← Chapters

အပိုင်း (၄၂)

Vol. 3 Ch. 42

အပိုင်း (၄၂)

Vol. 3 Ch. 42

“စီနီယာ ... အပြစ်မမြင်ပါနဲ့ ခင်ဗျာ”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်က ပြောလိုက်သည်။ သူသည် လက်များကို ဆုပ်ကာဖြင့် သေသေချာချာ ဂါရဝပြုလိုက်၏။ “စီနီယာ ... ကျုပ် ခေါ်လာတဲ့လူက ......”

“တော်ဝင်ရင်နိုင်ငံရဲ့ နဝမမြောက်မင်းသား” လီယွင်သည် ပြုံးကာ ပြောလိုက်သည်။

“အမ်”

တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် ပြောဆိုရာမှ ချက်ချင်း ရပ်တန့်လိုက်၏။ ပြီးနောက် ရယ်မောကာ ပြောလိုက်၏။ “ကျုပ် မေ့သွားတော့မလို့ဘဲ။ ဒီလောကကြီးထဲမှာ စီနီယာရဲ့ မျက်လုံးအောက်က လွတ်သွားတဲ့အရာ ဆိုတာ ဘာတစ်ခုမှ မရှိဘူး”

“ပိုင်ချမ်းဟန်က စီနီယာကို လာတွေ့ပါတယ်။ ဂါရဝ ပြုပါတယ်”

ထိုအချိန်မှာတော့ ပိုင်ချင်းဟန်သည် နှောင့်နှေးမနေရဲတော့ချေ။ အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လေးလေးစားစားဖြင့် ဂါရဝပြုလိုက်သည်။

ယန်ရှို၊ ရမ်ချင်းတုတို့နှင့်ပတ်သက်၍ ယခင်က သူဇဝေဇဝါ ဖြစ်မိသည်ဆိုရင်တောင်မှ လီယွင်ကို မြင်ပြီးသည့်နောက် သူ အလုံးစုံ နားလည်သွား၏။ စီနီယာ၏ အားအင်အဆင့်သည် သူနားလည်ထားသည်ထက် ပိုမိုကာပင် အားကောင်းလွန်းနေ၏။ တကယ့်ကို အလုံးစုံ ကျွမ်းကျင်သူတစ်ယောက်ပင်။

“အင်း”

လီယွင်သည် ဦးခေါင်းကို ညိတ်လိုက်၏။ ပြီးနောက် မနီးမဝေးတွင် ရှိနေသော ထိုင်ခုံကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ထိုင်ပါ။ ထိုင်ပါ”

သူသည် အမှတ်မထင်ဖြင့် ပိုင်ချမ်းဟန်၏ ကိုယ်ရေးအကျဉ်းကို ထုတ်ကာဖြင့် အသာကြည့်ရှုလိုက်သည်။

[နာမည် - ပိုင်ချမ်းဟန်]

[အားအင်အဆင့် - ကောင်းကင်မူလအဆင့်၊ နတ်အဆင့်ထိပ်ဆုံး]

[ဂိုဏ်း/ဌာနေ - တော်ဝင်ရင်နိုင်ငံတော်]

[ကျင့်ကြံခြင်းနည်းစနစ် - ကောင်းကင်နှင့်မြေကြီး ဝါးမျိုခြင်း နည်းစနစ် (တစ်ပိုင်းတစ်စ) ၊ ပထမစိတ်ဝိညာဉ် စုပ်ယူခြင်း နတ်ဘုရား အတတ် (တစ်ပိုင်းတစ်စ)]

[နတ်ဘုရားနည်းလမ်း - အင်ပါယာနိုင်ငံ စည်းလက်သီး (အကြွင်းအကျန်)၊ သိုင်းအင်ပါယာဓားနည်းစနစ် (အကြွင်းအကျန်)၊ တောက်ပနေ (အကြွင်းအကျန်)၊ ကြွေကျဓားနည်းစနစ် (အကြွင်းအကျန်)၊ နတ်ဆိုးဓားနည်းစနစ် သုံးဆယ့်နှစ်ကွက် (အကြွင်းအကျန်)]

[လက်နက် - ကောင်းကင်ကွဲအက်ခြင်းဓား (နတ်အဆင့်)]

[လက်ရှိအခြေအနေ - သာမန်အခြေအနေ မဟုတ်၊ ပထမစိတ်ဝိညာဉ်စုပ်ယူခြင်း နတ်ဘုရားအတတ်ကို ကျင့်ကြံသည့်အတွက် နှလုံးသားထဲတွင် မကျေနပ်သည့်အငြှိုးများ တည်ရှိနေ၏။ သူ၏ အင်ပါယာအဖေကြောင့် ကျင့်ကြံခြင်းအဆင့် ဆက်မတတ်နိုင်တော့မည်ကို စိုးရိမ်လျက် ရှိနေ၏။ သူသည် ဖြစ်နိုင်မည်ဆိုလျှင် ထိန်းချုပ်ခံထားရမှုမှ လွတ်မြောက်ချင်၏။ သို့ပေမဲ့ အားအင်အဆင့်သည်...]

[ထပ်မံသိရှိရန် နှိပ်ပါ]

“သူက တကယ့်ကို ပြောရဆိုရ ကောင်းမယ့်လူမျိုးပဲ”

လီယွင်သည် အသာတွေးတောလိုက်၏။ တော်ဝင်ရင် နိုင်ငံတော် နဝမမင်းသား၏ အကြောင်းကို မြန်မြန်ဆန်ဆန် ကြည့်ရှုစစ်ဆေးပြီးသည့်နောက် ထူးခြားသည်မှာ ၎င်း၏ နတ်ဘုရားသိုင်းနည်းစနစ် အကုန်လုံးသည် မပြည့်စုံနေခြင်းပင်။

လီယွင်သည် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် နတ်အဆင့်လက်နက် တစ်ခုတည်းသာ ရှိသည်ကို ပထမဦးဆုံးအကြိမ် မျက်မြင်တွေ့ခြင်းဖြစ်၏။ ရမ်ချင်းတု၊ ယန်ရှိုတို့သည် ချမ်းသာသည်ဟု သတ်မှတ်နိုင်သည်။ ယန်ရှိုပင်လျှင် နတ်အဆင့်လက်နက် နှစ်ခုရှိ၏။ များပြား လှသည့် တခြားသော ရတနာများဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။

ယခု ပိုင်ချမ်းဟန်ကို မြင်ရသည့်အချိန်မှာတော့ လီယွင်သည် တကယ်ပင် စာနာသနားစိတ်များ ဖြစ်လာမိ၏။ နိုင်ငံတော်တစ်ခု၏ သားတော်သည် ဤမျှ စုတ်ပြတ်လွန်းလှသည်လား။ ပြည့်စုံသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ခုကိုတောင်မှ မကျင့်ကြံနိုင်ဘူးလား။

ပြောရမည်ဆိုလျှင် တော်ဝင်ရင်နိုင်ငံတော်သည် အားနည်းသည်သာ ဆိုပါက ယခင်ကတည်းက သုတ်သင် ရှင်းလင်းခြင်းကို ခံရမှာ သေချာ၏။ ယခုအချိန်ထိ တည်ရှိနေလိမ့်မည် မဟုတ်ချေ။ တော်ဝင်ရင်နိုင်ငံ၏ အင်ပါယာမျိုးဆက်ထဲတွင် တခြားသောပြဿနာများ တည်ရှိနေခြင်းကြောင့်သာလျှင် ပိုင်ချမ်းဟန်သည် လက်ရှိအခြေအနေ၌ ရုန်းကန်ရသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သူက သုံးသပ်လိုက်မိ၏။

...........

“တာအိုရောင်းရင်းပိုင် ဒီနေရာကို ရောက်လာပြီဆိုမှတော့ ကျုပ်က မလိုအပ်တာတွေ မပြောတော့ဘူး။ ကောင်းကင် လျှို့ဝှက်နန်းဆောင် အကြောင်းနဲ့ပတ်သက်လို့ ခင်ဗျား အစောကြီးကတည်းက သိရှိပြီး ဖြစ်လိမ့်မယ်”

လီယွင်သည် ရေနွေးကို အသာငုံကာဖြင့် ပြောလိုက်သည်။

“ကျုပ် သေသေချာချာ တွက်ချက်နေတုန်းပါပဲ။ စုံစမ်းထားတာလေးလည်း ရှိတယ်။ ဒါပေမဲ့ အတည်မပြုရဲပါဘူး”

ပိုင်ချမ်းဟန်၏ စိတ်တစ်ခုလုံးသည် လှုပ်ရှားလျက် ရှိ၏။ သူက မေးလိုက်သည်။ “ကျုပ်.. ကျုပ် မေးပါရစေ စီနီယာ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က တကယ့်ကို ကောင်းကင်လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေတာလား”

“ခင်ဗျား မစုံစမ်းခဲ့ရသေးဘူးလား။ ဥပမာအားဖြင့် ရမ်ချင်းတု သူတော်စင်ဖြစ်တဲ့အကြောင်းပေါ့” လီယွင်သည် ပိုင်ချမ်းဟန်ကို ကြည့်ရှုလိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

“ဟမ်”

ပိုင်ချမ်းဟန်၏ စိတ်တစ်ခုလုံးသည် အဆုံးမဲ့ သမုဒ္ဒရာထဲသို့ ရောက်ရှိနေသကဲ့သို့ပင် လူးလွန့် သွားလာလျက် ရှိနေသည်။ သူသည် ထိုအရာကို တွက်ချက်ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ အတည်မပြုရဲချေ။

စီနီယာကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည်ကို ကြားရသည့်အချိန်မှာတော့ သူ အလုံးစုံ နားလည်သွားမိသည်။ ရမ်ချင်းတု သူတော်စင် ဖြစ်ခဲ့ခြင်းသည် ဤစီနီယာ၏ လမ်းညွှန်ပြသမှုကြောင့် ဖြစ်ပေလိမ့်မည်။

ပိုမိုကာ အရေးကြီးသည်မှာ ဤစီနီယာသည် သူစုံစမ်းနေသည့်အကြောင်းကို တကယ်ပဲ သိရှိနေခဲ့၏။ တွေးရမည် ဆိုလျှင် ဘယ်သူက လိုလိုချင်ချင်ဖြင့် သူ့အကြောင်း စုံစမ်းခြင်းကို နှစ်သက်နေမည်နည်း။ စီနီယာကဲ့သို့ လူတစ်ယောက် မပြောနှင့် တခြားသောသူများဆိုလျှင်ပင် ထိုအရာကို မနှစ်သက်ချေ။ ထို့ကြောင့် ပိုင်ချမ်းဟန်၏ ခန္ဓာကိုယ်တွင် ချွေးစေးများ ပြန်လာခဲ့၏။

“စိတ်မပူပါနဲ့”

လီယွင်သည် အသာပြုံးကာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်က စီးပွားရေး လုပ်ဖို့ပဲလေ။ ခင်ဗျား စုံစမ်းစစ်ဆေးတာပဲဖြစ်ဖြစ် တခြား ဘာကိုပဲလုပ်လုပ် ... လုပ်စရာရှိတာ ဆက်လုပ်ပါ”

ပိုင်ချမ်းဟန် အနေဖြင့် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်ဆိုလျှင် ကောင်းမွန်သည့်အရာများသာ ဖြစ်လာပေလိမ့်မည်။

“ကျေးဇူးပါပဲ စီနီယာ။ ဒီလိုမျိုး တကယ့်ကို ဖော်ရွှေတဲ့အတွက်ပါ”

ပိုင်ချမ်းဟန်သည် ကြီးမြတ်သည့် ကောင်းခြင်းကို ရရှိသကဲ့သို့ ခံစားနေမိ၏။ သူသည် သက်ပြင်း အသာချပြီးသည့်နောက် ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်သည်။

စောဏတုန်းက သူ၏အသက်သည် အဆုံးသတ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်ဟု တွေးတောခဲ့မိ၏။ သို့ပေမဲ့ ဤစီနီယာသည် ရမ်ချင်းတုကို သူတော်စင်အဖြစ် လမ်းညွှန်ပေးခဲ့သည်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည့် အပြင် သူ့အားလည်း ဖော်ရွှေစွာဖြင့် အခွင့်အရေးပေးလျက် ရှိနေ၏။

တကယ်တမ်းမှာတော့ တော်ဝင်ရင် နိုင်ငံတော်သည် အားနည်းလှသည် မဟုတ်သော်လည်း တော်ဝင်ဓားဂိုဏ်း လောက်တောင် အားကောင်းလှသည် မဟုတ်ချေ။ နှစ်ဘက်လုံးတွင် ဘိုးဘေးများ တည်ရှိနေသည်ဆိုလျှင်တောင်မှ သူတို့က အားနည်းသည်။

“စီနီယာ ပြောသလိုဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်က စီးပွားရေးလုပ်ဖို့ တစ်ခုတည်းပေါ့။ ရမ်ချင်းတုရဲ့ သူတော်စင်ဖြစ်တဲ့ အောင်မြင်မှုက စီးပွားရေးလုပ်ရင်း ဖြစ်ခဲ့တာလား” ပိုင်ချမ်းဟန်သည် ရည်ရွယ်ချက် ရှိရှိဖြင့် မေးမြန်းလိုက်၏။

“တခြား ဘာများ ဖြစ်နိုင်အုံးမှာလဲ” လီယွင်က ပြန်လည်ကာ မေးမြန်းလိုက်၏။

“ဒါက”

ပိုင်ချမ်းဟန်၏ မျက်လုံးများသည် လင်းလက်သွား၏။ အလင်းတန်းများသည် တလက်လက်နှင့်ပင် တောက်ပလျက် ရှိနေသည်။ သူတော်စင်ဖြစ်သည့် အခွင့်အရေးကို လဲလှယ်ကာ ရယူနိုင်စွမ်းရှိသည့် တည်နေရာ ကြီး၊ သူသည်သာ ရမ်ချင်းတုကဲ့သို့ လဲလှယ်နိုင်မည်ဆိုပါက လက်ရှိ အန္တရာယ်တွင်းဆီမှ မြန်မြန်ဆန်ဆန်ဖြင့် ထွက်ခွာနိုင်မည်လား။

“စီနီယာ... သူတော်စင်ဖြစ်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး”

ပိုင်ချမ်းဟန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သို့ပေမဲ့ သူဆုံးအောင် မပြောနိုင်ချေ။

လီယွင်က ဖြတ်ပြောလိုက်၏။ “ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်ဘူး”

လီယွင်သည် သေသေချာချာ ပြောဆိုလိုက်သည်။ “ခင်ဗျားရဲ့ ကျင့်ကြံခြင်း နည်းစနစ်က အရမ်းကို စုတ်ပြတ်သတ်နေတယ်လေ။ နတ်အဆင့် ကျင့်ကြံခြင်းကိုသာလျှင် ကျင့်ကြံနိုင်တယ်။ သူတော်စင်ဖြစ်ဖို့အတွက် ခင်ဗျား လိုအပ်နေတာက အခွင့်အရေး မဟုတ်ဘူး။ ဆက်လက်ကျင့်ကြံရမယ့် သိုင်းကျင့်ကြံခြင်း နည်းစနစ်ပဲ။ ပိုပြီး အရေးကြီးတာက”

လီယွင်သည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာဖြင့် ပြောပြလိုက်၏။ “ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ခင်ဗျားလေ့ကျင့်တဲ့ ကျင့်ကြံခြင်းအဆင့်က မူလကျင့်ကြံခြင်း နည်းစနစ်မဟုတ်ဘူး။ တခြားကျင့်ကြံခြင်းနည်းစနစ်တွေနဲ့လည်း သွေဖယ်နေတယ်။ ကျင့်ကြံခြင်း နည်းစနစ် နဲ့ နတ်ဘုရားအတတ် နှစ်ခုရဲ့ ပတ်သက်မှုကလည်း တခြားစီပဲ။ လွဲမှားနေတဲ့ အရာနှစ်ခုကို ကျင့်ကြံခြင်းရဲ့ အကျိုးဆက်က သေခြင်းတရားက လွဲရင် တခြားမရှိဘူး”

All Chapters