← Chapters

ယဲ့ဖုန်းနိုင်ငံ၏ ပါရမီရှင်လေးများ

Vol. 4 Ch. 45

ယဲ့ဖုန်းနိုင်ငံ၏ ပါရမီရှင်လေးများ

Vol. 4 Ch. 45

ထိုနေ့မနက်တွင် လောမိသားစု၏ ဘိုးဘေးများကို ကန်တော့သည့်အခန်း၌ လူအပြည့် ဖြစ်နေ၏ ။

အားလုံးက ကျီဝေ့လျှို့ဝှက်ဒေသသို့ ထွက်ခွာသွားကြတော့မည့် လောမိသားစုဝင်များအား ကြည့်နေကြသည်။

မိသားစုခေါင်းဆောင် လောဖုန်းက လက်နောက်ပစ်လျက် ရပ်ကာ လောမိသားစု၏ မျိုးဆက်သစ်လူငယ်များကို ကြည့်၍ ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

" အကြီးကဲ .. သွားခွင့်ရတဲ့သူ ဘယ်နှယောက်ရှိလဲ "

သူ မေးလိုက်သည်။

ပထမအကြီးကဲက ပြုံး၍ ဖြေ၏ ။

" လွန်ခဲ့တဲ့ ငါးရက်အတွင်းမှာ အများကြီး ထပ်တိုးလာတယ်ကွ ။ လောရုံအပါအဝင် အရင် သုံးယောက်  အပြင်ကို နောက်ထပ် သုံးယောက်က သိုင်းကွက် ပထမအကွက်ကို ကျွမ်းကျင်ပိုင်နိုင်သွားကြပြီ ။ သဘောတရားကို နားလည်တဲ့သူကလဲ နောက်ထပ်၂၁ ယောက်တောင် တိုးလာတယ် "

လောဖုန်း၏ မျက်လုံးများ အရောင်လက်သွားကာ ပျော်ရွှင်စွာ ပြန်ပြော၏။

" ဒါဆို ကျုပ်တို့ထဲက ခြောက်ယောက်က သိုင်းကွက်ကို လုံးဝကျွမ်းကျင်တတ်မြောက်သွားပြီးပေါ့ ။ နောက်ထပ် ၃၁ ယောက်ကလဲ အစောပိုင်း သဘောတရားကို နားလည်နေပြီတော့ မကြာခင်အတွင်းမှာ သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သွားကြမှာပဲ "

ပထမအကြီးအကဲက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲ ၊ ဒါ့အပြင်ကို နောက်ထက် တပည့် ဆယ်ယောက်ကျော်ကလဲ တိုးတက်လာတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဒါပေမယ့် သူတို့ကတော့ ကျီဝေ့လျှို့ဝှက်ဒေသကို သွားဖို့ အန္တရာယ် များသေးတာမို့ ကျုပ် သူတို့ကို သွားမယ့်စာရင်းထဲ မထည့်ထားဘူး "

လောဖုန်း ဝမ်းသာကျေနပ်သွားသည်။

" ဒီလောက်ဆိုရင်ကို လုံလောက်နေပါပြီဗျာ ။ ဒီမျိုးဆက်သစ် လူငယ်လေးတွေသာ အရွယ်ရောက်လာကြရင် ကျုပ်တို့ လောမိသားစုက နောက်အဆင့်ကို တက်သွားမှာ သံသဖြစ်နေစရာ မလိုဘူး "

ပထမအကြီးအကဲ ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲ ၊ ကျုပ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင် အခုလက်ရှိ တပည့် ဆယ်ယောက်ကျော်က နောင် အနာဂါတ်မှာ အနည်းဆုံး ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားနိုင်တယ် "

ကောင်းကင်ထိန်းချုပ်အဆင့် ...

ထိုစကားကို ကြားသည်နှင့် လောဖုန်း အနည်းငယ်ပင် တုန်သွားသည်။

ယခင်ကဆိုလျှင် ၎င်းမှာ လောမိသားစုအတွက် မမှန်းနိုင်သည့် အဆင့်တစ်ခု ဖြစ်ခဲ့၏ ။ သူတို့မိသားစု မဆိုထားဘိ ၊ပျောင်ပိုင်မြို့ တစ်မြို့လုံးတွင်ပင် ထိုအဆင့်ကို မှန်းရဲသူ တစ်ယောက်မှ မရှိခဲ့ပါ။

ယခုတွင်မူ သူတို့ လောမိသားစုတွင် ထိုအဆင့်သို့ ရောက်နိုင်ချေရှိသည့် ကျင့်ကြံသူများစွာ ရှိနေလေပြီ ။

သူ စိတ်မလှုပ်ရှားဘဲ မည်သို့ နေနိုင်ပါမည်နည်း ။

ထိုအချိန် လူအုပ်ဆီမှ ဆူဆူညံညံ အသံထွက်လာသည်။

လောဖုန်း အသံလာရာဘက် လှည့်ကြည့်လိုက်ရာ လောထျန်းက အိပ်ချင်မူးတူးမျက်လုံးများဖြင့် သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

အားလုံးကလည်း လောထျန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏ ။

အထူးသဖြင့် လောမိသားစုမှ လူငယ်လေးများ၏ လောထျန်းကို ကြည့်သည့်အကြည့်တွင် အထင်ကြီး လေးစားမှုများ အတိုင်းသား မြင်နေရသည်။

" အားလုံး ဘာလို့ အစောကြီး ထကြတာလဲ ။ ကျွန်တော်က နည်းနည်းကြာကြာအိပ်ဖို့ စဥ်းစားထားတာ "

လောထျန်းက အိပ်ချင်မူးတူး အကြောဆန့်ရင်း ပြောလိုက်သည်။

သူ့အသွင်မှာ အလွန်အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် တူမနေချေ။

သူ့ပုံစံမှာ ဆန်ကုန်မြေလေး ကလေကချေနဲ့သာ တူ၏။

" ထျန်းလေး .. ကျီဝေ့လျှို့ဝှက်ဒေသကို သွားကြမယ်လေ ။ ဒါ အင်မတန် ရခဲတဲ့ အခွင့်ရေးပဲ ။ ဒီလိုအခွင့်ရေးမျိုး နောက်ထပ် ဘယ်အချိန်မှ ရမလဲဆိုတာ မသိနိုင်တော့ ကြိုပြင်ဆင်ထားတာ ကောင်းတယ်ကွ "

လောဖုန်းက ပြောလိုက်သည်။

" အင်း .. ကျီဝေ့လျှို့ဝှက်ဒေသက အဲ့လောက်ကြီးတော့လဲ မဟုတ်ပါဘူး ။ အော် .. ပြီးတော့ ကျွန်တော်တစ်ခု ပြောထားရဦးမယ် ။ ခုချိန်ကစပြီး နောက်ပိုင်းတွေမှာ ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တဲ့အချိန်တိုင်း လောမိသားစုကလူတွေ သွားခွင့်ရှိတယ် "

လောထျန်း ပြောသည်။

လောဖုန်း၏ မျက်လုံးများ အရောင်လက်သွား၏။

" ဒါ .. တကယ်လား ထျန်းလေး "

ကျီဝေ့လျှို့ဝှက်ဒေသသို့ သွားခြင်း၏ အကျိုးကျေးဇူးများကို သူ သိပေသည်။

နောင်အနာဂါတ်တွင် ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်တိုင်း လောမိသားစုမှလူများ သွားနိုင်မည်ဆိုပါက လောမိသားစုအတွက် အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်သွားပေမည်။

" ဒါပေါ့ဗျ ၊ ကျွန်တော် အလေးနက် ပြောတာပါ ။ အခု အားလုံးလဲ စုံနေကြပြီဆိုတော့ သွားဖို့ ပြင်ကြတာပေါ့ဗျာ "

လောထျန်း ပြောလိုက်သည်။

သူ ပြောပြီးသည်နှင့် ဘုရင်ကျင်းဖန်က ငှက်ကြီးအသွင် ပြန်ပြောင်းကာ လောမိသားစု၏ ဘိုးဘေးကန်တော့သည့် အခန်းရှေ့၌ ဆင်းသက်လိုက်သည်။

လူအများစုအတွက်မူ ဘုရင်ကျင်းဖန်၏ ပုံစံအမှန်ကို ယခုမှသာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည့်အတွက် အလွန် စိတ်လှုပ်ရှားသွားကြသည်။

" ဒီ သခင်ကြီးကျင်းဖန်က ကျုပ်တို့ကို ကျီဝေ့ဒေသဆီ ခေါ်သွားမှာလား "

" ဘုရားရေ .. ထုံရွှယ်အဆင့်ရှိတဲ့ ဘုရင်ကြီးကျင်းဖန်က ငါတို့ကို သူ့ကျောပေါ် တင်ခေါ်သွားမှာလား ။ ဂုဏ်ယူစရာကြီးကွာ "

လောမိသားစုမှ လူငယ်များ ပိုပို၍ စိတ်လှုပ်ရှားသွားကြ၏ ။

" ကဲ..သွားကြစို့ ။ မြန်မြန်တက်ကြ .. မြန်မြန်သွားရင် မြန်မြန်ပြန်လာလို့ရတယ် "

လောထျန်း ဆော်သြလိုက်သည်။

လောမိသားစုမှ လူငယ်များ တစ်ယောက်ပြီးတစ်ယောက် ဘုရင်ကျင်းဖန်၏ ကျောပေါ်သို့ တက်လိုက်ကြသည်။

သို့သော် လူအုပ်ထဲမှ လူငယ်အချို့က နောက်သို့ လှည့်ကြည့်လှည့်ကြည့် လုပ်နေကြ၏ ။

" ဟေ့ .. လောယွီလဲ ပါမလာပါလား "

လူငယ်တစ်ယောက် မျက်မှောင်ကြုံ့လိုက်သည်။

" ဟင် ... အဲ့တစ်ယောက်လား ၊ သူက အစောတုန်းကတော့ စကားကြီးစကားကျယ်တွေ ပြောပြီး အခုတော့ အရင်လိုပဲနဲ့ တူပါတယ် "

အခြားလူငယ်တစ်ယောက်ကလည်း ပြော၏။

" ငါ့အဖေ ပြောတာတော့  သူက ငါတို့နဲ့ရွယ်တူ လူငယ်တွေထဲမှာ အစွမ်းအထက်ဆုံးပဲတဲ့ ။ ဒါပေမယ့် သူက အပျင်းကြီးလွန်းနေတော့ အလယ်အလတ် အဆင့်လောက်မှာပဲ ရှိနေတာ "

မိန်းမငယ်လေးတစ်ယောက်က သက်ပြင်းချ၍ ပြောလိုက်သည်။

" ဟုတ်တယ် ၊ ကြည့်ရတာ ဒီတစ်ခါလဲ အပြောသက်သက်ပဲနဲ့ တူပါတယ် "

သူတို့က ထိုသို့ ဆွေးနွေးနေစဥ်မှာပင် အားလုံး ထွက်ခွာရန် ဟန်ပြင်လိုက်ကြ၏ ။

သို့သော် .. ထိုစဥ် ...

" ခဏ စောင့်ပါဦး "

အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏ ။

အသံနှင့် မရှေးမနှောင်းမှာပင် တစ်ကိုယ်လုံး သွေးများရွှဲနေသည့် လူငယ်လေးတစ်ယောက် အပြင်ဘက်မှ ဝင်လာသည်။

" ဟင် .. လောယွီမလား .. သူ ဘာလို့ သွေးတွေနဲ့ ဖြစ်နေတာလဲ "

ထိုလူငယ်ကို မြင်သောအခါ အားလုံး အံ့သြတကြီး ဖြစ်သွားကြသည်။

ထိုအချိန်တွင် လောယွီ၏ ပုံမှာ အနည်းငယ် ဒုက္ခရောက်လာဟန် တူ၏ ။

ယခုအခါ လောမိသားစုသည် ပျောင်ပိုင်မြို့တွင် အင်အားအကြီးဆုံး အဖွဲ့ဖြစ်နေလေပြီ။

လောမိသားစု အဖွဲ့ဝင်တစ်ယောက်ကို မည်သူက ဒုက္ခပေးရဲနေပါသနည်း ။

" လောယွီ .. ဘာတွေ ဖြစ်လာတာလဲ "

လောဖုန်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

လောယွီ တိုက်ခိုက်ခံလာခဲ့ရသည်ဟု ထင်သဖြင့် သူ ထိုသို့ မေးလိုက်ခြင်းပင်။

သို့သော် လောယွီက ပြုံး၍ ပြန်ဖြေ၏။

" သခင်ကြီး .. ကျုပ်ကို ကျီဝေ့လျှို့ဝှက်ဒေသဆီ သွားမယ့်လူစာရင်းထဲ ထည့်လို့ရပြီ "

ပထမအကြီးအကဲ မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

" လောယွီ .. အဲ့ကို သွားရင် လိုအပ်တဲ့ စည်းမျဥ်းတွေကို မင်းလဲ သိနေပြီပဲကွာ ။ သခင်လေး သင်ပေးထားတဲ့ သိုင်းပညာတွေထဲက အနည်းဆုံးတစ်ခုကို သေချာကျွမ်းကျင်မှ သွားလို့ရမှာလေ ။ ငါ မှတ်မိသလောက်တော့ မင်း မလုပ်နိုင်သေးဘူးမလား .. "

လောယွီက ပြုံးကာ ချက်ချင်း လက်သီးတစ်ချက် ထိုးပြလိုက်သည်။

" ဝေါင်း .. "

ချက်ချင်းပင် သူ့လက်သီးပေါ်၌ နဂါးပုံရိပ်တစ်ခု စုစည်းလာ၏ ။

" ဟာ .. ဒါ နဂါးလက်သီးပဲ ။ သူ တကယ်ကြီးကို .. "

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး အံ့သြမှင်သက်သွားကြသည်။

လောထျန်းသည်ပင် မနေနိုင်ဘဲ ထိုလူငယ်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

ထိုလူငယ်က နဂါးပုံရိပ်လက်သီးကို ကောင်းမွန်စွာ ပုံဖော်နိုင်ခဲ့ပေသည်။

သို့သော် သူနှင့် လောထျန်းကြားတွင်မူ ကွာဟချက်က ကြီးမားနေဆဲပင် ။

" တော်တယ် ကောင်လေး .. ငါ မင်းကို တကယ်လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး "

ပထမအကြီးကဲက လောယွီကိုကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

" သခင်ကြီး နဲ့ ပထမအကြီးကဲ ၊ ကျုပ် ကျီဝေ့လျှို့ဝှက်ဒေသကို လိုက်လို့ ရမလား "

လောယွီက အပြုံးဖြင့် မေးလိုက်သည်။

" ဒါပေါ့ကွာ ၊ သွားရမှာပေါ့ "

လောဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

လောယွီက ပြောကာ ဘုရင်ကျင်းဖန် ကျောပေါ်သို့ ခုန်တက်လိုက်သည်။

သူ့ကို ကြည့်နေကြသော လောမိသားစုထံမှ လက်ခုပ်သံကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။

ထိုအချိန်တွင်လောယွီသည် လောမိသားစု လူငယ်မျိုးဆက်ထဲမှ အစွမ်းအထက်ဆုံး ၇ ယောက်စာရင်းထဲတွင် ပါနေပြီကို အားလုံး သိလိုက်ကြသည်။

သို့သော် ထိုစာရင်းထဲတွင် လောထျန်းကို ထည့်မတွက်ထားပါချေ။

" နျိုဝူဖုန်း .. အိမ်ကို စောင့်ရှောက်ထားပါ ။ဘုရင်ကျင်းဖန် .. သွားကြစို့ "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့ အတူတူ ပြန်ပြောလိုက်ကြသည်။

ထို့နောက်တွင်မူ ဘုရင်ကျင်းဖန်နှင့် လောမိသားစုမှ လူငယ်အချို့က ကောင်းကင်ယံသို့ ပျံတက်သွားပြီး အားလုံး၏ မြင်ကွင်းမှ ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

" ဒီတစ်ခါတော့ သူတို့လေးတွေ အကျိုးရှိတဲ့ အရာတစ်ခုခု ရဖို့ မျှော်လင့်ပါတယ် "

လောဖုန်းက ထွက်ခွာသွားသော လူအုပ်ကို ကြည့်ကာ အသံတိုးတိုး ပြောလိုက်သည်။

" စိတ်မပူပါနဲ့ ၊ သခင်လေးလဲ ပါနေတာဆိုတော့ သူတိူ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး "

ပထမအကြီးကဲက နှစ်သိမ့်လိုက်သည်။

လောဖုန်း ခေါင်းညိတ်ပြလိုက်၏ ။

......

အခြားတစ်ဖက် .. ကျီဝေ့လျှို့ဝှက်ဒေသရှေ့၌ ...

ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ဝင်ခွင့်ရထားသည့် အဖွဲ့သုံးဖွဲ့မှ လူများ အသင့် နေရာယူထားကြသည်။

တံခါးဖွင့်သည်နှင့် ချက်ချင်း ဝင်၍ အခွင့်အရေးကို အရယူရန် အားလုံး စိတ်စောနေကြ၏ ။

ဒေါင် ...

ခေါငလောင်းမြည်သံတစ်သံနှင့်အတူ လူငယ် ကိုရင်လေးများ ခြံရံလာသည့် အသက်ကြီးကြီး ဘုန်းကြီးတစ်ပါးက ကောင်းကင်ယံမှ ပျံသန်းလာကာ တောင်စောင်းတွင် ဆင်းသက်လိုက်သည်။

" ဟင် .. နတ်ဆိုး အောင်နိုင်သူကျောင်းတော်က အကြီးကဲ  ချန်ရှင်းပဲ ။ ကိုယ်တော်က အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်လာတာလား "

" ပါရမီရှင်လို့ နာမည်ကျော်နေတဲ့သူက ဟိုတစ်ယောက်ပဲ ဖြစ်ရမယ် ။ သူ့နာမည်က ကိုရင် လောမင် .. ၊ အသက်က ၂၂ နှစ် ၊ စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့်ကိုးကို ရောက်နေပြီ ။ သူက အဆုံးအစမဲ့ ဗုဒ္ဓကျင့်စဥ်ကို ကျင့်ကြံနေတာလို့လဲ  ကျုပ် ကြားထားတယ် ။ ဒီကျင့်စဥ်က စျာန်သခင်ကြီး ထျန်း ရဲ့ ကျင့်စဥ်နဲ့ ဆက်စက်နေတာ ။ သူ့ရဲ့ အဆုံးအစမဲ့ ဗုဒ္ဓ ခန္ဓာကိုယ်က စျာန်သခင်ကြီးထျန်း ငယ်တုန်းကထက်တောင် ပိုအစွမ်းထက်တယ်လို့လဲ ကောလဟာလသတင်းတွေ ကြားထားသေးတယ် "

" ဟုတ်လား .. အစွမ်းထက်လိုက်တာ "

ချွမ် ...

ထိုစဥ် ဓားသံတစ်ခု ကြားလိုက်ရပြီး ဓားပျံ ဆယ်ခုကျော်က လေထုကိုခွင်းကာ ရောက်လာကြသည်။

" ကျန့်ယွီ ဂိုဏ်းကလူတွေ ရောက်လာပြီပဲ "

" ဒါ မသေမျိုး ဓားသမားလေး ရှောက်လင်ပဲ ။ ယဲ့ဖုန်းနိုင်ငံ မျိုးဆက်သစ်လူငယ်တွေထဲမှာ ထိပ်ဆုံးနေရာကို ယှဥ်ပြိုင်ဖို့ အဆင့်မှီတယ်လို့ ယူဆခံထားရတဲ့သူပေါ့ "

အားလုံး အံ့သြတကြီး ဖြစ်သွားကြသည်။

All Chapters