အပိုင်း (၄၁)
Vol. 3 Ch. 41
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာတော့ လီယွင်သည် ထိုင်ခုံပေါ်တွင် အသာလဲလျောင်းပြီး လက်ထဲတွင် ရှေးစာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်လျက်ရှိသည်။ ထိုစာအုပ်၏ အမည်သည် အင်ပါယာထျန်းယု၏ ကိုယ်ရေး အတ္တုပတ္တိဟူ၍ ဖြစ်၏။ အင်ပါယာတစ်ယောက်၏ ဘဝဇာတ်လမ်း တစ်ခုကို အကျယ်တဝင့် ရေးသားထားခြင်း ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်အမှတ် တစ်မှတ်ဖြင့် လဲလှယ်ကာ ဝယ်ယူထားသည့်အရာပင် ဖြစ်သည်။ ဘာမှ ထိုက်တန် လှသည့်အရာ မဟုတ်ဘူး ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် စိတ်ဝင်တစားဖြင့် ဖတ်ရှုလျက်ရှိသည်။ ပျင်းရိသည့်အချိန်တိုင်းတွင် ထိုအရာကို ကောက်ယူကာ ဖတ်ရှုတတ်၏။
ပြောရမည်ဆိုလျှင် ဤကိုယ်ရေး အတ္ထုပတ္တိကို ရေးသားထားသည့်လူ၏ စာပေဗဟုသုတနှင့် လက်ရာသည် တကယ်ပင် ကောင်းမွန်လွန်းလှ၏။ များပြားလှသည့် အဖြစ်အပျက်များအားလုံးကို စီကာပတ်ကုံးဖြင့် သေသေချာချာ ဖွဲ့နွဲ့ ရေးသားထားခဲ့သည်။ သူ၏ မူလလောကတွင် ဆိုပါက နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်လာမှာ သေချာသည်။
ထို့အပြင် အင်ပါယာတစ်ယောက်သည် သူ၏ပြိုင်ဘက်များအကြားတွင် ပြိုင်ဘက်ကင်း အခြေအနေတစ်ခု ဖြစ်လာသည့် အကြောင်းအရာအား တစ်ခုချင်းစီ ဖွဲ့နွဲ့ကာ ရေးသားထားခဲ့ခြင်းပင် ဖြစ်တော့၏။ ရှုပ်ထွေးလှသည့် အင်ပါယာတစ်ယောက်၏ လုပ်ငန်းစဉ်များလည်း ပါဝင်လျက်ရှိသည်။ မိမိထင် အဆင့်ကြီး နှစ်ဆင့်၊ သုံးဆင့်ပိုမို မြင့်မားသည့် လူများကိုပင် လွယ်လွယ်ကူကူ အနိုင်ယူ တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဤအင်ပါယာသည် တကယ်ပင် စွမ်းအားကြီးမြင့်လှသည့် လူတစ်ယောက်ပင် ဖြစ်၏။
“အင်း..”
စာအုပ်ကို ဖတ်ရှုပြီးသည့်နောက် သူသည် စာရွက်ကို အသာလှန်လိုက်သည်။ လီယွင်သည် အပြင်ဘက်ကို အသာလှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ သုံးရက်တိတိ ရှိပြီဖြစ်၏။ သို့ပေမဲ့ မည်သည့်ဧည့်သည်မှ ရောက်မလာခဲ့ချေ။ ထို့ကြောင့် သူသည် ပျင်းရိသလိုပင် ခံစားနေမိသည်။
ဤနေရာသို့ ရောက်ရှိလာသည့် သာမန်လူ အနည်းငယ်သာလျှင် ရှိသည်။ ထိုသူများအားလုံးသည် သူ့အား ဗေဒင်ဆရာဟု ထင်မှတ်ကာဖြင့် လာရောက်ကာ လက်ထပ်မင်္ဂလာပွဲများအကြောင်း မေးမြန်းခြင်း ဖြစ်၏။ သူသည် စကားလုံးအနည်းငယ် ပြောဆိုကာ ထိုသူများကို နှင်ထုတ်ခဲ့၏။
ကျင့်ကြံခြင်းလောက၏ ရှည်လျားလှသော ဘဝလမ်းစဉ်ကို လျှောက်လှမ်းရာတွင် သာမန်လူများနှင့် ပြောဆိုဆက်ဆံရခြင်းကို သူ စိတ်မဝင်စားလှပေ။ ပိုက်ဆံရှာဖွေခြင်းက သူ့အတွက် အဓိက မဟုတ်ပေ။ ကောင်းကင်လျှို့ဝှက်အမှတ်များက သာလျှင် သူ့အတွက် အရေးကြီးသည်။
“စီနီယာ... ကျေးဇူးပြုပြီး ရေနွေးသောက်ပါအုံး”
လျှိုချမ်းရွှယ်သည် ရေနွေးခွက်ထဲကို ရေနွေးထည့်ကာဖြင့် ပြောလိုက်၏။
“အင်း အင်း”
လီယွင်က ခေါင်းညိတ်လိုက်သည်။ လျှိုချမ်းရွှယ်ကို လှမ်းကြည့်ပြီးသည့်နောက် သူသည် အံ့အားသင့် သွားမိသည်။ “ခင်ဗျား အဆင့်ချိုးဖြတ်ခဲ့ပြီလား”
ပထမ စတင်တွေ့ဆုံကတည်းက လျှိုချမ်းရွှယ်သည် သွေးကြောဆက်သွယ်ခြင်း အလယ်အလတ်အဆင့်သာ ရှိ၏။ ရက်အနည်းငယ် ကြာပြီးသည့်နောက် သူမသည် သွေးကြောဆက်သွယ်ခြင်း နောက်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွား ခဲ့၏။ ဤအရာသည် အမှန်ပင် အံ့အားသင့်စရာပင် ဖြစ်လေ၏။
ယခင်တုန်းက လီယွင်သည် လျှိုချမ်းရွှယ်၏ အားအင်အဆင့်ကို ဖိနှိပ်ခဲ့ဖူး၏။ ယခု ဆိုးရွားလှသည့် အခြေအနေမျိုး မရှိသည်ဖြစ်သောကြောင့် လျှိုချမ်းရွှယ်၏ အားအင်အဆင့်အား ဖိနှိပ်ခြင်း မပြုဘဲ လွှတ်ထားခဲ့၏။ မထင်မှတ် ထားလောက်အောင်ပဲ ဖိနှိပ်ထားခြင်းကို ရပ်တန့်လိုက်သည်နှင့်တပြိုင်နက် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်သွားနိုင်ခဲ့သည်။
“ဒါတွေအားလုံးက စီနီယာရဲ့ လမ်းညွှန်မှုကြောင့်ပါပဲ” လျှို့ချမ်းရွှယ်၏ မျက်နှာသည် နီမြန်းလျက် ရှိနေ၏။ သူမသည် ရှက်ရွံ့စွာ ပြောလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တည်နေရာအနှံ့တွင် တော်ဝင်တာအို၏ အရိပ်အယောင်နှင့် နိယာမများ ပြည့်နှက်လျက် ရှိနေ၏။ ထိုကဲ့သို့သော အရာများကို ဆက်တိုက် ဉာဏ်အလင်း ရယူပြီးသည့်နောက် နေ့စဉ်နေ့တိုင်း ကျင့်ကြံရခြင်းသည် ပိုမိုကာ လွယ်ကူလာခဲ့၏။ ထို့ကြောင့် ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်ခြင်း ဆိုသည်မှာ သဘာဝပင် ဖြစ်၏။
လျှိုချမ်းရွှယ်၏ အသိဉာဏ်ထဲတွင်တော့ ဤကဲ့သို့သော မယုံကြည်နိုင်လောက်သည့် တိုးတက်မှုများ ဖြစ်ပေါ်လာသည် ဆိုသည်မှာ စီနီယာ၏ လမ်းညွှန်ပြသမှုကြောင့်သာဖြစ်၏။ ထိုအရာကို တစ်ဖက်လူ ဝန်မခံဘူး ဆိုလျှင်တောင်မှ သူမက ကောင်းကောင်းသိနားလည်သည်။
“အင်း... ဒါက ကိုယ့်ရဲ့ ကံကြမ္မာကိုပဲ ကိုယ် ကျေးဇူးတင်ရမယ်လေ။ ခင်ဗျားရဲ့ဆရာက ခင်ဗျား ဒီမှာနေတဲ့အတွက် အဖိုးအခတော့ ပေးရမယ်။ မှတ်ထား။ အင်း... အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ပေးရမယ်” လီယွင်သည် အမှတ်မထင် ပြောလိုက်၏။
“စီနီယာက တကယ့်ကို ဟာသလုပ်တာပဲ” လျှိုချမ်းရွှယ်သည် မနေနိုင်ဘဲ ရယ်မောကာပြောလိုက်မိသည်။
စီနီယာ၏ အားအင်အဆင့်နှင့်ဆိုလျှင် အရာတော်တော်များများသည် လိုအပ်သည့်အရာမျိုး မဟုတ်ချေ။ ဥပမာ အားဖြင့် တစ်ဖက်လူဆီမှ တောင်းခံခဲ့သည့် နတ်အဆင့် လက်နက်များပင် ဖြစ်၏။ စီနီယာ၏ လက်ထဲတွင် ထိုကဲ့သို့သောအဆင့် လက်နက်များဆိုလျှင် ဘာမှမဟုတ်ချေ။ သို့ပေမဲ့ စီနီယာသည် သတင်းအချက်အလက် တစ်ခုကို ပေးအပ်တိုင်း ကုန်ကျငွေကို တောင်းခံတတ်၏။
လျှိုချမ်းရွှယ် မြင်သည်မှာ စီနီယာသည် တခြားသောသူများကို မျက်နှာပေးသည်ဆိုလျှင်တောင်မှ အလကား ပေးခြင်း မဟုတ်ချေ။ သင့်တော်လှသည့် တန်ဖိုးတစ်ခုကို သတ်မှတ်ကာ ပေးခြင်းအားဖြင့် တစ်ဖက်လူများသည် သူ့ကို လေးစားသမှု ရှိလိမ့်မည်ဟု သတ်မှတ်ထားသော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
စီနီယာသည် တကယ့်ကို စီနီယာပင် ဖြစ်လေ၏။ တကယ့်ကို မှန်ကန်ပြီး ချီးကျူးဖွယ်ရာကောင်းသည့် အလုပ်မျိုးကို ပြုလုပ်တတ်သည်။ သူမသည် ထိုကဲ့သို့သော အဆင့်မျိုးသို့ မည်သည့်အချိန်မှ ရောက်ရှိလိမ့်မည် မဟုတ်ဟု ဝန်ခံခဲ့မိသည်။
“ဟာသလုပ်တယ် ဟုတ်လား”
လီယွင်သည် ဆွံအသွားမိ၏။ တစ်ဖက်လူသည် တကယ်ပဲ ထိုကဲ့သို့ တွေးတောနေလေသည်လား။
“ဒါနဲ့”
လီယွင်သည် စာအုပ်ကို ပိတ်လိုက်၏။ ပြီးနောက် ငုတ်တုပ် ထထိုင်ကာ မေးမြန်းလိုက်သည်။ “မိန်းကလေးလျှိုက တကယ့်ကို လူငယ်ပါရမီရှင်ပဲလေ။ လူငယ်မျိုးဆက်တွေ ကြားထဲမှ အသိပညာ နက်နဲလှမယ်လို့ ကျုပ် ယုံကြည်မိတယ်။ အားလုံးထဲမှာ တကယ့်ကို အထူးချွန်ဆုံးလူက ဘယ်သူလို့ ခင်ဗျားထင်လဲ”
“အင်း”
လျှိုချမ်းရွှယ်၏ မျက်နှာတစ်ခုလုံးသည် အေးခဲသွား၏။ သူမကို လာရောက်စမ်းသပ်သည်လား။ စီနီယာသည် အရာအားလုံးကို သိ၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤမေးခွန်းကို မေးရသနည်း။ သေသေချာချာ သုံးသပ်ပြီးသည့်နောက်မှာတော့ သူမသည် တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် ပြန်လည် မေးမြန်းလိုက်၏။ “ကျွန်မရဲ့ စီနီယာအစ်မ လား”
“.........”
လီယွင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူသည် ထပ်မံကာ မေးမြန်းလိုက်မိသည်။ “ဒါဆိုရင် ဒုတိယလူက ဘယ်သူလို့ ခင်ဗျားထင်လဲ”
“ကျွန်မ.. ကျွန်မရဲ့ ဒုတိယစီနီယာအစ်ကိုလား”
“.........”
လီယွင်သည် အလုံးစုံ ဆွံ့အလျက် ရှိနေ၏။ သောက်ကျိုးနည်းလှချေသည်တကား။
လျှိုချမ်းရွှယ်သည် တကယ်ကို သာမန်ထက်ပိုကြောင်း သူနားလည်၏။ သို့ပေမဲ့ တော်ဝင်ဓားဂိုဏ်းမှလွဲလျှင် တခြားသောလူများသည် အရည်အချင်းမရှိဟု သတ်မှတ်ထားလေသည်လား။
လူငယ်မျိုးဆက်များထဲမှ တကယ့်ပါရမီရှင်ကို မေးမြန်းရာတွင် ပထမသည် သူမ၏ စီနီယာအစ်မဖြစ်ပြီး ဒုတိယ မှာတော့ သူမ၏ စီနီယာအစ်ကို ဖြစ်လို့နေ၏။ တတိယကို ပြောဆိုစရာ မလိုအပ်ချေ။ သူမဟုသာ ပြောဆိုပေလိမ့်မည်။ သူမ၏ စီနီယာအစ်မနှင့် စီနီယာအစ်ကိုတို့အား တစ်လောကလုံး ပြိုင်ဘက်ကင်း ဖြစ်နေသည်ဟု ယုံကြည် နေသည်လား။
“ဒါပေမဲ့ .....”
လီယွင်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် လျှိုချမ်းရွှယ်ကို ကြည့်ရှုကာ တွေးတော လိုက်သည်။ “အင်း.. ဒါလည်း အခွင့်အရေးတစ်ခု ဖြစ်နိုင်တာပဲ”
ကျင့်ကြံခြင်းလောကတွင် လျှိုချမ်းရွှယ် ကဲ့သို့သော လူငယ်ကျင့်ကြံသူများ အများအပြား ရှိနိုင်၏။ ရေတွက်လို့ မရအောင် များပြားသည် တုံးတုံးအအ မိန်းကလေး အားလုံးသည် ၎င်းတို့၏ စီနီယာအစ်ကို၊ အစ်မများကို ပြိုင်ဘက်ကင်း မျိုးဆက်သစ်ဟု ယုံကြည်ထားမိကြ၏။
သိုင်းကျင့်ကြံခြင်း လောကတွင် လူငယ်မျိုးဆက်များနှင့် ပတ်သက်၍ အဆင့်ခွဲခြားမှုကိုသာ ပြုလုပ်ထားမည် ဆိုလျှင် ပိုမိုကာ ကောင်းမည်လား။ ရည်ရွယ်ချက် နှစ်ခုနှင့် ပြုလုပ်နိုင်စွမ်းရှိ၏။ တစ်ခုအနေနှင့် ၎င်းတို့၏ ယုတ္တိ မတန်လှသည့် စိတ်ကူးယဉ်တွေးတောမှုများကို ပျောက်ကွယ်စေရန် ဖြစ်ပြီး တခြားတစ်ဖက်မှာတော့ ထိုကဲ့သို့သော အဆင့်သတ်မှတ်ချက်ကို ထုတ်ဖော်ခြင်းဖြင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာ သည်လည်း တိုးတက်လာနိုင်သည်။ တကယ့်ကို ပြည့်စုံလှသည့် အကြံအစည် တစ်ခုပင်။
ထိုကဲ့သို့သော စာရင်းကို ထုတ်ပြန်ရာတွင် အရာရာ အသေးစိတ်ကအစ တွက်ချက်ပြီး စီမံရန် လိုအပ်နေသည်။ ထိုမှသာ ပြစ်တင်ကဲ့ရဲ့ခြင်း လျော့နည်းမည်ဖြစ်ပြီး ငြင်းပယ်၍ ရလိမ့်မည် မဟုတ်ချေ။
လီယွင်အနေနှင့် မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုသည်ကို တွေးတောစဉ်းစားလျက် ရှိနေတုန်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လူနှစ်ယောက် ချဉ်းကပ်လာခဲ့သည်။ ထိုနှစ်ယောက်သည် နန်းဆောင်၏ အရှေ့တွင် မတ်တပ်ရပ် လိုက်သည်။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီး လေးလေးစားစားဖြင့် ပြောလိုက်၏။ “စီနီယာ .... ဧည့်လာတွေ့တာပါ”
“ဪ”
အသံကို ကြားသည့်နောက် လီယွင်သည် ခေါင်းငဲ့ကြည့်လိုက်၏။ အသစ်ဝင်လာသူများကို မြင်ရသည့်နောက် သူ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူက ပြုံးလိုက်သည်။ “မြို့တော်ဝန်.. ယဉ်ကျေးနေစရာ မလိုပါဘူး။ ဝင်ခဲ့ပါ”
“ကျေးဇူးပါပဲ စီနီယာ”
လီယွင်၏ အသံကို ကြားသည့်အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ စီနီယာသည် တကယ်ပင် အထင်ကြီး လေးစားလောက်စရာ လူတစ်ယောက် ဖြစ်၏။ မည်သည့်မာန်မာန နှင့် မောက်မာမှုမျိုးမှ မရှိချေ။ ဖော်ဖော်ရွှေရွှေဖြင့် ခေါ်ဆိုလျက်ပင် ရှိနေ၏။
တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်နှင့် ပိုင်ချမ်းဟန်တို့သည် နန်းဆောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းဝင်လိုက်သည်။
လီယွင်သည် ထိုနှစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် ၎င်း၏ မျက်လုံးများသည် ပိုမိုကာ တောက်ပ လာခဲ့၏။ တစ်ချိန်က လာခဲ့ဖူးသည့် ဖောက်သည်သည် နောက်ထပ်ဖောက်သည်အသစ်တစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။ ကြည့်ရသည်မှာ တကယ်ပင် အားကိုးလောက်စရာ ဖောက်သည်ပင် ဖြစ်လေ၏။
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သော ရမ်ချင်းတုနှင့် ယန်ရှိုတို့သည် တော်ဝင်သဲကန္တာရ မြို့တော်ဝန်လောက်ပင် အားကိုးရသည့်လူများ မဟုတ်ချေ။ သူ့အတွက် ဖောက်သည်တစ်ယောက်ပင် ရှာမပေး နိုင်သောသူများ ဖြစ်နေသည် မဟုတ်ပါလား။