အပိုင်း (၃၉)
Vol. 3 Ch. 39
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ကောင်းကင်ယံထက်သို့ လှမ်းတက်လိုက်သည်။ ပြီးသည့်နောက် အားကောင်းလှလွန်းသော အရှိန်အဝါမျိုးကို တဆက်တည်း ထုတ်ဖော်လိုက်၏။ သူ၏ တစ်ဘဝလုံးတွင် ယခုရက်ပိုင်းအတွင်းလောက် ဂုဏ်ယူဝင့်ကြွားစွာ နေရသည့် ရက်ဟူ၍ တစ်ခါမှ မရှိခဲ့ဖူးချေ။
စီနီယာ့ဆီမှ အစီအရင်ကို ဝယ်ယူခဲ့ပြီးနောက် သူသည် တစ်ချက်ကလေးမှ မနှောမျောခဲ့ချေ။ စိတ်ဝိညာဉ်ကျောက်တုံးများကို အများအပြား အသုံးပြု၍ သုံးရက်အတွင်း အစီအရင်ကြီးကို ဖန်တီး တည်ဆောက်နိုင်ခဲ့သည်။
ဤနတ်အဆင့် အစီအရင်နှင့်ဆိုလျှင် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူပင် သူ့အား ယဉ်ယဉ်ကျေးကျေးနှင့် ဆက်ဆံရပေလိမ့်မည်။ အစီအရင်သည် အသက်ဝင်သွားသည်နှင့် တစ်ဖက်လူသည် မည်မျှ အားကောင်းလှသည်ဆိုဆို ဒုက္ခရောက်မှာ သေချာ၏။
သူ့ကဲ့သို့သော အစီအရင်ကို နတ်နယ်မြေကဲ့သို့ သေးငယ်လှသောဂိုဏ်းများ၊ အလယ်အလတ်အဆင့် ဂိုဏ်းများပင်လျှင် ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
သုံးရက်ကုန်ဆုံးပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့သည် တည်ငြိမ်အေးချမ်းလျက် ရှိနေတုန်းပင်။ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ အတိတ်တုန်းက တော်ဝင်သဲကန္တာရမြို့ကို မလေးစားသည့် ပြဿနာရှာသောသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ဖူး၏။
ထိုသူများကို သူသည် ယဉ်ယဉ်ကျေးကျေးနှင့် သွားရောက်ကာ ပြောဆိုခဲ့ရ၏။ မျက်နှာပေါ်တွင် ပြုံးလျက် ရှိနေသည် ဆိုသော်လည်း နှလုံးသားထဲတွင်တော့ အမှန်ပင် ထိခိုက်နာကျင်ခဲ့ရသည်။
သို့ပေမဲ့ ယနေ့တွင်တော့ သူ၌ ဝှက်ဖဲရှိနေပြီ ဖြစ်၏။ မပြောမဆို ဝင်လာကာ ပြဿနာရှာသော ကျင့်ကြံသူများ ရှိပါက ……။
ကောင်းကင်သည် သနားကြင်နာတတ်၏။ သို့ပေမဲ့ သူ့တွင်တော့ သနားကြင်နာတတ်သည့် အတွေးမျိုး မရှိချေ။
ယခုတလောအတွင်း မည်သူမှ ဝင်မလာသည်မို့ စိတ်ပျက်လက်ပျက် စောင့်ဆိုင်းနေတုန်းမှာပဲ တစ်စုံတစ်ယောက်သည် တော်ဝင်သဲကန္တာရမြို့ကို ကျူးကျော်လာခဲ့၏။ သတိပေးချက် တစ်ခုမှ မပြုလုပ်ဘဲ ကောင်းကင်ယံထက်သို့ ကျော်ကာ ဖြတ်သန်းသွားခဲ့၏။
ယနေ့အချိန်မှာမှ သူ၏ အခွင့်အာဏာကို မပြသဖူးဆိုပါက သူသည် မြို့တော်ဝန် တစ်ယောက်၏ မျက်နှာကို ဘယ်နား သွားထားရတော့မည်နည်း။
တော်ဝင်သဲကန္တာရမြို့၏ အရှင်သည် လေဟာနယ်ထဲတွင် ပေါ်လာသည်။ ၎င်းဆီမှ ခမ်းနားထည်ဝါလွန်းလှသည့် အော်ရာများ ထွက်ပေါ်နေလျက် ရှိ၏။ တကယ့် သူတော်စင်ကြီး တစ်ပါးကဲ့သို့ပင် ဟိတ်ဟန် ကောင်းလွန်းလှ၏။
"တော်ဝင်သဲကန္တာရမြို့ကို ဘယ်သူက လာပြီးတော့ ကျူးကျော်ရဲတာလဲ"
တော်ဝင်သဲကန္တာရမြို့တော်ဝန်၏ အသံသည် ကျယ်လောင်လွန်းလှသည်။
သူသည် အောက်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ မျက်လုံးထောင့်ထဲမှာတော့ မြေပေါ်သို့ကျလျက် ရှိနေသည့် အဖြူရောင်မြင်းပျံကြီး၏ ခန္ဓာကိုယ်ကို ရုတ်တရက် မြင်လိုက်ရ၏။
သူ၏နှလုံးခုန်သံများသည် မြန်ဆန်သွား၏။ ဤအရာသည် ရှားပါးလှသည့် မွန်းစတားကြီး ဖြစ်၏။ ပိုင်ရှင်မှာ အဆင့်အတန်းမြင့်မားလှသည့် မျိုးရိုးမှ လူတစ်ယောက် ဖြစ်ပုံပေါ်၏။ အစီအရင်သည် ထိုသားရဲကို သတ်ဖြတ်ပစ်လိုက်သည်လား။
သူ၏မျက်လုံးများသည် ပြူးထွက်သွားပြန်၏။ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ထက်ပိုင်း ကျိုးလျက်ရှိနေသည့် အလံတစ်ခုကို တွေ့လိုက်ရ၏။ ထိုပေါ်တွင် ရေးသားထားသည်မှာ တော်ဝင်ရင် နိုင်ငံ ဆိုသည့် စာသားပင်ဖြစ်၏။ ထို့ပြင် အနောက်ဖက်တွင် ကြေးနီရောင် ရထားလုံးကြီးကလည်း အပိုင်းပိုင်း ပြတ်လျက် ရှိလေသည်။
"ချီးတဲ့မှ "
အချိန်အတော်ကြာ တွေးတောပြီးသည့်နောက် သူသည် မနေနိုင်ဘဲ ထကာ ဆဲလိုက်မိ၏။ သူသည် သံပြားကို သွားရောက်ကာ ကန်မိလေ၏။
အဖြူရောင် မြင်းပျံကြီး ဆွဲလာသည့်အပြင် တော်ဝင်ရင်နိုင်ငံ ဟူသော စကားလုံးကိုလည်း မြင်နေရ၏။ ဤရထားလုံးသည် တော်ဝင်ရင်နိုင်ငံ၏ ဘုရင်မျိုးရိုးများ စီးနင်းသော ယဉ်သာလျင် ဖြစ်သည်။ ထိုဘုရင်သည် သူ နှစ်တိုင်း သွားရရောက်ကာ ဂါဝရပြုရသော ဘုရင်လည်း ဖြစ်လေ၏။ သူသည် တော်ဝင်ရင်နိုင်ငံ၏ အခွင့်အာဏာကို သွားရောက်ကာ စိန်ခေါ်မိလေသည်လား။
"ခင်ဗျား တော်တော် သတ္တိရှိတာပဲ "
ထိုအချိန်မှာတော့ ကျယ်လောင်လှသည့် အသံတစ်ခုက ထွက်ပေါ်လာ၏။ ပိုင်ချမ်းဟန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ အစောတုန်းက ဓားခုတ်ချက်များသည် သူ၏ခန္ဓာကိုယ်နှင့် သုံးလက်မအကွာတွင် ဖြစ်တည်ခဲ့၏။ သူသည် သေဆုံးခြင်း၏ အငွေ့အသတ်ကိုပင် ခံစားခဲ့ရ၏။ ထိုကဲ့သို့သော အခြေအနေမျိုးကို သူသည် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးချေ။ သေခြင်းရှင်ခြင်း လမ်းနှစ်ခုကြားတွင် လျှောက်လှမ်းခဲ့ရသည့် ပုံစံမျိုးပင်။ စစ်သူကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့၏။ သူ၏မျက်နှာတစ်ခုလုံးသည် သုန်မှုန်လျက် ရှိ၏။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “တော်ဝင်သဲကန္တာရ မြို့တော်ဝန် ခင်ဗျားရှေ့မှာ ရပ်နေတာ ဘယ်သူလဲ သိလား"
"န … နဝမ … မင်းသား"
တော်ဝင်သဲကန္တာရ၏ မြို့တော်ဝန်သည် တစ်ကိုယ်လုံး ထူပူသွား၏။ မည်မျှ ကံဆိုးလိုက်သနည်း။
သူသည် ကြီးကျယ် ခမ်းနားလွန်းသော သူ၏ အခွင့်အာဏာကို ထုတ်ပြရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ ထိုကဲ့သို့ ထုတ်ဖော် ဝါကြွားသည် ပထမဆုံးအချိန်မှာပင် တော်ဝင်ရင်နိုင်ငံ၏ နဝမမင်းသားနှင့် လာရောက် ကြုံဆုံလေ၏။
တော်ဝင်ရင်နိုင်ငံသည် အလွန်အားကောင်းလွန်းလှ၏။ သာမန် နတ်နယ်မြေများကိုပင် မျက်လုံးထဲ ထည့်လိမ့်မည် မဟုတ်ချေ။ လက်ရှိ အင်ပါယာသည် နှစ်ပေါင်းငါးထောင်ကျော် အုပ်စိုးခဲ့ပြီး သူ၏ သားရှစ်ယောက်တို့သည် သေဆုံးသွားခဲ့သည် ဖြစ်သော်လည်း နဝမမင်းသားကတော့ အသက်ရှင်နေသေး၏။ အစောက အစီအရင်ကို သူသာ မရပ်တန့်ခဲ့ပါက နဝမမြောက် မင်းသားသည် သူ၏လက်ဖြင့် သေဆုံးသွားပေလိမ့်မည်။ ဤအရာသည် တော်ဝင်ရင်နိုင်ငံ၏ နောက်ဆုံးသွေးမျိုးဆက်ကို သတ်ဖြတ်မလို ဖြစ်ခဲ့ခြင်းပင်။ တွေးကြည့်လိုက်ရုံဖြင့် ကြောက်လန့်စရာပင်။
"သိတယ်ဆိုမှတော့ ခင်ဗျား ဘာလို့ …."
စစ်သူကြီးသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သည့် အချိန်မှာပဲ ပိုင်ချမ်းဟန်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူသည် စစ်သူကြီး၏ စကားကို လက်ဖြင့် အရိပ်အယောင်ပြကာ တားဆီးလိုက်သည်။
"ဒီမင်းသားက ရောက်လာတာကို ကြိုပြီးတော့ အကြောင်းမကြားတာလေ။ ဒီတော့ တော်ဝင်သဲကန္တာရမြို့အရှင်နဲ့ ဘာမှမဆိုင်ဘူး။ ဒီတော့ စစ်သူကြီးချန်း ဒီကိစ္စကို ရှုပ်ထွေးအောင် လုပ်ဖို့မလိုအပ်ပါဘူး"
ဟမ်
စစ်သူကြီးချန်းသည် မျက်လုံးပြူးသွားမိ၏။ သူကြုံနေရသည့် အရာကို မယုံကြည်နိုင်အောင်ပင် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေ၏။ အရှင့်သားသည် အဘယ့်ကြောင့် ဤမျှ သည်းခံနိုင်မှု ကောင်းရသနည်း။
"ကျေးဇူးပါပဲ နဝမမြောက် အရှင့်သား"
တော်ဝင်သဲကန္တာရမြို့တော်ဝန်သည် ပျော်ရွှင်သွားမိ၏။ သူသည် ဒါဏ္ဍာရီလာ နဝမ မြောက် မင်းသားနှင့် ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရသော်လည်း ဤကဲ့သို့ ချောချောမွေ့မွေ့ဖြင့် ပြောနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
နတ်နယ်မြေများမှ တပည့်များကိုပင် ယဉ်ယဉ်ကျေးကျေးနှင့် ဆက်ဆံရသောသူသည် ယခု တော်ဝင်မင်းသား နှင့်ပင် စကားလက်ဆုံပြောနေရ၏။ တစ်ဖက်လူသည် မောက်မာခြင်း မရှိချေ။
နဝမမြောက် မင်းသားသည် ရမ်ချင်းတုနှင့် မျိုးဆက်တူညီသူ ဖြစ်ပြီး ဂိုဏ်းချုပ်၊ အကြီးအကဲ ကဲ့သို့သော ဂုဏ်ရှိန်ဝါမျိုးကို ပိုင်ဆိုင်သောသူ ဖြစ်သည်။ ထိုကဲ့သို့သောသူမျိုးနှင့် စကားလက်စုံ ပြောနေရခြင်းသည် မယုံကြည်နိုင်လောက်စရာ အံ့ဩခြင်းပင် ဖြစ်လေ၏။
“အရှင့်သား ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး မြို့တော်ဝန်အိမ်ရာကို လာခဲ့ပါ။ သေသေချာချာ ပြုစုဧည့်ခံပေးပါရစေ။” တော်ဝင်သဲကန္တာရမြို့တော်ဝန်သည် ဖော်ရွေစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
"အလျင်လိုစရာ မလိုဘူး"
ပိုင်ချမ်းဟန်သည် လက်ကို ယမ်းခါ လိုက်၏။ ပြီးနောက် ကောင်းကင်ယံကို မော့ကြည့်ကာ ပြောလိုက်၏။ "အစောတုန်းက သတ်ဖြတ်ခြင်းအစီအရင်က မြို့တော်ဝန် ဖန်တီးထားတာလား"
"ဒါ…. ဒါက "
တော်ဝင်သဲကန္တာရမြို့တော်ဝန်၏ မျက်နှာသည် အေးခဲသွားခဲ့၏။ အမှတ်မထင်ဆိုသလိုပင် သူသည် ကောင်းကင်လျို့ဝှက် နန်းဆောင် ရှိရာကို လှမ်းမျှော် ကြည့်လိုက်သည်။
"ပြောဖို့ ခက်ခဲနေတာလား"
ပိုင်ချမ်းဟန်သည် ယဉ်ယဉ်ကျေးကျေး မေးမြန်းလိုက်၏။ "တကယ်လို့ အခက်အခဲရှိရင် မြို့တော်ဝင်အနေနဲ့ မပြောလည်း ရပါတယ်"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ခေါင်းကို အထပ်ထပ် ယမ်းခါလိုက်၏။ ခဏလောက်ကြာပြီးသည့်နောက် တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် ပြောလိုက်သည်။ "အရိုးသားဆုံးပြောရရင် အဲအစီအရင်ကို စီနီယာတစ်ယောက်ဆီကနေ ဝယ်ခဲ့တာပါ"
"ဪ … "
ပိုင်ချမ်းဟန်၏ အမူအရာသည် မပြောင်းလဲချေ။ သူထင်မှတ်ထားသည့် အတိုင်းပင်။ သူသည် အဓိပ္ပာယ်ပါပါဖြင့် ထပ်မံ မေးမြန်းလိုက်၏။ “ဘယ် စီနီယာလဲ သိလို့ရမလား”
"ကောင်းကင်လျို့ဝှက် နန်းဆောင်ရဲ့ နန်းဆောင်အရှင်ပါ" တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် တီးတိုး ဖြေဆိုလိုက်သည်။