← Chapters

အားလုံး တစ်ကိုယ်တည်း ကျင့်ကြံကြခြင်း

Vol. 4 Ch. 44

အားလုံး တစ်ကိုယ်တည်း ကျင့်ကြံကြခြင်း

Vol. 4 Ch. 44

" နည်းလိုက်တာ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ပထမအကြီးကဲက ပြုံး၍ နှစ်သိမ့်၏။

" ဒါတောင် များနေပြီလို့ ပြောလို့ရတယ် သခင်လေးရဲ့။သခင်လေး သင်ပေးထားတဲ့ သိုင်းပညာတွေက ခက်ခဲလွန်းတော့ အချိန်တိုအတွင်း ဒီအဆင့်ကို သင်ယူဖို့ဆိုတာ သိပ်မလွယ်ဘူး "

လောဖုန်းလည်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် ထျန်းလေးရဲ့ ၊ ဒီပညာရပ်တွေက နည်းနည်းလေးပဲ နားလည်ရင်တောင် အစွမ်း အများကြီး ပိုတိုးတက်စေနိုင်တယ်။ သဘောတရားကိုပဲ နားလည်တဲ့ ဆယ့်နှစ်ယောက်ကတောင် သူတို့နဲ့ အဆင့်တူ ကျင့်ကြံသူတွေထဲမှာဆို အစွမ်းအထက်ဆုံး ဖြစ်နေကြပြီ။ ပြီးတော့ ပထမသိုင်းကွက်ကို သင်ပြီးသွားတဲ့ သုံးယောက်ကလဲ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးပေမယ့် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်ကို ရောက်ခါစ ကျင့်ကြံသူတွေနဲ့တောင် တိုက်ခိုက်နေနိုင်ပြီ "

ကိုယ့်ထက် အဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်နှင့် သူကို တိုက်ခိုက်ရန်မှာ ပါရမီရှင်များသာ လုပ်နိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။

ယခု သူတို့လို မိသားစုငယ်လေးတွင်မဟုတ်ဘဲ ပထမတန်းစား ဂိုဏ်းတစ်ခုသို့ ဝင်လျှင်ပင် ထိုလူများကို ပါရမီရှင် အဖြစ် သတ်မှတ်ကြမည်မလွဲပေ။

လောမိသားစုကဲ့သို့ နေရာတွင်ဆိုပါက ထိုလူမှာ အားလုံး၏ ကိုးကွယ်အလေးပေးခြင်းကို ခံရမည်ဖြစ်သည်။

သို့သော် ယခုမူ လောထျန်းရှိနေသည့်အတွက် ထိုလူများက အစွမ်းမထက်လှသကဲ့သို့ အထင်ခံရခြင်းပင် ။

ထိုလူများကိုယ်တိုင်ပင် လောထျန်း၏ ခြေဖဝါးကို မမှီသည့်အတွက် အနည်းငယ် အရှက်ရနေကြ၏ ။

" ကောင်းပါပြီဗျာ ၊ ဒါဆို အားလုံး ဆက်ပြီးလေ့ကျင့်ကြပါစေ။ ပထမအဆင့်ကို ပြီးသွားတဲ့ လူတိုင်း ကျွန်တော်နဲ့ ကျီဝေ့ လျှို့ဝှက်ဒေသကို လိုက်ခဲ့လို့ရတယ် "

လောထျန်း ပြောလိုက်သည်။

" ကျီဝေ့လျှို့ဝှက်ဒေသ ... "

ထိုစကားကို ကြားသည်နှင့် လောမိသားစုတစ်ခုလုံး ဟေးခနဲ ဝါးခနဲ ဖြစ်သွားကြသည်။

ကျီဝေ့လျှို့ဝှက်ဒေသသည် ယဲ့ဖုန်းနိုင်ငံတွင် နာမည်ကြီး နေရာတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အကျိုးရှိမည့် အခွင့်ရေးကောင်းတစ်ခုလည်းဖြစ်သည်။

သို့သော် ထိုနေရာမျိုးသည် ထိပ်တန်းအဆင့် အဖွဲ့အစည်းများသာ သွားနိုင်သည့် နေရာတစ်ခုဖြစ်ရာ ယခု လောမိသားစုအတွက် ဧရာမအခွင့်ရေးကောင်းကြီးတစ်ခု ရလိုက်ခြင်းဖြစ်သည်။

သို့သော် အံ့အားသင့်စွာပင် အခြားသူများက အလွန်ပျော်ရွှင်နေကြသည့်တိုင် လောထျန်းမှာ ထင်ထားသလောက် စိတ်လှုပ်ရှားမနေပါချေ။

" ထျန်းလေး အဖေတို့ပစ္စည်းတွေကို လုဖို့ ကြိုးစားခဲ့တဲ့ လီမိသားစုနဲ့ တခြား မိသားစုငယ်လေးတွေကို ဖျက်ဆီးပြီးသွားတဲ့အချိန်မှာ အဖေတို့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၈ သန်း ရခဲ့တယ်။ ဒါတွေကို ထျန်းလေး ဘယ်လိုလုပ်ချင်လဲ "

လောဖုန်း မေးလိုက်သည်။

" ကျွန်တော့်အတွက်က မလိုအပ်ဘူးမို့ တခြား မိသားစုဝင်တွေကိုပဲ ခွဲဝေပေးလိုက်ပါအဖေ "

လောထျန်း ပြောသည်။

အမှန်တွင်လည်း လောထျန်းအတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် အဖိုးတန် ပစ္စည်းအချို့သာ လိုအပ်တော့၏ ။ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံးကဲ့သို့ ပစ္စည်းများမှာ သူ့အတွက် အသုံးမဝင်လှပါ။

ထို့နောက် အခြားကိစ္စအချို့ကို ဆက်လက်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းကာ အားလုံး ပြန်သွားကြသည်။

အခန်းအပြင်ဘက် လျှောက်လမ်းတွင် ကျန်နေခဲ့သော လူငယ်လေးတစ်စုက ထွက်ခွာသွားသည့် လောထျန်း၏ နောက်ကျောကိုကြည့်ကာ စိတ်လှုပ်ရှားနေ၏။

" သခင်လေးလောထျန်းက အင်မတန် အစွမ်းထက်တာပဲ။ ငါ့ရည်မှန်းချက်က သူ့လို ဖြစ်လာဖို့ပဲ "

လူငယ်လေးတစ်ယောက်က ပြောလိုက်သည်။

" လောယွီ .. မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆို သခင်လေးနဲ့ မင်းကြားက ကွာဟချက်က အကြီးကြီးပဲကွ။ မင်းက အခုထိ သခင်လေး သင်ပေးခဲ့တဲ့ သိုင်းကွက်တစ်ကွက်တောင် တတ်သေးတာမဟုတ်ဘူး "

အခြားလူငယ်လေးတစ်ယောက်က ပြန်ပြော၏။

လောယွီ မျက်နှာရဲသွားကာ

" အခု မတတ်သေးပေမယ့် နောင်ကျရင် မတတ်ဘူးလို့ မပြောနိုင်ဘူးလေ။ ကျီဝေ့လျှို့ဝှက်ဒေသကို သွားဖို့ ၅ရက်တောင် လိုသေးတာပဲ "

ဟု ပြန်ပြောသည်။

" ငါးရက် ဟုတ်လား .. မင်းက ဒီလောက်ပျင်းတာ ငါးရက်မဟုတ်ဘဲ ၅ နှစ်ဆိုရင်တောင် မင်း ဒီသိုင်းကွက်ကို တတ်ဦးမှာ မဟုတ်ဘူး "

အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

လောယွီ အံကြိတ်ကာ ပြော၏ ။

" စောင့်ကြည့်လိုက်ပါကွာ ၊ အရင်က လောယွီက သေသွားပြီကွ ။ ခုချိန်ကစပြီး ဘယ်တော့မှ အပျင်းမကြီးတော့ဘူး။ နောက် ၅ ရက်နေရင် ငါ ကျီဝေ့လျှို့ဝှက်ဒေသကို သွားကို သွားရမယ် "

သူက ထိုသို့ပြောပြီးသည်နှင့် တစ်ကိုယ်တည်း ကျင့်ကြံရန် ထိုနေရာမှ လှည့်ထွက်လာလိုက်သည်။

ထွက်ခွာသွားသည့် သူ့နောက်ကျောကို ကြည့်ကာ လူငယ်လေးများ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

" ဒီငပျင်းကောင်ကတောင် ကြိုးစားနေပြီဆိုတော့ ငါလဲ ကြိုးစားမှရမယ် "

မိန်းမငယ်လေးတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" ဟုတ်တယ် .. ဒီကောင့်လို သောက်ပျင်းသာ ငါတို့ကို ကျော်တက်သွားရင် ရှက်စရာကြီးဖြစ်သွားမှာ ။ သူ့ထက် နောက်ကောက်ကျ ကျန်နေလို့ မရဘူး "

အခြား လူငယ်လေးတစ်ယောက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

" အားလုံး စကားပြောနှင့်ကြဦး ။ ငါတော့ သွားကျင့်ကြံလိုက်ဦးမယ်။ နောက် ၅ ရက်နေမှ တွေ့ကြတာပေါ့ကွာ "

အခြားလူငယ်များလည်း အလျှိုလျှိုထွက်သွားကြသည်။

" ကျုပ်တို့ လောမိသားစုကတော့ တကယ်ကို တိုးတက်အောင်မြင်လာတော့မယ်နဲ့ တူတယ် "

လောဖုန်းနှင့် အကြီးအကဲများက ထွက်သွားကြသော လူငယ်များကို ကြည့်ပြီး အချင်းချင်း ဝမ်းသာကျေနပ်စွာ ကြည့်လိုက်ကြသည်။

" ကျုပ်တို့ အဘိုးကြီးတွေက ပိုပြီး ကြိုးစားကြရမယ်ဗျ။ လူငယ်လေးတွေရဲ့ နောက်မှာ ထပ်ကျန်နေခဲ့ရင် မကောင်းဘူး "

သူတို့သည်လည်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာ တစ်ကိုယ်တည်း ကျင့်ကြံရန် ထွက်ခွာသွားကြ၏ ။

ဤသို့ဖြင့် ၅ ရက် ဆိုသည့်အချိန်က မျက်စိတစ်မှိတ်အတွင်းပင် ကုန်ဆုံးသွားတော့သည်။

နောက်ဆုံးတွင် ကျီဝေ့လျှို့ဝှက်ဒေသသိူ့ ထွက်ခွာမည့်ရက် ရောက်လာခဲ့လေပြီ ။

All Chapters