← Chapters

အထီးကျန်နှလုံးသား (၂)

Vol. 2 Ch. 70

အထီးကျန်နှလုံးသား (၂)

Vol. 2 Ch. 70

ကျွန်မ အခန်းဆီကို ပြန်လာပြီးပြောတော့ နက်ဆန်က မျက်နှာသေကြီးနဲ့ ကျွန်မကိုကြည့်ပြီးတော့ ပြောရှာတယ်။

“ဆယ်ဗီ၊ ကိုယ့်ဒဏ်ရာတွေ မကျက်သေးဘူးနော်။”

“....” ကျွန်မကိုယ်တိုင်လည်း ပြောစရာစကားမဲ့သွားတယ်။ ဒါလည်း အမှန်ပဲလေ။ အခုလောလောဆယ် နက်ဆန်က ဒဏ်ရာရထားပြီးတော့ ဒဏ်ရာတွေပြန်ကောင်းလာတာကို စောင့်နေရတာ။ နောက်တစ်ခါထပ်ပြီး စွန့်စားဖို့ကလည်း အန္တရာယ်များသေးတယ်။

“ဒါပေမဲ့ မကူညီဘူးလို့တော့ ပြောတာမဟုတ်ပါဘူး။ ဒီည ဆာဘတ်ကျင့်ပြီးရင် လိုက်ကြည့်ပေးမယ်လေ။”

ကံကောင်းတာက နက်ဆန်က ကျွန်မကို ယတိပြတ်ကြီး ငြင်းချလိုက်တာမျိုးမဟုတ်ဘူး။ သူက ကျွန်မကို သူ့ကိစ္စတွေ ပြီးပြီးချင်း ကူညီပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်မက အဲဒီမှာ ကိစ္စတစ်ခုကိုသတိရလာပြီး ထိုင်ခုံပေါ်မှာထိုင်နေတဲ့ သူ့ရှေ့ကို ခါကိုင်းပြီး မေးဖြစ်သွားတယ်။

“နက်ဆန်၊ ဒီည ဆာဘတ်ကျင့်ရင် ရှင့်ကို နာတာရှာက ကင်းစောင့်ပေးမှာလား။”

နက်ဆန်ကတော့ ကျွန်မရဲ့စိတ်ပုပ်စိတ်ယုတ်ကြီးကို မသိတဲ့ အတွက်ကြောင့် ခေါင်းညိတ်ပြတယ်။

“အင်း....”

“လရောင်လှုံရင် အဝတ်ဗလာကြီးနဲ့ဆို။”

“အတွင်းခံတော့ ဝတ်လို့ရပါတယ်။”

“ဒါဖြင့် ရှင်က တခြားမိန်း... အဲလေ... မိန်းမပျိုလေးကို ရှင့်ကိုယ်အပေါ်ပိုင်းဗလာကြီးကို မြင်ခွင့်ပေးမလို့လား။ လုံးဝ ခွင့်မပြုနိုင်ဘူး။”

“ဆယ်ဗီ၊ နာတာရှာက ငါ့ကို နှပ်ချေးတွဲလောင်း ကလေးဘဝကတည်းက သိလာတာ။”

“အဲဒီလိုဆိုရင်တောင် ရှင့်ကိုသူနဲ့ ကျွန်မလွှတ်ထားလို့ မဖြစ်သေးဘူး။”

နက်ဆန်က ကျွန်မကို အမျိုးမျိုးရှင်းပြပေမဲ့ ကျွန်မက ဆက်တိုက်ကို ကန့်လန့်တိုက်ဖို့စဥ်းစားထားပြီးသားဆိုတော့ ဆီလိုအပေါက်ရှာပြီးတော့ကို အပြစ်ပြောတော့တာ။

“လုံးဝပဲ... ဒါလုံးဝမသင့်တော်တဲ့ကိစ္စ။ တခြားလူဆိုရင် တော်သေးတယ်။ ဒါပေမဲ့ နာတာရှာတဲ့။ ရှင်ပဲ နာတာရှာကို မယုံဖို့ ကျွန်မကိုပြောထားတာ မဟုတ်ဘူးလား။”

“ဒါပေမဲ့ နာတာရှာက မော်လီမရှိရင် ငါ့အတွက် အယုံကြည်ရဆုံးလူလေ။”

ဒီလိုပြောတော့ ကျွန်မက သူ့မျက်လုံးတွေကို သေချာ ကြည့်လိုက်ပြီးတော့ “ဘာလဲ၊ ရှင်က ကျွန်မကို မယုံဘူးဆိုတဲ့ သဘောလား။”

“ဒါပေမဲ့ မင်းက မှော်ဆရာမဟုတ်...” နက်ဆန်က ကျွန်မကို ထက်ပြီးတော့ အကျိုးအကြောင်းပြောပြပြီး ငြင်းဖို့ကြိုးစား ရှာပါသေးတယ်။ ကျွန်မမှာနားထောင်ဖို့ အစီအစဥ်မရှိတာ တစ်ခုပဲ။

“အဲဒါဆိုလည်း အိုလီရာနာကိုခေါ်ဖို့ အနည်းအပါး စဥ်းစားပါလား။ အဲဒီကလေးမက ဒီလောက်စွမ်းအား ကြီးတဲ့ဥစ္စာကို။”

နက်ဆန်က သူ့ပါးသူပွတ်ရင်းနဲ့ စဥ်းစားတယ်။ “အိုလီရာနာ... ကောင်းပြီလေ။” သူက အစောင့်ကို လူပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်မလိုချင်တဲ့ အခြေအနေမဟုတ်သေးဘူး။

“နေဦး၊ အိုလီရာနာက ငယ်ငယ်လေးပဲရှိသေးတာလေ။ ရှင်က သူ့ကို ရှင့်ကိုယ်လုံးကြီးပြမလို့လား။”

“ဆယ်ဗီ... အိုလီရာနာက အသက်ရာကျော်နေပြီ။”

“ရှင်တို့အဲဒီလိုလုပ်နေတာကို တခြားသူတွေမြင်သွားရင် ဘယ်လိုလုပ်မလဲ။ ရှင့်ကို နှာဘူးအဖိုးကြီးလို့ထင်ရင် ထင်ကုန်မှာ။ အောင်မလေး၊ သဘောမတူနိုင်ပါဘူးနော်။”

နောက်တော့ နက်ဆန်က မျက်နှာကြီးကိုအိုထားပြီးတော့ တစ်ဖက်ကိုလှည့်သွားတယ်။ သူ့ကြည့်ရတာ ကျွန်မကို ထပ်ပြီးတော့ စကားမပြောချင်တော့တဲ့ပုံပဲ။ အခုတော့ သူက ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေပြီး စစ်ရှုံးသွားတဲ့ ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံကျလို့။

“မင်းကြိုက်သလိုသာလုပ်တော့....”

အဲဒီလိုနဲ့ ကျွန်မလည်း နက်ဆန်ရဲ့ဆာဘတ်အစောင့် ဖြစ်လာတော့တာပဲ။ အဲဒီအကြောင်းကို အိုလီရာနာကို ပြောပြတော့ အိုလီရာနာက သိပ်ပြီးတော့ အမြင်ကြည်တဲ့ ပုံမျိုးမရှိပါဘူး။

“ဆယ်ဗီ၊ မှော်ဆရာတွေအတွက် ဆာဘတ်ဆိုတာက စိတ်ထင်သလို ကစားလို့ရတဲ့ဟာမျိုးမဟုတ်ဘူးနော်။ အစောင့်ဆိုတာ လိုအပ်လို့ထားတာ။ တစ်ခုခုဖြစ်လာရင် နင်က အားကိုးရမှာမလို့လား။”

အိုလီရာနာက အခန်းအလယ်ခေါင်မှာ မတ်တပ်ရပ်ပြီး ကျွန်မလုပ်ခဲ့တဲ့အရာက မလုပ်သင့်တဲ့အရာဖြစ်ကြောင်း ရှင်းပြဖို့ ကြိုးစားနေတယ်။ ကျွန်မကတော့ မာဆယ်တွေ အပြည့်နဲ့ နက်ဆန်ရဲ့ဆစ်ပက်ကို ညကျရင် ကြည့်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ကူးတွေယဥ်နေမိပြီးတော့ အိပ်ရာပေါ် ခုန်တက်လိုက်တယ်။

နောက်တော့ ကျွန်မ မျက်လုံးတွေက တဝီဝီမြည်အောင် လည်နေတဲ့ ပန်ကာအစုတ်ကြီးဆီကို အလိုလိုနေရင်းနဲ့ ကြည့်လိုက်မိပါတယ်။

“ဒါပေမဲ့ ဆာဘတ်ဆိုတာက မှော်ဆရာတွေ လတိုင်းလုပ်တဲ့ ထုံးတမ်းတစ်ခုသက်သက်ပဲ မဟုတ်လား။ နက်ဆန်က မာစတာအဆင့်တစ်ယောက်ပဲ။ ငါသိပ်မကူညီနိုင်ဘူး ဆိုရင်တောင်မှ သူဖြတ်ကျော်နိုင်မှာပါ။”

အိုလီရာနာက ကျွန်မလှဲနေတဲ့ နေရာနားကိုရောက်လာပြီး အိပ်ရာပေါ် တက်ထိုင်တယ်။

“ဆယ်ဗီ၊ နင်ဘာလို့ ခေါင်းမာနေမှန်း ငါနားမလည်ဘူး။ ငါနဲ့အတူတူသာ မွေးခဲ့ရင် နင့်ကို လူတွေက လင်တရူး ရူးနေတယ်လို့ ထင်ကြလိမ့်မယ်။”

အိုလီရာနာရဲ့စကားကြောင့် ကျွန်မလည်ချောင်းထဲမှာ အလုံးကြီးတစ်လုံး တစ်ဆို့သွားတယ်။ အိုလီရာနာက ကျွန်မကို ဒီအကြံကိုလက်လျှော့ဖို့ ပြောနေတုန်းပဲ။

“နက်ဆန်က နင့်ကိုအမှန်အတိုင်းပြောနေတာ။ နင်က မှော်ဆရာမဟုတ်တဲ့အတွက် တစ်ခုခုဖြစ်လာရင် သူ့ကို နင်မကူညီနိုင်ဘူး။ မာစတာအဆင့်တစ်ယော​က်ရဲ့ ဆာဘတ်က နာတာရှာလို သာမန်မှော်ဆရာတွေထက် ခက်တယ်။ ပြီးတော့ နက်ဆန်က ညမင်းသားပဲ။ ပိုင်ဆိုင်တဲ့ မှော်စွမ်းအင်များလေ အတိမ်းအစောင်းခံလို့မရလေပဲ။”

အိုလီရာနာ ပြောတာတွေကို သေချာနားထောင်ပြီးတော့ ကျွန်မစိတ်က နည်းနည်းပျော့ပြောင်းသွားတယ်။ သူ့အပေါ် ကျွန်မဆိုးနေမိပြန်တာလား။ ဒီလိုတွေးမိတော့ ကျွန်မစိတ်ထဲ ရှိနေခဲ့တဲ့ တက်ကြွမှုတွေအားလုံး ပျောက်သွားခဲ့ပါတယ်။

“အိုလီရာနာ၊ နင်ပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ငါထင်တယ်။ ငါအမြဲတမ်း တစ်ကိုယ်ကောင်းဆန်နေမိတာနဲ့တူတယ်။”

ကျွန်မ အဲဒီလိုပြောပြီးတော့ အခန်းထဲကနေ ပြန်ထွက် နက်ဆန်ကိုလိုက်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီတစ်ခါလည်း အခန်းတံခါးက ပွင့်နေပြန်တယ်။ အထဲချောင်းကြည့်တော့ နာတာရှာလည်းရှိနေပြီး သူတို့နှစ်ယောက်က တစ်ခုခုကို ဆွေးနွေးနေပုံပဲ။

“ရှင့်အတွက်ဆိုရင်တောင် အဲဒါက အန္တရာယ်များနေတုန်းပဲ။ အဲဒီကောင်မလေးက ရှင့်ကိုကူညီနိုင်တဲ့ မှော်ပညာမျိုး မတတ်ဘူးလေ။”

“ငါသိပါတယ်...” နက်ဆန်က နာတာရှာကို ခွန်းတုံ့ပြန်တယ်။ နာတာရှာကတော့ သက်ပြင်းချလိုက်ရင်း ကုတ်အင်္ကျီကို သေချာပြင်ဝတ်ရင်း ထပြန်ဖို့လုပ်တယ်။

“ရှင်သူ့ကို ယုံတယ်ဆိုရင်လည်း ပြီးတာပါပဲ။ တစ်ခုခု အရေးပေါ်ဆိုရင် လှမ်းသာခေါ်လိုက်...”

အဲဒီအချိန်မှာပဲ ကျွန်မသတိဝင်လာပြီးတော့ တံခါးကို ဖွင့်ကာ ဝင်လိုက်တယ်။ နက်ဆန်နဲ့နာတာရှာတို့လည်း ကျွန်မကို လှည့်ကြည့်လိုက်တာပေါ့။

“ဆယ်ဗီ၊ မင်းဘယ်အချိန်ကတည်းက ငါတို့ပြောတာကို ခိုးနားထောင်နေတာလဲ။”

နက်ဆန်က မကျေမနပ်နဲ့လှမ်းပြောပေမဲ့ ကျွန်မက သူ့ကို ရှက်ရှက်နဲ့ပြုံးပြရင်း “အဲဒီလို မရည်ရွယ်ပေမဲ့ ခိုးနားထောင်သလို ဖြစ်သွားရင် စိတ်မရှိပါနဲ့။”

ကျွန်မက သူတို့ကို စိတ်ရင်းနဲ့တောင်းပန်လိုက်တယ်။ နာတာရှာကတော့ စိတ်မထိန်းနိုင်တဲ့ပုံစံနဲ့ လက်ဝါးနဲ့ ပါးစပ်ကိုအုပ်ထားရင်း တခိခိရယ်တယ်။

“နက်ဆန်ရေ... ရှင့်ကို နောက်ယောင်ခံလိုက်မယ့် ကောင်မလေးနောက်တစ်ယောက် တိုးလာပြန်ပြီနဲ့ တူပါရဲ့။”

“.....” ကျွန်မက မကျေမနပ်နဲ့ နာတာရှာကို ကြည့်လိုက်တယ်။ သူလည်း နက်ဆန်ကို နောက်​​ယောင်ခံမလိုက်တာကျလို့။ ဒါပေမဲ့ လာရင်းကိစ္စကနေ ချော်ထွက်မသွားအောင် စိတ်ထိန်းရင်း ပြောလိုက်တယ်။

“ခုနက တစ်ကိုယ်ကောင်းဆန်ပြီးတော့ ရှင့်ကို မသင့်တော်တဲ့ ကိစ္စတွေတောင်းဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။”

​ကျွန်မတို့လူမျိုးတွေက တစ်စုံတစ်ယောက်ကို တောင်းပန်ခဲ တယ်။ ဒါပေမဲ့ တောင်းပန်တယ်ဆိုရင်လည်း စိတ်ရင်းပါပါနဲ့ တောင်းပန်ကြတာ။ နက်ဆန်လည်း ဒီအတွက် အံ့ဩသွားတဲ့ ပုံပါပဲ။

“နာတာရှာ၊ ရှင်က သူ့အတွက် ဆာဘတ်အစောင့်လုပ်ဖို့ အသင့်တော်ဆုံးသူပါ။ ဒါကြောင့်မလို့ စီစဥ်ထားတဲ့အတိုင်းပဲ သူ့ကိုစောင့်ရှောက်ပေးပါဦး။”

နာတာရှာက ကျွန်မကိုကြည့်ရင်း စိတ်ဝင်စားတဲ့ပုံစံမျိုးနဲ့ ဆက်ပြုံးနေတယ်။ နောက်တော့ ခပ်နောက်နောက်ပုံစံနဲ့ “နက်ဆန်အဆိုအရ မင်းက ငါ့ကို သူ့ကိုယ်လုံး မမြင်စေချင်ဘူးတဲ့။ အခုကျတော့ စိတ်ပြောင်းသွားပြီလား။”

ကိုယ်တော်ချောက ကျွန်မပြောခဲ့သမျှကို နာတာရှာကို ပြန်ပြောထားတဲ့ပုံပဲ။ ကျွန်မလည်း ရှက်လွန်းအားကြီးလို့ မျက်နှာတစ်ခုလုံး ရဲတက်လာပြီးမှ

“အဲ... အဲဒီလိုဆိုပေမဲ့ နက်ဆန်တစ်ခုခုဖြစ်ရင် ရှင်ကပဲ ကူညီပေးနိုင်တာလေ။”

အားဟားဟားဟား...

ဒီတစ်ခါလည်း နာတာရှာက မထိန်းနိုင်တော့ဘဲ ဗီလိန်မ တစ်ယောက်ရယ်သလိုရယ်သံမျိုးနဲ့ ရယ်တော့တာပါပဲ။ နောက်မှ သူက အခုလိုပြောလာတယ်။

“ဆယ်ဗီရေ၊ နင်က ငါ့ကိုသဝန်တိုနေတာဆိုရင်တော့ ရှင်းအောင် ပြောထားမယ်နော်။ မထင်ရပေမဲ့ တို့က ကလေးတစ်ယောက်အမေ။ နက်ဆန်က ငါ့အတွက် မောင်လေးတစ်ယောက်လိုပဲ။”

“ဟမ်....” အဲဒီနောက်တော့ ကျွန်မခေါင်းတွေ ချာချာလည် သွားတော့တာပါပဲ။ ဒီစမတ်ကျကျအစ်မကြီးက ကလေးရှိ။ ဒါမျိုးက ဖြစ်နိုင်လို့လား။ သူက ငါ့ထက် ပိုလှနေသေးတယ်။ နာတာရှာက ကျွန်မကို သနားစရာလေးဆိုတဲ့ပုံစံနဲ့ ကြည့်ပြီး ထပ်ပြောတယ်။

“နက်ဆန် အလယ်တန်းကျောင်းစတက်ကတည်းက တို့က သူ့ကိုသိတာ။ အဲဒီကတည်းက တို့က EUOCမှာ အေးဂျင့် ဖြစ်နေတာလေ။ သူ့အကြောင်းကို အများကြီး သိနေတာကလည်း တို့ရတဲ့တာဝန်က ညမင်းသားကို စောင့်ကြည့်ဖို့ဖြစ်နေတာကိုး။ ဒါပေမဲ့ သူအထက်တန်း မပြီးခင်ကတည်းက တို့က ငယ်ချစ်ဦးနဲ့ပြန်တွေ့ပြီး လက်ထပ်ပြီးသွားပြီ။”

ချီးထဲမှ...

ကျွန်မက နက်ဆန်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။ ဒီကောင်က ဒီအဒေါ်ကြီးအကြောင်းတွေကို သိရဲ့သားနဲ့ ဘာလို့မပြောဘဲ နေနေတာလဲ။ နောက်ဆုံး တစ်လျှောက်လုံး သဝန်တိုခဲ့ရတဲ့ကျွန်မကပဲ အရူးလိုလိုဘာလိုလိုနဲ့။

“နက်ဆန်ရေ၊ နင်က ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ရထားတာပဲ။” နာတာရှာက သူ့စကားကို အဆုံးသတ်လိုက်တယ်။ နက်ဆန်က သက်ပြင်းရှည်ကြီး ချလိုက်ရင်း...

“သူ့ကို မနောက်ပါနဲ့တော့။ သူက ကျွန်တော့်အတွက် ညီမလေးလိုဖြစ်နေတော့။ စိတ်ပူရုံသက်သက်နေမှာပါ။”

‘ညီ... ညီ... ညီမလေး...’ အဲဒီစကားကို ကြားရရုံနဲ့တင် ကျွန်မမှာရှိနေသမျှ စိတ်စွမ်းအားတွေအကုန်လုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရပါတယ်။

‘ဘာညီမလေးလဲ၊ ငါက နင့်ထက် ပိုအသက်ကြီးတယ်ဟဲ့။’ ဆိုပြီး အော်ပစ်လိုက်ချင်တာ။ ဒါပေမဲ့ နာတာရှာကတော့ ခွက်ထိုးခွက်လှန် ရယ်မောနေပြီ။ နောက်တော့ သူက အခုလို ပြောလာပါတယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ။ အဓိပ္ပါယ်မရှိတာတွေတော်ပြီ။ ဆယ်ဗီက စိုးရိမ်နေတယ်ဆိုမှတော့ ဘာလို့ ငါတို့အားလုံး နက်ဆန်ဖို့ ဆာဘတ်အစောင့်မလုပ်ပေးဘဲ နေမှာလဲ။”

“အဲဒီလို လုပ်လို့ရလို့လား။”

“တစ်ယောက်တည်းစောင့်ပေးရမယ်လို့မှ စည်းကမ်းချက် မရှိတာ။ နင်တို့တွေ သူ့ကိုအနှောင့်အယှက်ဖြစ်အောင် မလုပ်သရွေ့တော့ အဆင်ပြေမှာပါ။”

ဒီလိုနဲ့ ကျွန်မတို့တွေ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရသွားတယ်။

...

ညရောက်တော့ ကျွန်မ၊ နာတာရှာနဲ့ အိုလီရာနာတို့က ဆာဘတ် ဖြစ်စဥ်ကို ဖြတ်ကျော်မယ့် နက်ဆန်နဲ့အတူ တိုက်ခေါင်မိုးပေါ်ကို တက်လာခဲ့တယ်။ ကောင်းကင်မှ လပြည့်ညရဲ့လကြီးက ထိန်ထိန်သာနေပြီးတော့ တိုက် ခေါင်မိုးပေါ်မှာ မီးပလင်းရောင်မရှိတာတောင် ရှင်းရှင်း လင်းလင်းမြင်နေရပါတယ်။

ကျွန်မနဲ့အိုလီရာနာက ထောင့်တစ်ထောင့်မှာ ရပ်နေခဲ့ပြီး နက်ဆန်က အလယ်မှာသွားရပ်ပါတယ်။ တကယ့် အစောင့်တာဝန်ကို ယူထားရတဲ့ နာတာရှာကတော့ နက်ဆန် ရပ်နေတဲ့နေရာကို ဗဟိုပြုပြီးတော့ သန့်စင်ပြီးဆားနဲ့ စည်းတစ်ခုတားလိုက်တယ်။ ပြီးတော့ ကျွန်မတို့ဖို့ပါ သီးသန့် စည်းတစ်ခုတားပေးပါတယ်။ ပြီးတော့ ဝံပုလွေအရိုးဓား တစ်ဒါဇင်ကိုလည်း ချထားသေးတယ်။

“နက်ဆန်က စွမ်းအားကြီးတော့ သူ့ကိုနှောင့်ယှက်မယ့် အရာတွေကလည်း သိပ်ကိုစွမ်းအားကြီးတတ်တယ်။ ဒီတော့ အခုလို လုံခြုံရေးအပြည့်ချထားမှရမယ်။”

နောက်တော့ သူက ကျွန်မတို့ရှိနေတဲ့ စည်းဝိုင်းထဲမှာ ဖယောင်းတိုင်အဖြူတစ်ခုကို ထွန်းလိုက်ပါတယ်။ ပြီးတဲ့ နောက် ကျွန်မတို့ကိုမှာတယ်။

“ဘာပဲဖြစ်ဖြစ် စည်းပြင်မထွက်နဲ့။ အိုလီရာနာ၊ နင်ရောပဲ။ နင်က တိုက်ခိုက်နိုင်စွမ်းမြင့်တာ ငါသိတယ်။ ဒါပေမဲ့ နင်သာ ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားရင် နင့်သခင်ကို အာရုံစိုက်မရ ဖြစ်စေလိမ့်မယ်။ ဒီတော့ ငါထိန်းချုပ်နေနိုင်သမျှ ဝင်ပါစရာ မလိုဘူး။”

မှာစရာရှိတာ မှာပြီးတဲ့နောက်မှာတော့ နာတာရှာက ကျွန်မတို့ကို တိတ်တိတ်နေခိုင်းတယ်။ နက်ဆန်ကတော့ သူ့အပေါ်ရုံဂျာကင်ကို ဖယ်ရှားလိုက်ပြီး လမင်းကြီး အောက်မှာ သူ့ရဲ့လေ့ကျင့်သားပြည့်ဝတဲ့ စပါတာစစ်သည် ဆန်ဆန်ဗလတွေကို အတိုင်းသားဖော်ပြလိုက်တယ်။ ဘောင်းဘီတိုလေးတစ်ခုပဲ သူ့မှာရှိတော့တာရယ်။

ကျွန်မလည်း အလိုလိုနေရင်းနဲ့ ‘ကလေးတွေမကြည့်ရဘူး' လို့ရေရွတ်ရင်း အိုလီရာနာရဲ့မျက်နှာကို အုပ်ထားလိုက်တယ်။ နောက်တော့ နက်ဆန်က ဖြစ်ရိုး ဖြစ်စဥ်အတိုင်းပဲ သူ့ရဲ့စွမ်းအားတွေအားလုံးကို ဖြန့်ထုတ်ပါတယ်။

အနက်ရောင်အရိပ်ကြီးက လူလေးငါးရပ်စာလောက် ရှည်ထွက်လာပြီး ကျွန်မတို့ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်ကျသွားတယ်။ လရောင်တောင် မတိုးတော့ဘူး။ နောက်တော့ အဲဒီအမှောင်ထုနဲ့အရိပ်က ပုံစံပြောင်းသွားပြီး နက်ဆန်ရဲ့ကျောမှာ တောင်ပံအဖြစ် ပြောင်းလဲဖွဲ့တည်သွား လေရဲ့။

အဲဒီနောက် နက်ဆန်က သူ့ရဲ့နှုတ်ခမ်းတွေကို ညင်သာစွာ ဖွင့်ဟရင်း စာသားမပါတဲ့ တေးသံကို စတင်ပြီးတော့ ညည်းညူတယ်။ ထောင်ချီတဲ့ငှက်တွေက ကောင်းကင်ယံမှာ စုဝေးပြီးတော့ ကျွန်မတို့ရှိနေတဲ့ အဆောက်အဦကို စတင် ပတ်ကာပျံသန်းတယ်။ သူတို့တွေက ကြီးမြတ်တဲ့ တစ်စုံ တရာကို ခစားဦးညွှတ်နေသလိုပဲ။ မနက်ကမြင်ခဲ့တဲ့ နာတာရှာရဲ့ဆာဘတ်နဲ့ယှဥ်ရင် နက်ဆန်ရဲ့ဆာဘတ်က သိပ်ကို ခမ်းနားလွန်းနေတယ်။

ချက်...

ရုတ်တရက် သွေးနီရောင်အက်ကြောင်းတစ်ခုက နက်ဆန်ရဲ့ နောက်မှာပွင့်လာတယ်။ အဲဒီအက်ကြောင်းထဲကနေပြီး ရှည်လျားတဲ့လက်သည်းတွေရှိတဲ့ ရှုံ့တွနေတဲ့ လက်တစ်စုံက ဖြည်းဖြည်းချင်းထွက်လာပြီး နက်ဆန်ဆီကို ဆန့်တန်းတယ်။ ဆိုးယုတ်တဲ့ အပုပ်နံကြီးတစ်ခုက ပတ်ဝန်းကျင်ကို ပြန့်နှံ လာပြီးတော့ ကျွန်မအန်မိလုမတတ်ဖြစ်သွားတယ်။

“စည်းဝိုင်းထဲက မထွက်ကြနဲ့။” နာတာရှာက ထပ်သတိပေးရင်း ဖယောင်းတိုင်ကို မှော်နှင်တံနဲ့ ညွန်လိုက်တယ်။

“ဗင်တန်ဗရိုမိုတန်...” လေဓားသွားတစ်ခုက ချက်ချင်း ဖြစ်တည်လာပြီး မီးလျှံနဲ့ထိတွေ့ကာ မီးလျှံဓားသွားအဖြစ် ချက်ချင်းပြောင်းသွားတယ်။ ပြီးတဲ့နောက် ပစ်မှတ်ဖြစ်တဲ့ ရှုံ့တွနေတဲ့ လက်ကြီးဆီ ပြေးထွက်သွားပြီး သွားရောက် ထိမှန်တယ်။

ဘုန်း...

ဝူး.... ဂါး...ဂါး...

အကောင်ကြီးက မီးစွဲနေတဲ့ကြားက အက်ကွဲကြောင်းထဲက ရအောင်ထွက်လာတယ်။ တစ်ကိုယ်လုံး ပုပ်ပွနေတာမလို့ မီးစွဲခံရချိန်မှာ အပုပ်နံက ပိုပြီးထောင်းခနဲထလာတယ်။

“အသိဉာဏ်မဲ့ အ​​​လောင်းစားဖုတ်ကောင်တစ်ကောင်က တော်ဝင်မျိုးတစ်ယောက်ကို နှောင့်ယှက်ရဲတာလား။”

မီးလျှံသက်သက်နဲ့ နှိမ်နင်းမရမှန်းသိတော့ နာတာရှာက မှော်နှင်တံနဲ့ ဝံပုလွေရိုးဓားတွေကို ထိန်းချုပ်လိုက်တယ်။ ဓားတွေက ဖုတ်ကောင်ရဲ့ကိုယ်မှာ ဝင်စိုက်သွားပြီးတော့ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က စတင်ကျုံဝင် အရည်ပျော်ကျ လာတယ်။ မကြာခင်မှာပဲ လုံးဝပျောက်ကွယ်သွားပြီး နက်ဆန်ကလည်း ကိစ္စပြီးသွားဟန်နဲ့ တေးညည်းနေတာကို ရပ်လိုက်တယ်။

ငှက်တွေလည်း သူတို့ဌာနေကိုသူတို့ ပြန်ကုန်ကြပြီ။ နာတာရှာကလည်း စိတ်လျှော့လိုက်ပြီး လေပူတွေကို ပါးစပ်ကနေ မှုတ်ထုတ်လိုက်တယ်။ ဆာဘတ်ပြီးပြီ ဆိုတဲ့သဘောပေါ့။

All Chapters