မင်းဘယ်လိုတောင်လုပ်ရဲတာလဲ
Vol. 135 Ch. 2018
ဆူဇီမိုသည် မင်းသားဂေဟာ၏ ပင်မခန်းမသို့ ပြန်လည်ရောက်ရှိလာပြီး ဘေးပတ်လည်သို့ ကြည့်ရှုလိုက်၏။
ထို့နောက် သူ၏ အကြည့်က မင်းသားယွမ်ကျောနှင့် ထျန်ကျစ်ရီပေါ်ဆင်းသက်သွားပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ကြည့်ရသည်မှာ ထျန်ကျစ်ရီက မင်းသားယွမ်ကျောကို တိုက်ခိုက်ခဲ့ပြီးလေပြီ။
အဲ့ဒါသည် အနည်းငယ် မဆင်မခြင်လုပ်ရာကျပြီး ထျန်ကျစ်ရီ၏ စိတ်နေစရိုက်နှင့်ကိုက်ညီမှုမရှိပေ။ သို့သော်လည်း တခြားဘာတွေဖြစ်ခဲ့သေးသည်ကို သူမသိပေ။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိနေ၏။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး မင်းသားယွမ်ကျော၏ ကျင့်ကြံမှုအဆင့်ကို ထောက်လှမ်းလိုက်နိုင်၏။
အဆင့်-၇ ကမ္ဘာမြေအမြုတေနယ်ပယ်...။
ကွာဟချက်က အရမ်းကိုကြီးမား၏။
ဆူဇီမိုတွင် အဆင့်ကျော်၍တိုက်ခိုက်နိုင်သော နည်းလမ်းများ တကယ်ပင်ရှိလေသည်။
သို့သော်လည်း သူ့ထက်အဆင့်ခြောက်ဆင့် ပိုမိုမြင့်မားသောသူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူ့မှာအနိုင်ရဖို့အခွင့်အရေးမရှိပေ။
သူက ပဉ္စဝဏ္ဏတာအိုမီးကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲ့ဒါက သုံးစားမရနိုင်ပေ။
“အရှင်မင်းသား... ဘာတွေဖြစ်နေပါလဲ”
ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။
မင်းသားယွမ်ကျောက စိတ်ခံစားချက်ကောင်းမွန်းနေပြီး ရယ်မောလိုက်၏။
“မင်းရောက်လာတာအချိန်မှန်ပဲ... ငါမင်းကိုပြန်ပြီး မိတ်ဆက်ပေးမယ်... ဒီခွေးမရဲ့ မျိုးရိုးနာမည်က ထျန်မဟုတ်ဘူး... ဖုန့်ပဲ”
“ဖုန့်လား..”
ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး အဖြေတစ်ခုကို ခန့်မှန်းမိသွားပြီဖြစ်၏။
မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။
“အဲ့ဒါက... ဖုန့်စန်းထျန်ရဲ့နာမည်က 'ဖုန့်'နဲ့ အတူတူပဲ”
ဆူဇီမိုက နားလည်သဘောပေါက်သွားသယောင်ဟန်ဆောင်ပြီး မေးလိုက်၏။
“လက်စသတ်တော့... သူနဲ့ဖုန့်စန်းထျန်ကြားမှာ...”
“အဲ့ဒီခွေးမက ဖုန့်စန်းထျန်ရဲ့မြေးပဲ... သူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ငါ့ဘေးနားကို ရောက်လာပြီး ငါ့ကိုလုပ်ကြံသတ်ဖြတ်ချင်နေတာ”
မင်းသားယွမ်ကျောက အူမြူးအားစွာဖြင့် ပြောလိုက်၏။
“ကံဆိုးတာကတော့ ဖုန့်စန်းထျန်လွတ်မြောက်သွားပြီး မကြာခင်မှာပဲ ငါက သူ့ရဲ့ သရုပ်သကန်ကို ရှာဖွေဖော်ထုတ်ခဲ့တာပဲ”
ဆူဇီမိုက ကြိတ်၍သက်ပြင်းချပြီး ဖုန့်ကျစ်ရီကို အဓိပ္ပါယ်ပါပါကြည့်လိုက်၏။
ဖုန့်ကျစ်ရီနှင့် မိုးကြိုးဧကရာဇ်ကြားမှာ ပတ်သက်ဆက်နွယ်မှုတစ်ခုရှိနေနိုင်သည်ကို သူခန့်မှန်းမိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူက ဖုန့်ကျစ်ရီကိုနောက်ပိုင်းမှာ အကူအညီများစွာပေးခဲ့ခြင်းဖြစ်၏။
သို့သော်လည်း ဖုန့်ကျစ်ရီသည် မိုးကြိုးဧကရာဇ်၏ မြေးဖြစ်နေပြီး သွေးသားတော်စပ်မှုရှိနေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။
“နောက်ပြီး... ဖုန့်စန်းထျန် လွတ်မြောက်သွားတာကလည်း အဲ့ဒီခွေးမကြောင့်ပဲ”
“ကျုပ်သိပြီ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မင်းသားယွမ်ကျောက ဆူဇီမိုပြန်ရောက်လာပြီး ကျောက်စိမ်းအဆောင်ကို ရရှိတော့မည်ကို တွေ့မြင်သောအခါ သူက စိတ်ခံစားချက်ကောင်းမွန်နေပြီး ဆူဇီမိုကို စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။
ထိုအခိုက်အတန့်မှာ သူကဆက်လက်၍ မစောင့်စားနိုင်တော့ဘဲ လောဆော်လိုက်၏။
“ကျောက်စိမ်းအဆောင်က ဘယ်မှာလဲ ငါ့ကိုမြန်မြန်ထုတ်ပေးစမ်းပါ”
“ကောင်းပါပြီခင်ဗျာ”
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
သူက သိုလှောင်အိတ်ကိုပုတ်ပြီး ကျောက်စိမ်းအဆောင်ကိုထုတ်ယူကာ မင်းသားယွမ်ကျောရှိရာသို့ တရိုတသေလျှောက်လှမ်းလာ၏။
မင်းသားယွမ်ကျောသည် တဖြည်းဖြည်းချဥ်းကပ်လာနေသော ဆူဇီမိုကိုကြည့်ပြီး ရုတ်တရက်စိုးရိမ်ပူပန်လာ၏။
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ ခြေလှမ်းကိုရပ်တန့်လိုက်၏။ သူက တွေဝေတုံ့ဆိုင်းသော အမူအရာတစ်ခုနှင့်အတူ အသံကိုနှိမ်၍ ပြောလိုက်၏။
“အရှင်မင်းသား... ကျုပ်က ဒီတစ်ခေါက် ထူးထူးခြားခြားအကျိုးဆောင်မှုတစ်ရပ်ပြုလုပ်ခဲ့တယ်... ကျုပ်က ဆုလာဘ်တစ်ခုခုရနိုင်မှာမလား”
“မင်းက... ဘာဆုလာဘ်ကို လိုချင်လို့လဲ”
မင်းသားယွမ်ကျောက ပြုံးစစဖြင့် မေးလိုက်၏။
ဆူဇီမိုက သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး ကြောက်ရွံ့နေသောဟန်ဖြင့် ပြောလိုက်၏။
“ကျုပ်... ရဲရဲတင်းတင်းပြောရမယ်ဆိုရင် အရှင်မင်းသား... ကျေးဇူးပြုပြီး ကျုပ်ကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းချီးမြှင့်ပေးပါလား... နောက်ပြီး... နောက်ပြီး...”
“ထူးထူးခြားခြားအကျိုးဆောင်နိုင်တဲ့ဘယ်သူမဆို... အရှင်မင်းသားရဲ့ အစေခံအမျိုးသမီးတွေထဲက တစ်ယောက်ကို ရွေးချယ်နိုင်မယ်လို့ အရင်တုန်းက အရှင်မင်းသား ကတိပေးခဲ့တယ်လေ... ကျုပ်..ကျုပ်က...”
ထိုစကားကိုကြားသောအခါ မင်းသားယွမ်ကျောက တိတ်တဆိတ်လှောင်ရယ်လိုက်ပြီး သူ၏ မျက်လုံးထဲမှာ အထင်အမြင်သေးသောအကြည့်တစ်ခု ပေါ်ထွက်လာ၏။ စောစောက သူ၏ ရင်ထဲမှာ ဝင်ရောက်လာသော သံသယများက တစ်စွန်းတစ်စမကျန်ပျောက်ကွယ်သွား၏။
သူ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် လောကကိုမမြင်ဖူးသော နိမ့်ကျသက်ရှိတစ်ကောင်သာဖြစ်၏။
သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းကိုပင် ချက်ချင်းတောင်းဆိုခဲ့လေသည်။
တကယ့်ဟာသပဲ...။
ကျောက်စိမ်းအဆောင်၏ တန်ဖိုးသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းကိုမပြောနှင့် အရေအတွက်တစ်သန်း သို့မဟုတ် ဆယ်သန်းနှင့်ပင် အစားမထိုးနိုင်ပေ။
“အို... မင်းက ငါ့ရဲ့အစေခံမိန်းကလေးတွေထဲကတစ်ယောက်ကို သဘောကျလို့လား”
မင်းသားယွမ်ကျောက ရယ်မောလိုက်၏။
ဆူဇီမိုက ချောင်းနှစ်ချက်ဟန့်ပြီး သူ၏ မျက်နှာနီမြန်သွား၏။
“ကျုပ်... ကျုပ်သဘောကျနေတဲ့တစ်ယောက်ရှိတယ်”
“ကိစ္စမရှိဘူး”
“ဒီကိစ္စပြီးသွားတာနဲ့ မင်းသဘောကျတဲ့သူဘယ်သူပဲဖြစ်ဖြစ် ငါမင်းကို ဆုချီးမြှင့်ပေးမယ်”
မင်းသားယွမ်ကျောက လက်ကာပြလိုက်၏။
“ကျေးဇူးတင်ပါတယ်အရှင်မင်းသား”
ဆူဇီမို၏ မျက်နှာက ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားပြီး ရှေ့သို့အလောတကြီး တက်လှမ်းလိုက်၏။ မင်းသားယွမ်ကျော၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် သူက ဒူးထောက်ချလိုက်သည့်ပုံစံဖြင့် ကျောက်စိမ်းအဆောင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ထိုသူထံသို့ ကမ်းပေးလိုက်၏။
မင်းသားယွမ်ကျောက စိတ်လှုပ်တက်ကြွစွာဖြင့် ကျောက်စိမ်းအဆောင်ကို လက်လှမ်းယူလိုက်၏။
သူက ကျောက်စိမ်းအဆောင်နှင့်ထိတွေ့တော့မည့်ဆဲဆဲမှာပင် ရုတ်တရက်သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမို၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ဖြစ်နေပြီး သူ၏ အမူအရာက အေးစက်ခက်ထန်နေ၏။ ရုတ်တရက်... သူက အလွန်တရာမြန်ဆန်သောအရှိန်အဟုန်ဖြင့် အပေါ်သို့ကန်တက်လိုက်၏။ သူ၏ လက်နှစ်ဖက်ကိုပင့်တင်ပြီး သူ၏ သွေးချီက ပေါက်ကွဲထွက်ကာ ဆူနာမီသံက တလိပ်လိပ်ထွက်ပေါ်လာ၏။ အဲ့ဒါက မင်းသားယွမ်ကျောကို ဆွဲယူနှစ်မြှုပ်လုနီးပါးပင်။
ဆူဇီမို၏ လှုပ်ရှားကွက်သည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ ဂမ္ဘီရကျင့်စဥ်မှ သတ်ဖြတ်ကွက် မျှော်လင့်ချက်မျောက်ဝံသစ်သီးကမ်းလှမ်းခြင်းဖြစ်၏။
အပေါ်ယံမှာကြည့်လျှင်တော့ သူသည် နာခံတတ်ပုံရလေသည်။ သို့သော်လည်း အဲ့ဒါက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။
“မင်း...”
မင်းသားယွမ်ကျောက တုံ့ပြန်ဖို့အချိန်မရဘဲ ပိတ်ဆို့တားဆီးဖို့အတွက် သူ၏ လက်နှစ်ဖက်ကို ရှေ့သို့အလိုလိုမြှောက်လိုက်၏။
ဘန်း....
ဆူဇီမို၏ လက်နှစ်ဖက်က မင်းသားယွမ်ကျော၏ လက်ကို ပြင်းထန်စွာပစ်တိုက်ချလိုက်၏။
ဖျောက်...
အရိုးများကျိုးသံက အလွန်တရာသိသာထင်ရှားစွာဖြင့် ထွက်ပေါ်လာ၏။
မင်းသားယွမ်ကျော၏ လက်က ဆူဇီမို၏ ပစ်တိုက်မှုဖြင့် ကွဲထွက်သွားပြီး သူ၏ ကျိုးသွားသောအရိုးများက အသားကို ထိုးဖောက်ကာ ငေါ့ထွက်၍ တုန်လှုပ်စရာကောင်းသောပုံစံဖြင့် သွေးများက တစ်စက်စက်စီးကျနေ၏။
မင်းသားယွမ်ကျောသည် အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည် အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် မိုးကြိုးအရိုးများကို မခုခံနိုင်ပေ။
“အား...”
မင်းသားယွမ်ကျောက ခပ်စူးစူးအော်ဟစ်လိုက်၏။
ယခုအခါမှသာ ဆူဇီမိုသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းခဲ့ပြီကို သူကနားလည်သိရှိသွား၏။
ဆူဇီမိုက ပြန်ရောက်ခါစဖြစ်ပြီး သူ၏ စိတ်အာရုံတစ်ခုလုံးက ကျောက်စိမ်းအဆောင်ပေါ် ရောက်ရှိနေခဲ့၏။
ထို့ကြောင့် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကို သူက မစစ်ဆေးမိခဲ့ပေ။
ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ထိုသူက အဆင့်ချိုးဖျက်တက်လှမ်းနိုင်စရာအကြောင်းမရှိပေ။
အဲ့ဒါက အဓိက မဟုတ်သေးပေ။
မင်းသားယွမ်ကျော တကယ်ပင် မထင်မှတ်ထားသည့်အရာမှာ ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဤမျှအထိပြတ်သားစွာ သူ့ကိုတိုက်ခိုက်လာရဲလိမ့်မည်ဟုပင်။
“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
မင်းသားယွမ်ကျောက ဟိန်းဟောက်၍ ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခွာထားချင်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ဆုတ်လိုက်၏။
မည်သို့ပင်ဆိုစေ... သူ၏ ကျင့်ကြံမှုနယ်ပယ်က ဆူဇီမိုထက် အဆင့်ခြောက်ဆင့် ပိုမိုမြင့်မားနေ၏။
သူ၏ လက်က ကျိုးသွားသော်လည်း ကမ္ဘာမြေအင်မော်တယ်များသည် သူတို့၏ နတ်ဘုရားစွမ်းအားများကို လှည့်ပတ်ခြင်းဖြင့် ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်၏။
အဲ့ဒါက တကယ်ပင်ပြင်းထန်သောဒဏ်ရာတစ်ခု မဟုတ်ပေ။
သူက အကွာအဝေးတစ်ခုခြားလိုက်သည်နှင့် အင်မော်တယ်ပညာရပ်များ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမှာ သူက ဆူဇီမိုထက် များစွာပိုမိုသန်မာပြီး ထိုသူကို သေချာပေါက်ဖိနှိမ်နိုင်မည်ဖြစ်၏။
မင်းသားယွမ်ကျောက သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် လှည့်ပတ်လိုက်၏။ သူကနောက်ဆုတ်ရင်း သူ၏ ဝတ်ရုံစကိုတင်းကျပ်ကာ ဖုန့်ကျစ်ရီကို ဖျစ်ညှစ်သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်၏။
ရွှစ်...
ထိုစဥ်မှာပင် ရွှေရောင်အလင်းနှင့် မိုးကြိုးလျှပ်စီးတစ်ခုက သူ၏ မျက်လုံးရှေ့မှာ ဖျတ်ခနဲလက်သွား၏။
ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ပုံရိပ်က သူ၏ ရှေ့မှာ ပေါ်ထွက်လာ၏။
မင်းသားယွမ်ကျော၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွား၏။
ဆူဇီမို၏ နောက်ဘက်မှာ ဧရာမတောင်ပံသုံးစုံရှိနေ၏။
အပေါ်ဆုံးမှာက ဧရာမရွှေရောင်တောင်ပံတစ်စုံဖြစ်၏။
ဒုတိယက မိုးကြိုးလျှပ်စီးများဖြင့် လွှမ်းခြုံထားသည့် မိုးကြိုးလေပြေတောင်ပံတစ်စုံဖြစ်ပြီး တဖျတ်ဖျတ်ခတ်နေ၏။
အောက်မှာရှိသော အသေးငယ်ဆုံးတောင်ပံများက ကောင်းကင်နှင့်မြေကြီး အမြုတေချီကနေစုဖွဲ့ထားသော ဆန်းကြယ်တောင်ပံများဖြစ်လေသည်။
တောင်ပံသုံးစုံက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ် မင်းသားယွမ်ကျောပင်လျှင် တစ်ခဏချင်းမှာ ဆူဇီမို၏ လိုက်မီခြင်းကို ခံလိုက်ရ၏။
“မင်းက သေချင်နေတာပဲဖြစ်ရမယ်”
မင်းသားယွမ်ကျော၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်ချောင်းများက ပြောင်းလဲလှုပ်ရှားသွား၏။ သူက လက်ဟန်ချိပ်စည်းများကို အလျင်အမြန်ဆင့်ခေါ်ပြီး သူ၏ ရှေ့မှာ အင်မော်တယ်ပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။
သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးက ချက်ချင်းပင်ဖြစ်ပေါ်လာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ တလိပ်လိပ်တိုးဝင်လာ၏။
ဆူဇီမို၏ ပုံရိပ်က အနည်းငယ်ယိမ်းထိုးသွားပြီး သူက မင်းသားယွမ်ကျော၏ မြင်ကွင်းကနေ ရုတ်တရက်ပျောက်ကွယ်သွား၏။
နောက်ခဏ၌ သူပြန်ပေါ်ထွက်လာသောအခါ သူက မင်းသားယွမ်ကျော၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့လေပြီ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်... ။