← Chapters

မိုးကြိုးအရိုး ကြံ့ခိုင်စေခြင်း

Vol. 135 Ch. 2012

မိုးကြိုးအရိုး ကြံ့ခိုင်စေခြင်း

Vol. 135 Ch. 2012

ရုတ်တရက်ဆိုသလို...။

လျှပ်တပြက်မိုးကြိုး၏ ကျယ်လောင်သောအသံက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူ့ကို ငေးငိုင်နေရာကနေ နိုးထလာစေ၏။

ထူးဆန်းသော အပြောင်းအလဲတစ်ရပ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပွားလာနေ၏။

ကျိန်းစပ်နေသောအလင်းရောင်တစ်ခုက သူ၏ ခြင်ဆီထဲမှာ ပေါက်ကွဲထွက်လာလေသည်။

မိုးကြုးသံနှင့်အတူတွဲဖက်၍ တဖျတ်ဖျတ်တလက်လက် လျှပ်စီးလျှပ်ပန်းများက သူ၏ ခြင်ဆီကနေ ပေါ်ထွက်လာပြီး သူ၏ ကျောက်စိမ်းရောင်အရိုးများကို ရစ်ပတ်နေ၏။

အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးသံက ပို၍ကျယ်လောင်လာပြီး ပို၍ကြောက်စရာကောင်းလာကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ ထုတ်လွှတ်နေသော မိုးကြိုးစွမ်းအားကလည်း ပို၍တိုးလာ၏။

သိပ်မကြာခင်... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်သွား၏။

မိုးကြိုးလျှပ်စီးများက သန်မာလွန်းသောကြောင့် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကပင်လျှင် အဲ့ဒါကို မခုခံနိုင်ပေ။

“ဒါက...”

ဆူဇီမိုသည် တုန်လှုပ်နေသော အမူအရာတစ်ခုနှင့်အတူ လုံးဝနိုးထလာခဲ့၏။

သူ၏ ခန္ဓာကိုယ်ထဲမှာ ဤမျှအထိသန့်စင်ပြီး ကြောက်စရာကောင်းသော မိုးကြိုးစွမ်းအားက ဘယ်လိုလုပ်ပြီးရှိနေရတာလဲ။

ရုတ်တရက်ဆိုသလို...။

ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးမိသွား၏။

ပကတိတစ်ဆယ်ငရဲမှာတုန်းက မိုးကြိုးဧကရာဇ်သည် အချုပ်အနှောင်ကနေလွတ်မြောက်လာပြီးနောက် သူပထမဆုံးပြုလုပ်သည့်အရာမှာ သူ၏ ကြေမွနေသော တာအိုသစ်သီးကို ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပြီး အဲ့ဒါကိုချိပ်ပိတ်ခဲ့ခြင်းဖြစ်၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ ထိုစဥ်တုန်းက တာအိုသစ်သီးအပိုင်းအစများကို အကုန်အစင်စုပ်ယူသန့်စင်ဖို့က ခက်ခဲကြောင်း... သို့သော်လည်း အဲ့ဒါက အနာဂတ်မှာ သူ့အတွက်အကူအညီဖြစ်လာနိုင်ကြောင်း မိုးကြိုးဧကရာဇ်က သူ့ကိုပြောခဲ့ဖူး၏။

ယခု... ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် အဆက်မပြတ်နှိုးဆွမှုအောက်မှာ ချိပ်ပိတ်ထားသောမိုးကြိုးစွမ်းအားကို လုံးဝပေါက်ကွဲထွက်ပေါ်လာစေ၏။

ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာက လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်နှင့် ဆက်စပ်နေ၏။

ဆူဇီမိုသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူ့ကိုတိုက်ခိုက်နေသော ကျိန်စာစွမ်းအားကလည်း သန်မာမှုမရှိပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ထားသော မိုးကြိုးစွမ်းအားက မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းနေ၏။ အဲ့ဒါကို မိုးကြိုးဧကရာဇ်၏ ကြေမွနေသော တာအိုသစ်သီးကနေ ဆင့်ခေါ်လိုက်ခြင်းဖြစ်၏။

အဲ့ဒါသည် အန္တိမပကတိအင်မော်တယ်တစ်ယောက်၏ တာအိုသစ်သီးဖြစ်၏။

အဲ့ဒါက ကြေမွနေပြီဆိုလျှင်တောင် အဲ့ဒါသည် အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။

ဆူဇီမိုစွန်းထင်းခံထားရသော ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာသည် မိုးကြိုးစွမ်းအား၏ ဆေးကြောသန့်စင်မှုကို လုံးဝမခုခံနိုင်ဘဲ လုံးဝအရေးနိမ့်စွာဖြင့် နောက်သို့ဆုတ်ခွာသွားရ၏။

ဝိညာဥ်မီးအိမ်၏ မီးတောက်အလင်းရောင်ကြောင့်မဟုတ်လျှင် ဧကရာဇ်ဂူသင်္ချိုင်း၏ အပြင်ဘက်ရှိကျိန်စာသည် ပို၍ပင်ကြောက်စရာကောင်းသော ကျိန်စာစွမ်းအားကိုထွက်ပေါ်စေပြီး မိုးကြိုးလျှပ်စီးနှင့် သေချာပေါက်တိုက်ခိုက်စေမည်ဖြစ်၏။

နောက်ဆုံးမှာ ဆူဇီမိုသည် ပို၍ပင်ကြောက်စရာကောင်းသော ကျိန်စာစွမ်းအားဖြင့် တိုက်ခိုက်ခံရပြီး ဤနေရာမှာ သေချာပေါက်သေရပေလိမ့်မည်။

သို့သော်ယခု... ဝိညာဥ်မီးအိမ်က တောက်လောင်နေပြီး ရွှေရောင်မီးတောက်၏ အလင်းရောင်က ဧကရာဇ်ဂူသင်္ချိုင်းထဲရှိကျိန်စာကို ပိုင်းခြားပေးထားပြီး ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိကျိန်စာကို တလိပ်လိပ်ထိုးတက်လာသော မိုးကြိုးစွမ်းအားက သိပ်မကြာခင်ဖယ်ရှားပစ်လိုက်၏။

ဆူဇီမို၏ မျက်နှာပေါ်ရှိ အစိမ်းရောင်အစက်အပြောက်များက ဖျော့တော့သွားပြီး သူ၏ အရိုးများက သူတို့၏ ကျောက်စိမ်းရောင်ကို တစ်ဖန်ပြန်လည်ရရှိလာ၏။

သူတို့သည် ကြည်လင်တောက်ပ၍ သူ၏ မျိုးဆက်သွေးက ချို့ယွင်းချက်ကင်းမဲ့ကာသန့်စင်နေ၏။

သူ၏ မွေးညှင်းပေါက်များကနေ အစိမ်းရောင်မြူခိုးများက အဆက်မပြတ်စိမ့်ထွက်လာခဲ့၏။

ထိုအစိမ်းရောင်မြူခိုးများသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကနေ အသွင်ပြောင်းလဲလာခြင်းဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ ထွက်ခွာသွား၏။ ဝိညာဥ်မီးအိမ်၏ မီးတောက်အလင်းရောင်ဖြင့် လွှမ်းခြုံခံရပြီး သိပ်မကြာခင် အဲ့ဒါသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဝိညာဥ်မီးအိမ်၏ သန့်စင်ခြင်းကို ခံလိုက်ရ၏။

ဆူဇီမိုသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ မိုးကြိုးလျှပ်စီးများက တလိပ်လိပ်ထိုးတက်လာ၏။ အဲ့ဒါက သူ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေး၊ ခြေလက်များနှင့် ကိုယ်ကာယတို့ကို ဆေးကြောသန့်စင်ပေးနေပြီး ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို ရှင်းလင်းပစ်နေ၏။

ဧကရာဇ်ဂူသင်္ချိုင်းကျိန်စာ၏ ပြဿနာက လုံးဝပြေလည်သွားခဲ့လေပြီ။

သို့သော်လည်း တာအိုသစ်သီးအပိုင်းအစများကနေ ထုတ်ဖော်ထားသည့် မိုးကြိုးစွမ်းအားက အရမ်းကိုပေါကြွယ်ဝနေဆဲ ဖြစ်၏။ သူတို့ကို သေချာလမ်းညွှန်ပြီး သန့်စင်မွန်းမံမှုမပြုလုပ်နိုင်ဘူးဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံရပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုအတွက် ထိုကဲ့သို့သော အကျပ်အတည်းကာလက ဆက်လက်၍ မရှိတော့ပေ။

သူသည် မိုးကြိုးစွမ်းအားကို သန့်စင်ပြီး လမ်းညွှန်နိုင်မည်ဆိုလျှင် သူသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ သေချာပေါက်ချိုးဖျက်တက်လှမ်းနိုင်ပေလိမ့်မည်။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် နောက်တစ်ဖန်အဆင့်ချိုးဖျက်ပြီး အဆင့်-၁၀ သို့ ရောက်ရှိသွားနိုင်၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အဆင့်ချိုးဖျက်တက်လှမ်းခြင်းက သေမင်းကိုဖိတ်ခေါ်နေခြင်းနှင့် တူညီလေသည်။

အကြောင်းမှာ လူတစ်ယောက်သည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသည်နှင့် ဧကရာဇ်ဂူသင်္ချိုင်းထဲရှိကျိန်စာစွမ်းအားကလည်း တိုးမြင့်လာမည်ဖြစ်သောကြောင့်ပင်။

ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ထွက်လာပြီးနောက် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်က အသက်ရှင်ဖို့အတွက် အခွင့်အရေးများ​လေသည်။

သူက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ ချိုးဖျက်တက်လှမ်းမည်ဆိုလျှင် သူက သေချာပေါက်ပျက်သုဥ်းရပေလိမ့်မည်။

သို့သော်ယခု... ဆူဇီမိုသည် အလွယ်တကူကျင့်ကြံနေပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့ကိုပင် ရွေးချယ်လိုက်၏။

ဝိညာဥ်မီးအိမ်၏ မီးတောက်အလင်းရောင်အတွင်းမှာ အဲ့ဒါက ကျိန်စာ၏ တိုက်စားခြင်းကိုမခံရဘဲ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သုခဘုံတစ်ခုနှင့် တူညီနေ၏။

သူက ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ဤနေရာမှာချိုးဖျက်တက်လှမ်းမည်ဆိုလျှင်တောင် သူသည် ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ ကျိန်စာစွမ်းအားဖြင့် စွန်းထင်းခံရလိမ့်မည် မဟုတ်ပေ။

အန္တရာယ်က ပြေလည်သွားပြီး အခြေအနေကလုံးဝကို ပြောင်းလဲလာခဲ့၏။

ဤအကျပ်အတည်းကာလက ဆူဇီမိုအတွက် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခုဖြစ်လာခဲ့လေသည်။

“အား...”

ဆူဇီမိုက သူ၏ ခေါင်းကိုမော့၍ အဆုံးမဲ့မိုးကြိုးစွမ်းပကားနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

သူ၏ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးလျှပ်စီးများကို ဆက်လက်၍ ဖိနှိမ်မထားနိုင်တော့ဘဲ အပြင်ဘက်သို့ လျှံထွက်လာတော့မည်ဖြစ်၏။

ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တင်ပျဥ်ခွေထိုင်ချကာ ဗလာနယ်မိုးကြိုးကျင့်စဥ်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်၏။

မိုးကြိုးဧကရာဇ် သူ့ကိုသင်ကြားပေးထားသည့် ထိုထွင်းအသိအမြင်များစွာက သူ၏ စိတ်ထဲမှာ တဖျတ်ဖျတ်ပေါ်ထွက်လာ၏။

ဗလာနယ်မိုးကြိုးကျင့်စဥ်ကသာလျှင် မိုးကြိုးစွမ်းအားကို ထိန်းချုပ်ကာ စုပ်ယူသန့်စင်နိုင်မည်ဖြစ်၏။

အထက်ဘုံရှိ ဗလာနယ်မိုးကြိုးကျင့်စဥ်မှာ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို သန့်စင်မွမ်းမံရန် မိုးကြိုးဧကရာဇ်သည် မိုးကြိုးမျိုးဆက်သွေးကို ဆင်းသက်လာစေမည့် မိုးကြိုးအရိုးကြံ့ခိုင်စေခြင်း လျှို့ဝှက်အတတ်တစ်ခုကို ဖန်တီးထားခဲ့၏။

ယခု... ဆူဇီမို၏ စိတ်က မိုးကြိုးအရိုးကြံ့ခိုင်စေခြင်း လျှို့ဝှက်အတတ်မှာ လုံးဝကို နစ်မျောစွားခဲ့ပြီဖြစ်၏။

လျှပ်စီးများက ဆူဇီမို၏ ဘေးပတ်လည်မှာ တလိပ်လိပ်ထိုးတက်နေပြီး မိုးကြိုးလျှပ်စီး ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။ အဲ့ဒါက ကျိန်းစပ်နေပြီး ဆူဇီမို၏ ပုံရိပ်က အထဲမှာ ဝေဝါးလာခဲ့၏။

သို့သော်လည်... အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးအရိုးကြံ့ခိုင်စေခြင်း လျှို့ဝှက်အတတ်အပေါ် ဆူဇီမို၏ နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာပြီး သူသည် နောက်ထပ်မိုးကြိုးစွမ်းအားများကို ပို၍စုပ်ယူသန့်စင်လာနိုင်၏။

မိုးကြိုးလျှပ်စီးပင်လယ်၏ အဝန်းအဝိုင်းကလည်း တဖြည်းဖြည်းကျုံ့ဝင်လာခဲ့၏။

တစ်ရက်... နှစ်ရက်.... တစ်လ...။

ဆူဇီမိုသည် လျှပ်စီးပင်လယ်ထဲမှာ တစ်ချိန်လုံး တင်ပျဥ်ခွေထိုင်နေခဲ့၏။ သူ၏ မျက်လုံးများကို မှိတ်ထားပြီး လောကကရပ်တန့်နေသည့်အလား သူက လုံးဝလှုပ်ရှားခြင်းမရှိပေ။

ဘေးမှာရှိသော ဝိညာဥ်မီးအိမ်၏ မီးတောက်များက မကြာမကြာဆိုသလို တဖျတ်ဖျတ်ဖြစ်လာပြီး မီးအိမ်ထဲမှာရှိသောဆီက တဖြည်းဖြည်းကုန်ဆုံးလာနေ၏။

. . . . .

အချိန်က တဖြည်းဖြည်းချင်းစီးဆင်းနေ၏။

တစ်ခဏချင်းမှာပင် ဆူဇီမိုနှင့် အခြားသူများ ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ တစ်နှစ်နီးပါး ကြာသွားခဲ့ပြီဖြစ်၏။

စွန့်ပစ်မြေ၏ အထက်မှာ ခရမ်းရောင်ပုံရိပ်တစ်ခုက တစ်ယောက်တည်းရှေ့သို့ တက်လှမ်းနေ၏။ သူမက အမူအရာကင်းမဲ့နေသော်လည်း တစ်စုံတစ်ရာကိုရှာဖွေနေသည့်အလား ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။

ထျန်ကျစ်ရီ...။

သူမ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားသည်မှာကြာခဲ့ပြီဖြစ်၏။

ပြီးခဲ့သည့်နှစ်ဝက်မှာ သူမသည် ဆူဇီမိုကိုရှာဖွေရင်း နေရာများစွာကို ရောက်ရှိခဲ့၏။

ဧကရာဇ်ဂူသင်္ချိုင်းက ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး အရမ်းကိုကြီးမားကျယ်ပြန့်လွန်း၏။

အရင်တုန်းက ဆူဇီမိုနှင့် အနက်ရောင်ဝတ်အဖိုးအိုသည် အလွန်တရာမြန်ဆန်စွာ ပြေးလွှားသွားခဲ့ကြပြီး.... သူတို့က ဘယ်နေရာထိရောက်ရှိသွားသည်ကို သူမ မသိတော့ပေ။ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ လူတစ်ယောက်ကိုရှာဖွေဖို့ကြိုးစားခြင်းက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရခြင်းနှင့် တူနေလေသည်။

“အား...”

ထျန်ကျစ်ရီက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သက်ပြင်းချလိုက်၏။

တကယ်တော့... ဆူဇီမိုက သွားရှာလောက်ပြီဆိုတာကို သူမက ဝိုးတဝါးခန့်မှန်းမိနေပြီဖြစ်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ္ဆေအင်မော်တယ်တစ်ကောင်၏ ပစ်မှတ်ထားခြင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးက မရှိသလောက်နီးပါးပင်။

ဒါ့အပြင်... ဆူဇီမိုသည် ထိုအချိန်တုန်းက အဆက်မပြတ်တိုက်ခိုက်ပြီးနောက် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ သူသည် တစ္ဆေအင်မော်တယ်၏ လိုက်လံဖမ်းဆီးမှုကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ။

သူမသည် ဆူဇီမိုနှင့်သိကျွမ်းခဲ့သည်မှာ မကြာသေးပေ။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဆူဇီမိုက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အလောင်းပင်မကျန်ဘဲ မြှုပ်နှံခံရသည်ကို တွေးမိချိန်မှာ သူမက ဝမ်းနည်းမှုကိုခံစားနေရ၏။

“ငါနင့်ကို အကြွေးတွေအများကြီးတင်ထားတယ်... ဒါပေမဲ့... ငါနင့်ကိုပြန်ဆပ်ဖို့ အခွင့်အရေးမရှိလောက်တော့ဘူးထင်တယ်”

ထျန်ကျစ်ရီက တီးတိုးရေရွတ်လိုက်၏။

ထိုစဥ်မှာပင် ဧကရာဇ်ဂူသင်္ချိုင်းတစ်ခုလုံးက ရုတ်တရက်လှုပ်ခါလာခဲ့၏။

ကောင်းကင်က ပြိုကျလာတော့မည့်အလား ဆူညံပေါက်ကွဲသံများက မိုးကောင်းကင်ထက်ကနေ ဆက်တိုက်ထွက်ပေါ်လာ၏။

“ငါပြန်ရတော့မယ်”

ထျန်ကျစ်ရီက မိုးကောင်းကင်ကို တစ်ချက်ကြည့်ပြီး ဆူဇီမိုကိုနှုတ်ဆက်နေသည့်အလား တီးတိုးရေရွတ်လိုက်၏။

ဧကရာဇ်ဂူသင်္ချိုင်းသည် နေရာတစ်ခုတည်းမှာ သိပ်ကြာကြာမနေပေ။ သူမထင်တာမမှားဘူးဆိုလျှင် ဤရုတ်ရုတ်သဲသဲအခြေအနေသည် ဧကရာဇ်ဂူသင်္ချိုင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားတော့မည့် နမိတ်လက္ခဏာဖြစ်၏။

သူမမှာ မင်းသာ၏ ဂေဟာသို့ ပြန်သွားနိုင်မည့် တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုရှိသော်လည်း ဧကရာဇ်ဂူသင်္ချိုင်းက အဆုံးမဲ့လေဟာနယ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် သူမမှာ တည်နေရာရွှေ့ပြောင်း အဆောင်တစ်ခုရှိနေသည်ဆိုလျှင်တောင် သူမသည် အာကာသ၏ ကန့်သတ်ချုပ်နှောင်မှုများကို ချိုးဖျက်နိုင်လိမ့်မည်မဟုတ်ဘဲ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ထာဝရပိတ်မိနေတော့မည်ဖြစ်၏။

သူမက ဤနေရာကနေထွက်ခွာချင်၏။

သူမမှာ လုပ်ဆောင်ဖို့အတွက် ပို၍အရေးကြီးသော တစ်စုံတစ်ရာရှိနေသေး၏။

All Chapters