် ၎င်းတို့၏ တိုက်ခိုက်မှုနှင့် အမြန်နှုန်းသည် မြန်ဆန်ပြီး အားကောင်းလွန်းလှသည်။
ဓားကျင့်ကြံသူနှင့် စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက် တည်ရှိနေသည်ဆိုခြင်းကြောင့် တခြားသော ဂိုဏ်းများဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ သုံးယောက်တို့ တိုက်ခိုက်ပြီး ဖိနှိပ်ခံရသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။
အံ့အားသင့်စရာ တစ်ခုရှိသည်မှာ ကြက်သွေးရောင်မီးတောက်နတ်နယ်မြေနှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်းတိုက်ခိုက် နေခြင်းပင်။
ကံကောင်းခြင်း အခွင့်အရေး တစ်ချို့ကို ရရှိရန် ဂုဏ်သိက္ခာကိုပင် ဖယ်ခွာကြတော့မည်လား။
တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ဤကဲ့သို့ ပြုလုပ်ရသည်အထိ ဖြစ်စေသောကြောင့် အခွင့်အရေးဆိုသည်မှာ သာမန်ထက် ပိုသည့်အရာသာ ဖြစ်ပေလိမ့်မည်။
နတ်အဆင့်နယ်မြေ သုံးခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရလောက်အောင် အထဲတွင် တန်ဖိုးကြီးမားလှသည့် အခွင့်အရေးများ တည်ရှိနေ၍လား။
“ဒီအခြေအနေ တစ်ခုက နတ်အဆင့် နယ်မြေကြီး သုံးခုတောင် ပါဝင်ပတ်သက်စေခဲ့တယ်။ အဲဒီရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဒီလိုမျိုးဖြစ်အောင် အကွက်ချ စီစဉ်ခဲ့တာများလား” ပိုင်ချမ်းဟန်က တွေးတောလိုက်၏။
ဤကဲ့သို့သော အခွင့်အရေးသည် အချိန်ကိုက် ထွက်ပေါ်လာသည်ဆိုသည်မှာ အံ့အားသင့်စရာ ဖြစ်၏။ နှိုင်းယှဉ် ရမည်ဆိုလျှင် ရုတ်တရက်လည်း ဆန်လွန်းလှ၏။ ရေတွက်လို့မရအောင် များပြားလှသည့်ဂိုဏ်းများ ဝင်ရောက်ကာ မလှုပ်ရှားသည်ကပင် ကံကောင်းသည်ဟု ပြောဆိုရပေမည်။
“အရှင့်သား.. ကျုပ်တို့ ပိုင်တုရန်တောင်ကြားကို ဆက်သွားအုံးမှာလား” စစ်သူကြီးက မေးမြန်းလိုက်သည်။
“မသွားတော့ဘူး” ပိုင်ချမ်းဟန်သည် လက်ကိုယမ်းခါလိုက်၏။
လက်ရှိအခြေအနေမှာတော့ ပိုင်တုရန်တောင်ကြားတွင် စွမ်းအားမြင့်ကျင့်ကြံသူ ငါးယောက်တို့ တိုက်ခိုက်လျက် ရှိနေ၏။ သို့ပေမဲ့ သူ့ဘက်တွင် အားအကောင်းဆုံးသောသူမှာ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူသာဖြစ်သည်။
ထိုသို့ ဆိုလျှင် သူ ဘာသွားလုပ်ရမည်နည်း။ သေလမ်းရှာဖို့လား။
ပိုင်တုရန်တောင်ကြားသည် တော်ဝင်ရင်နိုင်ငံက ပိုင်ဆိုင်သည့်အရာဖြစ်သည်ဆိုသော်လည်း သူတို့ ထိန်းချုပ်နိုင်စွမ်း ရှိသည့်အရာမျိုး မဟုတ်ချေ။ တခြားသူများ သေဆုံးသည်အထိ တိုက်ခိုက်သည်ကို စောင့်မျှော် ကြည့်ရှုရန်သာ တတ်နိုင်၏။
“အင်း.. ဒါဆိုရင်လည်း တော်ဝင်သဲကန္တာရမြို့ဆီကို သွားကြတာပေါ့” ပိုင်ချမ်းဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။