အခုမှ စတာလေ .. ဘာလို့ သေသွားရတာလဲ
Vol. 4 Ch. 56
လောထျန်း၏ စကားဆုံးသည်နှင့် သူ့လက်ထဲမှ သစ်ကိုင်းခြောက်က ရှည်လျားသော သက်တန့်တစ်ခု အဖြစ် ပြောင်းသွားပြီး ဝေ့ပုဒေါက်ဆီသို့ တိုးဝင်သွားသည် ။
" သေစမ်းကွာ "
ဝေ့ပုဒေါက်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည် ။
လောထျန်းက အလွန်လျင်မြန်လှသဖြင့် သူ တိမ်းရှောင်ရန်ပင် အချိန်မရလိုက်ပါချေ။
ဘုန်း ..
သက်တန့်ရှည်ကြီးက ဝေ့ပုဒေါက်၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားပြီး သူ့ကိုယ်တွင် အပေါက်ကြီး ဖြစ်သွား၏။
" အဘိုး .. "
ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ဝေ့ထျန်းယီမှာ ထိုအခြင်းအရာကို မြင်သည်နှင့် မျက်နှာချက်ချင်း ပျက်သွားသည်။
သူအားကိုးရသည့် အစွမ်းအထက်ဆုံးသူက ရှုံးနိမ့်သွားခဲ့လေပြီ ။
၎င်းက ကိုယ်ပွားပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ကွေ့ရှအဆင့်ရှိသည့် ပုံရိပ်တစ်ခုဖြစ်သည်။
" မင်း .. "
ဝေ့ပုဒေါက်က သူ့ရင်ဘတ်မှ ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းတန်းအဖြစ် တဖြည်းဖြည်း ပြောင်းသွားပြီး စတင် ပျောက်ကွယ်လာ၏။
ကိုယ်ပွားပုံရိပ် ဖျက်ဆီးခံလိုက်ရလေပြီ ။
သူ့ ကိုယ်ပွားပုံရိပ်က ယဲ့ဖုန်းနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ဖျက်ဆီးခံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါ ။
လောထျန်းမှာလည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
" ဟေ့လူကြီး .. မသေနဲ့ဦးလေ ၊ ကျုပ် စမ်းကြည့်ချင်တဲ့ သိုင်းကွက်တွေ အများကြီး ရှိသေးတယ် ။ ခင်ဗျား မသေခင် နောက်ထပ် သိုင်းကွက်နှစ်ကွက်လောက် ထပ်ခံလို့ ရသေးလား ။ အများကြီး မဟုတ်ပါဘူးဗျာ .. သိုင်းကွက် နှစ်ကွက်လောက်ပဲ .. ဒါမှမဟုတ်ရင်လဲ တစ်ကွက်တည်းဆိုလဲ ဖြစ်တယ် "
လောထျန်းက အသည်းအသန် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ဝေ့ပုဒေါက် မျက်မှောင်ကြုံ့သွား၏။
သူ့ခန္ဓာကိုယ်အစစ်မှာ မိုင်ပေါင်း သောင်းချီဝေးသည့် နေရာတွင် ရှိနေပြီး ဒေါသထွက်လွန်းသဖြင့် သူ့ပါးစပ်မှ သွေးများပင် ထွက်ကျလာသည်။
ထိုကောင်လေးက သူ့အစွမ်းသူ စမ်းသပ်နေသည်တဲ့လား .. ။
သူ အသုံးချခံ ဖြစ်သွားခဲ့သည်လား ..
ဝေ့ပုဒေါက်ထံမှ မည်သည့်တုန့်ပြန်မှုကိုမှ မမြင်ရသောအခါ လောထျန်းက ဝေ့ထျန်းယီဆီသို့ သွားလိုက်ပြီး လက်သီးဖြင့် နှစ်ချက်ထိုးလိုက်သည်။ ဝေ့ထျန်းယီမှာ ထိုလက်သီးချက်ကြောင့် သေလုမျောပါးပင် ဖြစ်သွား၏။
" မင်းဆီမှာ ကျောက်စိမ်းအဆောင်တွေ ထပ်မရှိတော့ဘူးလား ။ နောက်ထပ် ကိုယ်ပွားပုံရိပ်တစ်ခု ငါဆီ မြန်မြန်ခေါ်ပေးစမ်းပါ ။ငါ သိုင်းကွက်တွေ သုံးလို့ မပြီးသေးဘူး "
လောထျန်းက ဒေါသတကြီး ပြောလိုက်သည်။
" ငါ .. ငါ့မှာ ဘာမှ မကျန်တော့ဘူး "
ဝေ့ထျန်းယီမှာ ငိုချလုမတတ်ပင် ဖြစ်နေ၏။
ဘာတွေ ဖြစ်နေပါသနည်း ။
ယဲ့ဖုန်းနိုင်ငံတွင်မဆိုထားဘိ ၊ ယွိလုံနိုင်ငံတွင်ပင် ဘိုးဘေး၏ ကိုယ်ပွားပုံရိပ် ရှိသည်ဟု ပြောလိုက်သည်နှင့် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်ချည်းသာ ဖြစ်သည်။
သို့သော် သူ့ရှေ့မှ လောထျန်းက ဘိုးဘေး၏ ကိုယ်ပွားပုံရိပ်ကို အတင်းခေါ်ခိုင်းနေ၏။
" မရှိဘူး ဟုတ်လား .. ဘိုးဘေး ကိုယ်ပွားပုံရိပ်တောင် မရှိဘူးဆိုတော့ .. မင်းက တော်တော် သုံးစားမရတာပဲ "
လောထျန်း အလွန်ဒေါသထွက်သွားသည်။
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ စကားမဆိုနိုင်ဘဲ ဆွံ့အနေ၏။
ထိုစဥ် တစ်ဖက်မှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဝေ့ပုဒေါက် မှာလည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် ဒေါသအလွန်ထွက်သွားသည်။
" ကောင်လေး .. ငါ့မြစ်ကို လွတ်ပေးလိုက် ။ မဟုတ်လို့ကတော့ မင်းတို့ လောမိသားစုဝင်တွေအားလုံးကို သူနဲ့အတူ မြေမြှုပ်ပစ်မယ် "
ဝေ့ပုဒေါက်က ဒေါသတကြီး ပြောလိုက်သည်။
" ဟင် .. လောမိသားစုက လူတွေကို သူနဲ့အတူ မြေမြှုပ်ပစ်မယ် .. ဟုတ်လား "
လောထျန်းက ဝေ့ပုဒေါက်ဘက်သို့ ချက်ချင်း လှည့်လိုက်သည်။
ဝေ့ပုဒေါက်က အေးစက်စက် ဆက်ပြော၏။
" ငါရဲ့ ခန္ဓာကိုယ်အစစ်က မကြာခင် ယဲ့ဖုန်းနိုင်ငံကို ရောက်လာလိမ့်မယ် ။ ငါ့ မြစ်လေး ဒဏ်ရာထပ်ရထားတာ တွေ့တာနဲ့ မင်းတို့ လောမိသားစုကို ဖျက်ဆီးပစ်မယ် "
လောထျန်းက ဝေ့ပုဒေါက်ကို စေ့စေ့ကြည့်ကာ ဝေ့ထျန်းယီသို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။
ဘုန်း ...
မကြာခင်မှာပင် ဝေ့ထျန်းယီ၏ ခေါင်း ပေါက်ကွဲထွက်သွားတော့သည်။
" ဟင် .. "
ဝေ့ပုဒေါက်၏ မျက်လုံးများ ပြူးကျယ်သွား၏။
လောထျန်းက ထိုသို့ လုပ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။
" ဝေ့ပုဒေါက် .. ခင်ဗျားကြီး သတ္တိရှိရင် ကျုပ်ကို ကြိုက်တဲ့အချိန် လာသတ်လိုက်ပါ ။ ခင်ဗျား မလာရဲဘူး ဆိုရင်တော့ ကျုပ်က ဝေ့မိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ် "
လောထျန်းက အေးစက်စက် ပြန်ပြောသည်။
" မင်း .. စောင့်နေလိုက် "
ဝေ့ပုဒေါက်၏ မျက်လုံးများက နီရဲနေ၏ ။
သူ ထိုသို့ ပြောပြီးသည်နှင့် ကွေ့ရှအဆင့်ရှိ သူ့ကိုယ်ပွား ခန္ဓာကိုယ်က အစအနပင် မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည် ။
ထိုတခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေ၏။
အားလုံး အံ့သြမှင်သက်ကာ ဆွံ့အနေကြသည်။
ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူတို့ နားမလည်နိုင်တော့ပေ ။
ကွေ့ရှအဆင့် ...
ထိုအဆင့်နှင့် အစွမ်းထက် ကျင့်ကြံသူမျိုး ယဲ့ဖုန်းနိုင်ငံတွင် မပေါ်လာသည်မှာ နှစ်ပေါင်း ငါးရာကျော် ကြာသွားခဲ့လေပြီ ။
ယခု ဝေ့ပုဒေါက်၏ ကွေ့ရှအဆင့် ကိုယ်ပွားပုံရိပ်က လောထျန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
သို့ဆိုလျှင် ....
လောထျန်းသည်လည်း ကွေ့ရှအဆင့် ရှိသည်လား ...
ထိုဖြစ်နိုင်ချေကို တွေးမိလိုက်သည်နှင့် အားလုံး၏ လောမိသားစုကို ကြည့်သောအကြည့်များ ပြောင်းသွားကြသည်။
ယဲ့ဖုန်းနိုင်ငံတွင် ထုံရွှယ်အဆင့် ကျင့်ကြံသူ သုံးယောက်ရှိလျှင်ပင် ပထမတန်းစား အဖွဲ့တစ်ခု ဖြစ်သွားပြီဖြစ်သည်။
ကွေ့ရှအဆင့်သာ ဆိုပါက ...
လောမိသားစုသည် လက်ရှိတွင် ယဲ့ဖုန်းနိုင်ငံ၏ နံပါတ် ၁ အဆင့် အဖွဲ့တစ်ခု ဖြစ်နေသည်မှာ ယုံမှားဖွယ် မရှိပါချေ ။
သို့သော် .. ထိုအချိန်ထိတိုင် လောထျန်းက စိတ်ဓာတ်ကျပုံ ပေါက်နေ၏။
" သေစမ်းကွာ .. ခုမှ ကွေ့ရှအဆင့် ကျင့်ကြံသူနဲ့ တွေ့ရတာကို ။ ငါ စမ်းကြည့်ချင်တဲ့ သိုင်းကွက်တွေ အများကြီး ကျန်နေသေးတယ် ။ သူ ခုလို လွယ်လွယ်နဲ့ ရှုံးသွားလိမ့်မယ်လို့ ဘယ်ထင်ထားမိမလဲကွာ ။ အခုတော့ ငါ့ကိုယ်ပိုင်အစွမ်းက ဘယ်လောက်ရှိတယ်ဆိုတာတောင် မသိလိုက်ရဘူး "
ထို့နောက် သူက နောက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းမှ ဟန်ဝမ်ကျိုးကို တွေ့သွားသည် ။
ထိုအချိန်တွင် ဟန်ဝမ်ကျိုးမှာ သတိလစ်နေသည့် ထန်တျောင်လုံကို ပွေ့ထားကာ တိတ်တဆိတ် ထွက်ပြေးရန် ပြင်နေချိန်ဖြစ်သည်။
သို့သော် လောထျန်းက သူ့အား ကြည့်နေသည်ကို မြင်လိုက်သည်နှင့် သူ့ဆံပင်မွှေးများ ထောင်သွား၏။
" အကိုကြီး .. ကျုပ် အစောက ဂုဏ်မောက်ပြီး အကိုကြီးနဲ့ ယဲ့ဖုန်းနိုင်ငံကို စော်ကားခဲ့မိပါတယ် ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ "
လောထျန်းဆိုသည့်လူသည် ဝေ့ပုဒေါက်၏ ကိုယ်ပွားပုံရိပ်ကိုပင် သတ်ဖြတ်ခဲ့သူ မဟုတ်ပါလား ။
အမှန်တွင်မူ ဝေ့ထျန်းယီက ထုံရွှယ်အဆင့် အစောင့်အရှောက်များအား လောထျန်းကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့စဥ်က သူသည်လည်း သူ့ကိုယ်ပိုင် ထုံရွှယ်အဆင့် အစောင့်များကို လောထျန်းအား ဖမ်းခေါ်ခိုင်းရန် စဥ်းစားလိုက်သေး၏။
သူသည်လည်း အခွင့်ရေးကောင်းတစ်ခုကို လက်လွတ်မခံနိုင်သူဖြစ်ရာ ၎င်းက သဘာဝကျပေသည်။
သို့သော် သူက ဝေ့ထျန်းယီထက် အနည်းငယ် နောက်ကျသွားခဲ့ခြင်းကြောင့်သာ ထိုအစီစဥ်ကို အကောင်ထည် မဖော်လိုက်နိုင်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ သူအနည်းငယ် နောက်ကျသွားခဲ့သည်ကပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။
သို့မဟုတ်ပါက ယခုဆိုလျှင် သူ သေနေလောက်လေပြီ ။
ဟန်ဝမ်ကျိုး ထိုသို့ စဥ်းစားနေစဥ်မှာပင် လောထျန်းက သူ့ဆီသို့ လျှောက်လာ၏ ။
လောထျန်း၏ ခြေသံကို ကြားသည်နှင့် မိုးကြိုးလျှပ်စီးများက သူ့အား လာပစ်နေသကဲ့သိူ့ ဟန်ဝမ်ကျိုး ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးလည်း ဇောချွေးများ ပျံလာ၏။
" ဟေ့ .. မင်းဆီမှာရော ဘိုးဘေးရဲ့ ကိုယ်ပွားတွေဘာတွေ မရှိဘူးလား ။ ရှိရင် မြန်မြန်ခေါ်လိုက်စမ်းပါ ။ ငါ သူ့ကို တိုက်ခိုက်ချင်လို့ "
လောထျန်းက ပြောလိုက်သည်။
" ဟင် "
ဟန်ဝမ်ကျိုး အံ့သြတုန်လှုပ်သွား၏။
ထို တောင်းဆိုမှုကို သူ နားမလည်နိုင်ပေ ။
လောထျန်းက မျက်မှောင်ကြုံ့ကာ အေးစက်စက် ထပ်ပြောလိုက်သည်။
" ငါ ပြောတာ မကြားဘူးလား ၊ မြန်မြန် ခေါ်လိုက်လေ "
ထိုအချိန်မှသာ ဟန်ဝမ်ကျိုး အသိဝင်လာပြီး ချက်ချင်းခေါင်းငုံ့၍ ပြောလိုက်သည်။
" ကျုပ်မှာ အဲ့လိုအဆောင် မရှိဘူး "
အနီးနား ပတ်ဝန်းကျင်မှ အပူချိန်က တမဟုတ်ချင်း လျော့ကျသွား၏ ။
ဟန်ဝမ်ကျိုး တစ်ကိုယ်လုံး တုန်ယင်လာကာ ထပ်ပြောလိုက်သည်။
" အကိုကြီး .. ကျုပ်မှာ တကယ်မရှိတာပါဗျာ ။ ကျုပ် မလိမ်ပါဘူး ။ ဝေ့ထျန်းယီက ဝေ့မိသားစုရဲ့ သခင်လေးပါ ။ ကျုပ်နဲ့ ထန်တျောင်လုံတို့ကျတော့ ယွိလုံနိုင်ငံ၊ ထျန်းဟယ်ဂိုဏ်းရဲ့တပည့်အဆင့်ပဲ ရှိပါတယ် ။ ဝေ့ထျန်းယီနဲ့ ကျုပ်တို့က အစွမ်းချင်း မကွာဘူး ဆိုပေမယ့် မိသားစု ဂုဏ်အခြေအနေချင်းမှာတော့ ကျုပ်တို့က သူနဲ့ မယှဥ်နိုင်ပါဘူး ။ ကျုပ်တို့ဆီမှာ ဘယ်လိုလုပ်ပြီး သူ့လို ဘိုးဘေးကိုယ်ပွားပုံရိပ် ကို သယ်လာနိုင်ပါ့မလဲဗျာ "
ထိုစကားကို နားထောင်ပြီးသွားသောအခါ သူပြောသည်မှာ မမှားကြောင်း သိသွားသဖြင့် လောထျန်း ဆက်မမေးတော့ဘဲ ထားလိုက်သည်။
ထိုအချိန်မှသာ သူ့ကိုယ်ပေါ် ဖိနှိပ်ထားသည့် ဖိအားက လျော့ကျသွားပြီး ဟန်ဝမ်ကျိုး သက်ပြင်းချလိုက်သည်။
ထို့နောက် လောထျန်းက လောချန်ဘက် လှည့်ကြည့်ကာ ပြောလိုက်၏။
" ဒါဆို အခု အားလုံးလဲ အဆင်ပြေသွားပြီဆိုတော့ ကျီဝေ့လျှို့ဝှက်ဒေသကို ဖွင့်လိုက်ကြတာပေါ့ "
" အ .. ဟုတ်ကဲ့ "
အံ့သြမှင်သက်နေသည့် လောချန်မှာ ထိုအချိန်မှသာ အသိပြန်ဝင်လာသည်။
ထို့နောက် သူက သူ့လက်မောင်းမှ ကဒ်ပြားတစ်ခုကို ထုတ်ယူကာ စိတ်စွမ်းအင်များ ပို့လွှတ်လိုက်သည်။
ချက်ချင်းပင် တောင်များနှင့် မြစ်များ တလက်လက်တောက်ပလာပြီး အရပ်မျက်နှာပေါင်းစုံမှ အလင်းတန်းများ ထွက်ပေါ်လာ၏။
နောက်ဆုံးတွင်မူ ထိုအလင်းတန်းမှားက လောချန်ရှေ့တွင် တံခါးပုံတစ်ခုအဖြစ် စုစည်းသွားသည်။ ၎င်းက ကျီဝေ့လျှို့ဝှက်ဒေသ၏ ဝင်ပေါက်ပင် ။
" သခင်လေးလောထျန်း ၊ ကျီဝေ့လျှို့ဝှက်တံခါးပေါက် ပွင့်သွားပါပြီ ။ ဒီတံခါးက သုံးရက်တိတိ ပွင့်နေလိမ့်မယ် ။ သုံးရက်ပြည့်သွားရင်တော့ တံခါးပိတ်သွားပြီး အထဲမှာ ရှိနေတဲ့သူတွေအားလုံး တည်နေရာရွှေ့ပြောင်းခံရပြီး အပြင်ရောက်လာလိမ့်မယ် "
" ဒီလျှို့ဝှက်ဒေသထဲမှာ အဖိုးတန် ရတနာတွေ ပေါင်းစုံရှိတယ် ။ ဒါပေမယ့် အများစုကတော့ စိတ်စွမ်းအင်စုဆောင်းခြင့် အဆင့်မှာပဲ ။ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် နဲ့ ကောင်းကင်ထိန်းချုပ်အဆင့်မှာတော့ ရတနာတွေ နဲနဲလေးပဲ ရှိတယ် "
" ပြီးတော့ လျှို့ဝှက်ဒေသထဲမှာ သားရဲတွေ .. ဝိဥာဥ် တွေလို အန္တရာယ်များတဲ့ အရာတွေလဲ ရှိတယ်ဗျ ။ ဒါပေမယ့် သခင်လေးအတွက်တော့ ဘာမှ အန္တာယ်ရှိမှာ မဟုတ်ပါဘူး ။ ဒါနဲ့ သခင်လေး လိုချင်တဲ့ သဘာဝစိတ်စွမ်းအင် သလင်းကျောက်က နေရာတော်တော်များများမှာ ရှိတယ် ။ ကျုပ် သခင်လေးအတွက် မြေပုံမှာလဲ နေရာတွေ မှတ်ထားပေးတယ် "
လောချန်က ပြောပြောဆိုဆို ကျီဝေ့လျှို့ဝှက်ဒေသ၏ မြေပုံအား လောထျန်းလက်ထဲ ထည့်ပေးလိုက်သည်။
လောထျန်းက မြေပုံကို ကြည့်ကာ ခေါင်းညိတ်၏။
" သေချာစဥ်းစားပြီး လုပ်ပေးထားတာပဲ၊ ကျေးဇူးတင်ပါတယ် "
လောချန်က ပြုံး၍ ပြောသည် ။
" သခင်လေးက အရမ်း ယဥ်ကျေးလွန်းနေပါပြီဗျာ ။ တခြား ဘာများ တောင်းဆိုချင်တာ ရှိသေးလဲ "
လောထျန်း ခေါင်းယမ်းလိုက်သည်။
" ဘာမှ မရှိတော့ပါဘူး ။ လောမိသားစုဝင်တွေ .. ငါနဲ့ လိုက်ခဲ့ကြ "
ထိုသို့ ပြောပြီးသည်နှင့် သူက ကျီဝေ့လျှို့ဝှက်ဒေသထဲသို့ ပထမဆုံး ဝင်သွားလိုက်သည်။
စာစဉ်ပြီး၏