← Chapters

လောမိသားစု၏ တိုးတက်မှု

Vol. 4 Ch. 43

လောမိသားစု၏ တိုးတက်မှု

Vol. 4 Ch. 43

ထုံရွှယ်အဆင့် လူသတ်သမားတစ်ယောက်က ထိုသို့ သေသွားခဲ့သည်လား ။

အခန်းတွင်းရှိ လူအများစုမှာ လောထျန်းမည်သို့ လုပ်လိုက်သည်ကိုပင် မမြင်လိုက်ကြချေ။

ထိုအချိန်တွင် လောထျန်းက သူ့ကိုသတ်ရန် အပြိုင်အဆိုင် လုနေခဲ့ကြသည့် သုံးယောက်ကို စိုက်ကြည့်နေ၏။

ထိုခဏတွင် သူတို့သုံးယောက်မှာ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားတော့မည့်အလား ခံစားလိုက်ကြရသည်။

" ထွက်ပြေးကြ "

တစ်ယောက်က အော်လိုက်သည်နှင့် သူတို့ သုံးယောက်လုံး တစ်ပြိုင်နက်တည်း ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သို့သော် ...

အွတ် ... အု ...

သူတို့သုံးယောက် နောက်လှည့်လိုက်သည်နှင့် ပါးစပ်မှ သွေးများကျလာပြီး ကြမ်းပေါ်သို့ အသီးသီး လဲကျသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ကျင့်ကြံသူ သုံးယောက် သေသွားခဲ့ရလေပြီ။

အခန်းတစ်ခုလုံး အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။

ထို့နောက်မှသာ အဘိုးအိုက တံတွေးမြိုချ၍ ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်သည်။

" သခင်လေး .. ဒါ ဘာအဓိပ္ပါယ်လဲ "

ထိုစကားကို ကြားသောအခါ လောထျန်းက အဘိုးအိုဘက်သို့ လှည့်လာပြီး ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ ။ ခင်ဗျားတို့ နတ်ဆိုးဝိဥာဥ်နန်းတော်က လူတွေကပဲ တခြားသူတွေကို သတ်လို့ရတာလား ။ တခြားသူတွေကရော ပြန်တိုက်ခိုက်လို့ မရဘူးလား ။ သူတို့တွေ အခု သေသွားခဲ့ရတာကလဲ အစွမ်းမထက်လို့ပဲ ။ ခင်ဗျား ကျုပ်ကို သတ်ချင်ရင် ပိုအစွမ်းထက်တဲ့ လူသတ်သမားရှာပြီး ကျုပ်ဆီ လွှတ်လိုက်ပါ။ ကျုပ် အချိန်မရွေး စောင့်နေမယ် "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူ့ဓားကို ကျောဘက်ရှိ ဓားအိမ်ထဲတွင် ပြန်သိမ်းကာ အခန်းထဲမှ ထွက်သွားလိုက်သည်။

အပြင်ဘက်တွင် အသင့်စောင့်နေသော ငှက်ကြီးတစ်ကောင်အသွင် ပြန်ပြောင်းထားသည့် ဘုရင်ကျင်းဖန်က လောထျန်းကို ကျောပေါ်တင်ကာ ထိုနေရာမှ ထွက်ခွာသွားလိုက်သည်။

လောထျန်း ထွက်သွားပြီး အချိန်အတန်ငယ် ကြာမှသာ အဘိုးအို အသိပြန်ဝင်လာ၏။

" ဒီကောင်က ..  နတ်ဆိုးဝိဥာဥ်နန်းတော် ကို ရန်စနေတာပဲ ။ ငါတို့  နတ်ဆိုးဝိဥာဥ်နန်းတော်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ဒီကောင် မသိဘူးနဲ့တူတယ် "

အဘိုးအို၏ မျက်နှာမှာ ဒေါသကြောင့် အလွန်ရုပ်ဆိုးနေသည်။

" ကောင်လေး .. မင်း ဆုံးဖြတ်ချက်ကို သေချာပေါက် နောင်တရလိမ့်မယ် "

သူ တစ်ကိုယ်တည်း ရွတ်လိုက်သည်။

....

တစ်ဖက်တွင် ကောင်းကင်ယံ၌ ..

" သခင်လေး အခု ဘယ်ကို ဆက်သွားမလဲ "

ဘုရင်ကျင်းဖန် မေးလိုက်သည်။

လောထျန်းက ခေတ္တမျှ စဥစားကာ

" မြို့တော်ကို သွားဖို့ဆိုရင် ဘယ်လောက်ကြာမလဲ "

ဟု မေးလိုက်သည်။

ဘုရင်ကျင်းဖန်က အချိန်အတန်ကြာ စဥ်းစားပြီးမှ ပြန်ဖြေ၏။

" ကျုပ်တို့ အမြန်ဆုံးနှုန်းနဲ့ သွားရင်တောင် အသွားအပြန် ခြောက်ရက်လောက် ကြာလိမ့်မယ် "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" အဲ့လောက်တောင် ကြာတာလား ။ အခု အဲ့ကို သွားလိုက်ရင် ကျီဝေ့လျှို့ဝှက်ဒေသကို အချိန်မှီမသွားနိုင်ဘဲ ဖြစ်သွားလိမ့်မယ်။ ရှန်းဝူနန်းတော်ကို နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေခိုင်းလိုက်ပါမယ်လေ ။ ကျုပ်ကို အိမ်ကိုပဲ ပြန်ခေါ်သွားတော့ "

" ဟုတ်ကဲ့ပါ "

ဘုရင်ကျင်းဖန် ပြန်ဖြေလိုက်သည်။

ဤသို့ဖြင့် မကြာခင်မှာပင် သူတို့နှစ်ဦး ပျောင်ပိုင်မြို့သို့ ပြန်ရောက်သွားကြသည်။

လောအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ဘုရင်ကျင်းဖန်သည် ငှက်ခေါင်း လူခန္ဓာကိုယ်အဖြစ်သို့ ပုံပြောင်းကာ နျိုဝူဖုန်းနှင့် စကားစမြည်ပြောရန် ထွက်သွားလိုက်သည်။

လောထျန်းကမူ ခန်းမဆောင်ကြီးထဲသို့ လျှောက်သွား၏။

ခန်းမဆောင်ထဲ၌ လောမိသားစုဝင်များ ရှိနေကြဆဲပင် ။

" ထျန်းလေး ၊ ခုနက ဘယ်ကို သွားခဲ့တာလဲ ။ ကျန်းရွှယ်ဂိုဏ်းကို သွားခဲ့တာလား "

လောထျန်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် လောဖုန်းက အလောတကြီး မေးလိုက်သည်။

" သခင်လေး ..ကျန်းရွှယ်ဂိုဏ်းရဲ့ လုပ်ရပ်က လွန်တယ်ဆိုပေမယ့် သူတို့ဂိုဏ်းက နှစ်ပေါင်းရာချီ တည်ရှိလာတဲ့ ဂိုဏ်းကြီးတစ်ခုမို့ အင်အားကောင်းကြတယ်။ သခင်လေး သူတို့ကို လက်တုန့်ပြန်ချင်တယ်ဆိုရင် မလောဘဲနဲ့ ဖြည်းဖြည်းချင်းပဲ အရေးယူသင့်တယ်နော် "

ပထမအကြီးကဲကလည်း အကြံပေးလိုက်သည်။

" ဟုတ်တယ် သခင်လေး ၊ ကျုပ်တို့ လောမိသားစုဘက်က ဘာမှလဲ ထိခိုက်ပျက်စီးမှု ရှိသွားတာမှ မဟုတ်တာ ။ကျန်းရွှယ်ဂိုဏ်းကို ဒီတိုင်းပဲ ခဏဆက်ထားကြတာပေါ့။ နောက်ထပ် နှစ်ငါးဆယ် .. မဟုတ်ဘူး .. နှစ် သုံးဆယ်ဆိုရင်တောင် ကျုပ်တို့က ကျန်းရွှယ်ဂိုဏ်းကို ယှဥ်နိုင်သွားပြီ။ အဲ့ကျမှ ကျုပ်တို့အားလုံး အတူတူ ကျန်းရွှယ်ဂိုဏ်းကို တိုက်ခိုက်ပြီး ရှင်းပစ်ကြတာပေါ့ "

တတိယ အကြီးကဲကလည်း အလေးနက် ပြော၏ ။

ထိုစကားကြောင့် လောမိသားစုဝင်များ၏ မျက်လုံးများ မျှော်လင့်ချက်ဖြင့် အရောင်လက်သွားကြသည်။

ယခင်ကဆိုလျှင် ကျန်းရွှယ်ဂိုဏ်းသည် လောမိသားစုအနေဖြင့် ထိရန်ပင် မစဥ်းစားဝံ့သည့် အဖွဲ့တစ်ခု ဖြစ်သည်။

ယခုတွင်မူ သူတို့ လောမိသားစုမှ ကျန်းရွှယ်ဂိုဏ်းကို လိုက်မှီရန် မျှော်လင့်ချက် ရှိနေလေပြီ။

တတိယ အကြီးအကဲ ၏ စကားအရဆိုလျှင် နောင်အနှစ်သုံးဆယ်အတွင်း၌ပင် သူတို့ ကျန်းရွှယ်ဂိုဏ်းကို ယှဥ်နိုင်မည်ဖြစ်သည်။

ထိုအတွေးဖြင့် အားလုံး စိတ်တက်ကြွနေကြ၏။

သို့သော် ထိုစဥ် လောထျန်းက ခေါင်းယမ်း၍ ပြောလိုက်သည်။

" မလိုတော့ဘူးဗျ "

တတိယအကြီးကဲမှာ လောထျန်းက မိမိကိုယ်ကိုယ်ယုံကြည်ချက် မဲ့နေသည်ဟု ထင်သွားကာ အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။

" ကိစ္စ မရှိပါဘူး ၊ နှစ်သုံးဆယ်နဲ့ မရလဲ နှစ်ငါးဆယ်ဆို ရသွားမှာပါ ။ ကျုပ်တို့ လောမိသားစုက ကျုပ်တို့အပေါ် စော်ကားထားတာကို သေချာပေါက် လက်တုန့်ပြန်မှာပါ "

လောထျန်း ပြုံးလိုက်သည်။

" မဟုတ်ဘူးဗျ ၊ ကျွန်တော် ဆိုလိုတာက ကျန်းရွှယ်ဂိုဏ်းကိုရော လန်မိသားစုကိုရော ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပြီမို့ လက်တုန့်ပြန်ဖို့ မလိုတော့ဘူးလို့ ပြောတာ "

" ဘယ်လို "

ကြလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွား၏။

သူတို့နားကိုပင် မယုံနိုင် ဖြစ်သွားကြသည် ။

" ထျန်းလေး .. ဘယ်သူက ဖျက်ဆီးခံလိုက်ရတာလဲ .. ကျန်းရွှယ်ဂိုဏ်းလို့ ပြောလိုက်တာလား "

လောဖုန်း ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။

လန်မိသားစု ဖျက်ဆီးခံလိုက်ရသည်ကို သူ မအံ့သြလှသော်လည်း ..

ကျန်းရွှယ်ဂိုဏ်းကမူ ....

လောထျန်းက ပြုံး၍ အစောပိုင်းက ဖြစ်သွားခဲ့သည့် ကိစ္စများကို ပြန်ပြောပြလိုက်သည်။

" အခု ကျန်းရွှယ်ဂိုဏ်းကိုလဲ ရှင်းပြီးသွားပြီဆိုတော့ နတ်ဆိုးဝိဥာဥ်နန်းတော်က ဒီတလောမှာ လောမိသားစုကို ဘာမှ လုပ်ဦးမှာ မယုတ်ဘူး။ လုပ်လာရင်တောင် အလွန်ဆုံး လူလွှတ်ပြီး ကျွန်တော့်ကို သတ်ဖို့ကြိုးးစားတာလောက်ပဲ လုပ်လို့ရမှာ။ ရှန်းဝူနန်းတော်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် လောလောဆယ် ကျီဝေ့လျှို့ဝှက်ဒေသကို သွားဖို့ရှိသေးတာမို့ ဘာမှမလုပ်နိုင်သေးဘူး။ အဲ့ကနေပြန်လာမှပဲ မြို့တော်ကို သွားပြီး သူတို့ကို အပြတ်ရှင်းလိုက်မယ် "

လောထျန်းက နေ့တဒူဝ ကိစ္စတစ်ခုကို ပြောနေသည့်အလား မထူးခြားဟန်ဖြင့် ပြောလိုက်သည်။

သို့သော် လောမိသားစုမှ အခြားသူများကမူ သူပြောသမျှ နားထောင်နေရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

လူတစ်ယောက်တည်းက ကျန်းရွှယ်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ရုံမက နတ်ဆိုးဝိဥာဥ်နန်းတော်ကို စိန်ခေါ်ကာ သူတို့၏အစွမ်းထက် လူသတ်သမား သုံးဦးကိုပါ သတ်ဖြတ်ခဲ့သည်တဲ့လား ..။

ထို့နောက် သူက ရှန်းဝူနန်းတော်ကိုပါ ထပ်ဖျက်ဆီးပစ်မည်ဟု ပြောနေပေသည်။

ရှန်းဝူနန်းတော်သည် ယဲ့ဖုန်းနိုင်ငံတွင် ပထမတန်းအဆင့်ရှိ ထိပ်တန်းအဖွဲ့တစ်ခုဖြစ်၏။

တော်ဝင်မိသားစုကို ခနဖယ်ထားလိုက်ပါက ရှန်းဝူနန်းတော်သည် ယဲ့ဖုန်းနိုင်ငံ၏ အကောင်းဆုံးအဖွဲ့ဟု ဆိုလျှင်ပင် လွန်ရာမကျပေ။

သာမာန်လူများဆိုလျှင် ရှန်းဝူနန်းတော်အကြောင်း ကြားသည်နှင့် အူထဲအသည်းထဲမှ အံ့သြတုန်လှုပ်သွားကြရသည်ချည်းသာဖြစ်သည်။

သို့သော် ယခု လောထျန်းက ရှန်းဝူနန်းတော်ကို ဖျက်ဆီးပစ်မည်ဟု ပြောနေ၏။

" ထျန်းလေး .. မင်း အခု ဘယ်လောက်ထိ အစွမ်းထက်နေပြီလဲ "

လောဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ မေးလိုက်သည်။

အားလုံးကလည်း သိချင်စိတ်ဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။

လောထျန်းက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။

" ကျွန်တော် သေချာတော့ မရှင်းပြတတ်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်တော် ထုံရွှယ်အဆင့် ကျင့်ကြံသူတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ ကျွန်တော်သာ ဆန္ဒရှိမယ်ဆို သူတို့အားလုံးကို သတ်လိုက်နိုင်တယ်။ ဒါပေမယ့် ကွေ့ရှအဆင့်ရှိတဲ့ ကျင့်ကြံသူနဲ့တော့ မတွေ့ဖူးသေးတာမို့ သတ်နိုင်ပါ့မလား သေချာမသိသေးဘူး။ တွေ့ရင်တော့ ကျွန်တော် သတ်ဖို့ ကြိုးစားကြည့်လိုက်ပါမယ် "

ထုံရွှယ်အဆင့်မှ ကျင့်ကြံသူများကို ဆန္ဒရှိလျှင် သတ်နိုင်သည် တဲ့လား ... ။

ထိုစကားများကို ကြားလိုက်ရပြီးသည့်နောက် အားလုံး၏ ခေါင်းများ ချာချာလည်သွားကြသည်။

မည်သို့သော စကားပေနည်း ...

" ဒါနဲ့ ကျွန်တော် သင်ပေးထားတဲ့ ကျင့်စဥ်တွေကိုရော လေ့ကျင့်ဖြစ်ကြလား ၊ ဘယ်လိုအခြေအနေ ရှိပြီလဲ "

လောထျန မေးလိုက်သည်။

ဒုတိယအကြီးကဲက ချက်ချင်း တဟားဟားရယ်ကာ ပြန်ပြော၏။

" ​ကောင်းတယ်ကွ ၊ မျှော်လင့်မထားလောက်အောင်ကို ကောင်းတယ်။ကျုပ် ဒီရက်ပိုင်းတွေမှာ သခင်လေးရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို လေ့ကျင့်နေတာ ။ ခုဆို တစ်ခါကျင့်ကြံရင် ဆယ့်ငါးမိနစ်လောက် ကြာအောင်ကို လေ့ကျင့်နိုင်နေပြီ။  ပြီးတော့ ကျုပ် ခုထိ ဒုတိယအကွက်ကို မသင်နိုင်သေးပေမယ့် ကျုပ်ရဲ့ ခန္ဓာကိုယ်အစွမ်းက အရင်ကထက် နှစ်ဆလောက် ပိုအစွမ်းထက်လာတယ် "

လောဖုန်းကလည်း ပြောသည်။

" အဖေလဲ ဓားသိုင်းကျင့်စဥ်ကို လေ့ကျင့်နေတာ။ ဒါပေမယ့် အခုထိတော့ ပထမသိုင်းကွက်ရဲ့ တစ်ဝက်ကိုပဲ ကျင့်ကြံနိုင်သေးတယ်။ ဒါတောင် အဖေ့လောက်နီးပါး အစွမ်းထက်တဲ့ လီမိသားစုခေါင်းဆောင်ကို ဓားသိုင်းကွက် တစ်ဝက်တည်းနဲ့ စက္ကန့်ပိုင်းအတွင်း အသေသတ်လိုက်နိုင်တာကွ "

ပထမအကြီးကဲကလည်း မုတ်ဆိတ်ကို သပ်ကာ ဝင်ပြောသည်။

" ကျုပ်လဲ သခင်လေးရဲ့ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို ဂရုစိုက်ပြီး လေ့ကျင့်နေတာ အရင်ကထက် အများကြီး တိုးတက်လာတယ်။ ကျုပ်က စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်ရဲ့ အဆင့်ကိုးမှာပဲ ပိတ်မိနေတာ နှစ်တွေ တော်တော်ကြာသွားခဲ့ပြီလေ ။ နောက်တစ်ဆင့်ကို ဘယ်တော့မှ မတက်နိုင်တော့ဘူးလို့တောင် ထင်နေခဲ့တာ ။ ဒါပေမယ့် မနေ့ကတော့ ကျင့်ကြံခြင်းအဆင့် နည်းနည်းတိုးတက်လာတာကို သတိထားမိလိုက်တယ် ။ နောက်ထပ်သာ အဆင့်နည်းနည်း တိုးလာမယ်ဆိုရင် ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားနိုင်မယ်ထင်တယ် "

" ဂုဏ်ယူပါတယ် ပထမအကြီးကဲ "

အားလုံးပင် ချီးကျူးစကား ဆိုလိုက်ကြသည်။

" သခင်လေး .. ကျုပ်လဲ သခင်လေး ပေးထားတဲ့  ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ရဲ့ ဒုတိယအကွက်ကို ကျင့်ကြံနေပြီ။ ပထမအကွက်နဲ့တင် သေမလို ဖြစ်ခဲ့ရပေမယ့် ကျုပ် လုပ်နိုင်ခဲ့တယ်ဗျ "

လောရုံကလည်း စိတ်လှုပ်ရှားစွာ ပြောပြသည်။

လောဖုန်းက သူ့ကို ကြည့်ကာ ပြုံး၍

" ထျန်းလေး ..လောရုံက ပါရမီထူးချွန်ပြီးတော့ စူးစမ်းမှူလဲ အားကောင်းတဲ့ လူငယ်လေးပဲ ။ ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအကွက်ကို သူ အရင်ဆုံး ပြီးသွားခဲ့တာကွ "

ဟု ပြောသည်။

လောထျန်းက လောရုံအား ဂုဏ်ယူသည့် အကြည့်ဖြင့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းတယ်ကွ ၊ ဆက်ကြိုးစားပါ "

ထို့နောက် သူက လောဖုန်းဘက်သို့ လှည့်၍

" မိသားစုထဲက လူငယ်လေးတွေရဲ့ ကျင့်ကြံခြင်းအခြေအနေရော ဘယ်လိုလဲ အဖေ "

ဟု မေးလိုက်သည်။

မိသားစုတစ်စု ပိုအစွမ်းထက်လာရန်အတွက်ဆိုလျှင် မျိုးဆက်သစ်လူငယ်များ၏ ကျင့်ကြံခြင်းက အခရာဖြစ်သည်ကို သူ နားလည်ထား၏ ။

" သား ညွှန်ကြားထားတဲ့အတိုင်း အဖေတို့ မိသားစုထဲက လူငယ်လေးတွေအားလုံးကို သားပေးထားတဲ့ သိုင်းပညာရပ်တွေ သင်ပေးခဲ့တယ်ကွ။ဒါပေမယ့် ဒီပညာရပ်တွေက သူတို့အတွက် အရမ်း အဆင့်မြင့်လွန်းနေတယ်။ လောလောဆယ်တော့ လူငယ်မျိုးဆက်သစ်တွေထဲမှာ သိုင်းကွက်တစ်ကွက်ကို ပြီးမြောက်အောင် သင်နိုင်တဲ့သူ သုံးယောက်ပဲ ရှိသေးတယ်။ အခြေခံကို နားလည်တဲ့သူကတော့ ဆယ့်နှစ်ယောက်လောက် ရှိတယ်။ ကျန်တဲ့သူတွေကတော့ ကြိုးစားလေ့ကျင့်နေကြတုန်းပဲကွာ "

လောဖုန်း သက်ပြင်းချကာ ပြောလိုက်သည်။

All Chapters