လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခြင်း
Vol. 4 Ch. 52
လောထျန်း သင်ပေးခဲ့သော ကျင့်စဥ်များနှင့် သိုင်းပညာရပ်များကို အများဆုံး ရခဲ့သူမှာ လောရုံဖြစ်ပြီး သူက အခြားသူများထက်လည်း ပိုအားစိုက်၍ လေ့ကျင့်သူဖြစ်သည်။
လောထျန်းကို ခဏဖယ်ထားပါက လောမိသားစု၏ မျိုးဆက်သစ်လူငယ်များထဲတွင် လောရုံသည်သာ အဆင့်တစ် ဟု ပြော၍ ရပေသည်။
သို့ဖြစ်ရာ ယခုအချိန်တွင် သူ ဝင်တိုက်ဖို့ ပြောလာခြင်းက အဓိပ္ပါယ်ရှိ၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ ၊ ဒါဆိုလဲ သွားတိုက်ခိုက်ပါ ။ ဆုံးဖြတ်ချက် တွေဝေမနေဘဲ ပြတ်ပြတ်သားသားလုပ်နော် "
" ဟုတ်ကဲ့ "
လောရုံက ဝမ်းသာသွားဟန်ဖြင့် လောထျန်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် ချက်ချင်းပင် ဟန်ဝမ်ကျိုးတို့ ဘက်သို့ ထွက်သွား၏။
လောရုံက ဝေ့ထျန်းယီနှင့် ဟန်ဝမ်ကျိုးတို့ နှစ်ယောက်၏ မျက်နှာများကို ဝေ့ဝဲကြည့်ကာ ဝေ့ထျန်းယီရှေ့တွင် ရပ်လိုက်သည်။
" ကျုပ် မင်းကိုစိန်ခေါ်တယ် "
လောရုံက ပြောသည်။
" ငါ့ကိုလား .. သိပ်ကောင်းတာပေါ့ "
ဝေ့ထျန်းယီ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ခနဲ လက်သွား၏။
" ရေနက်လှိုင်းတွေ တက်လာစေ "
သူက ချက်ချင်းပင် တိုက်ခိုက်ရန်ပြင်လိုက်သည်။
သူ့အနောက်ဘက်တွင် ရေနက်လှိုင်းလုံးကြီးများ တမဟုတ်ချင်း လိမ့်တက်လာ၏။
ဤတစ်ကြိမ်တွင် ယခင်ကနှင့်မတူဘဲ တစ်ခုထူးခြားသည်မှာ ဝေ့ထျန်းယီက သူ့အစွမ်း အစစ်မှန်ကို ဖုံးကွယ်မထားဘဲ ပေါ်တင် ထုတ်ပြလိုက်ခြင်းဖြစ်သည်။
ထို့အတွက် သူ၏ စိတ်စွမ်းအင် စုစည်းမှုကလည်း ယခင်ကထက် များစွာပိုအစွမ်းထက်နေ၏။
သူတို့နှစ်ဦး မတိုက်ခိုက်ခင်မှာပင် ဖိအားတစ်ခုကို အားလုံး ခံစားလိုက်ကြရသည်။
ထိုဖိအားကြောင့် လူငယ်များသာမက သက်လတ်ပိုင်းအရွယ်ရှိ လူတစ်အုပ်ပင် နေရာရွှေ့လိုက်ကြရ၏။
" လှိုင်းလုံးကြီး ဆယ့်ရှစ်သွယ် "
ဝေ့ထျန်းယီက ဒေါသတကြီး အော်ကာ လောရုံဆီသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
" တားဆီးစေ "
လောရုံကလည်း ချက်ချင်းပင် သူ့အနောက်ဘက်မှ လက်ကြီးဖြင့် ရှေ့သို့ ထိုးလိုက်သည်။
ဘုန်း ..
စွမ်းအင်နှစ်ခု တိုက်မိရာမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဝေ့ထျန်းယီ၏ လှိုင်းလုံး ဆယ့်ရှစ်ခုက တစ်ခုပြီးတစ်ခု ကျလာ၏။
" အင်မတန် အစွမ်းထက်တဲ့ စွမ်းအားပဲ .. ငါ့ထက်တောင် ပိုအစွမ်းထက်တယ် "
စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်မှ သက်လတ်ပိုင်းအရွယ် လူကြီးက လောရုံ၏ လက်သီးကိုကြည့်ကာ တအံ့တသြ ပြောလိုက်သည်။
" ငါက ချီးတွင်းထဲမှာ သာယာနေခဲ့တာပဲ ။ သူ့လက်သီးက ငါ့လို အသက်ငါးဆယ်အရွယ် လူတစ်ယောက်ရဲ့ လက်သီးထက် ပိုအစွမ်းထက်နေတယ် "
" ဝေ့ထျန်းယီက လောမိသားစုက လူကို တားနိုင်ပါ့မလား "
လူအချို့ တွေးမိလိုက်ကြသည်။
ထိုစဥ် လောရုံက တိုက်ပွဲကွင်းပြင်အလယ်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။
ဝေ့ထျန်းယီ၏ စွမ်းအင်လှိုင်းလုံး ဆယ့်ရှစ်ခုက သူ့အား ဆက်တိုက် ရိုက်ခတ်နေသည့်တိုင် သူက နေရာ၌ မားမားရပ်နေဆဲဖြစ်သည်။
ပထမလှိုင်းလုံးကြီး ပြိုကျလာပြီးသည်နှင့် ဒုတိယအဆင့် လှိုင်းလုံးကြီး ကျလာပြန်သည်။
နောက် တတိယအဆင့် ...
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ခုပြီးတစ်ခု ဆက်နေသည့် စွမ်းအင်လှိုင်းလုံး ဆယ့်ရှစ်ခု က ပြီးဆုံးသွားတော့သည်။ လောရုံကမူ ခြေလှမ်းတစ်လှမ်းပင် နေရာရွှေ့မသွားပါချေ။
" ဟင် .. ဒါ .."
တိုက်ပွဲကို ကြည့်နေသည့် ကိုရင်လောမင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
လောမင်မှာ သူ့မျက်လုံးသူပင် မယုံနိုင်ဘဲ လောရုံအား စိုက်ကြည့်နေ၏။
ဝေ့ထျန်းယီက မည်မျှအစွမ်းထက်သည်ကို သူ ကောင်းကောင်းကြီး သိခဲ့ရသည် မဟုတ်ပါလား ။
ဝေ့ထျန်းယီက အစွမ်းပြည့် မသုံးဘဲ တိုက်ခိုက်ခဲ့စဥ်ကပင် သူ မခံနိုင်ခဲ့ပါချေ ။
သို့သော် သူ့ရှေ့မှ လောရုံက ဝေ့ထျန်းယီ၏ အစွမ်းအပြည့်ဖြင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေ၏။
သူ မအံ့သြဘဲ မည်သို့ နေနိုင်ပါမည်နည်း။
တစ်ချိန်တည်းမှာပင် လူအုပ်ထဲမှ ဝူယွီရို့၏ မျက်နှာလည်း ဖြူဖျော့သွားသည်။
သူမက ဘေးတွင်ရှိနေသော ဆရာလုံယင့်ချုံအား နီရဲနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမ၏ အသံမှာလည်း တုန်ယင်နေ၏။
" ဆရာ .. ဆရာက ကျွန်မဟာ ယဲ့ဖုန်းနိုင်ငံရဲ့ နံပါတ် ၁ အဆင့် ပါရမီရှင်ပဲ လို့ ပြောခဲ့တယ်မလား "
သူမသည် မိမိကိုယ်ကို ယုံကြည်မှု အလွန်နည်းသည့် လူတစ်ယောက်ဖြစ်သည်။
ယွိလုံနိုင်ငံမှ အစွမ်းထက် ကျင့်ကြံသူ သုံးယောက်ကို တွေ့ပြီးသွားသည့် နောက်တွင်ပင် သူမ တုန်လှုပ်သွားခဲ့၏။
သို့သော် ထိုလူများက ယဲ့ဖုန်းနိုင်ငံမှ မဟုတ်ဘဲ ၊ သူမထက်လည်း ကျင့်ကြံခြင်းအဆင့် ပိုမြင့်ကြသည့်အတွက်ကြောင့်သာ စိတ်သက်သာရာ ရခဲ့ခြင်းဖြစ်သည်။
သို့သော် လောမိသားစု၏ လက်ရှိအခြေအနေကိုမူ သူမ လုံးဝ လက်မခံနိုင်တော့ပါချေ။
ထိုလောမိသားစုမှ လူငယ်များမှာ ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်တွင်သာ ရှိသေးပြီး သူမထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့် ပိုနိမ့်၏။
သို့သော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ကြည့်ခြင်းဖြင့်ပင် ထိုလူငယ်များက သူမထက် အစွမ်းမနိမ့်ကြောင်း သိခဲ့ရပြီးဖြစ်သည်။
ထိုမျှမက ယခု တိုက်ခိုက်နေသည့် လောရုံဆိုလျှင် သူမထက်ပင် များစွာ ပိုအစွမ်းထက်နေ၏။
ထို့ထက်ပို ဆိုးသည်မှာ လောရုံ၏ ကျင့်ကြံခြင်းက ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်၌သာ ရှိနေသေးခြင်းဖြစ်သည်။
ထိုတခဏတွင် သူမကိုယ်သူမ အမှိုက်တစ်ခုအလား ခံစားလိုက်ရသည်။
သူမ၏ သိုင်းပညာအပေါ် ယုံကြည်ချက်ကလည်း လှုပ်ခတ်သွားခဲ့ရလေပြီ။
ထိုစဥ် သူမ၏ဆရာ လုံယင့်ချုံမှာလည်း မည်သည့်စကားမှ မဆိုနိုင်ဘဲ အံ့သြမှင်သက်နေ၏။
သူသည် သူ့တပည့်မလေးအား အကျိုးကြောင်းရှင်းပြ နှစ်သိမ့်ပေးချင်သော်လည်း သူကိုယ်၌ပင် ရှင်းပြစရာ စကားလုံး ရှာမရ ဖြစ်နေသည်။
" ဒီ လောမိသားစုက ဘာတွေ ဖြစ်နေတာလဲ ။ မိသားစုတစ်ခုမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ရှိတာ မထူးဆန်းပေမယ့် သူတို့မိသားစုက ပါရမီရှင် အရေအတွက်က .. ဒါ ပုံမှန်တော့ မဟုတ်ဘူး "
လုံယင့်ချုံ၏ ခေါင်းထဲတွင် မေးခွန်းများစွာ လည်သွားသည်။
ထိုစဥ် တစ်ဖက်မှ တိုက်ပွဲကွင်းပြင်တွင် ဝေ့ထျန်းယီသည်လည်း လှိုင်းလုံးဆယ့်ရှစ်လုံး ပြီးသွားသည်နှင့် တအံ့တသြ ဖြစ်သွား၏။
လောရုံက သူ့ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" မင်း ပြီးပြီလား .. ဒါဆို အခု ငါ့အလှည့်ပေါ့ "
သုက ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" ရော့ ..လက်သီး "
လောရုံက ကျယ်လောင်စွာ အော်လိုက်သည်။
သူသုံးလိုက်သည့် လက်သီးမှာ လောထျန်းသင်ပေးခဲ့သည့် ကောင်းကင်ဘုံလက်သီးသိုင်းပင် ။
အမှန်တွင်မူ လောရုံသည် ခန္ဓာကိုယ်ကျင့်စဥ်များကိုသာ အဓိကကျင့်ကြံသူ ဖြစ်သည့်အတွက် လက်သီးသိုင်းပညာတွင် ဤမျှ မကျွမ်းကျင်လှပေ ။
သို့သော် လောထျန်း၏ ကျေးဇူးကြောင့် အစွမ်းထက်သော ခန္ဓာကိုယ်အစွမ်း ရထားပြီ ဖြစ်သည့်အတွက် လုံလောက်ပေသည်။
ချက်ချင်းပင် စွမ်းအင်လှိုင်းလုံးများ လေထဲသို့ လိမ့်တက်လာပြီး သူ့လက်သီးပေါ်တွင် စုစည်းသွားကြသည်။
၎င်းစွမ်းအင်များက နဂါးတစ်ကောင်အဖြစ် အပြည့်အဝ မစုစည်းနိုင်သေးသည့်တိုင် ကြောက်မက််ဖွယ် နဂါးပုံသဏ္ဍာန် တစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်။
" ဟင် .. ဒါ .. တားဆီးစေ "
ဝေ့ထျန်းယီ၏ မျက်နှာ ဖြူဖျော့သွားကာ သူ့စွမ်းအင်များ အားလုံးကို အလန့်တကြား စုစည်းလိုက်သည်။
ချက်ချင်းပင် ရေနက်များ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် စုစည်းလာ၏။
သို့သော် ...
ဘုန်း ...
လောရုံက ရေနက် အလည်တည့်တည့်သို့ လက်သီးဖြင့် ထိုးလိုက်သည်။
ဝေ့ထျန်းယီ၏ အကာအကွယ်အစီအမံက တမဟုတ်ချင်းပင် ပြိုကျပျက်စီးသွားတော့သည်။
ထို့အပြင် လက်သီးမှ ထွက်လာသည့် စွမ်းအင်က သူ့ကိုယ်ပေါ်သို့ ဆက်ကျလာ၏။
အု ..
ဝေ့ထျန်းယီပါးစပ်မှ သွေးများ ထွက်ကျလာကာ သူ့ခန္ဓာကိုယ်မှာလည်း နောက်သို့ လွင့်စင်သွားသည်။ ၎င်းက လေထဲတွင် ဆယ်ကြိမ်ကျော်ခန့် လည်နေပြီးနောက်မှသာ မြေပေါ်သို့ ကျသွား၏။
" ဟင် .. "
ဝေ့ထျန်းယီသည် နှစ်ကြိမ်တိုင်တိုင် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်သွားခဲ့ချေ ။
ထိုတခဏတွင် သူသည် လောရုံအား မယုံကြည်နိုင်စွာ ကြည့်နေ၏။
လက်သီးတစ်ချက်တည်း ...
လက်သီးတစ်ချက်တည်းဖြင့် သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့သည်လား ...
သူ့ရှေ့မှ လူက မည်သို့သော လူပေနည်း ။
တစ်ချိန်တည်းမှာပင် ယဲ့ဖုန်းနိုင်ငံမှ လူများမှာလည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စကားမဆိုနိုင်ဘဲ တိတ်သွားကြသည်။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ ဝမ်းသာအားရ လက်ခုပ်တီး အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
" လောရုံက တကယ်ကို အစွမ်းထက်တာပဲ။ သူက ဝေ့ထျန်းယီကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူသွားခဲ့တာ "
" ဟား ဟား .. ယွိလုံနိုင်ငံက လူတွေ .. မင်းတို့က အစောတုန်းကတော့ ငါတို့ကို သုံးစားမရတဲ့ ခွေးတွေလို့ ခေါ်ခဲ့တာနော် ။ အခုရော ငါတို့တွေ ဘာဖြစ်သွားပြီလဲ "
" အမှိုက်ကောင် ဝေ့ထျန်းယီ "
" စောက်ရူးကောင် "
အားလုံးထံမှ ထွက်လာသည့် လှောင်ပြောင်သရော်သံများကြောင့် ဝေ့ထျန်းယီ မျက်နှာအလွန်ပျက်သွားသည်။
" ဘယ်လိုလဲ .. အရှုံးပေးပြီလား "
လောရုံက ရပ်ကာ ဝေ့ထျန်းယီအား မေးလိုက်သည်။
ဝေ့ထျန်းယီမှာ ဒေါသမပြယ်သေးသည့် မျက်လုံးများဖြင့် ကြည့်နေပြီး အချိန်အတန်ငယ်ကြာမှသာ မပြုံးချင် ပြုံးချင် ပြုံးလိုက်၏။
" ညီလေးလောက အမှန်တကယ် ပါရမီထူးချွန်တဲ့သူပဲ ။ ကျုပ် မင်းကို လေးစားပါတယ်။ ကျုပ် ဒီပွဲကို ရှုံးသွားပြီ "
လောရုံ ခေါင်းညိတ်လိုက်သည်။
" ခုလို အရှုံးကို ဝန်ခံတာကို ကြားရတာ ကောင်းပါတယ် ။ကဲ ဒါဆို ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်လို့ရပြီလား "
ဝေ့ထျန်းယီက ပြုံး၍ ပြန်ပြော၏။
" ဒါပေါ့ဗျာ ၊ ဝင်လို့ရတာပေါ့ ။ ဒါပေမယ့် ကျုပ် ညီလေးလောကို မေးခွန်းနည်းနည်းလောက် မေးလို့ရမလား ။ အနည်းဆုံးတော့ ကျုပ် ဘာဖြစ်လို့ ရှုံးသွားခဲ့လဲဆိုတာ သိသင့်တယ်လေ "
လောရုံက
" ကောင်းပြီ ၊ မေးလေ "
ဟု ပြန်ပြောသည်။
" လောမိသားစုက ဘယ်လိုမိသားစုလဲဆိုတာ ပြောပြနိုင်မလား ညီလေး လော "
ဝေ့ထျန်းယီက မေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် သူတို့ဘေးမှ အသံအားလုံး တိတ်သွား၏။
လောမိသားစုက မည်သို့သော မိသားစုဆိုသည်ကို သူတို့အားလုံးလည်း သိချင်နေကြသည်။
သူတို့မိသားစုမှ အစွမ်းထက်လှသော ပါရမီရှင်များစွာ ရုတ်တရက် ပေါ်လာသည်မှာ ပုံမှန် မဟုတ်ချေ ။
ထို့ကြောင့် အားလုံး၏ စိတ်ထဲတွင် သိချင်စိတ်နှင့် စိုးရိမ်စိတ်များ ရောထွေးလျက် ရှိနေကြသည်။
လောရုံက တုန့်ဆိုင်းမနေဘဲ ပြန်ဖြေ၏။
" ကျုပ်တို့ လောမိသားစုက ပျောင်ပိုင်မြို့မှာ နေလာတာ မျိုးဆက်တွေအများကြီး ကြာခဲ့ပြီ ။ ကျုပ်တို့က ယဲ့ဖုန်းနိုင်ငံသားတွေပဲ "
ပျောင်ပိုင်မြို့ တဲ့လား ...
အားလုံး တိတ်တခိုး မှတ်ထားလိုက်ကြသည်။ ကျီဝေ့လျှို့ဝှက်ဒေသသို့ ဝင်ပြီးနောက်တွင် သူတို့ ပျောင်ပိုင်မြို့သို့သွားကာ လောမိသားစုအား သေချာစုံစမ်းကြည့်ရပေမည်။
ဝေ့ထျန်းယီက ဆက်မေး၏။
" ကျုပ် သဘောပေါက်ပြီ ။ ဒါနဲ့ ညီလေးလောရဲ့ သိုင်းပညာက ဘိုးဘေးကနေ လက်ဆင့်ကမ်းလာတဲ့ ပညာရပ်လား။ ဘိုးဘေးကရော အခု ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ ။ ကျုပ်က ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တဲ့ မေးခွန်းလေးတွေ မေးပြီး သူ့ဆီက အကြံတောင်းချင်လို့ "