← Chapters

လောထျန်း လာနေပြီ

Vol. 4 Ch. 49

လောထျန်း လာနေပြီ

Vol. 4 Ch. 49

ဝေ့ထျန်းယီ ဖြစ်သွားသည့် မျက်နှာကိုကြည့်ကာ ဟန်ဝမ်ကျိုး ပြုံး၍ ပြောလိုက်သည်။

" ဒါပေမယ့် ညီလေးဝေ့ ပြောသွားတဲ့ တစ်ခုကိုတော့ ကျုပ် ထောက်ခံပါတယ်။ ဒီနေ့ ကျီဝေ့လျှို့ဝှက်ဒေသက လူတိုင်းအတွက် ဖွင့်ပေးဖို့ မထိုက်တန်ဘူး ။ တကယ်လို့ ကောလဟာလတွေသာ အမှန်ဆိုရင် သိုင်းသမား သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ညီလေးဝေ့ ၊ ဒါမှမဟုတ် တခြား အစွမ်းထက်တဲ့ ကျင့်ကြံသူတွေပဲ ရသင့်တယ် "

ထိုသို့ ပြောပြီးသည်နှင့် သူက ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် စကားဆက်လိုက်၏။

" ဒါပေမယ့် ဒီအမှိုက်ကောင်တွေ ရသွားရင်တော့ ကျုပ် လက်ခံမှာ မဟုတ်ဘူး ။ ဝံပုလွေတစ်အုပ်က သားကောင်ကို လိုက်နေတဲ့အချိန်မှာ အနီးနားမှာ ရှိနေတဲ့ ခွေးတွေ ဝင်လာပြီး ရှုပ်တာကို လက်ခံလို့ မရဘူးလေ ။ ဆိုတော့ ဒီနေ့ ကျီဝေ့လျှို့ဝှက်ဒေသကို ယဲ့ဖုန်းနိုင်ငံက အမှိုက်တွေနဲ့ ခွေးတွေကို အဝင်မခံနိုင်ဘူး "

" မင်း .. "

ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံး ဒေါသူပုန် ထသွားကြသည်။

ထိုလူ၏ စကားများက ဝေ့ထျန်းယီထက်ပင် ပိုရိုင်းစိုင်းနေ၏ ။

သူတို့ ဘေးနားတွင် ရပ်နေသည့် လောချန် မှာလည်း မျက်မှောင်ကြုံ့သွားသည်။

" သခင်လေး ၊ ကျီဝေ့လျှို့ဝှက်ဒေသက ယဲ့ဖုန်းနိုင်ငံက ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းရဲ့ အပိုင်ပါ ။ ဒါကို သခင်လေးအနေနဲ့ ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံက လူတွေကို ပေးမဝင်ဘူးလို့ ပြောတာတော့ မဖြစ်သင့်ဘူးလေ "

လောချန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

သို့သော် ဟန်ဝမ်ကျိုး စကားပြန်မပြောနိုင်ခင်မှာပင် သူ့အနီးမှ ထန်တျောင်လုံက ရုတ်တရက် နေရာရွှေ့လိုက်သည်။

ချက်ချင်းပင် သူက ဟန်ဝမ်ကျိုးဘေးသိူ့ ရောက်လာပြီး လောချန်အား သူ၏ ဧရာမ လက်သီးကြီးဖြင့် ထိုးလိုက်သည်။

" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ၊ ငါတို့ စကားဝိုင်းမှာ မင်း ဝင်ပြောခွင့်မရှိဘူးဆိုတာ နားမလည်ဘူးလား "

ထန်တျောင်လုံ က လက်သီးဖြင့် ထိုးရင်း ပြောလိုက်သည်။

ဘုန်း ..

လက်သီး တစ်ချက်တည်းဖြင့်ပင် လောချန် အဝေးသို့ လွင့်ထွက်သွား၏။

" ဟင် .. ဒီလူရဲ့ ကိုယ်အရောင်အဝါက ... စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်မှာပဲ "

လူတစ်ယောက်က ထန်တျောင်လုံ၏ ကျင့်ကြံခြင်းအဆင့်ကို သတိထားမိကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ထန်တျောင်လုံ၏ အသက်မှာ ၂၅ ၊ ၂၆ နှစ်ခန့်သာ ရှိသေးသော်လည်း သူက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် သို့ပင် ရောက်နေလေပြီ။

လောချန်ကမူ ထိုအချိန်တွင် စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့်ကိုး၌သာ ရှိသေး၏။

သူက သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သည့် လူ၏ တိုက်ခိုက်မှုကို ခံလိုက်ရခြင်းပင် ။

၎င်းမှာ မတရားလှချေ။

" ဟားဟား .. ဒီခွေးက ခုထိ လက်မခံနိုင်သေးတဲ့ပုံပဲ "

ဟန်ဝမ်ကျိုးက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အော်ရယ်လိုက်သည်။

သို့သော် အဝေးသို့ လွင့်ထွက်သွားသော လောချန်၏ ခန္ဓာကိုယ်မှာ ဝါဂွမ်းစ တစ်ခုအလား လေထဲတွင် အကြိမ်အနည်းငယ် ပေါ့ပေါ့ပါးပါး လွင့်တက်နေပြီး မြေပြင်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

" အားလုံးပဲ .. ကျုပ်တို့ အဖြေတစ်ခုခုရအောင် သေချာဆွေးနွေးကြတာပေါ့ဗျာ "

လောချန်က ပြောလိုက်သည်။

အားလုံး အံ့အားသင့်သွား၏။

လောချန်က ဒဏ်ရာဖြင့် သေသွားမည်ဟုသာ သူတို့ထင်ထားခဲ့ကြသော်လည်း ...

ယခု သူက အသက်ရှင်နေသေးရုံမက မည်သည့်ဒဏ်ရာမှပင် ရခဲ့ပုံ မပေါ်ချေ။

" တျောင်လုံ .. "

ဟန်ဝမ်ကျိုးက ထန်တျောင်လုံ သနားညှာတာပေးလိုက်သည်အထင်နှင့် သူ့ကို သံသယမကင်းစွာ ကြည့်လိုက်သည်။

သို့သော် ထန်တျောင်လုံမှာလည်း နားမလည်နိုင်ဘဲ ဖြစ်နေ၏။

" ကျုပ် .. အားကုန်သုံးပြီး ထိုးလိုက်တာ "

သူက ပြောသည်။

ဟန်ဝမ်ကျိုးက လောချန်အား မျက်မှောင်ကြုံ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" မင်းရဲ့အစွမ်းက စိတ်ဝင်စားစရာတော့ ကောင်းသားပဲ ။ ကောင်းပြီလေ  မင်း မျက်နှာနဲ့ အားလုံးကို အခွင့်ရေးတစ်ခု ပေးလိုက်မယ်။ မင်းတို့ ယဲ့ဖုန်းနိုင်ငံက လူငယ်တွေထဲက ငါတို့သုံးယောက်ထဲက တစ်ယောက်ကို အနိုင်ယူနိုင်တဲ့သူတွေကို ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်ခွင့်ပေးမယ် "

ထိုသို့ ပြောပြီးသည်နှင့် ဟန်ဝမ်ကျိုးရော ထန်တျောင်လုံပါ သူတို့၏ ကိုယ်အရောင်ဝါများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

" ဟင် .. သူတို့ နှစ်ယောက်လုံးက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၃ မှာပါလား "

" ဒီအရွယ်လေးနဲ့ အဲ့အဆင့်ကို ရောက်နေတာလား .. "

ထိုအခြင်းအရာကို မြင်သောအခါ ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ဝေ့ထျန်းယီကလည်း ထိုနှစ်ယောက်ကိုကြည့်ကာ သူ့ ကိုယ်အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။

၎င်းကို မြင်သောအခါ အားလုံး၏ မျက်နှာအမူအရာများ ပြောင်းသွားကြပြန်၏။

" ဟင် .. ဝေ့ထျန်းယီကလဲ စိတ်ဝိဥာဥ် အသွင်ပြောင်း အဆင့် ၃ မှာပဲ "

ထိုအချိန်တွင် နတ်ဆိုးအောင်နိုင်သူကျောင်းတော်မှ လောမင် ပြန်သတိရလာ၏။ ဝေ့ထျန်းယီကို မြင်သောအခါ သူ့နှုတ်ခမ်းများ လှုပ်လာသည်။

" အစောက သူ ငါ့ကို တိုက်ခိုက်ခဲ့တုန်းက စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်က အစွမ်းကိုပဲ သုံးခဲ့တာပဲ ။ ဒါဆို သူက အစွမ်းကုန် မသုံးဘဲနဲ့တောင် ငါ့ကို အနိုင်ယူခဲ့တာပေါ့ "

ကိုရင် လောမင် အလွန်အံ့သြတုန်လှုပ်သွားရသည်။

သူ မည်မျှ အစွမ်းနိမ့်နေသေးသည်ကိုလည်း ယခုမှသာ ပထမဆုံးအကြိမ် သတိထားမိသွား၏။

" ယဲဖုန်းနိုင်ငံက လူတွေ ၊ အခု မင်းတို့ကို အခွင့်အရေး ပေးနေပြီနော် ။ ပြီးမှ ကျုပ်တို့က အနိုင်ကျင့်ပါတယ်လို့ မစွပ်စွဲနဲ့ "

ဟန်ဝမ်ကျိုးက အပြုံးဖြင့် ပြောလိုက်သည်။

ယဲ့ဖုန်းနိုင်ငံမှ လူများမှာ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

သူတို့ရှေ့မှ လူသုံးယောက်က အစွမ်းထက်လွန်းလှ၏။

ကိုရင် လောမင်နှင့် ဓားသမား ရှောက်လင်တို့သည် သူတို့နိုင်ငံတွင် ထိပ်တန်းအဆင့် သိုင်းသမားများ ဖြစ်ကြသော်လည်း ...

ထိုသုံးယောက်ရှေ့တွင်မူ အားလုံးက ပုရွက်ဆိတ်လေးများသဖွယ် အရှုံးကြီး ရှုံးခဲ့ရသည်။

ယခု သူတို့ကို မည်သူက အနိုင်ယူနိုင်ပါတော့မည်နည်း ။

သူတို့အားလုံး ကျီဝေ့လျှို့ဝှက်ဒေသသို့ ဝင်ခွင့်ရမည့် အခွင့်ရေးကို လက်လွတ်ခံလိုက်ရတော့မည်လား ။

" အကို လောချန် .. သူတို့ကို .. "

လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။

လောချန်က ထိုသုံးယောက်ထဲမှ တစ်ယောက်၏ လက်သီးချက်ကို ဒဏ်ရာပင် မရဘဲ ခံနိုင်ခဲ့သည် မဟုတ်ပါလား ။

သို့ဖြစ်ရာ လောချန် အနိုင် တိုက်နိုင်မည်လား ....

သို့သော် သူ့စကားမဆုံးခင်မှာပင် လောချန်က ခေါင်းယမ်း၍ အောင့်သက်သက် ပြုံးလိုက်သည်။

" ကျုပ်ရဲ့ သိုင်းပညာက ထူးခြားပြီးတော့ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ချေဖျက်နိုင်တယ်။ ဒါပေမယ့် အစောပိုင်းက ထန်တျောင်လုံ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ကျုပ်ရဲ့ စိတ်စွမ်းအင် ၃၀ ရာခိုင်နှုန်းလောက်ကို သုံးခဲ့ရတယ်။ ကျုပ် သူ့ကို တိုက်ခိုက်ရင် သိုင်းကွက် သုံးကွက်လောက်ပဲ အလွန်ဆုံး ထပ်ခံနိုင်မှာ ။ ပြီးရင် ကျုပ်လဲ ရှုံးနိမ့်သွားရလိမ့်မယ် "

ထိုစကားကြောင့် အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ထိုအချိန် လူအုပ်ထဲတွင် ရှိနေသည့် ယွင်ရွှေမြို့မှမှ ဝူယွီရို့ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

" ဆရာ .. ကျွန်မ ကြိုးစားကြည့်ချင်တယ် "

သူမက ဆိုသည်။

သူမသည် ကျိုးယွဲ့ဂိုဏ်းမှ  ပါရမီရှင်တစ်ဦးဖြစ်ပြီး မကြာသေးမီကပင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့် သို့ ရောက်ရှိထားသူ ဖြစ်သည်။

" မဖြစ်ဘူး ယွီရို့ ၊ မင်းအဆင့်က သူတို့ထက် အများကြီး ပိုနိမ့်နေသေးတယ် "

သူမ၏ ဆရာ လုံယင်းချုံက ခေါင်းယမ်း၍ တား၏။

ဝူယွီရို့သည် ထိုသုံးယောက်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်နေရုံမက သိုင်းပညာနှင့် ကျင့်စဥ်များ တတ်ကျွမ်းမှုတွင်လည်း ကွာဟချက်က ကြီးမားလှ၏ ။

သူမသာ သွားတိုက်ခိုက်ပါက ရှောက်လင်ကဲ့သို့ ရလဒ်မျိုးနှင့် ကြုံသွားရနိုင်ပေသည်။

သူမသည် ကျိုးယွဲ့ဂိုဏ်း၏ အနာဂါတ် မျှော်လင့်ချက်တစ်ခုဖြစ်ရာ သူမအား ဤနေရာတွင် အဖျက်ဆီး မခံနိုင်ပါချေ။

ယဲ့ဖုန်းနိုင်ငံမှ လူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြချိန်မှာပင် ....

ဝုန်း ...

လေထုကို ခွင်းလာသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

" ဟင် .. ဘယ်သူ ကျန်သေးလို့လဲ "

အားလုံး အသံလာရာဆီသို့ မော့ကြည့်လိုက်ရာ ငှက်ကြီးတစ်ကောင် လေထဲမှ  ဆင်းသက်လာသည်ကို တွေ့လိုက်ကြသည်။

" ဟင် .. ဘုရင်ကျင်းဖန် ပဲ "

လူအုပ်ထဲမှ လုံယင့်ချုံက  မည်သူ လာနေသည်ကို ချက်ချင်း ရိပ်မိသွားသည်။

လေထဲမှ ဆင်းလာသူမှာ လောမိသားစုဝင်များကို ကျောပေါ်သယ်ဆောင်လာသည့် ဘုရင်ကျင်းဖန်ပင် ။

" ငှက်ကြီးရဲ့ ကျောပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ် "

" ထုံရွှယ်အဆင့် သားရဲတစ်ကောင်ကို စီးတော်ယာဥ်အဖြစ် လုပ်လာတာလား ၊ ဒီလူတွေက ဘယ်နိုင်ငံကလဲ "

" မဟုတ်ဘူးကွ ၊ ဘုရင်ကျင်းဖန်က ငါတို့ ယဲ့ဖုန်းနိုင်ငံက နတ်ဆိုးဘုရင်ဆိုတော့ သူ့ကျောပေါ်ကလူကလဲ ယဲ့ဖုန်းနိုင်ငံကပဲ ဖြစ်ရမယ် "

လူအုပ်ထဲတွင် ဘုရင်ကျင်းဖန်ကို သိနေသူများ ရှိသည့်အတွက် သူတို့၏ မျှော်လင့်ချက်များ အရောင်လက်သွားကြသည်။

အားလုံး ကြည့်နေစဥ်မှာပင် ဘုရင်ကျင်းဖန်က တောင်စောင်းပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

" သခင်လေး .. ရောက်ပါပြီ "

ဘုရင်ကျင်းဖန်က ပြောသည်။

" ဟေ့ ငါတို့ ရောက်ပြီကွ ၊ အောက်ဆင်းကြမယ် "

လောထျန်းက ပြောကာ အောက်သို့ ခုန်ဆင်းလိုက်သည်။ လောမိသားစုဝင်များလည်း သူ့နောက်မှ အလျှိုလျှို ဆင်းလိုက်ကြ၏။

သူတို့အားလုံး ဆင်းပြီးသွားသောအခါ ယဲ့ဖုန်းနိုင်ငံမှ လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

" သေစမ်းကွာ ၊ ကျုပ်က သူတို့ကို  ယဲ့ဖုန်းနိုင်ငံက အစွမ်းထက်တဲ့ အဖွဲ့တစ်ခုခုကလို့ ထင်နေတာ ။ခုတော့ ဒီတိုင်း ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်က လူတွေပဲ ။ သူတို့ထဲမှာ စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်တောင် နှစ်ယောက်ပဲ ပါတယ် "

" သူတို့အစွမ်းက ငါတို့ဂိုဏ်းလောက်တောင် မကောင်းဘူး ။ သူတို့ကို အားကိုးဖို့ မေ့လိုက်ပါတော့ကွာ "

အားလုံး ခေါင်းယမ်းလိုက်ကြသည်။

သို့သော် တစ်ဖက်တွင်မူ လောချန်က လောထျန်းကို မြင်သည်နှင့်  ချက်ချင်း သူ့ဘေးသိူ့ ​အပြေးရောက်သွား၏။

" ကွေ့ယွမ်ဂိုဏ်းက တပည့်လောချန်က အကိုလောထျန်းကို အရိုအသေပြုပါတယ် "

သူက လောထျန်းရှေ့တွင် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

" ဟင် .. ကွေ့ယွမ်ဂိုဏ်းကလား .. ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီးရော ဘယ်မှာလဲ .. "

လောထျန်းက ပျင်းပျင်းရိရိ အကြောဆန့်ရင်း မေးလိုက်သည်။

" ဟုတ်ကဲ့ ၊ ဂိုဏ်းချုပ်ကြီးက မြို့တော်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ ကျီဝေ့လျှို့ဝှက်ဒေသက အဲ့ကိစ္စလောက် အရေးမကြီးတာမို့ ပထမတပည့်ဖြစ်တဲ့ ကျုပ်ကို တာဝန်ပေးထားတာပါ "

လောချန် ပြောပြလိုက်သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" အဲ့လိုလား .. အဆင်ပြေပါတယ်လေ ။ ကျီဝေ့လျှို့ဝှက်ဒေသကို အခု ဖွင့်လိုက်ကြတာပေါ့ "

All Chapters