အပိုင်း (၃၈)
Vol. 3 Ch. 38
ကြေးနီရောင် စစ်ရထားလုံးသည် နောက်ပြန်လှည်ပြီး လမ်းကြောင်း ပြောင်းလဲခဲ့၏။ ၎င်း၏ ပျံသန်းရာ နေရာသည် တော်ဝင်သဲကန္တာရမြို့သို့ ဖြစ်၏။ ပိုင်တုရန်တောင်ကြားသို့ ရောက်ရှိရန် မိုင်ပေါင်းငါးသန်းလောက် လိုနေသေး၏။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိရန်မှာတော့ မိုင်ပေါင်း တစ်သန်းခန့်သာ လိုတော့၏။ ထို့ကြောင့် လှည့်ကာသွားမည်ဆိုလျှင် နေ့ဝက်ခန့်ပင်ကြာလိမ့်မည် မဟုတ်ချေ။
ကျယ်ပြောလှသည့် မြေပြင်ထဲတွင် တဖြည်းဖြည်း သေးငယ်လှသော မြို့လေးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ပိုင်ချမ်းဟန်သည် ပြတင်းပေါက်ဘေးတွင် ထိုင်လျက် ရှိနေပြီး အပြင်ဖက်သို့ လှမ်းမျှော်ကြည့်လျက် ရှိနေ၏။ တော်ဝင်အင်ပါယာမြို့သည် အဆပေါင်းများစွာ ပိုကြီးမားလွန်းလှ၏။ ရှုပ်ထွေးပြီး လူစည်ကားသော မြို့များနှင့် နှိုင်းယှဉ်ရလျှင် ဤမြို့လေးသည် သူ၏ စိတ်ဝင်စားမှုကို ရရှိသင့်သော မြို့လေးတစ်မြို့ မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သာ ဤနေရာတွင် မရှိပါက သူသည် ဤနေရာသို့ လှည့်ကာ မျက်စောင်းပင် ထိုးလိမ့်မည် မဟုတ်ချေ။
"တော်ဝင်သဲကန္တာရမြို့က ရှေ့မှာလား" ပိုင်ချမ်းဟန်သည် ပြတင်းပေါက်ဘေးမှ လှမ်းကာ မေးမြန်းလိုက်၏။
"ဟုတ်ပါတယ်" စစ်သူကြီးက ပြန်လည် ဖြေဆိုလိုက်သည်။
"အင်း ….. ကောင်းကင်လျှို့ဝှက်နန်းဆောင်က နောက်ကွယ်ကနေ ပြဿနာတွေဖြစ်အောင် မွှေနှောက်နေတာများလား။ အခု နတ်နယ်မြေသုံးခု အချင်းချင်းတိုက်ခိုက်တဲ့ အခြေအနေကို ရောက်ရှိနေပြီ"
ပိုင်ချမ်းဟန်သည် စိတ်ဝင်တစားဖြင့် ပြုံးလျက် ရှိနေ၏။ တော်ဝင်နိုင်ငံတစ်ခုထဲ၌ ဤကဲ့သို့ သာမန်ထက်ပိုကာ ထူးချွန်လွန်းလှသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်မှာ သဘာဝပင်ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ ထွက်ပေါ်ခဲ့သည့် သူတော်စင်ဖြစ်နိုင်သည့် အခွင့်အရေးဆိုသည်မှာ သာမန် အခွင့်အရေး မဟုတ်ချေ။
တစ်ဖက်လူကိုသာ သူ့ဘက်ပါအောင် ခေါ်ဆောင်နိုင်ပါက တော်ဝင်အင်ပါယာ တစ်ခုလုံးသည် သူ၏ လက်ထဲသို့ ရောက်ရှိလာမှာ အသေအချာပင်။ ထို့ပြင် အနာဂတ်ကို တွေးပြီးနောက် ပိုင်ချန်းဟန်သည် အမှန်ပင် အလောတကြီး ဖြစ်မိလာခဲ့၏။ အချိန်သည် သိပ်မကျန်တော့ချေ။ သူ၏အဖေသည် သေဆုံးခါနီးပြီ ဖြစ်၏။ အင်ပါယာနေရာသည် သူ၏လက်ထဲမှ လွတ်ခွာမသွားစေရန် သူသည် ကြိုးစားရပေလိမ့်မည်။
"အရှင် တော်ဝင်သဲကန္တာရမြို့အရှင်ကို လာပြီးတော့ ကြိုဆိုဖို့ သတင်းပေးလိုက်ရမလား။ "
"မလိုဘူး။ ကောင်းကင်လျို့ဝှက်နန်းဆောင်ကို တိုက်ရိုက်သွား။ ပိုင်တုရန်တောင်ကြားမှာ ရှိနေတဲ့ အခွင့်အရေးတွေက ဘာတွေလဲဆိုတာကို တကယ်သိချင်နေပြီ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ငါထင်ထားသလို ဆန်းကြယ်လားဆိုတာကိုလည်း သိချင်မိတယ်။ "
"ကောင်းပါပြီ"
...............
ဘုန်း
အဖြူရောင်မြင်းပျံကြီးသည် မြန်မြန်ဆန်ဆန်ဖြင့် ပျံသန်းလျက် ရှိနေ၏။ ၎င်းသည် လေထုထဲကို ထိုးခွင်းကာဖြင့် ကျယ်လောင်လှသည့် အသံကိုလည်း ထွက်ပေါ်စေ၏။ လေဟာနယ်ထဲတွင် ဆွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လျက် ရှိနေပြီး ၎င်းသည် အရှိန်တင်ကာဖြင့် ကောင်းကင်လျို့ဝှက်နန်းဆောင်သို့ ဦးတည်နေ၏။
တော်ဝင်သဲကန္တာရမြို့၏ ကောင်းကင်ယံသို့ ရောက်သည့်အခါမှာတော့ လေဟာနယ်တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ ကြက်သွေးရောင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လာခဲ့၏။ တည်နေရာတစ်ခုလုံးသည် မဲမှောင်သွားပြီး လေဟာနယ်ထဲတွင် အစီအရင်တစ်ခု ဖြစ်တည်လာတော့မည့် ပုံပင်။ သတ်ဖြတ်ခြင်းအော်ရာများ လေထုထဲတွင် ဖြစ်တည်လျက် ရှိ၏။ တစ်ချိန်တည်းမှာပဲ ဓားချင်းခုတ်သည့် အသံများသည် ဆူညံစွာ ထွက်ပေါ်လာသည်။
ချလွမ် … ချလွမ် …။
ရေတွက်၍မရအောင် များပြားသော ဓားရှည်များသည် ဖြစ်တည်လာခဲ့ပြီနောက် တည်နေရာတစ်ခုလုံးကို လှည့်လည်ကာ ခုတ်ပိုင်းလျက် ရှိနေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ဓား၏အော်ရာများသည် လွှမ်းခြုံလျက် ရှိနေ၏။
ထိုအရာကို မြင်မြင်တွေ့ပြီးနောက် အားလုံးသောသူတို့သည် ဆွံ့အသွားကြ၏။ တည်နေရာထဲတွင် ဓားအလင်းများသည် ကြောက်ခမန်းလိလိ များပြားလွန်းလှပြီး ထိုဓားများ ခုတ်ပိုင်းနေခြင်းကြောင့် ထွက်ပေါ်လာခဲ့သော အသံများသည်ကပင် သေမင်း၏ အော်ငြီးသံကဲ့သို့ပင်။
ဇွီ
ဓားများ ထွက်ပေါ်လာပြီးသည့်နောက် အဖြူရောင်မြင်းပျံကြီး ဆွဲခေါ်နေသော စစ်ရထားလုံးသည် တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။ ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ ထိုစစ်ရထားလုံးကြီးတွင် ချိတ်ထားသော အလံတိုင်ကြီးပင်လျှင် နှစ်ပိုင်းပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
ဇွီ
စစ်သူကြီး၏ အမူအရာသည် ပျက်ယွင်းသွားသည်။ သူသည် ထအော်လိုက်မိ၏။ "အရှင်မင်းသား မြန်မြန်ထွက် … ဒါက အစီအရင်ကြီးတစ်ခုပဲ။ ကျုပ်စိုးရိမ်မိတာက"
ပိုင်ချမ်းဟန်၏ အမူအရာသည် စိတ်ဝင်တစား ဖြစ်လို့နေခဲ့၏။ သူသည် ကြေးစစ်ရထားလုံးကြီးမှ ထွက်ခွာပြီးသည့်နောက် နေရာတွင် မတ်မတ်ရပ်လိုက်၏။ သူ၏ဆံနွယ်များသည် လေထုထဲတွင် လွင့်လျက် ရှိနေ၏။ သူသည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်နှင့် တည်နေရာကို လှမ်းမျှော်ကြည့်ရှုကာ ပြောလိုက်သည်။
"ကျုပ်တို့ မလွတ်မြောက်နိုင်ဘူး။ ဒါက သတ်ဖြတ်ခြင်း အစီအရင်တစ်ခုပဲ။ ကြည့်ရတာ သူတော်စင်အဆင့် အစီအရင်နဲ့ တူတယ်။ တကယ့်ကို ရိုးရှင်းတဲ့ စွမ်းအင်တွေက နတ်အဆင့် ကျင့်ကြံသူတွေကို ဖိနှိပ်ထားနေနိုင်တာပဲ"
“ဘာ ….”
စစ်သူကြီးသည် တုန်လှုပ်သွားမိ၏။ တော်ဝင်သဲကန္တာရမြို့ထဲတွင် အဘယ့်ကြောင့် နတ်အဆင့် အစီအရင်တစ်ခုက တည်ရှိနေရသနည်း။
မြို့ကြီးတော်တော်များများပင်လျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အစီအရင်မျိုး မရှိချေ။ တော်ဝင်သဲကန္တာရမြို့က အဘယ့်ကြောင့် ပိုင်ဆိုင်နေရသနည်း။ ထို့ပြင် လက်ရှိအစီအရင်သည် ရိုးရှင်းလှသည့် အစီအရင်တစ်ခု ဖြစ်သည်ဆိုသော်လည်း ပြည့်စုံလှသည့် အစီအရင်တစ်ခု ဖြစ်လို့နေသေးသည်။
"အရှင်မင်းသား ကျေးဇူးပြီး ကျုပ်အနောက်မှာ နေပါ။ "
စစ်သူကြီးသည် အသက်ကိုပြင်းပြင်းရှုလိုက်၏။ သူ၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်ပေါက်လာ၏။ အေးစက်စက်အလင်းတန်းသည် ဖြတ်သန်းသွားခဲ့ပြီးနောက် စွမ်းအင်များသည် သူ၏ကိုယ်ဆီမှ ထွက်ပေါ်လာ၏။
"အသုံးမဝင်ဘူး"
ပိုင်းချမ်းဟန်က ပြောလိုက်သည်။ "ကျုပ်တို့ လာချင်လာပြီး သွားနေနိုင်ရင် ဘာလို့ အစီအရင်လို့ ခေါ်တော့မှာလဲ။ ကျုပ်တို့လုပ်နိုင်တာ တစ်ခုပဲရှိတယ်။ အစီအရင်ကို ဖျက်ဆီးမလား။ ဒါမှမဟုတ် အစီအရင်ဖန်တီးတဲ့သူ ထွက်လာတာကို စောင့်မလားဆိုတာကိုပဲ။ လုံလောက်တဲ့ အားအင်မရှိဘဲ အထဲကို ဝင်မိတာက သေဆုံးဖို့ လမ်းစပဲ"
အစီအရင်သည် ကွာခြားလွန်းလျက် ရှိနေ၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် လုံလုံလောက်လောက် ပြည့်နှက်လျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများကို ထုတ်ဖော်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ လူတစ်ယောက်သည် ထိုထဲသို့ ဝင်သွားပြီးနောက် အစီအရင်ကို မချိုးဖျက်နိုင်ပါက နောက်ဆုံးတွင် ကျန်းချီများ ကုန်သွားပြီး သေဆုံးမှာ သေချာ၏။
ဘန်း …..။
ထိုအချိန်မှာပဲ ရေတွက်၍မရအောင် များပြားလှသော ဓားအလင်းတန်းများသည် ကျဆင်းလာခဲ့၏။ ကြက်သွေးရောင် ဓားအလင်းတန်းများသည် မြစ်ဝါမြစ်ထဲမှ ရေများ စီးဆင်းလာသကဲ့သို့ပင် ကောင်းကင်ယံတစ်ခုလုံး ကို ပြန့်နှံ့သွားစေ၏။ ဤစွမ်းအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ နတ်အဆင့်ထက် ကျိန်းသေပေါက် သာလွန်သည့် အော်ရာများပင် ထွက်ပေါ်လျက် ရှိနေသေးသည်။
"အဆုံးသတ်များလား"
စစ်သူကြီးသည်တံတွေးကို မြို့ချလိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေ၏။ အရှင့်သားကို အနောက်တွင်ထား၍ သူသည် ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပေလိမ့်မည်။
သို့ပေမဲ့သူသည် နတ်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ချေ။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူသည် မည်သို့မှ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် သွားချင်သည့် နေရာဆီသို့ ခေါင်းမော့ကာ ရဲရဲဝံ့ဝံ့ သွားလာခဲ့ကြ၏။
မည်သူက ထင်မှတ်မည်နည်း။ သေးငယ်လှသည့် တော်ဝင်သဲကန္တာရမြို့၌ ကြောက်မက်ဖွယ် ကောင်းလှသည့် အစီအရင်တစ်ခုသည် တည်ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားသနည်း။
သေဆုံးခါနီး အခြေအနေဆီသို့ ရောက်ရှိနေချိန်မှာတော့ သူသည် များပြားလှစွာသော အကြောင်းအရာများကို တွေးတောနေမိသည်။
"ကြည့်ရတာ ငါဒီသတ်ဖြတ်ခြင်း အစီအရင်ကို အထင်သေးခဲ့ပုံပဲ"
ပိုင်ချမ်းဟန်၏ မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော့လျက် ရှိနေ၏။ အစီအရင်တစ်ခုလုံးသည် ရိုးရှင်းစွာ တည်ဆောက်ထားသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့် ဆန္ဒများ ပါဝင်လျက် ရှိနေ၏။ သူ ကြာကြာ တောင်ခံနိုင်လိမ့်မည် မဟုတ်ချေ။ အစီအရင်ပြုလုပ်သူ မြန်မြန်သိရှိပြီး လာကယ်မှသာ သူ၏ အသက် ချမ်းသာရာ ရပေလိမ့်မည်။
"ဒါအဆုံးသတ်များလား"
ပိုင်းချမ်းဟန်သည် နာနာကျင်ကျင်နှင့် ပြုံးလိုက်မိ၏။ အနာဂတ်တွင် ကြုံဆုံရမည့် စိန်ခေါ်မှုများအကြောင်းကို စဉ်းစားမိပြီးနောက် သူသည် လောကကြီးထဲမှ ထွက်ခွာသွားရန် ပင် စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေမိသည်။ သူသည် သူ့အဖေ၏ ထိန်းချုပ်မှုအောက်မှ မလွှတ်မြောက်နိုင်ခဲ့ချေ။ ကြည့်ရသည်မှာ သေဆုံးခြင်းသာလျှင် သူ့အတွက် အကောင်းဆုံးသော ရွေးချယ်ခြင်း ဖြစ်ပေလိမ့်မည်။
ဓားအလင်းတန်းများ နီးကပ်လာသည့်အချိန်မှာတော့ ရုတ်တရက် ထိုအလင်းတန်းများသည် ရပ်တန့်သွားခဲ့၏။ ဓားများသည် လေထဲမှာပင် ပျောက်ကွယ်သွားခဲ့ပြီး အစီအရင်ကြီးကလည်း ပျောက်ကွယ်သွားခဲ့၏။ လောကကြီး တစ်ခုလုံးသည် ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်သွား၏။
မြို့တော်ဝန် အိမ်တော်ဆီမှ ကျယ်လောင်လှသည့် အော်သံကြီးတစ်ခုက ထွက်ပေါ်လာသည်။ "တော်ဝင်သဲကန္တာရမြို့ကို ဘယ်သူက ကျူးကျော်လာရဲတာလဲ"