လောမိသားစုဝင်တွေက ဘာလို့သောက်ရမ်းကြမ်းနေကြတာလဲ
Vol. 4 Ch. 50
လောထျန်း၏ စကားကို ကြားသောအခါ လောချန် ချက်ချင်း မျက်နှာနီသွားသည်။
လောထျန်းမှာလည်း သူ့မျက်နှာကို သတိထားမိသွားကာ မျက်မှောင်ကြုံ့လိုက်သည်။
" ဘာဖြစ်လို့လဲ .. ပြဿနာတစ်ခုခု ရှိလို့လား "
လောချန်က သက်ပြင်းရှည်ကြီးချကာ ဖြစ်ခဲ့သမျှကို ပြောပြလိုက်သည်။
စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း မျက်မှောင်ကြုတ်၍ ဝေ့ထျန်းယီနှင့် ကျန်နှစ်ယောက်အား ကြည့်လိုက်သည်။
" ဒါဆို ဒီသုံးယောက်ကို အနိုင်ယူနိုင်ရင် ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်နိုင်မယ်ပေါ့ .. ဟုတ်လား "
လောချန် ခေါင်းညိတ်ကာ ပြန်ဖြေ၏။
" အမှန်ပဲ သခင်လေး ။ ဒါတင်မကဘူး .. သိုင်းသမား သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကိုပါ ရရင် ရနိုင်တယ် "
လောထျန်း သက်ပြင်းချကာ ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ဒီသုံးယောက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်သတ်ရုံပေါ့ "
သူက ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် .... လောမိသားစု လူငယ်များထဲမှ တစ်ယောက်က ရှေ့ထွက်လာ၏။
" သခင်လေး ကြက်တစ်ကောင်ကို သတ်ဖို့ ဓားကြီးကြီးထုတ်သုံးဖို့ မလိုပါဘူးဗျာ ။ သူတို့သုံးယောက်လုံးက အရူးတွေပဲ ။ ကျုပ် ဒီတာဝန်ကို ခွဲယူပါရစေ "
သူက အသံကျယ်ကျယ် ပြောလိုက်သည်။
လောထျန်းက သူ့ကို တစ်လှည့် ဝေ့ထျန်းယီနှင့် ကျန်နှစ်ယောက်ဘက်သို့ တစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် သူက ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ် သဘောတူလိုက်၏။
" ကောင်းပြီလေ ၊ ဒါဆိုလဲ သွားတိုက်ခိုက်လိုက်ပါ။ အစွမ်းကုန်သာ ထုတ်သုံးနော် "
လောထျန်းက ပြောလိုက်သည်။
သူသည် လောမိသားစုမှ လူငယ်လေးများ လက်တွေ့ တိုက်ရည်ခိုက်ရည်ရှိသွားရန် ဤအခွင့်အရေးကို အသုံးချလိုက်ခြင်းဖြစ်သည်။
တစ်ဖက်မှ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် ပြိုင်ဘက်သုံးယောက်က လေ့ကျင့်ရန် အခွင့်ကောင်းပင် မဟုတ်ပါလား ။
" ကျေးဇူးတင်ပါတယ် သခင်လေး "
လူငယ်လေး၏ မျက်လုံးများ အရောင်လက်သွားကာ ထိုသုံးယောက် ရှိရာဆီသို့ ဂုဏ်ယူနေသည့် မျက်နှာဖြင့် လျှောက်သွားလိုက်သည်။ လောမိသားစုမှ သူ့ညီအကိုများကလည်း အားကျ ၊ မနာလိုသော အကြည့်ဖြင့် ကြည့်နေကြ၏။
ထိုမြင်ကွင်းကိုကြည့်နေကြသော လူများမှာ အံ့သြမှင်သက်သွားရသည်။
" ဒီကောင်လေးက ဦးနှောက်ရော ကောင်းသေးရဲ့လား ။ သူက အခုမှ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာကို ဟိုသုံးယောက်ရှေ့ သွားရဲနေတယ် "
" တော်တော် အတင့်ရဲတာပဲ "
" သူက အခုမှ ရောက်လာတာဆိုတော့ ဟိုသုံးယောက်ရဲ့ အစွမ်းကို မမြင်လိုက်ရလို့ ခုလို ရဲနေတာပါ ။ ငါတို့တော့ ပွဲကောင်း ကြည့်ရတော့မယ်နဲ့တူတယ် "
ယဲ့ဖုန်းနိုင်ငံမှ လူများဆီမှ တီးတိုးပြောသံများ ထွက်လာ၏။
တစ်ဖက်တွင် ရှိနေသည့် ဝေ့ထျန်းယီနှင့် ကျန်နှစ်ယောက်ပင် သူတို့ဆီ လျှောက်လာသည့် လူငယ်ကိုကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။
ယခင်က တိုက်ခိုက်ခဲ့သည့် လောမင် ၊ ရှောက်လင်နှင့် ကျန်လူများမှာ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့် မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ယခု ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် နှင့် လူငယ်လေးက ဦးနှောက်ကောင်းပါသေးရဲ့လား .. ။
သူတို့ နားမလည်နိုင် ဖြစ်နေစဥ်မှာပင် လူငယ်က သူတို့ရှေ့သို့ ရောက်လာ၏။
သူက ခေါင်းမော့က ခပ်တင်းတင်းပြောလိုက်သည်။
" ကျုပ်က ပျောင်ပိုင်မြို့ ၊လောမိသားစုက လောတ ပဲ။ ကျုပ် ခင်ဗျားတို့ကို စိန်ခေါ်မယ် "
ဟန်ဝမ်ကျိုးက သူ့ကို ကြည့်ကာ ရယ်လိုက်သည်။ ထို့နောက် သူက ဒေါသသံဖြင့် ပြော၏။
" ကောင်းပြီလေ ။ ငါတို့ သုံးယောက်ထဲက ကြိုက်တဲ့တစ်ယောက်ကို စိန်ခေါ်လို့ရတယ်။ မင်း နိုင်ပြီဆိုရင် ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်ဖို့ ငါတို့က တားမှာမဟုတ်ဘူး "
လောတ က သုံးယောက်လုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ထန်တျောင်လုံဆီသို့ နောက်ဆုံး အကြည့်ရောက်သွားသည်။
" ဟေ့လူကြီး .. ခင်ဗျား ထွက်လာခဲ့ "
လောတ က ပြောလိုက်သည်။
" မင်းတော့လား .. "
ထန်တျောင်လုံမှာ ဒေါသကြောင့် နဖူးကြောများပင် ထောင်သွားသည်။
လောတ က သူ့အား သုံးယောက်ထဲတွင် အစွမ်းအနိမ့်ဆုံးလူဟု ထင်သောကြောင့် ရွေးခဲ့ခြင်း ဖြစ်ရမည်ဟု ထန်တျောင်လုံ တွေးလိုက်၏။
ထိုသို့သော အပြုမူကို သူ သည်းမခံနိုင်ပါ ။
သူက ချက်ချင်းပင် လူသတ်အရိပ်အငွေ့ဖြင့် လျှောက်သွားလိုက်သည်။
သူ့ကို ကြည့်ကာ ဟန်ဝေကျိုး ပြုံးလိုက်ပြီး ယပ်တောင်ထုတ်၍ ခတ်နေလိုက်သည်။
" လောတ ဆိုတဲ့ကောင်တော့ ဒေါသကြီးတဲ့ ထန်တျောင်လုံနဲ့ တွေ့ပြီး ဒုက္ခရောက်တော့မှာပေါ့ကွာ ။ ငါတောင် ဒီပွဲအနီးမှာ မနေရဲဘူး ၊ နည်းနည်း ဝေးဝေးသွားနေမှရမယ် "
သူက ပြုံး၍ ပြော၏။
ထိုစဥ်မှာပင် ထန်တျောင်လုံက လောတရှေ့သို့ ရောက်သွားသည်။
" ကောင်လေး .. မင်း နောက်ဆုံးစကား အနေနဲ့ ဘာပြောချင်သေးလဲ "
ထန်တျောင်လုံက ပြောလိုက်သည်။
" နောက်ဆုံးစကား ဟုတ်လား .. အဲ့စကားက ခင်ဗျားကြီးက ပြောရမှာ "
လောတ က ချက်ချင်း ပြန်ရန်တွေ့၏။
" မင်းတော့လား .. "
ဒေါသကြောင့် ထန်တျောင်လုံ၏ မျက်လုံးများက မျက်လုံးအိမ်မှပင် ကျွတ်ထွက်ကျမတတ် ဖြစ်သွားသည်။
ထိုလူငယ်လေးက အင်မတန် ဒေါသထွက်စရာ ကောင်းလှပေသည်။
" ဒါဆိုလဲ သွားသေလိုက်ကွာ "
ထန်တျောင်လုံက ကျယ်လောင်စွာ အော်၍ လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း ...
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ဖုန်မှုန့်များနှင့် မီးခိုးလုံးကြီးများ လိပ်တက်သွား၏။
" သွားပြီနဲ့တူတယ် "
၎င်းကို မြင်လိုက်ရသည့် လူများမှာ ဆက်ပင်မကြည့်နိုင်ဘဲ မျက်နှာလွှဲလိုက်ကြသည်။
စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် မှ ကျင့်ကြံသူက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရှိ လူတစ်ယောက်အား မျက်နှာချင်းဆိုင် ထိုးခဲ့သည်ဖြစ်ရာ ...
ရလဒ်ကို တွေးကြည့်နေစရာပင် မလိုတော့ပါချေ ။
ယခုအချိန်လောက်ဆိုလျှင် လောတ က တစ်ဖက်လူ၏ လက်ချက်ဖြင့် စိစိညက်ညက် ကြေနေလောက်လေပြီ ။
အလောင်းပင် ကောက်စရာ မကျန်နိုင်တော့ပေ ။
သို့သော် ...
" အား .. နာတယ်ဟ "
ထိုစဥ် တိုက်ပွဲနေရာမှ အော်သံတစ်ခု ထွက်လာ၏။
" ဟင် .. "
အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲကွင်းပြင်အလယ်တွင် လက်သီးဆန့်လျက် ရှိနေသေးသည့် ထန်တျောင်လုံကို မြင်လိုက်ရသည်။
လောတ က နောက်သို့ ခြေလှမ်း ခုနစ်လှမ်း ၊ ရှစ်လမ်းစာမျှသာ ဆုတ်သွားပီး လက်သီးကို ပွတ်လျက် နာကျင်သည်ဟု ပြောနေ၏။
" ဟင် "
ထိုမြင်ကွင်းကို ကြည့်နေသော လူအုပ်ထဲမှ လောချန်တစ်ယောက် အလွန်တုန်လှုပ်သွားသည်။
ထိုတိုက်ခိုက်မှုတွင် ထန်တျောင်လုံက အသာစီး ရခဲ့သည်မှာ ငြင်းဖွယ်မရှိချေ။
သို့သော် သူထိတ်လန့်သွားရသည့် အကြောင်းက တခြားကြောင့်ဖြစ်သည်။
ထန်တျောင်လုံသည် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့လက်သီးက မည်မျှ အားပြင်းသည်ကို သူကိုယ်တိုင် လက်တွေ့ကြုံခဲ့ရသဖြင့် သိနေ၏။
ထိုလူဆီမှ လက်သီးချက်တစ်ချက်သည် စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့်မှ သာမာန်ကျင့်ကြံသူတစ်ယောက်ကိုပင် စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သည့် အစွမ်းရှိပေသည်။
သို့သော် ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်၌သာ ရှိသေးသည့် လောတ က ထိုလက်သီးချက်ကို ခံလိုက်ရသည့်တိုင် နောက်သို့ အနည်းငယ်သာ ဆုတ်သွားခဲ့သည်လား .. ။
" ထန်တျောင်လုံ .. မင်း ဘာတွေ လုပ်နေတာလဲ "
ဟန်ဝမ်ကျိုးက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
ထန်တျောင်လုံက သူ့ကို လျစ်လျူရှုထားကာ လောတ ကိုသာ စိုက်ကြည့်နေ၏။
" ဒီကောင်လေးရဲ့ လက်သီးက ဘာဖြစ်သွားလို့လဲ "
ထိုအချိန်တွင် ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်ဘဲ ဖြစ်နေသည်။
သူထိုးလိုက်သည့် လက်သီးမှာ အားကုန်သုံး၍ ထိုးလိုက်ခြင်းဖြစ်သည်။
သို့သော် ၎င်းက တစ်ဖက်လူကို နာကျင်ရုံသာ လုပ်နိုင်ခဲ့သည်လား ..။
" ဟမ့် .. ဒါ ထူးဆန်းတဲ့ နည်းတစ်ခုခု ရှိထားလို့ပဲဖြစ်မယ် ။ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက ဒီအဆင့်ရှိတယ်ဆိုတာ ငါ မယုံဘူး "
ထန်တျောင်လုံက ထိုသို့တွေးကာ ဒေါသတကြီးအော်၍ လောတ အား ထပ်မံတိုက်ခိုက်ရန် ရှေ့တိုးသွားလိုက်သည်။
" ဒီလူကြီးကတော့ .. "
၎င်းကို မြင်လိုက်သည့် လောတ ကလည်း အံကြိတ်ကာ ရှေ့တိုးလိုက်သည်။
သူတိူ့နှစ်ယောက် လက်သီးချင်း ဆယ်ကြိမ်မက အပြန်အလှန် ထိုးလိုက်ကြသည်။ သို့သော် လောတ သည် ထန်တျောင်လုံ၏ လက်သီးချက်ကို ခံလိုက်ရတိုင်း နာသည်ဟု အော်ရုံမှ လွဲ၍ တခြားဘာမှ ဖြစ်မသွားခဲ့ချေ။
ထိုအခြင်းအရာကပင် အားလုံးကို အံ့သြတုန်လှုပ်သွားစေ၏။
" ဟေ့ .. လောတ ဆိုတဲ့သူက ဘယ်သူလဲ ။ သူက ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာတောင် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်က လူကို အကြာကြီး ယှဥ်တိုက်နိုင်နေတာ "
" ထန်တျောင်လုံက အရမ်း အစွမ်းနိမ့်နေလို့များလား "
" ဒါလဲ .. ဖြစ်နိုင်တာပဲ "
ထိုစဥ် ကိုရင်လောမင်မှာလည်း တိုက်ခိုက်နေသည့် နှစ်ယောက်ကိုကြည့်ကာ မျက်လုံးများ ပြုးကျယ်သွားသည်။
" မဟုတ်ဘူး .. ထန်တျောင်လုံက လုံးဝ အစွမ်းမနိမ့်တာ သေချာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက တော်တော်ကြောက်စရာကောင်းတာကွ ။ ကျုပ်သာဆိုရင် သူရဲ့ လက်သီးချက် ငါးချက်လောက်ပဲ အလွန်ဆုံး ခံနိုင်မှာ ။ ကျုပ်သာ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ကို ရောက်သွားရင်တောင် လောတ လောက် ကောင်းကောင်းတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး "
ကိုရင်လောမင်က ပြောလိုက်သည်။
သူ့စကားက ချက်ချင်းပင် လူကြားထဲပျံ့သွား၏။
" ဟင် .. သခင်လေး လောမင်ကတောင် အဲ့ဒီလို ပြောတယ်လား ။ ဒါဆို .. ဒီ လောတ က .. "
" လောတလို ပါရမီရှင်မျိုး ငါတို့ ယဲ့ဖုန်းနိုင်ငံမှာ ဘယ်တုန်းက ရှိနေတာလဲ ၊ ငါတို့ သူ့အကြောင်းကို ဘာလို့ မကြားမိတာပါလိမ့် "
" ဒီလို လူမျိုးသာ စိတ်ဝိဥာဥ်စုဆောင်းခြင်းအဆင့်နဲ့ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ကိုသာ ရောက်သွားရင် ဘယ်လောင် အစွမ်းထက်သွားမလဲ မသိဘူး "
အားလုံးက လောတ အား အံ့သြမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် လောတမှာ ထန်တျောင်လုံထံမှ လက်သီးချက် ဆယ်ချက်ထက်မနည်း ခံထားရပြီး နောက်ဆုံး မခံနိုင်တော့ဟန်ဖြင့် ...
" နေဦး .. နေဦး .. ကျုပ် ခင်ဗျားကို မနိုင်နိုင်ဘူး ။ ကျုပ် အရှုံးပေးပါတယ် "
လောတက လက်ဖြင့်ကာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
' မင်း .. "
ထန်တျောင်လုံက လောတ အား ဒေါသမျက်လုံးများဖြင့် ဆက်ကြည့်နေ၏။
တစ်ဖက်မှ လောမိသားစုဝင်များကမူ လောတ အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြသည်။
" ဟေ့ .. လောတ .. ဘာဖြစ်လို့လဲကွ ၊ ဒီလူရဲ့ လက်သီးက အဲ့လောက်တောင် နာလို့လား "
" ဟုတ်တယ် .. မင်း ကြောက်နေတာတော့ မဟုတ်ဘူးမလား "
" လောမိသားစုကို အရှက်ရအောင် မလုပ်နဲ့လေကွာ "
လောမိသားစုထံမှ အထွန့်တက် စကားများကို ကြားသောအခါ ယဲ့ဖုန်းနိုင်ငံမှ လူများ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ထပ်ကြည့်လိုက်ကြသည်။
အကယ်၍ လောတသာ သူတို့အဖွဲ့ဝင် ဖြစ်ပါက သူတို့သည် သူ့အား ချီးကျူးဂုဏ်ယုနေကြမည်ဖြစ်သည်။
သို့သော် ယခု လောမိသားစုဝင်များက အဘယ့်ကြောင့် ထိုသို့ ပြောနေရသနည်း ။
သူတို့ နားမလည်နိုင်တော့ပါ ။