အပိုင်း (၄၃)
Vol. 3 Ch. 43
ထိုစကားကို ပြောဆိုလိုက်သည့် အချိန်မှာတော့ အချိန်ကာလ တစ်ခုလုံးသည် အေးခဲသွားသလိုပင်။ ပိုင်ချမ်းဟန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့၏။ ဤအရာသည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်သလို သူ့အင်ပါယာအဖေ၏ တကယ့် အကြီးမားဆုံးသော လျှို့ဝှက်ချက်ဟုလည်း သတ်မှတ်နိုင်၏။
နှစ်ပေါင်းများစွာအတွင်း အပြင်လူများ အားလုံး မသိရှိသည့်အရာပင်။ သူကိုယ်တိုင်ပင်လျှင် ထိုအခြေအနေဆီမှ ချိုးဖြတ်နိုင်ရန် နည်းလမ်းပေါင်းများစွာကို စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ အရာအားလုံးသည် သဲထဲရေသွန်သကဲ့သို့ပင်။ မထင်မှတ်ထားစွာဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်အရှင်သည် တစ်ချက် ကြည့်လိုက်ရုံနှင့် ဖြစ်တည်နေသည့် အကြောင်းအရာတစ်ခုလုံးအား ပြောဆိုနေနိုင်သည်။
“စီနီယာက အဲကျင့်ကြံခြင်း နည်းစနစ်နဲ့ ရင်းနှီးနေတာလား”
ပိုင်ချမ်းဟန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။ “ဒါဆိုရင် စီနီယာ.. ဒီကျင့်ကြံခြင်းနည်းစနစ်ကို အဖြေရှာနိုင်တဲ့ နည်းလမ်းတစ်ခုခု စီနီယာဆီမှာ ရှိရဲ့လား”
“အင်း.. ကောင်းကင်နဲ့မြေပြင် ဝါးမျိုခြင်း နည်းစနစ်လေးပါပဲ” လီယွင်သည် အမှတ်မထင်ဖြင့် ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေပြင် ဝါးမျိုခြင်း နည်းစနစ် ဟုတ်လား”
ပိုင်ချမ်းဟန်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အံ့အား တသင့်ဖြင့် ဖြစ်သွား၏။ ကြည့်ရသည်မှာ သူသိသည်နှင့် ခြားနားလျက် ရှိနေတော့၏။ မတူညီသည့် ကျင့်ကြံခြင်း နည်းစနစ်ကို သူကျင့်ကြံခဲ့ပုံပေါ်၏။
“အင်း.. ဟုတ်တယ်”
လီယွင်သည် တစ်စုံတစ်ခုကို ပြန်လည်စဉ်းစားနေပုံဖြင့် ဆက်လက်ကာ ပြောလိုက်သည်။ “ခင်ဗျားက မပြည့်စုံတဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံနေတာလေ။ အဲဒါရဲ့ တခြားနာမည်ကတော့ ပထမ စိတ်ဝိညာဉ်စုပ်ယူခြင်း နတ်ဘုရားအတတ်တဲ့”
“ဒီကျင့်ကြံခြင်းနည်းစနစ်က ကျင့်ကြံသူရဲ့ ပင်ကိုယ်အရည်အချင်း ကောင်းမွန်ဖို့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်အတွက် လေ့ကျင့်ရတာမဟုတ်ဘူး။ နည်းစနစ် အပြည့်အစုံကို လေ့ကျင့်ထားတဲ့ ရည်ညွှန်းမူလလူဆီကို ကျင့်ကြံခြင်းအဆင့်တွေ ရောက်သွားတာမလို့ပဲ။ ကိုယ်ဘယ်လိုပဲ လေ့ကျင့်လေ့ကျင့် ကိုယ့်အတွက် မဟုတ်ဘဲ တခြားသူအတွက် ဖြစ်နေရတယ်။ ကျုပ်ပြောတာ မှန်တယ်မလား”
လီယွင်သည် ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်၏။ “ကျုပ်ထင်တာ မမှားဘူးဆိုရင် တော်ဝင်ရင်နိုင်ငံရဲ့ မင်းသားကိုးပါးက ဒီ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့ကြတယ်။ ပထမစိတ်ဝိညာဉ်စုပ်ယူခြင်း နတ်ဘုရား နည်းစနစ်ရဲ့ မူလသိုင်းကျင့်ကြံခြင်း နည်းစနစ်ဖြစ်တဲ့ ကောင်းကင်နဲ့ မြေပြင် ဝါးမျိုခြင်း နည်းစနစ် အပြည့်အစုံကတော့ တော်ဝင်ရင်နိုင်ငံရဲ့ လက်ရှိအင်ပါယာလက်ထဲမှာ ရှိလိမ့်မယ်။ သားတော်တွေ သေဆုံးခြင်းကလည်း မရိုးရှင်းဘူးဆိုတာ ခင်ဗျား တွေးတောမိပြီး ဖြစ်မှာပေါ့”
ပြောပြီးသည့်နောက် ပိုင်ချမ်းဟန်သည် ဘာတစ်ခုမှပင် ခွန်းတုံ့မပြန်နိုင်တော့ချေ။
တခြားတစ်ဖက်ရှိ တော်ဝင်သဲကန္တာရမြို့၏ မြို့တော်ဝန်သည် သက်မရှည်ကြီးပင် ချလိုက်မိ၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်လျက်ရှိသည်။ သူသည် လီယွင်ကို မယုံကြည်နိုင်သလို ကြည့်ရှုနေမိ၏။ ပြီးနောက် ပိုင်ချမ်းဟန်ဘက်ကို လှည့်ကြည့်လိုက်သည်။
ယနေ့အချိန်မှာတော့ သူသည် မည်သူမှ မသိနိုင်သည့် သာမန်ထက်ပိုသော လျှို့ဝှက်ချက်များကို သိရှိ နားလည်ခဲ့ရပုံပေါ်၏။
စီနီယာပြောဆိုသည်ကို နားလည်ရမည်ဆိုလျှင် ပထမစိတ်ဝိညာဉ်စုပ်ယူခြင်း နတ်ဘုရားအတတ် ဆိုသည့် အကြောင်းကို သူရုတ်တရက် နားလည်သွားမိ၏။ အထူးသဖြင့် ဤအရာသည် နတ်ဆိုးနည်းစနစ် တစ်ခုသာလျှင် ဖြစ်၏။ ကျင့်ကြံခြင်း၏ စွမ်းအင်များကို ခန္ဓာကိုယ်လွှဲပြောင်းရယူနိင်သည်။ ဤအရာသည် နတ်ဆိုးနည်းစနစ် မှလွဲလျှင် မည်သည့်အရာ ဖြစ်မည်နည်း။
အစောပိုင်းနှစ်များတုန်းက ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် တော်ဝင်ရင်နိုင်ငံတော်၏ မင်းသားရှစ်ယောက် သေဆုံးခြင်း အကြောင်းအရာနှင့်ပတ်သက်၍ သံသယဖြစ်လို့နေ၏။ သူသည်လည်း ပထမ အချိန်တုန်းက ဇဝေဇဝါ ဖြစ်မိ၏။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေမည်လို့တော့ မည်သို့မှ ထင်မှတ် မထားခဲ့ချေ။
ကျားသည် သူ၏ ကလေးကို မစားချေ။ သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံတော်၏ အင်ပါယာမှာတော့ တိုက်ရိုက်ဆိုသလိုပဲ သူ၏သားများအားလုံးကို ဝါးမျိုခဲ့၏။ ပြောရမည်ဆိုလျှင် ရှစ်ယောက်လုံးကို သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆိုရမည်။ မည်မျှ ရက်စက်လိုက်သည့် နည်းလမ်းနည်း။
“စီနီယာရဲ့ အမြင်က တကယ့်ကို ကောင်းလွန်းပါတယ်။ ကျုပ် ချီးကျူးချင်ပါတယ်”
ပိုင်ချမ်းဟန်သည် နာနာကျင်ကျင်ဖြင့် ပြုံးကာပြောလိုက်၏။ အစစ်အမှန်တရားသည် လီယွင်ဖော်ညွှန်းခဲ့သည့် အတိုင်းပင် ဖြစ်၏။
လီယွင် ထိုစကားကို စတင်ပြောဆိုစဉ်က သူ့အနေနှင့် သဘောမတွေ့သလို ခံစားနေမိ၏။ သို့ပေမဲ့ အပြစ် ပြုလုပ်ထားသည့်လူ သည် စီနီယာ မဟုတ်ပေ။ သူ၏ အင်ပါယာအဖေသာလျှင် ဖြစ်၏။ ထိုသတင်းသာ ပျံ့နှံ့သွားမည် ဆိုပါက သူတို့အင်ပါယာမျိုးဆက်တစ်ခုလုံး အတွက် အရှက်ရစရာ ဖြစ်လာပေမည်။
ဤကိစ္စသည် မနှေးနှင့်မမြန်ဆိုသလို ပေါ်ပေါက်သွားမှာဖြစ်၏။ အချိန်ကာလတစ်ခု အတိုင်းအတာအတွင်းထိသာ ဖုံးကွယ်ထားနိုင်စွမ်းရှိပြီး ထာဝရ ဖုံးကွယ်ထားနိုင်သည့် အရာမျိုး မဟုတ်ချေ။ တော်ဝင်ရင်နိုင်ငံတော်၏ ဆိုးရွားလှသည့် အကြောင်းအရာ ပျံ့နှံ့သွားမည့် အခြေအနေသည် တစ်ချိန်ချိန်၌ ရောက်ရှိ လာမည်ဖြစ်၏။
တော်ဝင်ရင်နိုင်ငံတော်၏ အင်ပါယာသည် ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် မည်သည့်ပါရမီမှ မရှိချေ။ ထိုအရာသည် အဓိကနတ်နယ်မြေများထဲတွင် လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ချေ။ နတ်အဆင့် ထိပ်ဆုံး စွမ်းအားမြင့် ကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်ရှိသွားခဲ့သည် ဆိုပါက တော်ဝင်ရင်အင်ပါယာ၏ ဝါးမြိုခြင်းကို ခံလိုက်ရရုံသာ ရှိသည်။ ထို့ကြောင့် သူတော်စင် အဆင့်ဆီသို့ မြန်မြန် ချိုးဖျက်နိုင်ခြင်းကသည်သာ ဘေးအန္ဓရာယ်ကြီးကို ရှောင်ရှားခြင်း ဖြစ်ပေလိမ့်မည်။
သူတော်စင်ဖြစ်ရန် လမ်းကြောင်းတွင် ပိတ်မိလျက်ရှိသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများထဲတွင် တကယ့်ကို ပါရမီထူးချွန်လှသည့် ကျင့်ကြံသူများလည်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် မည်သည့်အရည်အချင်းမှ မရှိသော လူတစ်ယောက်အနေဖြင့် သူတော်စင်အဆင့်ကို ရောက်ရှိဖို့ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ပြောရမည်ဆိုလျှင် တော်ဝင်ရင်နိုင်ငံ၏ ဇာတ်ကြောင်းများထဲတွင် လျှို့ဝှက်ချက်ပေါင်းများစွာ တည်ရှိနေလိမ့် မည်ဟု ရေတွက်လို့မရနိုင်သည့် လူပေါင်းများစွာက သိရှိပြီးသား ဖြစ်၏။ သို့ပေမဲ့ ဘာမှန်းတော့ သေသေချာချာ မသိရှိခြင်းသာလျှင် ရှိသည်။
ပိုင်ချမ်းဟန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ လီယွင်နားဆီသို့ လျှောက်သွား၏။ ပြီးနောက် ရိုသေစွာဖြင့် ဦးညွတ်ကာ ဂါရဝပြုပြီး ပြောဆိုလိုက်၏။
“စီနီယာအနေနဲ့ ဒီကျင့်ကြံခြင်း နည်းစနစ်ကို သိရှိနေတယ်ဆိုမှတော့ ကျုပ်ရဲ့အသက်ကို ကယ်တင်နိုင်မယ့် နည်းလမ်း စီနီယာဆီမှာ ရှိရလိမ့်မယ်။ ကျေးဇူးပြုပြီး စီနီယာ လမ်းညွှန်ပေးပါအုံး။ ဒီကိစ္စတွေ ဖြေရှင်းပြီးသွားရင် စီနီယာကို ရက်ရက်ရောရောနဲ့ ပြန်ပြီး ပေးဆပ်ပါ့မယ်”
“ခင်ဗျား မှန်တယ်။ ဒီလီ မှာ ခင်ဗျားကို ကယ်တင်နိုင်မယ့် နည်းလမ်းရှိတယ်။ ဒါပေမဲ့ နည်းလမ်းက တစ်ခုတည်း မဟုတ်ဘူး”
လီယွင်သည် ပိုင်ချင်းဟန်ကို ကြည့်လိုက်၏။ ပြီးနောက် အမှတ်မထင်နှင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ထိုက်တန်တဲ့ အဖိုးအခကို ပေးရမယ်လေ။ အကြွေး မရဘူး”
“တစ်ခုတည်းတောင် မဟုတ်ဘူး ဟုတ်လား”
ပိုင်ချမ်းဟန်သည် ချက်ချင်းပဲ ကြောင်အသွားမိ၏။ အမှတ်မထင် ဆိုသလိုပဲ လီယွင်စကား၏ အစိတ်အပိုင်းတစ်ခုကိုသာ သူက သတိပြုမိ၏။ ဤစီနီယာသည် မည်ကဲ့သို့သော လူမျိုး ဖြစ်သနည်း။
သူသည် ဖြေရှင်းနည်းပေါင်းများစွာကို အဖြေရှာမိခဲ့၏။ သို့ပေမဲ့ အဖြေကို ရှာမတွေ့ခဲ့ချေ။ သူ၏ အစ်ကိုရှစ်ယောက်လုံး သေဆုံး သွားခဲ့သည့် ကံကြမ္မာအကြောင်းကို တွေးတောမိသည့် အချိန်တိုင်း နှလုံးသားထဲတွင် ကြောက်လန့်လျက် ရှိနေသေး၏။ တစ်နေ့တွင် သူ့အလှည့်ကို ရောက်ရှိလာမည့်ဟုလည်း အ မြဲ ခံစားနေမိ၏။
သို့ပေမဲ့ မထင်မှတ်စွာဘဲ စီနီယာ၏ လက်ထဲတွင်တော့ ဖြေရှင်းသည့် နည်းလမ်းကောင်းများသည် အလွန်လွယ်ကူစွာဖြင့် တည်ရှိနေခဲ့သည့့်အပြင် တစ်ခုတည်းလည်း မဟုတ်ချေ။
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် ပိုင်ချမ်းဟန်သည် သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ခုကို ထုတ်ယူကာဖြင့် လေးလေးစားစား ကမ်းပေးလိုက်သည်။ “စီနီယာ.. ကျုပ်ဆီမှာ တန်ဖိုးကြီးတဲ့အရာ ဘာမှ မရှိပါဘူး။ ဒီ သိုင်းအင်ပါယာ ဓားနည်းစနစ်က ကျုပ်တို့ဘိုးဘေး ဖန်တီးထားတဲ့အရာတစ်ခုပါပဲ။ ဒါ စီနီယာ စိတ်ဝင်စားမလားဆိုတာ ကြည့်ကြည့်ပါအုံး”
လီယွင်သည် သိုင်းစာအုပ်ကို လှမ်းကြည့်လိုက်၏။ ချက်ချင်း မဖြေကြားချေ။ ဤနည်းစနစ်သည် မပြည့်စုံလှချေ။ ပိုင်ချမ်းဟန် ကိုယ်တိုင်ပင် ထိုအရာကို ကောင်းကောင်းသိရှိပြီးဖြစ်၏။ သူ၏ အင်ပါယာအဖေသည် အစဉ်အမြဲ သူ့ကို စောင့်ကြပ်လျက် ရှိနေ၏။ ထို့ကြောင့် ပေးအပ်ခဲ့သည့် သိုင်းနည်းစနစ်များ အားလုံးသည် မပြည့်စုံသည့် သိုင်းနည်းစနစ်များသာဖြစ်၏။
ဤမပြည့်စုံသည့် သိုင်းအင်ပါယာဓားနည်းစနစ်သည် ကောင်းကင်လျှို့ဝှက်အမှတ် မည်မျှရရှိမည်ဖြစ်ကြောင်းကို မသိရှိနိုင်ချေ။ လီယွင်သည် သိပ်ပြီး မမျှော်လင့်ထားပေ။
“စနစ်... ဒီသိုင်းနည်းစနစ်က ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်များများ လဲလို့ရမလဲ” လီယွင်က မေးမြန်းလိုက်သည်။
[ဒင်... သိုင်းအင်ပါယာဓားနည်းစနစ် (မပြည့်စုံ) ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ရာနှင့် လဲလှယ်လို့ရ၏]
အမှန်ပင်။ အံ့အားသင့်လောက်စရာ နည်းပါးလွန်းလှ၏။ နတ်အဆင့် လက်နက်အကျိုးအပြတ်တစ်ခု၏ တန်ဖိုးလောက်ပင် မရှိချေ။ ဤဓားနည်းစနစ်သည် မည်မျှပင် စုတ်ပြတ်သတ်လျက် ရှိနေကြောင်းကို ထုတ်ဖော် ပြသနေသကဲ့သို့ပင်။
တော်ဝင်ရင်နိုင်ငံတော်၏ ဘိုးဘေး ဖန်တီးထားသည့်အရာ ဖြစ်သည်ဆိုလျှင်တောင်မှ ဤမျှ ဈေးပေါ၍တော့ မနေသင့်ပေ။
“ကောင်းပြီ။ စနစ်... ပိုင်ချမ်းဟန်ရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းပေးနိုင်တဲ့ တခြားနည်းလမ်း တစ်ခုခုကို ရှာပေးအုံး”
[အင်မော်တယ်ကျွန်း - ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်း လိုအပ်သည်။ တိကျသည့် တည်နေရာကို သေချာကြည့်ရှုနိုင်သည်]
[တိုက်ပွဲတစ်ရာ အင်ပါယာသင်္ချိုင်း - ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်သန်းငါးသိန်း လိုအပ်၏။ တိကျသည့် တည်နေရာကို သေချာကြည့်ရှုနိုင်သည်]
[တော်ဝင်အင်ပါယာ ကျိကျန်း၏ သင်္ချိုင်း - ကောင်းကင်လျှို့ဝှက်အမှတ် လေးသန်းခြောက်သိန်းနှစ်သောင်း လိုအပ်၏။ တည်နေရာကို သေချာကြည့်ရှုနိုင်သည်]
........
“စနစ်.. သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ယုံကြည်ရတဲ့ အကြောင်းအရာတစ်ခုကို ထောက်ပံ့ပေးနိုင်မလား။ ပိုင်ချမ်းဟန်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ သူတတ်နိုင်မယ့် အရာမျိုးလေ” လီယွင်သည် စိတ်ထဲမှ ထပ်မံကာ မေးမြန်းလိုက်၏။