တစ်ယောက် တစ်ချက်
Vol. 4 Ch. 53
လောရုံ ချက်ချင်းပင် ပြန်ဖြေသည် ။
" ကျုပ်တို့ မိသားစုရဲ့ ဘိုးဘေးက ဆုံးသွားတာ ကြာလှပြီဆိုတော့ ဘာကျင့်ကြံခြင်းအဆင့်မှ မရှိဘူး ။ လက်ရှိ ကျုပ်တို့ မိသားစုမှာ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်ရှိတဲ့သူက မိသားစုခေါင်းဆောင် သခင်ကြီး လောဖုန်းပဲ ။ အခု သူက စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့် ၉ မှာ ။ ကျုပ်တို့ဆီမှာ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူတောင် မရှိဘူး ။ အဲ့တော့ ဘာအကြံမှ မတောင်းတာ ပိုကောင်းလိမ့်မယ် "
" ဘယ်လို .. "
ဝေ့ထျန်းယီ အံ့သြမှင်သက်သွားသည်။
အခြားသူများ အားလုံးလည်း မျက်လုံးပြူးသွားကြ၏။
ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူပင် မရှိသည့် မိသားစုတဲ့လား .. ။
ထိုသို့သော မိသားစုမှာ ယဲ့ဖုန်းနိုင်ငံတွင်ပင် မထင်မရှား သေးငယ်သော မိသားစုတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
၎င်းက မြို့ငယ်လေးတစ်မြို့အတွက် သာမာန်ဖြစ်သော်ငြား အင်အားကြီး အဖွဲ့များသာ ဆန္ဒရှိပါက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
" ညီလေးလော .. မင်း နောက်နေတာတော့ မဟုတ်ဘူးမလား "
ဝေ့ထျန်းယီက လောရုံကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
လောရုံက သူ့အား လှည့်ဖျားနေသည်ဟု သူထင်နေမှာ မဆန်းချေ ။
လောရုံ သက်ပြင်းချလိုက်သည်။
" ကျုပ်က မင်းကို ဘာလို့နောက်ရမှာလဲ ။ ကျုပ်တို့ လောမိသားစုမှာ လက်ရှိ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး ။ ကျုပ် သုံးခဲ့တဲ့ သိုင်းပညာတွေက ကျုပ်တို့သခင်လေး လောထျန်း သင်ပေးထားတဲ့ ပညာတွေပဲ ။သခင်လေး လောထျန်းက အခု ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့် ၉ မှာ "
ထိုစကားကို ကြားသောအခါ အားလုံးဆီမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။
လောရုံ၏ မျက်လုံးများကို စိုက်ကြည့်နေသော ဝေ့ထျန်းယီက သူ အမှန်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်သည်။
သူ့မျက်လုံးထဲတွင် ယုတ်မာသည့် အငွေ့သက်တချို့ ဖြတ်ခနဲ ပြေးသွား၏။ ထို့နောက် သူက ပြုံး၍ ဆိုသည်။
" အဲ့လိုလား .. ဘိုးဘေးလဲမရှိ ၊ ကျောထောက်နောက်ခံလဲမရှိ .. "
ထို့နောက် သူက နောက်သို့ ရုတ်တရက်လှည့်ကာ ရထားပေါ်မှ ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးယောက်အား အော်ပြောလိုက်သည်။
" အဘိုးကြီး ယွီ ၊ ခင်ဗျားတို့အားလုံး အတူတူ တိုက်ခိုက်ကြ ။ ဒီကောင်နဲ့ သူတို့မိသားစုက သခင်လေးကို ခြေ လက်တွေ သုံးမရတော့အောင် လုပ်လိုက် ။ ကျန်တဲ့ကောင်တွေကိုတော့ အားလုံး သတ်ပစ်ဗျာ "
" ဟင် "
ထိုစကားကို ကြားသည်နှင့် အားလုံး ဆွံ့အသွားကြသည်။
ဝေ့ထျန်းယီက အဘယ့်ကြောင့် သူ့လူများကို ရုတ်တရက် တိုက်ခိုက်ခိုင်းနေရသနည်း ။
ဤလုပ်ရပ်က သဘောထား သေးသိမ်ညံ့ဖျင်းလွန်းရာ ကျလှပေသည်။
" ဒီကောင်က သဘောထား သေးသိမ်လို့ ခုလိုလုပ်တာ မဟုတ်ဘူး "
လူအုပ်ထဲမှ လုံယင့်ချုံက ဝေ့ထျန်းယီ၏ အတွေးကို ချက်ချင်း ရိပ်မိလိုက်သည်။
သူနှင့် လောရုံ ပြောနေသည့် စကားများကို နားထောင်ကာ လောမိသားစုအကြောင်းကို လုံယင့်ချုံ အကြမ်းဖျင်း နားလည်ခဲ့၏။
လောမိသားစုမှာ ကျောထောက်နောက်ခံ မရှိသည့် မိသားစုငယ်လေးတစ်ခုဖြစ်ပြီး ယခင်ကတည်းက အစွမ်းထက်သည့် ကျင့်ကြံသူလည်း ရှိမနေချေ။
ထို လောမိသားစုမှ လူငယ်လေးများက မကြာသေးခင်မှသာ ရုတ်တရက် အစွမ်းထက်လာကြခြင်းဖြစ်သည်။
သူတို့ အစွမ်းထက်လာရခြင်း၏ အကြောင်းရင်းက သူတို့၏ သခင်လေး လောထျန်းပင် ။
ထို့အပြင် လောထျန်းက အချိန်တိုအတွင်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာခဲ့ခြင်းဖြစ်ရာ သူ့ထံတွင် ထူးခြားသည့် ပစ္စည်းတစ်ခုခု ရှိနေသည်မှာ သေချာပေသည်။
အချိန်တိုအတွင်း လူတစ်ယောက်ကို ဤမျှအစွမ်းထက်လာအောင် လုပ်နိုင်သည့် ပစ္စည်းတစ်ခု ...
သိုင်းသမား သခင်ကြီး ကျီဝေ့၏ လျှို့ဝှက် အမွေအနှစ်ကပင် ထိုထက်ပို ကောင်းမည်မဟုတ်ချေ ။
ထို့ကြောင့်လည်း လောမိသားစုက သူတို့ကိုယ်သူတို့ ကာကွယ်ရန် လုံလောက်သည့် အစွမ်း ရှိမလာခင် ဝေ့ထျန်းယီက အခွင့်အရေးကို အမိအရဖမ်းကာ တိုက်ခိုက်၍ ထိုပစ္စည်းကို လုယူရန် ကြိုးစားခြင်းဖြစ်သည် ။
၎င်းက အဓိပ္ပါယ်ရှိသော နည်းတစ်ခုဟု ဆို၍ ရပေသည်။
" ဟုတ်ကဲ့ "
ထိုစဥ် ရထားလုံးပေါ်မှ ထုံရွှယ်အဆင့် ကျင့်ကြံသူလေးယောက်ကလည်း ဝေ့ထျန်းယီ၏ အကြံအစည်ကို ချက်ချင်းရိပ်မိကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
လောမိသားစု၏ လျှို့ဝှက်ပစ္စည်းက သူတို့အတွက် အဖိုးတန်လှသည် မဟုတ်ပါလား ။
ဘုန်း ..
ထိုလေးယောက်က သူတို့၏ ကိုယ်အရောင်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက တောတောင်တခွင်လုံးကို ဖိနှိပ်လိုက်သည်။
လေပြင်းတစ်ခုလည်း တိုက်ခတ်လာပြီး မိုးထိုးနေသည့် ရှေးဟောင်းသစ်ပင်များစွာပင် အမြစ်မှ ကျွတ်ထွက်သွားကြသည် ။ ကျောက်တုံးများလည်း နေရာအနှံ့ ဝဲပျံလာ၏။
လုံလောက်သည့် အစွမ်းမရှိသေးသည့် လူငယ်အချို့ဆိုလျှင် ထိုဖိအားကြောင့် သေသူသေ ၊ ဒဏ်ရာရသူ ရ ဖြစ်ကုန်ကြသည်။
ထုံရွှယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းက ကြောက်မက်ဖွယ် ကောင်းလှပေသည်။
" ကောင်လေး .. မင်းရဲ့ ခြေထောက်တွေကို အရင်ဖြတ်ပစ်မယ် "
ဝေ့မိသားစုမှ အဘိုးအိုက လောရုံကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ချီးပဲ .. ငါ့ရှေ့ကနေ ဖယ်စမ်းကွာ "
လောရုံ ဒေါသတကြီးအော်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော် ....
ဘုန်း ...
သူ့လက်သီးချက်၏ အစွမ်းကို ပြိုင်ဘက်က လက်တစ်ဖက်တည်းဖြင့် အေးအေးဆေးဆေး ချေဖျက်လိုက်၏ ။
သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့် ကွာဟမှုက ကြီးမားလှပေရာ လောရုံ၏ အစွမ်းက သူတို့အတွက် ပမွှားသာဖြစ်သည်။
" ဟား ဟား "
ဝေ့မိသားစုမှ အဘိုးအိုက လှောင်ရယ်လိုက်သည်။
အု ..
ခဏအကြာတွင်မူ ခပ်အုပ်အုပ် အသံတစ်သံ ထွက်လာပြီး သွေးစက်များ ပြန့်ကျဲသွားကာ လေထဲတွင် လက်တစ်ဖက် လွင့်လာသည်။
" အား .. "
နာကျင်စွာ အော်ဟစ်သံတစ်ခုလည်း မရှေးမနှောင်း ထွက်ပေါ်လာ၏။ ယဲ့ဖုန်းနိုင်ငံမှလူများ မကြည့်ရက်သဖြင့် မျက်လုံးများ မှိတ်ထားလိုက်ကြသည်။
" နောက်ဆုံးတော့ ..လောမိသားစု ဒုက္ခရောက်ရပြီပေါ့ကွာ "
" ငါတို့လဲ ဘာမှ မတတ်နိုင်ဘူး ။ သူတို့က ကိုယ့် အားနည်းချက်ကို သေချာ မဖုံးထားတဲ့အတွက် ခုလိုဖြစ်ရတာပဲ ။ သူတို့ လုံလောက်အောင် အစွမ်းမထက်သေးတာကိုပဲ အပြစ်တင်ရုံပေါ့ကွာ "
" သနားစရာပဲ .. အောင်မြင်တိုးတက်လာတော့မယ့် မိသားစုတစ်ခုက မမျှော်လင့်ဘဲ ခုလို အဆုံးသတ်မျိုးနဲ့ ကြုံလိုက်ကြရပြီ "
များစွာသော အကြီးအကဲများ ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် .. သူတို့ဘေးမှ လူငယ်လေးတစ်ယောက်က တုန်တုန်ယင်ယင် အော်ပြော၏။
" အကြီးအကဲတို့ .. ကြည့်လိုက်ဦး .. "
" မင်းက ဘာလို့ ကြည့်နေတာလဲ ။ လောရုံ ဘယ်လို ဒုက္ခရောက်နေလဲဆိုတာ ကြည့်နေတာလား "
အကြီးအကဲက ဆူလိုက်သည်။
လူငယ်လေးက ခေါင်းယမ်းကာ ပြော၏။
" မဟုတ်ဘူးဗျ ၊ ယွိလုံနိုင်ငံက လူကြီးရဲ့လက် .. "
အကြီးအကဲများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့အားလုံး အံ့သြတုန်လှုပ် ဆွံ့အသွား၏။
လောရုံသည် တိုက်ပွဲကွင်းပြင်အလယ်တွင် အထိအခိုက်မရှိဘဲ မားမားရပ်နေသည်။
အစောက သူ့အား တိုက်ခိုက်ခဲ့သည့် ထုံရွှယ်အဆင့် အဘိုးကြီးကမူ လက်တစ်ဖက် ပြတ်နေကာ ဒဏ်ရာမှ သွေးများ ဒလဟော စီးကျနေသည်။
" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ လောရုံက လုပ်လိုက်တာလား "
အကြီးအကဲက မေးလိုက်သည်။
" မဟုတ်ဘူးဗျ ၊ လောရုံမဟုတ်ဘူး ။ ဟိုလူ လုပ်လိုက်တာ "
လူငယ်လေးက လူတစ်ယောက်ကို ညွှန်ပြသည်။
အကြီးအကဲက သေချာစိုက်ကြည့်လိုက်ရာ လောရုံဘေးတွင် ရပ်နေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူမှာ လောထျန်းပင် ..
" သူက အဘိုးကြီးလက်ကို ဖြတ်လိုက်တာလား .. "
အကြီးအကဲ မယုံနိုင်စွာ မေးလိုက်သည်။
" ဟုတ်တယ်ဗျ ၊ သူပဲ ။ သူက လက်တစ်ဖက် ဝေ့ယမ်းလိုက်တာနဲ့ ဝေ့မိသားစုက လူကြီးရဲ့လက်က ပြတ်ထွက်သွားတာ "
လူငယ်က ပြောသည်။
" ဟင် .. "
အကြီးအကဲ မှင်သက်ဆွံ့အသွား၏။
ထိုအချိန်တွင် ကွင်းပြင်အလယ်မှ လက်တစ်ဖက် အဖြတ်ခံလိုက်ရသည့် လူကြီး၏ ဒဏ်ရာက ရုတ်တရက် သွေးတိတ်သွားသည်။သူက သူ့ရှေ့မှ လူငယ်လေးအား ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်၏။
" မင်းတော့လား "
သူ အံကြိတ်ကာ ကြုံးဝါးလိုက်သည်။
လောထျန်းက ထိုလူအား အေးစက်စက် ပြန်ကြည့်ကာ ပြော၏။
" ခင်ဗျားကြီးတို့က ကျုပ်ကို ကျီဝေ့လျှို့ဝှက်ဒေသထဲ မဝင်အောင် တားခဲ့ကြတာလေ ။ ဒါတောင် ကျုပ်က အထွန့်မတက်ဘဲ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်လုပ်ခဲ့တာပါ ။ ဒါပေမယ့် ကျုပ်တို့လဲ နိုင်ရော ခင်ဗျားတို့ရဲ့ သခင်လေးက အဖွဲ့ဝင်တွေခေါ်ပြီး ကျုပ်တို့ကို သတ်ခိုင်းပါရောလား ။ ခင်ဗျားကြီးတို့က ကျုပ်တို့ကို ပျော့စိနေတဲ့ တည်သီးလို ဆက်ဆံခဲ့ကြတာပဲ "
လောထျန်း၏ စကားကြောင့် ဝေ့မိသားစုမှ အဘိုးအို ရှူးရှူးရှားရှား ဖြစ်သွားသည်။
" ကောင်းကင်ဘုံက ပေးလာတဲ့ အခွင့်အရေးကောင်းဆိုတာ အစွမ်းထက်တဲ့ ပါရမီရှင်တွေနဲ့ပဲ ထိုက်တန်တာကွ ။ မင်းတို့ လောမိသားစုက ကိုယ့်ကိုကိုယ် ဘာထင်နေကြတာလဲ ။ ဒီလိုအဖိုးတန် ပစ္စည်းမျိုးက မင်းတို့မိသားစုမှာပဲ ရှိနေရင် ကောင်းကင်ဘုံကို စော်ကားရာ ကျသွားမှာပေါ့ ။ ငါတို့ ဝေ့မိသားစုက ကောင်းကင်ဘုံရဲ့ ဆန္ဒအရ မင်းတို့ကို တိုက်ခိုက်ရတာ ။ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးမနေစမ်းပါနဲ့ ကောင်လေးရာ ။ငါသာ အစောက သတိလက်လွတ် ဖြစ်မသွားဘူးဆိုရင် မင်းအလစ်ဝင်တိုက်တာကို တွေ့မှာပဲ ။ အဲ့ကျ မင်းငါ့အသားကို ထိလို့တောင် ရမှာမဟုတ်ဘူး "
ထိုစကားကို ကြားသောအခါ ဒေါသထွက်နေသည့် လောထျန်း အော်ရယ်မိသွားသည်။
" ကောင်းတယ်ကွာ .. ခုလို အရှက်မရှိတဲ့ စကားမျိုး မကြားရတာတောင် တော်တော်ကြာနေပြီ။ အခု ခင်ဗျားကြီးတို့က လောမိသားစုကို သတ်ပြီး ကျုပ်တို့မှာ ရှိထားတဲ့ ပစ္စည်းကို ယူချင်တယ်ပေါ့ .. ဟုတ်လား ။ ကောင်းပြီလေ .. ခင်ဗျားတို့ လေးယောက်လုံး လာလိုက်ပါ ။ ကျုပ်နဲ့ ရှင်းကြတာပေါ့ "
ဝေ့မိသားစုမှ အဘိုးအိုက ကျန်သုံးယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
" ဟေ့ အားလုံး ဒီကောင့်ကို လာသတ်ကြ "
" ကောင်းပြီ "
ကျန်သုံးယောက်ကလည်း တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
ထုံရွှယ်အဆင့် သူတို့ လေးယောက်အစွမ်းနှင့် ဆိုပါက လောထျန်းကို ရှုံးနိမ့်စရာ ဘာအကြောင်းမှ မရှိပေ ။
ဘုန်း ..
ချက်ချင်းပင် လေးယောက်လုံးက လောထျန်းအား နေရာစုံမှ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။
ထိုလူကြီး လေးယောက်၏ ကိုယ်အရောင်အဝါက ကောင်းကင်နှင့် မြေကြီးသို့ပင် ထိနေပြီး နတ်ဆိုးလေးပါးအလား လောထျန်းကို တစ်ချက်တည်းဖြင့် သတ်ရန် အသင့်ဖြစ်နေကြသည်။
" အကိုလောထျန်း .. သတိထားပါ "
ခပ်လှမ်းလှမ်းမှ လောချန်က စိတ်ပူနေသည့် မျက်နှာဖြင့် အော်လိုက်သည်။
လောထျန်းသည် သူတို့ ကွေ့ယွမ်ဂိုဏ်း၏ ဦးစားပေး ဧည့်သည်တစ်ယောက် ဖြစ်ပေသည်။
လောထျန်းသည် အလွန်အစွမ်းထက်ကြောင်း သူ သိထားသည့်တိုင် ထုံရွှယ်အဆင့် ကျင့်ကြံသူ လေးယောက်နှင့် တစ်ပြိုင်တည်း ရင်ဆိုင်ရန်မှာ ဖြစ်နိုင်မည်ဟု သူ မထင်ပါ ။
သို့သော် ..
" ကောင်းကင်ဘုံ လက်ဝါးသိုင်း .. "
လောထျန်းက လက်တစ်ဖက်ကို သူ့အိတ်ကပ်ထဲတွင် ထည့်ကာ ကျန်လက်တစ်ဖက်ကို မြှောက်လိုက်သည်။
သူ့ခေါင်းပေါ်၌ ရွှေရောင် ဧရာမ လက်ကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။
ဖုန်း ... ဖုန်း ... ဖုန်း ... ဖုန်း ...
ထိုလက်ကြီးက ထုံရွှယ်အဆင့် ကျင့်ကြံသူလေးယောက်အား မထူးခြားဟန်ဖြင့် တစ်ချက်စီ ရိုက်လိုက်သည်။ ထိုလေးယောက်မှာ ချက်ချင်းပင် အသားလုံးများအဖြစ်သို့ ပြောင်းသွား၏။
၎င်းက ယင်ကောင်များကို ယပ်တောင်တစ်ချောင်းဖြင့် ရိုက်လိုက်သည့်အလား ရိုးရှင်းလှ၏။
သို့သော် ထုံရွှယ်အဆင့် ကျင့်ကြံသူ လေးယောက်ကမူ ရုပ်ပင် မမှတ်မိနိုင်တော့သည်အထိ ဖြစ်သွားခဲ့ရသည်။
ထိုတခဏတွင် အားလုံး တိတ်ဆိတ်သွားလိုက်သည်မှာ အပ်ကျသံပင် ကြားရလုမတတ် ဖြစ်သည်။
အားလုံးမှာ ကိုယ့်မျက်စိကို မယုံနိုင်ဘဲ ပါးစပ်အဟောင်းသား ရပ်နေကြ၏။