အပိုင်း (၄၀)
Vol. 3 Ch. 40
“အင်း... ထင်ထားတဲ့အတိုင်းပဲကိုး”
ပိုင်ချမ်းဟန်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် တီးတိုးရေရွတ် လိုက်မိသည်။
“အရှင်... အရှင်မင်းသားဆိုလိုတဲ့ ထင်ထားတဲ့အတိုင်းပဲဆိုတာ ဘာကို ပြောချင်တာလဲ” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ဇဝေဇဝါဖြင့် ပြန်လည်မေးမြန်းလိုက်၏။
“ဘာမှ မဟုတ်ပါဘူး”
ပိုင်ချမ်းဟန်သည် အသာရယ်မောကာဖြင့် ပြောလိုက်သည်။ “မြို့တော်ဝန် ပြောတဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နန်းဆောင်သခင်က နတ်အဆင့် အစီအရင်တစ်ခုကိုတောင်မှ လွယ်လွယ်ကူကူ နဲ့ ဖန်တီးနိုင်စွမ်း ရှိတယ်လေ။ ဒီတော့ သာမန်လူ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ တကယ်လို့ မြို့တော်ဝန် အနေနဲ့ ဒီဂုဏ်ယူရလောက်တဲ့ နန်းဆောင်သခင်နဲ့ ကျုပ်ကို မိတ်ဆက်ပေးနိုင်မလား”
“ဒါက” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် နှောင့်နှေးသွားမိ၏။
“မြို့တော်ဝန် အခက်အခဲ ရှိလို့လား” ပိုင်ချမ်းဟန်သည် ပြုံးကာ မေးမြန်းလိုက်သည်။
“အခက်အခဲတော့ မရှိပါဘူး”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အသာ သက်ပြင်းချပြီးသည့်နောက် အကူအညီမဲ့စွာ ပြောလိုက်၏။ “ဒါပေမဲ့ အရှင်မင်းသား.. သူ့ကို လျှော့တွက်လို့တော့ မဖြစ်ပါဘူး။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ဆိုတာက တော်ဝင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင်မှ လေးလေးစားစားနဲ့ ဆက်ဆံရတဲ့ လူတစ်ယောက်လေ။ အကန့်အသတ်ကို ကျော်ပြီးတော့ ဘာတစ်ခုမှ သွားမလုပ်ရဲပါဘူး။ မြို့တော်ဝန် တစ်ယောက်အနေနဲ့ မိတ်ဆက်ပေးဖို့အတွက် ကျုပ်ဆီမှာ အရည်အချင်း မရှိပါဘူး အရှင့်သား”
“ဟမ်”
ပိုင်ချမ်းဟန်၏ စိတ်ဝင်စားမှုများသည် ပိုမိုကာ တိုးတက်သွားခဲ့သွား၏။ “ဆိုလိုတာက ရမ်ချင်းတုတောင်မှ ဒီကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့အရှင်ကို လေးလေးစားစားနဲ့ ဆက်ဆံရတယ်လို့ ပြောချင်တာလား”
“ဟုတ်ပါတယ်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် တိကျခိုင်မာစွာဖြင့် ခေါင်းကိုညိတ်ကာ ထပ်ပြောလိုက်၏။ “တော်ဝင်ဓားဂိုဏ်းကို မပြောနဲ့။ မိစ္ဆာလမ်းစဉ်နဲ့ ပတ်သက်ပြီး ခန့်မှန်းလို့မရအောင် အားကောင်းလှတဲ့ လူတစ်ယောက်ဆိုရင်တောင်မှ တူတူပဲလေ။ အဲလူလည်း နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပေါ့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် နဲ့ တွေ့ဆုံတဲ့အချိန်မှာ အမှတ်တမဲ့ မလုပ်ရဲဘူးလေ”
“မိစ္ဆာလမ်းစဉ်နဲ့ပတ်သက်ပြီး ခန့်မှန်းလို့ မရတဲ့လူတစ်ယောက် ဟုတ်လား”
ပိုင်ချမ်းဟန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် စစ်သူကြီးချမ်းကို အသာလှမ်းကြည့်လိုက်၏။ “ဒါ ယန်ရှိုများ ဖြစ်နေမလား”
“ကျုပ်... ကျုပ် မသေချာပါဘူး”
“ယန်ရှိုဆိုတာ ဘယ်သူလဲ”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ဇဝေဇဝါ ဖြစ်လို့နေ၏။ ယန်ရှိုသည် မယုံကြည်နိုင်လောက်အောင် အားကောင်းလှသည့် သူတစ်ယောက်ဖြစ်ပြီး ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲ တစ်ယောက်လည်း ဖြစ်၏။ ၎င်း၏ဂုဏ်သိက္ခာသည် တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် နှိုင်းယှဉ်မည် ဆိုလျှင် အနည်းငယ်လေးသာ နိမ့်ကျသည်။
မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းသောသူများသည် လမ်းမှန်ဂိုဏ်းမှ လူများကဲ့သို့ ထင်ထင်ပေါ်ပေါ် နေထိုင်တတ်သည့် လူများ မဟုတ်ချေ။ ထို့ကြောင့် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ကဲ့သို့သော ကျင့်ကြံခြင်းလောကတွင် အဆင့် နိမ့်သည့် ကျင့်ကြံသူတစ်ယောက်အနေနှင့် ယန်ရှိုကို မကြားဖူးဘူး ဆိုသည်မှာ သဘာဝပင် ဖြစ်၏။
“ဘာမှ မဟုတ်ပါဘူး။ မိစ္ဆာလမ်းစဉ်က လူတစ်ယောက်ပါပဲ”
ပိုင်ချမ်းဟန်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် မင်းသားတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူနှင့် ယန်ရှိုတို့သည် တူညီသည့်မျိုးဆက် ထဲတွင် တည်ရှိ၏။ သူ၏လေသံကို ကြည့်ရှုရသည်မှာ လေးစားမှုဟူ၍ မရှိချေ။ အသိအမှတ်ပြုရုံလောက်သာလျှင် ရှိသည်။
“ရမ်ချင်းတုနဲ့ ယန်... အဲဒီမိစ္ဆာလမ်းစဉ်နဲ့ပတ်သက်ပြီး ခန့်မှန်းလို့ မရတဲ့လူတို့က တော်ဝင်သဲကန္တာရမြို့ကို ရောက်လာတယ်ဆိုတာကို ခင်ဗျားသိတယ် မဟုတ်လား။ ပြီးတော့ သူတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားခဲ့ကြတာလား” ပိုင်ချမ်းဟန်သည် လေးလေးနက်နက် မေးမြန်းလိုက်၏။
“အရိုးသားဆုံး ပြောရမယ်ဆိုရင် အရှင့်သား... ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှန်ကို လာမေးတယ်လို့ ပြောရမယ်”
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် ရှင်းပြလိုက်သည်။ “လွန်ခဲ့တဲ့ ခုနှစ်ရက်တုန်းက အဲဒီမိစ္ဆာလမ်းစဉ်နဲ့ပတ်သက်ပြီး ခန့်မှန်းလို့မရတဲ့ ကျွမ်းကျင်သူက တော်ဝင် သဲကန္တာရမြို့ကို ရောက်လာခဲ့တယ်။ သူက တကယ့်ကို ဒေါသတကြီးနဲ့ ရောက်လာခဲ့တာပေါ့။ အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်မယ့် ပုံစံမျိုးပဲ။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ပြန်ထွက်လာတဲ့အချိန်မှာတော့ တကယ့်ကို အလုံးစုံပြောင်းလဲသွားခဲ့တယ်။ သူထွက်ခွာသွားခဲ့တဲ့ တည်နေရာကို ကြည့်ရမယ်ဆိုရင် ပိုင်တုရန် တောင်ကြားဘက်ပဲ”
“သုံးရက်ကြာပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်ရမ် ရောက်လာတယ်လေ။ သူကတော့ ကြာကြာမနေဘူး။ ချက်ချင်းပဲ ပြန်ထွက်သွားတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ရမ်ကလည်း အရမ်းမြန်တယ်လေ။ ဘယ်ကိုထွက်သွားလဲ သေချာမသိဘူး။ သိသလောက်ဆိုရင်”
“ရမ်ချင်းတုက ပိုင်တုရန်တောင်ကြားထဲကိုသွားပြီး သူတော်စင်တစ်ယောက် ဖြစ်သွားတယ်ဆိုတာကို ကျုပ်တို့ အားလုံး သိပြီးပြီ” ပိုင်ချမ်းဟန်သည် အမှတ်မထင် ပြန်ပြောလိုက်၏။
“ဟုတ်ပါတယ်” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ဦးခေါင်းကို ညိတ်လိုက်သည်။
ရမ်ချင်းတု သူတော်စင်တစ်ယောက် ဖြစ်လာသည်ဆိုသည့် သတင်းသည် လွန်ခဲ့သည့် သုံးရက်ကတည်းက တော်ဝင် သဲကန္တာရမြို့တစ်ခုလုံးကို ပျံ့နှံ့နေပြီဖြစ်သည်။ အလောတကြီး ဆွေးနွေးပြောဆိုစရာ ကိစ္စရပ်ပင် ဖြစ်လို့နေခဲ့၏။
လူပေါင်းများစွာတို့သည် ထိုကဲ့သို့သော သာမန်ထက်ထူးခြားသည့် အခွင့်အရေးကို ရရှိပြီး သူတော်စင်ဖြစ်သွားသည့် အကြောင်းအရာများကို ပြောဆိုရသည်ကို နှစ်သက်သည် မဟုတ်ပါလား။ ဤကဲ့သို့သော အရာများသည် အားလုံး အိမ်မက် မက်နေကြသည့်အရာမျိုးပင်ဖြစ်သည်။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ပိုင်ချမ်းဟန်၏ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လာခဲ့၏။ ပိုင်တုရန်တောင်ကြား ထဲတွင်ရှိသော သူတော်စင်ဖြစ်မည့် အခွင့်အရေးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ပေးလိုက်သည့်အရာပင် ဖြစ်လို့နေ၏။ ပိုင်တုရန်တောင်ကြားကို အသာလှမ်းကြည့်ပြီးသည့်နောက် သူ၏အပြုံးများသည် လေးနက် သွားခဲ့၏။ ပိုမိုကာလည်း နားလည်လာခဲ့၏။
စွမ်းအားမြင့်ကျင့်ကြံသူ ငါးယောက်တို့သည် ထိုနေရာတွင် အခွင့်အရေးအတွက် တိုက်ခိုက်လျက် ရှိနေကြ၏။ တကယ့်ကို ကြီးမားလှသည့် အခွင့်အရေးသာ မဟုတ်ဘူးဆိုပါက ဤကဲ့သို့ ကြိုးစားနေကြမည် မဟုတ်ပေ။
ပိုင်ချမ်းဟန်၏ အမြင်အရဆိုလျှင် တကယ့်အစစ်အမှန် အခွင့်အရေးဆိုသည်မှာ ပိုင်တုရန်တောင်ကြားထဲတွင် မဟုတ်ချေ။ တော်ဝင်သဲကန္တာရမြို့ထဲတွင်သာရှိသည်။
ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိ၏။ သူတော်စင်ဖြစ်ရန် အခွင့်အရေး တစ်ခုကို တစ်စုံတစ်ယောက်အား ထုတ်ဖော်ပြောဆိုနိုင်သည်ဆိုသောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် မည်ကဲ့သို့သော လူမျိုးဖြစ်သနည်း။
ပိုင်ချမ်းဟန်သည် တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ ကျင့်ကြံခြင်း အဆင့်တစ်ခု၌ တစ်လျက်ရှိနေသော သူ၏ အခြေအနေတစ်ခုကို ကူညီပေးနိုင်သည့် လူတစ်ယောက် ပေါ်လာပြီလား။ ထိုသို့ဆိုလျှင် သူ၏အနာဂတ်သည် သေဆုံးခြင်းအဖြစ်သို့ မရောက်ရှိနိုင်ပေ။
“အရှင့်သား.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အရှင်က ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ သူက သူတော်စင်တစ်ယောက် ဖြစ်နိုင်တယ်”
ဘေးတစ်ဖက်တွင် ရှိနေသော စစ်သူကြီးချမ်းသည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အလျင်အမြန်လေသံဖြင့် ဝင်ကာပြောလိုက်၏။
သူသည် အရင်တုန်းက သတင်းအချက်အလက် တော်တော်များများကို စုစည်းထားခဲ့၏။ သို့ပေမဲ့ တော်ဝင် သဲကန္တာရမြို့ မြို့တော်ဝန်၏ စကားလုံးများနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူသည် သေသေချာချာ နားလည်သွား ခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် တကယ့်ကို နက်နဲလှသည့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။
“အဲတာထက်တောင် ပိုနိုင်တယ်” ပိုင်ချမ်းဟန်က ပြန်ပြောလိုက်သည်။
တော်ဝင်ရင်နိုင်ငံတော်တွင် သူတော်စင် အနည်းငယ်သာလျှင်ရှိ၏။ သို့ပေမဲ့ ထိုသူတော်စင်များ အားလုံးတို့ သည် ဤကဲ့သို့သော သူတော်စင် ဖြစ်နိုင်သည့် အခွင့်အရေးကို မှီခိုကာ ဖြစ်လာသည့်လူများ မဟုတ်ချေ။ အခွင့်အရေးကို တွေ့ကြုံရသည့်လူများ ရှိသည်ဆိုလျှင်တောင်မှ ထိုသူတို့သည် ပြည့်ပြည့်ဝဝ အသုံးချနိုင်စွမ်း မရှိခဲ့ကြချေ။
ထို့အပြင် သူတော်စင်အဆင့်ဆိုသည်မှာ ကြီးမြတ်လှသည့်လူတစ်ယောက်ဖြစ်၏။ ထိုသူတော်စင်အဆင့်ဆီသို့ ရောက်ရှိနိုင်သည့် အခွင့်အရေးတစ်ခုအား တခြားသော သူတစ်ယောက်ယောက်ကို ပြောဆိုလမ်းညွှန်ပေးနိုင်သည့် လူတစ်ယောက်သည် သူတော်စင်အဆင့်ထက် ပိုမိုကာ မြင့်မားလှသည့် လူတစ်ယောက်သာလျှင် ဖြစ်ပေလိမ့်မည်။ သူတော်စင်အဆင့်ထက် နိမ့်ပါးသည်ဆိုပါက သူတော်စင်ဖြစ်နိုင်သည့်အခွင့်အရေးကို သူကိုယ်တိုင် သွားရောက် ယူငင်နေမည် မဟုတ်ပါလား။
“အင်း... တော်ဝင်သဲကန္တာရမြို့လိုမျိုး သေးငယ်လှတဲ့မြို့လေးထဲမှာ တကယ့်အစစ်အမှန် နဂါးတစ်ကောင်က ပုန်းအောင်းနေတာပဲ” စစ်သူကြီးချမ်းက တီးတိုးရေရွတ်လိုက်၏။
“မင်း... စီနီယာကို တိရစ္ဆာန်နဲ့ သွားနှိုင်းနေတာလား”
ပိုင်ချမ်းဟန်၏ အသံ၌ ဒေါသသံများ ပါဝင်လျက်ရှိသည်။ ဤလောကကြီးတွင် နဂါးများ တကယ် တည်ရှိ၏။ သို့ပေမဲ့ နဂါးသည် မျိုးနွယ်စုများစွာထဲမှ တစ်ခုဖြစ်၏။ စီနီယာ တစ်ယောက်အား အစစ်အမှန် နဂါးတစ်ကောင်နှင့် သွားရောက်ကာ နှိုင်းယှဉ်ခြင်းသည် သင့်တော်လှသည့်အရာ မဟုတ်ချေ။
“ကျုပ် ကျုပ် စကားပြော မှားသွားတာပါ အရှင့်သား” စစ်သူကြီးချမ်းက ပြောလိုက်သည်။ သူ၏ နှလုံးသားများသည် တုန်ယင်လျက် ရှိနေ၏။ သူသည် အလျင်အမြန်ဖြင့် စကားကို ပြန်လည် ပြောဆိုလိုက်၏။ ထိုစီနီယာသည် သူတို့အား တစ်ချိန်လုံး အာရုံစိုက် ကြည့်ရှုနေနိုင်၏။
သူပြောသည့်စကားကိုသာ ကြားသည်ဆိုပါက ထိုစီနီယာသည် သဘောမတွေ့ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အား အတွေးတစ်ချက်နှင့်ပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။
“စကားပြောတာ ကြည့်ပြော”
ပိုင်ချမ်းဟန်သည် ထူးမခြားနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်၏။ ပြီးနောက် တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ သွားရာလမ်းကို ပြပါအုံး။ ပိုင်ချမ်းဟန်က အဲစီနီယာကို ဒီနေ့မှာ သွားပြီးတော့ ဂါရဝ ပြုချင်ပါတယ်”
“အင်း.. ရပါတယ်” တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အလျင်အမြန်ပဲ ရှေ့မှ လှမ်းလျှောက်သွားခဲ့သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးသည့်နောက် စစ်သူကြီးချမ်းသည် တည်နေရာမှာတင် မတ်မတ်ရပ်ကာ ကျန်ခဲ့၏။ သူသည် အံကိုကြိတ်ပြီး လက်ကိုမြှောက်လိုက်၏။ ပြီးနောက် မိမိ မျက်နှာကို မိမိ တဖြောင်းဖြောင်းနှင့် ရိုက်နှက်လျက် ရှိနေသည်။ ပါးရိုက်သည့်အသံသည် တည်နေရာတစ်ခုလုံး၌ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။
အရှင့်သားသည် သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သူက နားလည်မိသည်။ ပေါက်ပန်းလေးဆယ်များ လျှောက်ကာ ပြောဆိုမိခြင်းသည် အသတ်ခံရမည့် အရာမျိုးဖြစ်သည်။ နန်းဆောင်သခင် စိတ်မတိုစေရန် သူက မျှော်လင့်နေမိသည်။