← Chapters

သိုင်းသမား သခင်ကြီး ကျီဝေ့၏ အမွေအနှစ်

Vol. 4 Ch. 48

သိုင်းသမား သခင်ကြီး ကျီဝေ့၏ အမွေအနှစ်

Vol. 4 Ch. 48

စကားဆုံးသည်နှင့် ဓားတစ်လက်ပေါ်တွင် ပျံသန်းလာသည့် လူငယ်တစ်ယောက် ရောက်လာပြီး တောင်စောင်း၌ ဆင်းသက်လိုက်သည်။

" မသေမျိုးဓားသမားလေး ရှောက်လင်ပဲ ။ သူက တကယ်ကြီး တိုက်ခိုက်မလို့လား "

" ကျန့်ယွီဂိုဏ်းရဲ့ ဓားထိန်းချုပ်နည်း ပညာရပ်က တကယ်အံ့မခန်းပဲ။ သူတို့က စိတ်ဝိဥာဥ် စုဆောင်းခြင်းအဆင့်မှာတောင် ဓားကို ထိန်းချုပ်ပြီး ပျံနိုင်ကြပြီ  "

" ရှောက်လင်က အရင်ကလဲ စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်က နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖူးထားတာဆိုတော့ ဒီပွဲကို နိုင်နိုင်ချေရှိတယ် "

ယဲ့ဖုန်းနိုင်ငံလူများက ရှောက်လင်ဘက်မှ တိတ်တခိုး အားပေးလိုက်ကြသည်။

ဝေ့ထျန်းက ရှောက်လင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွင် အထင်သေးရွံရှာနေဟန်လည်း အတိုင်သား ပေါ်နေ၏။

" ဒီ ဓားအသုံးချနည်းက ပုံမှန်မဟုတ်တဲ့ နည်းတစ်ခုပဲ "

ဝေ့ထျန်းယီက ပြောသည်။

ရှောက်လင်က ခေါင်းမော့ကာ ပြန်ပြော၏။

" ပုံမမှန်တဲ့ နည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ၊ ကြိုးစားကြည့်မှ သိရမှာပေါ့။ သိုင်းပညာဆိုတာ စကားနဲ့ပဲ သင်လို့မရဘူးလေ "

သူက ပြောပြီးသည်နှင့် စီးလာသည့် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ဓားသိုင်းကွက်တစ်ခုလုပ်ကာ အော်လိုက်သည်။

" ဓားထိန်းချုပ်နည်း ပညာရပ် ၊ ဓားစွမ်းအင်တွေ နေရာအနှံ့ ကျရောက်စေ "

ချွင် .. ချွင် ...

ချက်ချင်းပင် သူ့နောက်ကျော၌ ဓားစွမ်းအင်များစွာ စုစည်းသွားပြီး ၎င်းက ဝေ့ထျန်းယီဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။

ဝေ့ထျန်းယီက ပျံသန်းလာသည့် ဓားစွမ်းအင်ကိုကြည့်ကာ နှုတ်ခမ်းကွေးရုံ ပြုံးလိုက်သည်။ ထို့နောက် သူသည်လည်း ဓားသိုင်းကွက် ပြုလုပ်၍ ပြော၏။

" ရေနက်ဓားသိုင်း .. ချုပ်နှောင်စေ "

ချွင် ..

ထိုတခဏတွင် သူ့အနောက်ဘက်မှ ရေနက်လှိုင်းလုံးများက ဓားတစ်လက်အသွင် ပြောင်းသွားကာ ရှောက်လင်၏ ဓားစွမ်းအင်ဆီသို့ တိုးဝင်သွားသည်။

ဓားအရိပ်နှစ်ခု တိုက်မိသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ရှောက်လင်၏ ဓားစွမ်းအင်က ရေနက်ဓား၏ လက်ချက်ဖြင့် အပိုင်းပိုင်း ကျိုးကြေသွားတော့သည်။

သို့သော် ရေနက်ဓားက ရပ်မသွားဘဲ ရှောက်လင်ဆီသို့ ဆက်တိုးဝင်သွား၏။

" ဟင် .. "

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှောက်လင် အံ့သြထိတ်လန့်သွားသည်။

သူ့ ဓားစွမ်းအင်က ဤမျှ အချိန်တိုလေးအတွင်း လုံးဝ ပျက်စီးသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ ။

ထို့နောက် သူ့ဆီသို့ ဦးတည်လာနေသည့် ရေနက်ဓားကို မခုခံနိုင်မှန်း သိသဖြင့် ရှောက်လင်က ဓားပေါ်သို့ တက်၍ လေထဲတွင် ပျံသန်းကာ သူနှင့် ပြိုင်ဘက်ကြား အကွာအဝေးတစ်ခု ခြားထားရန် ကြိုးစားလိုက်သည်။

" ဟား ဟား .. မင်းက ငါ့ကို တိုက်ခိုက်ပြီးမှ ထွက်ပြေးချင်တယ်ပေါ့ ..ဆုတောင်းလိုက်လေ "

ဝေ့ထျန်းယီ၏ မျက်လုံးထဲတွင် ယုတ်မာရက်စက်သော အငွေ့အသက်များ ဖြတ်ပြေးသွား၏။ တစ်ချိန်တည်းမှာပင် ရေနက်ဓား၏ အမြန်နှုန်းကလည်း ရုတ်တရက် တိုးလာသည်။

" ဟင် .. "

ရှောက်လင်မှာ နောက်သို့ အံ့သြတကြီး လှည့်ကြည့်လိုက်သော်လည်း ထိုအချိန်တွင် တိမ်းရှောင်ရန် နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။

အု ...

တခဏအတွင်းမှာပင် မြောက်များစွာသော ရေနက်ဓားများက သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားပြီး ရှောက်လင် လေထဲမှ အောက်ပြုတ်ကျသွားတော့သည်။

" ရှောက်လင် "

ကျန့်ယွီဂိုဏ်းမှ အကြီးကဲ၏ မျက်နှာ ရုတ်တရက် ပြောင်းသွားပြီး ရှောက်လင်ဆီသို့ ချက်ချင်း ပျံသွားကာ သူ့ခန္ဓာကိုယ်ကို ဖမ်းထိန်းထားလိုက်သည်။

သို့သော် ရှောက်လင်အား ကြည့်လိုက်သည့် အချိန်တွင်မူ .. သူ့ချီတွင် အပေါက်ကြီးတစ်ပေါက် ရှိနေသည်ကို တွေ့လိုက်ရ၏ ။

အကြီးအကဲမှာ မေ့လဲကျမတတ် ဖြစ်သွားကာ ဓားပေါ်မှပင် ကျလုနီးနီး ဖြစ်သွားသည်။

ရှောက်လင်သည် ကျန့်ယွီဂိုဏ်းမှ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ် ၁ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

ယခု သူ့ချီက လုံးဝဖျက်ဆီးခံလိုက်ရလေပြီ ။

သူ့ချီ ပျက်စီးသွားလျှင် သူ့ဘဝတစ်ခုလုံးလည်း သွားပြီဖြစ်သည်။

" ဝေ့မိသားစု .. "

အကြီးကဲက ဝေ့ထျန်းယီအား လှည့်ကြည့်လိုက်သည်။

ဝေ့ထျန်းယီက ဂရုမစိုက်ဟန်ဖြင့် လက်ကိုသုတ်ကာ ပြုံး၍ ပြော၏ ။

" ဘာလဲ ... အငယ်လေးကို လုပ်လိုက်တော့ အဘိုးကြီးက ဝင်ပါချင်သွားပြီလား ။ခင်ဗျား သူ့အတွက် လက်တုန့်ပြန်ချင်ရင် ကျုပ်ကို တိုက်ခိုက်လို့ ရတယ်နော်။ ဒါပေမယ့် ခင်ဗျားကြီး ကျုပ်ကိုတိုက်ခိုက်ရင် ကျုပ်အနောက်က လေးယောက်က ဒီတိုင်း ရပ်ကြည့်နေမှာတော့ မဟုတ်ဘူး။ အဲ့ကျရင် ခင်ဗျားတစ်ယောက်တည်းတင် သေရမှာမဟုတ်ဘူး ။ ခင်ဗျားကြီးရဲ့ ဂိုဏ်းတစ်ခုလုံးလဲ ဖျက်ဆီးခံရလိမ့်မယ် "

" မင်း .. "

ကျန့်ယွီဂိုဏ်း၏ အကြီးကဲက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သို့သော် နောက်ဆုံးတွင်မူ သူ့ဒေါသကိုသာ မြိုချ၍ လှည့်ထွက်သွား၏ ။

ယွိလုံနိုင်ငံမှ ဝေ့မိသားစုကို ရန်စရန်မှာ မဖြစ်နိုင်ပါချေ။

ထိုအချိန်တွင် ထိုနေရာတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ယဲ့ဖုန်းနိုင်ငံမှ လူများက တိုက်ပွဲသုံးခု တိုက်ခိုက်ခဲ့ပြီး သုံးပွဲလုံး ရှုံးနိမ့်သွားခဲ့ရပေသည်။

တစ်ယောက်က လက်တစ်ဖက် ကျိုးသွားပြီး ၊ နောက်တစ်ယောက်မှာ ရွှေခန္ဓာကိုယ် ပျက်စီးသွားကာ ကျန်တစ်ယောက်ကမူ ချီ ဖျက်ဆီးခံခဲ့ရ၏ ။

ထိုသုံးလောက်လုံးမှာ မျိုးဆက်သစ် လူငယ်များကြားတွင် အကောင်းဆုံး သိုင်းသမားများ ဖြစ်ကြသည်။

သို့တိုင် ထိုသုံးယောက်လုံး ရှုံးနိမ့်ခဲ့ရသည်ဖြစ်ရာ ဝေ့ထျန်းယီအား အနိုင်ယူနိုင်သူ မည်သူ ရှိပါဦးမည်နည်း ။

" ဟေ့ .. တစ်ယောက်မှလဲ ထွက်မလာပါလား ။ ဒါဆို ယဲ့ဖုန်းနိုင်ငံ လူငယ်တွေအားလုံးက သုံးစားမရတဲ့ သူတွေပေါ့ "

ဝေ့ထျန်းယီက အားလုံးကို လှောင်ပြောင်သည့် အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။

သို့သော် ယဲ့ဖုန်းနိုင်ငံမှ လူများမှာ တိတ်တဆိတ် အံကြိတ်နေရုံမှတပါး အခြားရွေးချယ်စရာ မရှိကြပေ။

ထိုအချိန်မှာပင် ..

" ညီလေးဝေ့က တကယ်အစွမ်းထက်တာပဲ ။ သူတစ်ယောက်တည်းနဲ့တောင် ယဲ့ဖုန်းတစ်နိုင်ငံလုံးကို ဖိနှိပ်ထားနိုင်တယ် "

" ဟမ့် .. ဒါကလဲ ယဲ့ဖုန်းနိုင်ငံလို အမှိုက်နေရာမျိုးမှာပဲ ဖြစ်နိုင်တာပါလေ ။ ဒါကို အရည်ချင်းတစ်ခုလို့တော့ ပြောလို့မရဘူး "

ထိုစဥ် လူအုပ်နောက်မှ လူနှစ်ယောက်၏ စကားသံ ထွက်ပေါ်လာ၏။

" ဘယ်သူတွေလဲ "

ထိုလူနှစ်ယောက်၏ စကားကြောင့် တောင်စောင်းတွင် ရှိနေကြသည့် ယဲ့ဖုန်းနိုင်ငံမှ လူအားလုံးသာမက ဝေ့ထျန်းယီပင် ဒေါသထွက်သွားသည်။

အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

လူအုပ်၏ နောက်ဆုံးတွင် တစ်ယောက်ကထိုင်ပြီး တစ်ယောက်က မတ်တပ်ရပ်နေကာ အားလုံးကို လှောင်ပြုံးဖြင့် ကြည့်နေသည့် လူငယ်လေးနှစ်ယောက် ရှိနေ၏ ။

ထိုအထဲမှ ထိုင်နေသည့် လူငယ်မှာ အရပ်ခုနစ်ပေခန့် ရှည်ပြီး အဝတ်စားကောင်းများ သပ်သပ်ရပ်ရပ် ဝတ်ထားကာ လက်ထဲတွင်လည်း ယပ်တောင်တစ်ချောင်းကိုင်ပြီး ယပ်ခပ်နေ၏ ။

သူ့ဘေးတွင် ရပ်နေသည့် လူငယ်ကမူ အရပ်ခြောက်ပေခန့် ရှိပြီး သူ့ကိုယ်မှ ကြွက်သားများက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှာ သန်မာလွန်းလှသဖြင့် အဝတ်စားများကပင် ထိုကြွက်သားများကို ဖုံးမထားနိုင်ချေ။

ယဲ့ဖုန်းနိုင်ငံမှ လူများက ထိုနှစ်ယောက်အား သံသယဖြင့် ကြည့်လိုက်ကြသည်။

မည်သူကမှ သူတို့ကို မသိကြပေ ။

သို့သော် ဝေ့ထျန်းယီကမူ အံ့သြတုန်လှုပ်သွား၏။

" ယွိလုံနိုင်ငံ ထျန်းဟယ်ဂိုဏ်းက ဟန်ဝမ်ကျိုး နဲ့ ထန်တျောင်လုံ တို့ပါလား ။ မင်းတို့က ဒီကို ဘာလာလုပ်ကြတာလဲ "

ဝေ့ထျန်းယီက မျက်ခုံးကြုံ့ကာ မေးလိုက်သည်။

ထိုအချိန်မှသာ ထိုလူငယ်နှစ်ယောက်မှာလည်း ယွိလုံနိုင်ငံမှ သူများဖြစ်သည်ကို ယဲ့ဖုန်းနိုင်ငံမှ လူများ သိသွားကြသည်။

အဘိုးအိုတစ်ယောက်က အံ့သြသွားဟန်ဖြင့် ပြော၏ ။

" ယွိလုံနိုင်ငံက ထျန်းဟယ် ဂိုဏ်းလား .. သူတို့ကလဲ ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူရှိတဲ့ အဖွဲ့တစ်ခုပဲ "

" ကွေ့ရှအဆင့် ... "

အားလုံး အံ့သြတကြီး ဖြစ်သွားကြပြန်သည်။

ယပ်တောင်ခပ်နေသည့် ဟန်ဝမ်ကျိုးက ထိုင်နေရာမှ ထရပ်ကာ ဝေ့ထျန်းယီ၏ အမေးကို ပြန်ဖြေ၏။

" မင်း ဒီကို လာခဲ့ရတဲ့ အကြောင်းရင်းနဲ့ အတူတူပဲလေ "

" မင်းတို့ .. "

ဝေ့ထျန်းယီက ထိုနှစ်ယောက်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ဟန်ဝမ်ကျိုးက အပြုံးဖြင့်

" စိတ်မပူပါနဲ့ ဝေ့ လေးရဲ့ ၊ဒါက သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ပဲလေ ၊ ငါတို့ ကိုယ့်အစွမ်းကိုယ် အားကိုးကြတာပေါ့ "

" သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ် .. "

ထိုစကားက ငြိမ်သက်နေသည့် ​ရေပြင်ကို ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

" သခင်ကြီး .. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

လူငယ်လေးတစ်ယောက်က သူ့ဘေးတွင် ရှိနေသည့် အဘိုးအိုတစ်ယောက်အား နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

အဘိုးအိုမှာ ခေတ္တမျှ ပြန်မပြောနိုင်ပဲ ရှူးရှူးရှားရှား ဖြစ်သွားပြီး အတန်ငယ်ကြာမှသာ ပြန်ငြိမ်သက်သွား၏။ ထို့နောက်သူက ရှင်းပြလိုက်သည်။

" သိုင်းသမား သခင်ကြီး ကျီဝေ့ဆိုတာ လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်က ငါတို့ ယဲ့ဖုန်းနိုင်ငံမှာ အင်မတန်အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက်ပဲ ။ ပြီးတော့ သူက ဒီ ကျီဝေ့လျှို့ဝှက်ဒေသရဲ့ သခင်ကြီးပဲကွ ။ ကောလဟာလ ကြားတာတော့ သခင်ကြီးကျီဝေ့က ကွေ့ရှအဆင့်ကို ကျော်ဖြတ်ပြီး ပိုမြင့်တဲ့ တုကျဲ့အဆင့်ကို ရောက်သွားခဲ့တယ်တဲ့ "

" ပြီးတော့ သူက မသေခင် နောက်ဆုံးနှစ်တွေမှာ ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့ ကြိုးစားရင်း မမျှော်လင့်ပဲ သေသွားခဲ့ရတာ ။ ဒီ ကျီဝေ့လျှို့ဝှက် ဒေသမှာ သူ့ရဲ့ အမွေအနှစ်တွေ ထားခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေခဲ့တာ ကြာပြီ။  ပြီးခဲ့တဲ့ နှစ်သုံးထောင်အတွင်း ကျီဝေ့လျှို့ဝှက်ဒေသကို မရေမတွက်နိုင်အောင် ဖွင့်ပေးခဲ့ပြီးတော့ အစွမ်းထက် ကျင့်ကြံသူတွေအများကြီးကလဲ လာရှာခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှတော့ အမွေအနှစ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှ ရမသွားခဲ့ကြဘူး "

" ဒါဆို အားလုံးက ဒီသတင်းကို ဒဏ္ဍာရီပုံပြင်တစ်ခုလို့ပဲ ထင်နေခဲ့ကြတာပေါ့ ။ ဒီသတင်းက အမှန် ဖြစ်နေနိုင်တယ် ။ ဒါ့ကြောင့်မို့လဲ ဝေ့မိသားစုကလူတွေ လာခဲ့ကြတာပဲ "

ထိုရှင်းပြချက်ကို ကြားလိုက်သည့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

တုကျဲ့အဆင့်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အမွေအနှစ် တဲ့လား ...

အကယ်၍ ၎င်းကိုသာ သူတို့ အမွေဆက်ခံ ရခဲ့ပါက ...

လူအချို့ အတွေးရိုင်းများ ဝင်သွားကြသည်။

" မင်းတို့ .. "

ဝေ့ထျန်းယီက လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့သည့် လူနှစ်ယောက်အား ဒေါသမီးတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဟန်ဝမ်ကျိုးက ပြုံး၍ ပြန်ပြော၏ ။

" ညီလေးဝေ့ .. ဒီသတင်းကို မင်းတို့ တစ်မိသားစုတည်းကပဲ ရခဲ့တာလို့တော့ မထင်ဘူးမလား ။ ဒါက ကောလဟာလတစ်ခုပဲ ဆိုပေမယ့် ခုချိန်ဆို ဒီသတင်းကို သိသင့်တဲ့သူတွေအားလုံးက သိနေလောက်ပြီ ။ ငါပြောတာကို ယုံချင်ယုံ ၊ မယုံချင်နေ .. ငါတို့ ယွိလုံနိုင်ငံတင် မဟုတ်ဘူး တခြား ဘေးပတ်လည်နိုင်ငံတွေက အင်အားကြီး အဖွဲ့တွေကပါ ဒီကို တိတ်တဆိတ် ရောက်နေကြတာကွ ။ ဒါပေမယ့် သူတို့က မင်းလောက်တော့ မမောက်မာကြဘူး "

" ဟင် .. "

ဝေ့ထျန်းယီ မျက်နှာချက်ချင်း ပျက်သွားသည်။

အစပိုင်းတွင် သူသည် ယဲ့ဖုန်းနိုင်ငံသို့ တိတ်တဆိတ်လာကာ သူ့ ကိုယ်ပိုင်အစွမ်းဖြင့် ထိုနိုင်ငံမှ အမှိုက်များကို နင်းချေပြီး ကျီဝေ့လျှို့ဝှက်အမွေအနှစ်ကို အပိုင်သိမ်းမည်ဟု စဥ်းစားထားခဲ့၏ ။

သို့သော် ဟန်ဝမ်ကျိုး၏ စကားကို နားထောင်ပြီးနောက်တွင်မူ ကိစ္စများက သူထင်ထားသလောက် မလွယ်ကူမှန်း သိလိုက်ရသည်။

All Chapters