လောမိသားစုကို နားမလည်ခြင်း
Vol. 4 Ch. 51
လောတ မှာ သူ့မိသားစုမှ လူများ၏ စကားကြောင့် မရွှင်မပျ လှည့်လာ၏။
" ငါ မင်းတို့ကို လိမ်နေတာ မဟုတ်ဘူးကွ ၊ ဒီလူကြီးက တကယ်အစွမ်းထက်တယ် ။ ငါ သူ့ကို အနိုင်မယူနိုင်ဘူး ။ မင်းတို့ထဲက လက်မခံနိုင်တဲ့သူဘယ်သူမဆို ကိုယ်တိုင် လာတိုက်ခိုက်ကြည့် "
လောတ က ထိုသို့ပြောကာ လောထျန်းအား လှည့်ကြည့်လိုက်သည်။
" ကျုပ် တောင်းပန်ပါတယ် သခင်လေး ။ ကျုပ် သခင်လေးကို အရှက်ရစေခဲ့ပြီ "
သူက ခေါင်းငုံ့၍ ပြောလိုက်သည်။
လောထျန်းက သူ့ကို ကြည့်ကာ ခေါင်းညိတ်၍ ပြော၏။
" အရှက်တရားက သတ္တိကို ဦးတည်စေတယ်ကွ ။ ဒါကို မှတ်ထားပြီး သေချာပြန်ကျင့်ကြံပါ ။ နောက်တစ်ကြိမ်မှ ထပ်တိုက်ခိုက်တာပေါ့ကွာ "
" ဟုတ်ကဲ့ "
လောတက ပြော၍ အနောက်ဘက်သို့ ပြန်သွားလိုက်သည်။
ထိုစကားများကို ကြားသောအခါ လောချန်ပို၍ အံ့သြတုန်လှုပ်သွား၏။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် သာ ရှိထားသည့် လောတ က ထန်တျောင်လုံ၏ လက်သီးချက်ပေါင်း များစွာကို ခံရပြီးမှသာ ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။
၎င်းကို အရှက်ရစရာဟု ပြောနေသည်လား .. ။
ထိုတခဏတွင် ကျင့်ကြံခြင်းအပေါ် ထားသည့် သူ့အမြင်များ ပြောင်းလဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
" ဟမ့် .. ဒီလူကြီးက အဲ့လောက်အစွမ်းထက်တယ်ဆိုတာ ကျုပ်တော့ မယုံဘူး ။ သခင်လေး ကျုပ်ကို သွားပြီး တိုက်ခိုက်ခွင့်ပြုပါ "
လောမိသားစုမှ လူငယ်နောက်တစ်ယောက် ထွက်လာပြန်သည်။
" လောဖေး .. ကောင်းပြီလေ ၊ ဒါဆို မင်းသွားပြီး တိုက်ခိုက်လိုက်ပါ "
လောထျန်းက ခေါင်းညိတ်ပြလိုက်သည်။
လောဖေး ခေါင်းညိတ်ကာ ထန်တျောင်လုံဆီသို့ လျှောက်သွားလိုက်သည်။
" ဟေ့လူကြီး .. ကျုပ် ခင်ဗျားနဲ့ တိုက်ခိုက်မယ် "
လောဖေးက ပြောသည်။
' လာပြန်ပြီလား နောက်တစ်ယောက် "
ထန်တျောင်လုံ၏ နဖူးကြောများ ပြန်ထောင်လာကာ လောဖေး၏ မျက်နှာတည့်တည့် လက်သီးဖြင့်ထိုးလိုက်သည်။
ဘုန်း ...
ကျယ်လောင်သော အသံတစ်သံနှင့်အတူ မြေကြီးတစ်ခုလုံး တုန်ခါသွားပြန်၏။
လူအုပ်၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် လောဖေး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
သို့သော် သူသည်လည်း လောတ ကဲ့သို့ပင် မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။
" ဒါ .. နောက်ထပ် ပါရမီရှင်တစ်ယောက်ပဲ ။ လောမိသားစုက ဘယ်မျိုးနွယ်ကလဲ မသိဘူး။ တစ်မိသားစုထဲမှာ ပါရမီရှင် နှစ်ယောက်တောင် ရှိနေတယ် "
အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
" ချီးပဲ .. ဘာတွေဖြစ်နေတာလဲကွာ ။ ဒီကောင်ကလဲ အစောက ကောင်လိုပဲ "
ထန်တျောင်လုံ ဒေါသထွက်သွားသည်။
လောတ တစ်ယောက်တည်းကပင် သူ့အတွက် အရှက်ရစရာ ဖြစ်နေခဲ့လေပြီ။ ယခု လောဖေး ဆိုသည့် နောက်တစ်ယောက်ကလည်း ယခင်တစ်ယောက်ကဲ့သို့ပင် အစွမ်းထက်နေ၏။
ထိုလူက အမှန်တကယ် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်တွင် ရှိသည်လား ။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ မည်သူက ဤမျှ အစွမ်းထက်နိုင်ပါသနည်း ။
" ဘုရားရေ .. နာတယ်ဟ ။ ဒီလူကြီးက တကယ်အစွမ်းထက်တာပဲ "
လောဖေးက ထန်တျောင်လုံ၏ လက်သီးချက်ကို ခံနေရင်း ပြောလိုက်သည်။
သူသည်လည်း သိုင်းကွက် ဆယ်ကွက်ကျော်အကြာတွင် အရှုံးပေးသွား၏။
" သခင်လေးကို အရှက်ရစေမိတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် ဒီလူ့ကို မနိုင်နိုင်ဘူး "
လောဖေး ပြောလိုက်သည်။
" နောက်ကျရင် ပိုကြိုးစားပေါ့ကွာ "
လောထျန်းက ခေါင်းအသာညိတ်လိုက်၏။
လောဖေးက သူ့လူများရှိရာသို့ ပြန်သွားလိုက်သည်။
" သခင်လေး .. ကျုပ် ကြိုးစားကြည့်ချင်တယ် "
" သခင်လေး ..ကျုပ် လုပ်ပါရစေ ။ ကျုပ်က ခန္ဓာကိုယ်အစွမ်းမှာ ဟိုအရူးနှစ်ယောက်ထက် အများကြီး ပိုသာတယ် "
" ကျုပ်လဲ သူတို့နှစ်ယောက်ထက် ပိုအစွမ်းထက်တယ် ။ သူတို့ နှစ်ယောက်လုံးက ကျုပ်နဲ့ဆို အကွာကြီးပဲ "
" ဟေ့ကောင် ကြွားမနေနဲ့ ။ မင်းက အလွန်ဆုံးမှ လောဖေးလောက်ပဲ ရှိတာ "
" ဒါဆို မင်းလဲ ငါ့ထက်မသာဘူးလေ "
" ဟုတ်ပြီကွာ ၊ ဒါဆို စုံ စမ် စိ ကစားကြမယ် ။ နိုင်တဲ့သူက သွားကွာ ၊ ဘယ်လိုလဲ "
" ကောင်းပြီလေ .. အဲ့လိုပဲ လုပ်ကြမယ် "
လောမိသားစုမှ လူငယ်တပည့်လေးများက စုံ စမ် စိ ကစားရန် ပြင်လိုက်ကြသည်။
စမယ်ဟေ့.. စုံ… စမ်… စွတ်… ပလွတ်… ဗြွတ်
လောချန်မှာ ထိုမြင်ကွင်းကြောင့် စကားမပြောနိုင်ဘဲ ဖြစ်သွား၏။
ဘာတွေ ဖြစ်နေပါသနည်း ...
ထို စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်မှ ကျင့်ကြံသူ သုံးယောက်သည် လောထျန်းတို့ ရောက်မလာခင်တွင် ယဲ့ဖုန်းတစ်နိုင်ငံလုံးမှ လူငယ်များကို ဖိနှိပ်ထားခဲ့သည့်အတွက် သူတို့မှာ ခေါင်းမဖော်ရဲလောက်အောင် ဖြစ်ခဲ့ကြရ၏။
သို့သော် .. ယခု လောမိသားစုက ...
ထိုသုံးယောက်နှင့် တိုက်ခိုက်ရန် အပြိုင်အဆိုင် လုနေကြသည်လား .. ။
လောမိသားစုကို သူ နားမလည်နိုင်တော့ပါ ။
အမှန်တွင်မူ သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားဖက်မှ ထန်တျောင်လုံသည်ပင် သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ စကားမဆိုနိုင် ဖြစ်နေ၏။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူငယ်တစ်အုပ်က သူ့ကို ပြိုင်ဘက်အဖြစ် တိုက်ခိုက်ရန် အသည်းအသန် လုနေကြသည်လား .. ။
သူသည် သူတို့နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များထဲတွင် ပါရမီရှင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အရှက်ရစရာအခြေအနေနဲ့ လုံးဝ မကြုံဖူးခဲ့ပါချေ။
" ချီးပဲ .. အမှိုက်ခွေးလေးတွေ .. အကုန်လုံး တစ်ပြိုင်တည်း လာကြကွာ "
ထန်တျောင်လုံက ဒေါသတကြီး အော်လိုက်သည်။
လောမိသားစုဝင်များအားလုံး ချက်ချင်း တိတ်သွားကာ ထန်တျောင်လုံအား လှည့်ကြည့်လိုက်ကြသည်။
" မင်းက ဘယ်သူ့ကို ခွေးလို့ ခေါ်လိုက်တာလဲ "
" အမှိုက်ကရော ဘယ်သူလဲ "
" အတူတူ သွားကြတာပေါ့ကွာ "
" ငါလဲ ပါမယ် "
“ဒီမေဘေးကို ဗျင်းဟေ့”
လောမိသားစုမှ လူငယ်များ ညာသံပေးကာ ထန်တျောင်လုံဆီသို့ ပြေးဝင်သွားကြသည်။
" ဟမ့် .. မင်းတို့ အားလုံးတော့ အစွမ်းမထက်နိုင်ပါဘူးကွာ "
ထန်တျောင်လုံက ပြောကာ လက်သီးကို မြှောက်လိုက်သည်။
ထို့နောက် သူက လောမိသားစုမှ လူငယ်များဆီသို့ ပြေးဝင်သွား၏။
ဆယ်စက္ကန့်မျှ အကြာတွင်မူ
" မင်းကလား ငါတို့ လောမိသားစုကို အမှိုက်လို့ပြောတာ "
" ဟား ဟား .. မင်း ရူးနေတာလား ။ မင်းကများ ငါတို့အားလုံးကို တစ်ယောက်တည်း စိန်ခေါ်နေသေးတယ်။ ကိုယ့်ကိုကိုယ် ဘာထင်နေလဲ "
" အမှိုက်ကောင် .. မင်းကို သေအောင် ကန်ပစ်မယ် "
" ရှေ့ကလူတွေ ၊ အားရအောင် လုပ်ပြီးသွားရင် ဖယ်ဦးကွာ ။ ငါ ဒီကောင်ကြီးကို မလုပ်ရသေးဘူး "
တိုက်ပွဲကွင်းပြင် အလယ်တွင် ထန်တျောင်လုံသည် မြေကြီးပေါ် လဲကျနေပြီး လောမိသားစုဝင်များက သူ့ကို ပတ်ပတ်လည် ဝန်းရံထားကာ တစ်ယောက်တစ်လှည့် ဝိုင်းထိုးနေကြသည်။
တစ်ချို့က ခြေဖြင့်ကန်သည်။
တစ်ကောင်မှာမူပိုဆိုး၏။ ဖင်ကိုလှည့်ကာ အီးနှင့် ပေါက်လေ၏။
အပြင်ဘက်မှ လူများမှာ ထန်တျောင်လုံအား ထိုးကြိတ်ချင်နေသည့်တိုင် အနားပင် ကပ်မရဘဲ ဖြစ်နေ၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူများအားလုံး အံ့သြဆွံ့အ နေကြတော့သည်။
ပါရမီရှင်များ တိုက်ခိုက်နိုင်သည်ဟု ပြောခဲ့သော်လည်း ...
အဘယ့်ကြောင့် တစ်ယောက်တည်းကို ထိုသို့ ဝိုင်းဝန်း ထိုးကြိတ်နေကြရသနည်း။
ထိုလူများက မည်သည့်အတွက် ကျင့်ကြံသူသခင်လေးတစ်ယောက်ကဲ့သို့ မပြုမူနေရသနည်း ။
လောထျန်းဘေးတွင် ရပ်နေသည့် လောချန်းကမူ ထိုသို့ မတွေးပါချေ။
လောမိသားစုဝင်မှ လူအများက တစ်ယောက်တည်းကို အနိုင်ကျင့်နေသည်ဟု အခြားသူများ ပြောနေစေကာမူ ..
လောမိသားစုမှ ဆယ်ယောက်ကျော်ခန့်သာရှိသော လူငယ်လေးများသည် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်၌သာ ရှိကြသေးသူများ ဖြစ်သည်။
အကယ်၍သာ ထိုနေရာတွင် အခြားသူများ ဖြစ်နေခဲ့ပါက ထန်တျောင်လုံကဲ့သို့ အစွမ်းထက် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် ရလဒ်က ယခုနှင့် တခြားစီ ဖြစ်နေမည် မလွဲချေ။
ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူငယ်ဆယ်ယောက်ကျော်ခန့် မဆိုထားဘိ ၊ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူတစ်ထောင်ဆိုလျှင်ပင် ၎င်းက ထန်တျောင်လုံအတွက် လူသားပစ်မှတ်များထက် မပိုပါချေ။
သို့သော် ယခုမူ လောမိသားစုမှ လူငယ်လေး ဆယ်ယောက်ကျော်ခန့်က ထန်တျောင်လုံအား ယခုအခြေအနေထိ ရောက်အောင် အနိုင်ယူခဲ့ကြ၏။
ထို့အပြင် ထိုဆယ်ယောက်ကျော်ကလည်း လောတ နှင့် လောဖေး တို့အတိုင်းပင် အစွမ်းထက်ကြသေးသည်။
ဤလောမိသားစုကို သူ နားမလည်နိုင်တော့ပါ ။
ထိုစဥ် တစ်ဖက်မှ ဟန်ဝမ်ကျိုး အသိဝင်လာ၏။
" ရပ်လိုက်စမ်း "
သူက အော်ဟစ်ကာ သူ့ခန္ဓာကိုယ်အား အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် လူအုပ်ဆီသို့ ပြေးဝင်သွားပြီး ထန်တျောင်လုံကို ဆွဲထုတ်လာ၏။
" အား .. "
ထိုအချိန်တွင် ထန်တျောင်လုံ၏ မျက်နှာတစ်ခုလုံးမှာ ဆိုးရွားစွာအထိုးကြိတ် ခံထားရသည့်အတွက် ဖူးရောင်နေပြီး ဝက်မျက်နှာကြီးနှင့်ပင် တူနေသည်။ ထို့နောက် သူ သတိလစ်သွား၏။
အခြေအနေက ဆိုးရွားလှသော်လည်း အသက်အန္တရာယ်ကိုမူမစိုးရိမ်ရပါချေ။
" မင်းတို့တွေက ဘာတွေဖြစ်နေကြတာလဲ "
ဟန်ဝမ်ကျိုးက ဒေါသတကြီးဖြင့် လောမိသားစုဝင်များအား စိုက်ကြည့်လိုက်သည်။
" ခင်ဗျား ဘာတွေပြောနေတာလဲ ။ အားလုံး အတူတူ လာတိုက်ကြလို့ သူပဲ ပြောခဲ့တာလေ "
" ဟုတ်တယ် ၊ သူကိုယ်တိုင်က တောင်းဆိုခဲ့တာ ။ အားလုံးလဲ ကြားတယ် "
" ဟုတ်တယ် ၊ သူပြောလို့ ကျုပ်တို့က သူ့ကို လုပ်လိုက်တာလေ "
" ဒါ ကျုပ်တို့အပြစ်လား "
လောမိသားစုဝင်များက ဟန်ဝမ်ကျိုးကိုကြည့်ကာ ပြောလိုက်ကြသည်။
" မင်းတို့ကောင်တွေ .."
ဟန်ဝမ်ကျိုး အလွန်ဒေါသထွက်သွား၏။
သို့သော် သူ မည်သို့မှ မတတ်နိုင်ပါချေ ။
ထန်တျောင်လုံကိုယ်တိုင်က အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ အော်ပြောခဲ့သည် မဟုတ်ပါလား ။
" ဟမ့် ..ကောင်းပြီလေ ။ ဒါပေမယ့် အစောက သဘောတူထားတာက ငါတို့သုံးယောက်ထဲက တစ်ယောက်ယောက်နဲ့ တစ်ယောက်ချင်း တိုက်ပြီး အနိုင်ယူနိုင်မှ ကျီဝေ့လျို့ဝှက်ဒေသကို ဝင်နိုင်မယ်လို့ ပြောခဲ့တာ ။ ဆိုတော့ အခုပွဲက အကျုံးမဝင်ဘူး "
ဟန်ဝမ်ကျိုးက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းနိုင်ငံမှ လူများ ဆူဆူညံညံ ဖြစ်သွားကြသည်။
" ကောင်းပြီလေ အကျုံးမဝင်ဘူးဆိုတော့လဲ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရုံပေါ့ ။ ဒီတစ်ခါ ကျုပ် အရင်သွားမယ် "
" မဟုတ်ဘူး .. ငါ အရင်သွားမယ် "
" စုံ စမ် စိ ပြန်ကစားကြမယ်လေ ၊ ဘယ်လိုလဲ "
လောမိသားစုမှ လူငယ်များ တစ်ယောက်တစ်ပေါက် ငြင်းလိုက်ကြပြန်သည်။
အားလုံး ဆွံ့အသွားကြပြန်၏။
လောမိသားစုက ထူးဆန်းလှပေသည် ။
ထိုစဥ် လောထျန်းဘေးတွင် ရှိနေသည့် လောရုံက ပြောလိုက်သည်။
" ဟုတ်ပြီ ၊ အားလုံး နောက်ဆုတ်ကြ ။ မင်းတို့ မမြင်ဘူးလားကွာ ။ ဒီသုံးယောက်က စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်က အစွမ်းထက် ကျင့်ကြံသူတွေပဲ ။ မင်းတို့လို ဟိုမရောက် ဒီမရောက် လူတွေနဲ့ဆို အုပ်စုလိုက် တိုက်ရင် နိုင်နိုင်ပေမယ့် တစ်ယောက်ချင်းသွားတိုက်ရင် ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး "
ထိုစကားကို ကြားသောအခါ လောချန် ကြိမ်ဆဲမိမတတ်ပင် ဖြစ်သွားသည်။
လောရုံက လောမိသားစုမှ လူတွေကို ဟိုမရောက် ဒီမရောက် ဟု ခေါ်လိုက်သည်လား ။
သို့ဆိုလျှင် သူသည် ဘယ်အဆင့်သို့ ရောက်သွားမည်နည်း ။
လောရုံက လောထျန်းကိုကြည့်ကာ ပြောလိုက်သည်။
" သခင်လေး ၊ ကျုပ်ကို တိုက်ခိုက်ခွင့်ပြုပါ "