ဆေးကြောသန့်စင်ပေးခြင်း
Vol. 135 Ch. 2011
သေးငယ်သောရွှေရောင်မီးတောက်က ဤမျှထိကြောက်စရာကောင်းနေသည်မှာ သူထုတ်ဖော်လိုက်သည့် အမြုတေစိတ်ဝိညာဥ်မီးတောက်ကြောင့် မဟုတ်ဘူးဆိုတာ သူသိထား၏။
အဲ့ဒါကို အမြုတေစိတ်ဝိညာဥ်မီးတောက်ဟုပင် မခေါ်ဆိုနိုင်ပေ။ အလွန်ဆုံး အဲ့ဒါက အမြုတေစိတ်ဝိညာဥ်မီးပွားတစ်ခုသာဖြစ်ပြီး သုံးစား၍မရနိုင်သလောက်နီးပါးပင်။
သို့သော်လည်း သူ၏ မီးပွားသည် မီးအိမ်ထဲရှိ ပါးလွှာသော ဆီအလွှာကို ထွန်းညှိပေးလိုက်သောကြောင့် အဲ့ဒါက ဝိညာဥ်မီးအိမ်၏ စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်၏။
သို့သော်လည်း အဲ့ဒီဆီက ဘယ်ကနေရောက်လာတာလဲ။
သူသည် ဝိညာဥ်မီးအိမ်ကို အရင်ဆုံးရရှိခဲ့စဥ်က အဲ့ဒီမှာ မည်သည့်ဆီမှမရှိဘဲ အဲ့ဒီနေရာမှာ ဝိညာဥ်ဟူသော စာလုံးကိုသာလျှင် တွေ့မြင်ခဲ့ရ၏။
ဒါ့အပြင် မီးအိမ်ထဲမှာ ဆီရှိခဲ့မည်ဆိုလျှင်တောင် အဲ့ဒါက နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် ခန်းခြောက်သွားရပေလိမ့်မည်။
ဆူဇီမိုသည် ဝိညာဥ်မီးအိမ်ကိုစိုက်ကြည့်ပြီး လေးနက်စွာစဥ်းစားတွေးတောလိုက်၏။
ခဏနေပြီးနောက် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာ၏။
ဝိညာဥ်...။
အနက်ရောင်ဝတ်အဖိုးအိုက သူ၏ လက်ကို အချိန်မီဖြတ်တောက်ခဲ့သော်လည်း သူ၏ ဝိညာဥ်အများစုက ဝိညာဥ်မီးအိမ်၏ စုပ်ယူခြင်းကိုခံလိုက်ရဆဲဖြစ်၏။
ထိုဝိညာဥ်များက ဝိညာဥ်မီးအိမ်ထဲမှာ ဝိညာဥ်ဆီကို ဖြစ်လာစေခြင်းပင်။
အဲ့ဒါသည် ဝိညာဥ်များကနေစုဖွဲ့ထားသည့် မီးအိမ်ဆီဖြင့်သာလောင်ကျွမ်းနိုင်သည့် ရှေးဟောင်းရှေးမီးအိမ်တစ်လုံးဖြစ်၏။
ထို့ကြောင့်ပင်လျှင် ဤမီးအိမ်က ဝိညာဥ်မီးအိမ်ဟူသောအမည်ကိုရရှိထားခြင်း ဖြစ်ပေလိမ့်မည်။
ဆူဇီမိုကို တုန်လှုပ်သွားစေသည်က ထိုအရာမျှသာ မဟုတ်ပေ။
ဝိညာဥ်မီးအိမ်၏ မီးတောက်က အနက်ရောင်ဝတ်အဖိုးအို၏ ဝိညာဥ်ကို လောင်ကျွမ်းစေခဲ့၏။
သို့သော်လည်း ဘေးပတ်ဝန်းကျင်လေဟာနယ်ထဲမှာ ရင်းနှီးနေကျမျက်နှာများက ပေါ်ထွက်လာခဲ့လေသည်။
ထိုမျက်နှာများသည် ဆက်လက်၍ ကြောက်မက်ဖွယ်ရာမကောင်းတော့ပေ။ သူတို့သည် လူသားပုံစံများအဖြစ် ပြောင်းလဲသွားပြီး ဝိညာဥ်မီးအိမ်ရှိရာဘက်သို့ အလေးအနက်ဦးညွှတ်ကာ ဆူဇီမိုကိုလည်း ကျေးဇူးတင်စွာကြည့်၍ ဦးညွှတ်လိုက်၏။
ထို့နောက် ထိုမျက်နှာများက လုံးဝပျောက်ကွယ်သွား၏။
ဆူဇီမိုသည် အရာရာတိုင်းကို ငေးငိုင်စွာကြည့်ရင်း နားလည်သဘောပေါက်လာခဲ့၏။
ပြီးခဲ့သည့်နှစ်များအတွင်း အနက်ရောင်ဝတ်အဖိုးအိုသည် ဤအဆင့်ထိကျင့်ကြံဖို့အတွက် မရေမတွက်နိုင်သောဝိညာဥ်များကို ဝါးမျိုခဲ့ပေလိမ့်မည်။ ထိုဝိညာဥ်များသည် အနက်ရောင်ဝတ်အဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရပြီး ပြန်လည်ဝင်စားခြင်းလမ်းကြောင်းသို့ မဝင်ရောက်နိုင်တော့ပေ။
သို့သော် ယခု... အနက်ရောင်ဝတ်အဖိုးအိုက ဝိညာဥ်မီးအိမ်ကြောင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံခဲ့ရပြီး သူဝါးမျိုခဲ့သော ဝိညာဥ်များက ဆေးကြောသန့်စင်ခြင်းကို ခံရကာ လွတ်မြောက်မှုကို ပြန်လည်ရရှိသွားခြင်းနှင့် တူညီလေသည်။
ထို့ကြောင့်ပင်လျှင် ထိုဝိညာဥ်များက ဝိညာဥ်မီးအိမ်ကိုဦးညွှတ်ပြီး သူ့ထံသို့ သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြခဲ့ခြင်းဖြစ်၏။
ထိုအခိုက်အတန့်မှာ ဝိညာဥ်မီးအိမ်က ဆက်လက်၍လောင်ကျွမ်းနေဆဲဖြစ်၏။
ရွှေရောင်မီးတောက်က အလွန်တရာသေးငယ်သော်လည်း အဲ့ဒါက ဘယ်တော့မှမငြိမ်းသေနိုင်သည့်ပုံဖြင့် ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
တကယ်တော့... ဆူဇီမိုသည်လည်း ဝိညာဥ်မီးအိမ်၏ မီးတောက်အလင်းရောင်ထဲမှာ မတ်တတ်ရပ်နေ၏။
သို့သော်လည်း ဝိညာဥ်မီးအိမ်၏ စွမ်းအားက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပျက်စီးထိခိုက်မှုမရှိစေသည့်ပုံပင်။
ဆူဇီမိုသည် ထိုအကြောင်းအရင်းကိုလည်း အတည်ပြုနိုင်ခြင်း မရှိပေ။
အဲ့ဒါသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်မီးတောက်က ဝိညာဥ်မီးအိမ်ကို ထွန်းညှိပေးခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။
ထို့ကြောင့်ပင်လျှင် မီးတောက်၏ အလင်းရောင်က သူ့ကိုမထိခိုက်စေခြင်းဖြစ်ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုပင်လျှင် အဲ့ဒါကို မဝါးမျိုနိုင်ဘူးဆိုပါက ဤဝိညာဥ်မီးအိမ်ကဲ့သို့ ဓမ္မရတနာတစ်ခုသည် အသိစိတ်ကို ရရှိနေခဲ့သည်မှာ ကြာနေခဲ့ပေလိမ့်မည်။
ဝိညာဥ်မီးအိမ်သည် ယခင်... သူထံမှ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အော်ရာကို အာရုံခံမိသွားသောကြောင့် သူ့ကို ထိခိုက်အောင်မပြုလုပ်ခြင်းလည်း ဖြစ်နိုင်လေသည်။
သို့သော်လည်း သူက ဤမီးအိမ်ကို ယခုအချိန်ထိ အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုတာ ဆူဇီမိုက သိလေသည်။
သူ၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင်မမြင့်မားသောကြောင့်လား သို့မဟုတ် သူ၏ အမြုတေစိတ်ဝိညာဥ်က လုံလောက်အောင် သိပ်သည်းကျစ်လစ်မှုမရှိသောကြောင့်လား မပြောတတ်ပေ။
မည်သို့ပင်ဆိုစေ... သူသည် ဝိညာဥ်မီးအိမ်ကို ထိတွေ့ဖို့ကြိုးစားစဥ်... သန်မာသော အန္တရာယ်သတိပေးချက်ကို ခံစားမိနေဆဲ ဖြစ်၏။
တကယ်တော့... ဆူဇီမိုကလည်း အလောတကြီးရှိမနေပေ။
သူသည် အနာဂတ်မှာ ဤဝိညာဥ်မီးအိမ်၏ လျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်း ရှာဖွေဖော်ထုတ်ဖို့အတွက် သူ့မှာအချိန်နှင့် အခွင့်အလမ်းများစွာရှိနေသေး၏။
သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီးနောက် အဲ့ဒါကိုမရှာဖွေနိုင်ဘူးဆိုလျှင် သူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာသည့်အခါ ထပ်မံ၍ ကြိုးစားကြည့်ရပေမည်။ တစ်နေ့မှာ... သူသည် ဤဝိညာဥ်မီးအိမ်ကို လုံးဝထိန်းချုပ်နိုင်ရပေမည်။
ယခုအချိန်ထိ ဝိညာဥ်မီးအိမ်ကို သူ၏ ဝှက်ဖဲတစ်ခုအဖြစ် မဆိုနိုင်ဘဲ အဲ့ဒါက သူ့ကို အကူအညီများစွာပေးနိုင်လိမ့်မည်လည်း မဟုတ်ပေ။။
အကြောင်းမှာ သူသည် ဝိညာဥ်မီးအိမ်ကို မထိန်းချုပ်နိုင်ဘဲ သူ၏ ဝတ်ရုံစဖြင့်သာ အဲ့ဒါကို လိပ်ယူနိုင်သောကြောင့်ဖြစ်၏။ အခြားသူများအနေဖြင့် အဲ့ဒါကိုဖြေရှင်းဖို့က အရမ်းကိုလွယ်ကူလေသည်။
မည်သည့်အင်မော်တယ်ပညာရပ် သို့မဟုတ် နတ်ဘုရားစွမ်းအား သို့မဟုတ် ဓမ္မရတနာမဆို ဝိညာဥ်မီးအိမ်ကို လွင့်စင်ထွက်သွားစေနိုင်၏။
အနက်ရောင်ဝတ်အဖိုးအိုက ဝိညာဥ်မီးအိမ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူက အငိုက်မိသွားခဲ့သောကြောင့်ဖြစ်၏။
ဒါ့အပြင်... အနက်ရောင်ဝတ်အဖိုးအိုသည် တစ္ဆေအင်မော်တယ်တစ်ကောင်ဖြစ်ပြီး သူ့ကို ဝိညာဥ်များသက်သက်ဖြင့် ဖွဲ့စည်းထား၏။ သူ့လက်ထဲရှိတောင်ဝှေးကိုပင်လျှင် ဝိညာဥ်များကနေ အသွင်ပြောင်းလဲထားခြင်းဖြစ်၏။
အနက်ရောင်ဝတ်အဖိုးအိုအတွက်တော့ ဝိညာဥ်မီးအိမ်က သူ၏ သဘာဝရန်သူဖြစ်လေသည်။
“အား...”
ထိုစဥ်မှာပင် ဆူဇီမိုက ရုတ်တရက်တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။
သူသည် ဝိညာဥ်မီးအိမ်၏ မီးတောက်အလင်းရောင်၏ လွှမ်းခြုံမှုအောက်မှာ ရပ်နေစဥ် ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ ကျိန်စာ၏ စွမ်းအားကို အာရုံမခံနိုင်ပေ။
ဝိညာဥ်မီးအိမ်မီးတောက်အလင်းရောင်၏ သက်ရောက်မှုအတွင်းမှာ ထူးခြားသောတားမြစ်နယ်မြေတစ်ခု ဖြစ်လာသည့်အလားပင်။ ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ ကျိန်စာစွမ်းအားက အဲ့ဒါကို မထိုးဖောက်နိုင်ပေ။
အို...
ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။
အဲ့ဒါက နည်းနည်းတော့ အထင်ကြီးစရာကောင်းလေသည်။
ဤကျိန်စာက ကြောက်စရာကောင်းနေသည့်အကြောင်းရင်းမှာ အင်မော်တယ်ဧကရာဇ်များပင်လျှင် အဲ့ဒီကနေချမ်းသာရာမရနိုင်သောကြောင့်ဖြစ်၏။
ဒါ့အပြင် ဤနေရာမှာသေဆုံးခဲ့သော ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးရှိခဲ့လေသည်။
သို့သော်ယခု... ဝိညာဥ်မီးအိမ်၏ မီးတောက်များက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို အမှန်တကယ်ပင် တွန်းလှန်ထုတ်နိုင်နေ၏။
ဝိညာဥ်မီးအိမ်ရဲ့ မူလဇာစ်မြစ်က ဘာဖြစ်မလဲ...။
“ထူးဆန်းတယ်”
ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို အမှတ်ရသွား၏။
အင်မော်တယ်ဧကရာဇ်၏ အကြွင်းအကျန်အသိစိတ်ပြောခဲ့ပုံအရ သူက... ဤဝိညာဥ်မီးအိမ်ကို အရင်ကတည်းက ရရှိထားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ထိုအင်မော်တယ်ဧကရာဇ်သည် ကျိန်စာကနေ ဘာ့ကြောင့် သေဆုံးခဲ့ရတာလဲ။
ထိုစဥ်မှာပင် ဆူဇီမိုသည် ရုတ်တရက်မူးဝေလာခဲ့၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး သူက မြေပြင်ပေါ်သို့ လဲကျလုမတတ်ဖြစ်သွားရ၏။
စောစောက သူသည်အနက်ရောင်အဖိုးအို၏ တစ္ဆေမျက်နှာများထဲမှတစ်ခုဖြင့် ထိခတ်ခံခဲ့ရပြီး သူ၏ နောက်ကျောက ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရကာ သူ၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခတ်သွားခဲ့၏။
အဲ့ဒါက ဘာမှပြောပလောက်စရာ မဟုတ်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းအရ သူက သိပ်မကြာခင် ပြန်လည်သက်သာလာပေလိမ့်မည်။
အဓိကကျသောအရာမှာ သူ၏ အသားထဲထိစိမ့်ဝင်လာခဲ့သော ကျိန်စာ၏ စွမ်းအားဖြစ်၏။
စောစောက ဆူဇီမိုသည် စိတ်ကိုတင်းထားပြီး ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို ယာယီအားဖြင့် ဖိနှိမ်ထားခဲ့၏။
ယခု... သူက စိတ်ကိုအနည်းငယ်လျှော့ချလိုက်သောအခါ ကျိန်စာ၏ စွမ်းအားက လုံးဝပေါက်ကွဲသွားပြီး သူ့ကိုအဆက်မပြတ်စတင်တိုက်စားကာ သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် သူ၏ ခြင်ဆီထဲသို့ပင် အဲ့ဒါက စိမ့်ဝင်ဖို့ ကြိုးစားလာနေပြီဖြစ်၏။
အရင်တုန်းက အင်မော်တယ်ဧကရာဇ်သည် ကျိန်စာအောက်မှာ ဘာ့ကြောင့်သေဆုံးခဲ့ရသလဲ ဆူဇီမိုက နောက်ဆုံးနားလည်သဘောပေါက်လာ၏။
ဝိညာဥ်မီးအိမ်၏ မီးတောက်သည် ဧကရာဇ်ဂူသင်ချိုင်း၏ ကျိန်စာကို ပိတ်ဆို့တားဆီးပေးနိုင်သော်လည်း အဲ့ဒါက သူ၏ ခန္ဓာကိုယ်ထဲရှိ ကျိန်စာကို တွန်းဖယ်ထုတ်မပေးနိုင်ပေ။
ဆူဇီမိုသည် တစ်ကိုယ်လုံးအားနည်းလာသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကိုပင် မသယ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။
အခြားသူများ ဤနေရာမှာရှိနေမည်ဆိုလျှင် ဆူဇီမို၏ မျက်နှာနှင့်အရေပြားပေါ်တွင် အစိမ်းရောင်အစက်အပြောက်များက ကြောက်စရာကောင်းသောပုံစံဖြင့် ပေါ်ထွက်လာသည်ကို ရှင်းလင်းစွာတွေ့မြင်ရပေလိမ့်မည်။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက သူ၏ ခန္ဓာကိုယ်ထဲမှာ လုံးဝပေါက်ကွဲထွက်ပြီး သူ၏ အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေ၏။
ဆူဇီမို၏ အရိုးများပေါ်မှာပင် အစိမ်းရောင်အစက်အပြောက်များ ပေါ်ထွက်လာပြီး ယခုအချိန်မှာ သူသည် တောင့်ခံနိုင်နေသေးပြီး သူ၏ သတိကို ထိန်းထားနိုင်သည့်အကြောင်းအရင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတွင် စွမ်းအားကြီးမားသောမျိုးဆက်သွေးရှိပြီး ကျိန်စာ၏ စွမ်းအားကို တိုက်ထုတ်ပေးမည့် သွေးများကို အဆက်မပြတ်ထုတ်ပေးနေသောကြောင့်ဖြစ်၏။
သို့သော်လည်း ကျိန်စာ၏ စွမ်းအားက သူ၏ ခြင်ဆီများထဲထိ စိမ့်ဝင်လာပါက အရာရာတိုင်းက ပြီးဆုံးသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူ၏ ခြင်ဆီက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် စွန်းထင်းခံရပြီး အသစ်ထုတ်ပေးသော မျိုးဆက်သွေးများမှာပင်လျှင် ကျိန်စာ၏ စွမ်းအားက ရောနှောပါဝင်လာမည်ဖြစ်၏။ ထိုအခါ... ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် လုံးဝဝါးမျိုခံရပြီး သေဆုံးရပေလိမ့်မည်။
သူက အန္တရာယ်ကျရောက်နေသည်ကိုသိရှိနေသော်လည်း ယခုအချိန်မှာ သူတတ်နိုင်တာ ဘာမှမရှိတော့ပေ။
သူ့မှာ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ဝက်ကျန်ရှိနေသေးသော်လည်း အဲ့ဒါက အသုံးဝင်တော့မည် မဟုတ်ပေ။
ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းသည် သေသူကိုပြန်ရှင်သန်စေနိုင်ပြီး အသွေးအသားများကို ပြန်လည်ကြီးထွားစေနိုင်၏။
ဘယ်လောက်ပင်ပြင်းထန်သည့်ဒဏ်ရာများဖြစ်စေ... အဲ့ဒါက ပြန်လည်ကုသပေးနိုင်၏။
သို့သော်လည်း ကျိန်စာစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ အဲ့ဒါကိုသုံးစား၍ မရနိုင်တော့ပေ။
အစကတော့... အစိမ်းရောင်ကြာပန် အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနှင့်အတူ ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို သူက တွန်းဖယ်ထုတ်နိုင်ဖို့ အခွင့်အရေးရှိနေခဲ့၏။
သို့သော်ယခု... ဆူဇီမို၏ သွေးချီက အဆက်မပြတ်တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများကနေ အားနည်းသွားခဲ့ပြီး သူ၏ သက်လုံအားကလည်း ကုန်ခန်းနေခဲ့ပြီဖြစ်၏။ သူသည် တစ္ဆေအင်မော်တယ်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားကာ ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက သူ၏ အသား၊ အရိုးနှင့် ခြေလက်များဆီသို့ စိမ့်ဝင်လာခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနှင့်ပင်လျှင် သူက အဲ့ဒါကို မခုခံနိုင်တော့ပေ။
ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေပြီး သူ၏ မျက်နှာပေါ်ရှိ အစိမ်းရောင်အစက်အပြောက်များက ကြောက်စရာကောင်းသော ပုံစံဖြင့် ပို၍သိပ်သည်းလာခဲ့၏။
သူ၏ အသက်ဓာတ်အားက အဆက်မပြတ်လျော့ကျလာနေ၏။
သူ၏ အသိစိတ်ထဲမှာပင်လျှင် ဖန်တီးခြင်းကြာခုံက တဖြည်းဖြည်းနှေးကွေးကာ ဆက်လက်၍ မလည်ပတ်နိုင်တော့ပေ။
ဆူဇီမိုသည် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ပြီးပြီဖြစ်ပြီး သူသည် ဤကပ်ဘေးကနေ ဖြတ်ကျော်နိုင်ဖို့ သူ့မှာမည်သည့်နည်းလမ်းမှ မရှိတော့ပေ။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက သူ၏ ကိုယ်တွင်းအင်္ဂါနှင့် ခြင်ဆီကို ရူးသွပ်စွာတိုက်စားနေဆဲ ဖြစ်၏။
ဆူဇီမို၏ ခြေလက်များက ကျိန်စာဖြင့် စွန်းထင်းခံထားရပြီဖြစ်၏။
သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက သူ၏ ခြင်ဆီများထဲထိ ယခုအချိန်ထိ စိမ့်ဝင်မလာနိုင်သေးပေ။
သူ၏ ခြင်ဆီထဲမှာ ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို ပိတ်ဆို့တားဆီးပေးနေသည့် ထူးဆန်းသောစွမ်းအားတစ်ခုရှိနေသည့်ပုံပင်။
ဆူဇီမို၏ ဦးခေါင်းက ချာချာလည်လာပြီး သူ၏ အသိစိတ်က ဝေဝါးလာခဲ့၏။ သူသည် ထိုပြောင်းလဲမှုများကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။